News @ M-Media

Blog

  • အာရပ်ရွာတစ်ရွာကို အစ္စရေးက ဖျက်ဆီးရန် စီစဉ်ပြန်

    အာရပ်ရွာတစ်ရွာကို အစ္စရေးက ဖျက်ဆီးရန် စီစဉ်ပြန်

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    pales

    – နိုင်ငံတောင်ပိုင်း နဂျီဗ်သဲကန္တာရရှိ ဘဒူအင်လူမျိုးများနေထိုင်ရာ အွမ် အလ်-ဟီရန်ရွာကို ဖျက်ဆီးမည့် အစီအစဉ်ကို အစ္စရေးအစိုးရက ကြေငြာလိုက်ပြီး အာရပ်နွယ်ဖွား နိုင်ငံသားများကို အစ္စရေး၏ နှိပ်ကွပ်မှုအစီအစဉ်တွင် နောက်ဆုံး ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    အစ္စရေး မြေယာစီမံခန့်ခွဲရေးအဖွဲ့ (ILA) က အင်္ဂါနေ့ (ယနေ့တွင်) ထိုရွာကို ဖျက်ဆီးမှု စတင်မည်ဟု ကြေငြာထားပြီး အနည်းဆုံး ရွာသား ၃၀ ခန့် အိုးအိမ်ဆုံးရှုံးမည် ဖြစ်သည်။

    ပါလက်စတိုင်းပိုင်နက်ဖြစ်သော အနောက်ဖက်ကမ်းရှိ တရားမ၀င် အခြေချအိမ်ယာများနှင့် ဆက်နွယ်နေသည့် မိသားစုများအတွက် ဂျူးရွာတစ်ရွာတည်ရန် အဆိုပါ အွမ် အလ်-ဟီရန်ရွာကို ဖျက်ဆီးခြင်းဖြစ်ပြီး၊ အဆိုပါ ရွာသားများကို နဂျီဗ်သဲကန္တာရရှိ မြို့နယ်များသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းထားသည်။

    ဟိုင်ဖာအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သော Adalah ကမူ နိုင်ငံ၏ နယ်စပ်ရှိ မြို့များ၊ ရွာများတွင် နေထိုင်ကြသည့် အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသား အရေအတွက် ၁.၇ သန်းခန့်၏ အခွင့်အရေးများအတွက် တနင်္လာနေ့တွင် တရားရုံးသို့ လျှောက်ထားလွှာ တင်သွင်းခဲ့သည်။

    အစ္စရေးမှာ ဘဒူအင်လူမျိုးများအပါအ၀င် အာရပ်နွယ်ဖွား အစ္စရေးနိုင်ငံသားများ၏ ရွာများကို ယခင်ကလည်း အမြောက်အများ ဖျက်ဆီးခဲ့ပြီး လက်ရှိတွင် အွမ် အလ်-ဟီရန်အပါအ၀င် နဂျီဗ်သဲကန္တာရရှိ ရွာပေါင်း ၄၀ ခန့်ကို ဖျက်ဆီးရန် စီစဉ်ထားပြီး လူဦရေးပေါင်း ထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်မည့်အခြေအနေ ရှိနေသည်။

    Ref : Aljazeera

  • အရှေ့အလယ်ပိုင်းမှ ကလေးငယ် သန်း ၂၀ ကျော် အရေးအပေါ်အကူအညီ လိုအပ်နေ

    အရှေ့အလယ်ပိုင်းမှ ကလေးငယ် သန်း ၂၀ ကျော် အရေးအပေါ်အကူအညီ လိုအပ်နေ

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    middle-east

    – အရှေ့အလယ်ပိုင်းဒေသမှ ကလေးငယ် သန်း ၂၀ ကျော်မှာ အရေးပေါ်အကူအညီလိုအပ်နေသည်ဟု ကုလသမဂ္ဂ နိုင်ငံကတာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောကြားလိုက်ပြီး ကလေးငယ်တိုင်း၏ အခွင့်အရေးများကို ကာကွယ်ပေးရန်လည်း တိုက်တွန်းဆော်သြခဲ့သည်။

    “အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယား၊ အီရတ်နဲ့ ယီမင်တို့မှာ စစ်ဘေး၊ ပဋိပက္ခဒဏ်တွေ ခံစားနေရတဲ့ ကလေးငယ် သန်း ၂၀ ကျော်ဟာ အရေးပေါ်အကူအညီ ချက်ချင်းလိုအပ်နေပါတယ်။ (ဆီးရီးယားက) အလက်ပိုတောင်ပိုင်းမှာရှိတဲ့ ကလေး တစ်သိန်းကျော်ရဲ့ ကံကြမ္မာနဲ့ပက်သက်ပြီး ကျွန်မတို့ အရမ်းပဲ စိုးရိမ်နေပါတယ်၊ သူတို့လေးတွေဟာ ဗုံးဖောက်ခွဲမှုတွေ၊ ပိတ်ဆို့တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ကြားကို ရောက်နေပါတယ်” ဟု ယူနီဆက်ဖ်၏ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဂျုးလိယက် တူမာက ‘ကမ္ဘာကလေးများနေ့’ ဖြစ်သော တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    အီရတ်တွင် အကူအညီကို စောင့်မျှော်နေရသည့် ကလေးငယ် ၄.၇ သန်း ရှိနေပြီး၊ ယီမင်ရှိ ကလေးငယ် ၁၀ သန်းက ကြောက်မက်ဖွယ်အခြေအနေတွင် ဆိုက်ရောက်နေကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်အရ သိရသည်။

    “အကူအညီလိုအပ်တဲ့ ကလေးတွေဆီကို ပရဟိတအဖွဲ့အစည်းတွေကို အကန့်အသတ်မဲ့ သွားလာခွင့်ပြုသင့်ပါတ ယ်” ဟု တူမာက ထည့်သွင်းပြောကြားခဲ့သည်။

    ယူနီဆက်ဖ်ညွှန်ကြားရေးမှူးချုပ် အန်ထော်နီ လိတ်ကလည်း ကမ္ဘာ့ကလေးငယ်များနေ့တွင် ကလေးအခွင့်အရေးများ ချိုးဖောက်မှုများအပေါ် ရှုတ်ချခဲ့သည်။

    Ref : IINA

  • ဆွီဒင်အကောင်းဆုံးဘောလုံးသမားဆုကို မိုဗစ် ၁၀ ကြိမ်ဆက် ရရှိ

    ဆွီဒင်အကောင်းဆုံးဘောလုံးသမားဆုကို မိုဗစ် ၁၀ ကြိမ်ဆက် ရရှိ

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    movic

    – ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်သည့် ၂၀၁၆ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ရရှိခဲ့ပြီး ထိုဆုကို ၁၀ နှစ်ဆက်တိုက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ မိုဗစ်မှာ ၂၀၀၅ ခုနှစ်တွင် ဆွီဒင်၏ တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို စတင် ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ဖက်ဒရစ် လွန်းဘတ်ကို လွှဲပေးခဲ့ရသော်လည်း ၂၀၀၇ ခုနှစ်မှစ၍ ယခုနှစ်အထိ ၁၀ ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သည်။

    ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ဆွီဒင်အသင်း ထွက်ခဲ့ရပြီးနောက်ပိုင်း မိုဗစ်က နိုင်ငံတကာကစားသမားဘ၀မှ အနားယူခဲ့ပြီဟု ကြေငြာခဲ့သည်။ ဆွီဒင်ဘောလုံးအချုပ်ကမူ မိုဗစ်အား ဂုဏ်ပြုသည့်အနေဖြင့် စတော့ဟုမ်းရှိ Friends Arena ဘောလုံးကွင်းရှေ့တွင် မိုဗစ်၏ ရုပ်တုတစ်ခုကို စိုက်ထူရန် ဆောင်ရွက်နေသည်။

    “အိပ်မက်လို့ ခံစားရပါတယ်။ လူတော်တော်များများကတော့ ဘာ့ကြောင့် သူချည်းပဲ ဖြစ်နေတာလဲဆိုပြီး တွေးကြမှာပေါ့လေ။ ဒါပေမယ့် နိုင်ငံအသင်းအတွက် ၁၅ နှစ်လောက်၊ ကလပ်အသင်းအတွက် နှစ် ၂၀ လောက် ကြိုးစားအားထုတ်ပြီးခဲ့တဲ့နောက်မှာ အသိအမှတ်ပြုခံရတယ်လို့ပဲ ခံစားမိပါတယ်။ တစ်ချို့က သေဆုံးသွားပြီးတဲ့အခါမှာ ဒီလို အသိအမှတ်ပြုခံရတာမျိုးပါ။ ကျွန်တော်ကတော့ အသက်ရှင်လျက် ကြုံတွေ့ရပါတယ်။ ကျွန်တော် သေဆုံးသွားလည်း ဒီရုပ်ထုကြီးက ထာဝရ ရှိနေမှာ ဖြစ်ပါတယ်” ဟု မိုဗစ်က ဆုရရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal

  • ကာဘွန်အလွန်ထွက်သည့်ကားများကို ဘေဂျင်းတွင် ပိတ်ပင်မည်

    ကာဘွန်အလွန်ထွက်သည့်ကားများကို ဘေဂျင်းတွင် ပိတ်ပင်မည်

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    – ဘေဂျင်းမြို့ထဲနှင့် အနီးတစ်ဝိုက်ရှိ လေထုအရည်အသွေးနှင့်ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ထားသော ဒေသများတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသော ကားအိုကားဟောင်းများ မောင်းနှင်ခြင်းကို လာမည့်နှစ်တွင် ပိတ်ပင်သွားမည်ဟု တရုတ်နိုင်ငံမြို့တော် ဘေဂျင်း၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဗျူရိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဆောင်းရာသီကာလ၌ လေထုတွင် မြူခိုးဖုံးလွှမ်းမှုများ ဖြစ်တတ်ပြီး ကားမောင်းရာနှင့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော ထိုအခြေနေကို ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် နှစ်များအတွင်း လေထုသန့်ရှင်းရေး အစီအစဉ်များစွာကို ဆောင်ရွက်ခဲ့သည်။

    ယခုအစီအစဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်ကာ ကာဘွန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ လက်ရှိစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် မော်တော်ယာဉ်များ – ၁၀ နှစ်ကျော်သက်တမ်းရှိယာဉ်များကို – မြို့တော်ဘေဂျင်း၊ ဟီဘေးပြည်နယ်နှင့် တီယန်ဂျင်းပြည်နယ်တို့ရှိ အနီရောင် သို့မဟုတ် လိမ္မော်ရောင် သတိပေးချက်များ ထုတ်ပြန်ထားသည့် ဒေသများတွင် မောင်းနှင်ခြင်းကို ပိတ်ပင်သွားမည်ဖြစ်သည်။

    တားမြစ်ချက်ချိုးဖောက်သည့် မော်တော်ယာဉ်များကို လမ်းမပေါ် မောင်းနှင်သွားလာသည့် လေးနာရီတိုင်းအတွက် ယွမ် ၁၀၀ ကောက်ခံမည် ဖြစ်သည်။

    ဘေဂျင်းမြို့တော်အစိုးရမှာ ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် မြို့အတွင်းမောင်းနှင်သည့် ယာဉ်များ လျော့နည်းစေရန် နံပါတ်ပြားများကန့်သတ်ခြင်း၊ လျပ်စစ်ကားများ ၀ယ်ယူရန်အတွက် ချေးငွေထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိနေသည်။

    Ref : CNA

  • မန်ယူ-အာဆင်နယ်ပွဲကြည့်ရန် ကျောင်းသားနှစ်ဦးက အိုးထရက်ဖို့တွင် ခိုး၍ ညအိပ်ခဲ့

    မန်ယူ-အာဆင်နယ်ပွဲကြည့်ရန် ကျောင်းသားနှစ်ဦးက အိုးထရက်ဖို့တွင် ခိုး၍ ညအိပ်ခဲ့

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    mu

    – စနေနေ့က ကစားခဲ့သည့် မန်ယူနှင့် အာဆင်နယ်ပွဲကို ကြည့်ရှုရန်အတွက် နိုင်ငံခြားကျောင်းသားနှစ်ဦးမှာ အိုးထရက်ဖို့ ကွင်းအတွင်း မည်သူမှမသိအောင် အိပ်စောင့်ခဲ့သည်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် အိုးထရက်ဖို့ကွင်း၏ လုံခြုံရေးအတွက် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

    အမည်ဖော်ပြခြင်းမရှိခဲ့သည့် အဆိုပါ ကျောင်းသား ၂ ဦးမှာ သောကြာနေ့က အိုးထရက်ဖို့ဒ်ကွင်းသို့ လာရောက်လည်ပတ်သည့်အဖွဲ့နှင့် လိုက်ပါလာခဲ့ကာ ထိုအဖွဲ့အပြန်တွင် လိုက်ပါမသွားဘဲ ကွင်းအတွင်း နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် မန်ယူ-အာဆင်နယ်ပွဲ ကြည့်ရန်အတွက် လုံခြုံရေးများကို ရှောင်ရှားကာ၊ ၂ ဒီဂရီ ဆဲလ်စီးယက်စ်အောက်ရှိသည့် အပူချိန်ကို အာခံကာ ကွင်းအတွင်း ညအိပ်ခဲ့ကြသည်။

    “အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲကြည့်ဖို့အတွက် လူတွေက ဘယ်လိုမဆို အကြံအဖန်ထုတ်ကြမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ဒီလူတွေကတော့ တော်တော်လွန်ပါတယ်။ သူတို့တွေရှိနေတာကို ပရိတ်သတ်တွေမလာခင် ရှာနိုင်ခဲ့တာက ကျွန်တော်တို့မှာ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးဆိုတဲ့ ယုံကြည်မှုကို ရရှိစေပါတယ်” ဟု မန်ယူအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံခြားကျောင်းသားနှစ်ဦးကို ပွဲမကစားမည့် မနက်ပိုင်းတွင် အိမ်သာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သော်လည်း ဖမ်းဆီးရန် ငြင်းဆန်ခဲ့သည်။

    ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကလည်း အိုးထရက်ဖို့ဒ်ကွင်းတွင် ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်မှုရှိခဲ့သောကြောင့် မန်ယူမှာ မျက်နှာပျက်ခဲ့ရသည်။

    Ref: Goal