News @ M-Media

Blog

  • ရိုဟင်ဂျာဒုက္ခသည်တွေ Bangladesh ဘက် ထွက်ပြေး

    ရိုဟင်ဂျာဒုက္ခသည်တွေ Bangladesh ဘက် ထွက်ပြေး

    c90ee621-af74-4dfb-87bc-e02fa4f2195b_w987_r1_s
    Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခတချို့

    ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေချိန်မှာပဲ၊ နတ်မြစ်တဖက်ကမ်းမှာရှိတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကိုထွက်ပြေးနေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၅၀၀ လောက်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဖက်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခတချို့ကို Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ နေရာချထားပေးနေသလို တချို့ကိုတော့ မြန်မာနိုင်ငံဖက်ကို ပြန်ပို့နေတဲ့အကြောင်း Reuters ရုပ်သံသတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြားက နတ်မြစ်ကို ဖြတ်ကျော်ပြီး Cox’s Bazar မြို့ကို နိုဝင်ဘာ ၂၁ ရက် တနင်္လာနေ့က ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို Kutupalong ဒုက္ခသည်စခန်းတွေဆီကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပို့ဆောင်ခဲ့ပါတယ်။ ရာနဲ့ချီရောက်လာကြသူတွေထဲက ၆၄ ယောက်ကို Bangladesh နယ်ခြားစောင့်တပ်က ထိန်းသိမ်းခဲ့ပြီး နေ့တွင်းချင်းမှာပဲ မြန်မာနိုင်ငံဖက်ကို ပြန်ပို့ခဲ့တယ်လို့ Reuters သတင်းကပြောပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများအရေးဆောင်ရွက်နေတဲ့ IOM အဖွဲ့က အမည်မဖော်လိုသူတယောက်ရဲ့ အပြောအရ တနင်္လာနေ့တနေ့ထဲ မြန်မာဖက်ကရောက်လာတဲ့ ရိုဟင်ဂျာ ၅၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ ခုလိုရောက်လာသူတွေအရေးကို ဘင်္ဂလားဒေရှ့်တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဆောင်ရွက်ပေးနေတယ်လို့ IOM ရဲ့ ဒုက္ခသည်ရေးရာ အစီအစဉ်တာဝန်ခံ Saikat Biswas ကပြောပါတယ်။

    “ လက်ရှိအခြေအနေကို ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ လုံခြုံရေးတာဝန်ယူတဲ့အဖွဲ့တွေ၊ ဒေသခံအစိုးရအဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။ သူတို့ဖက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စောင့်နေရင်း အခြေအနေကို လေ့လာနေပါတယ်။”

    မောင်တောခရိုင်ထဲက လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်တွေရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့သလို လက်နက်တွေကိုလည်း တိုက်ခိုက်သူတွေက ယူသွားခဲ့ပြီးနောက်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး လက်နက်တွေကို ပြန်လည်ရှာဖွေနေပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကြောင့် ကုလသမဂ္ဂ၊ အမေရိကန်အစိုးအရအပြင် လူ့အခွင့်အရေးအဖွဲ့တွေက ဒီစွပ်စွဲချက်တွေကို ပွင့်လင်းမြင်သာစွာ စုံစမ်းပေးဖို့ မြန်မာအစိုးရကို တောင်းဆိုနေပါတယ်။ အစိုးရဖက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းဆန်ခဲ့သလို လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ပြောကြားမှုတွေမှာ အချက်အလက်တွေမှားနေတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဆီကအချက်တွေကို အခြေခံပြီး ထွက်ပြေးသူတွေမရှိပါဘူးလို့ အစိုးရဖက်က ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာပဲ ပြောကြားခဲ့ပါတယ်။

    “ စစ်တပ်က ကျွန်မယောင်္ကျားကို သတ်ပစ်တယ်။ ကျွန်မတို့အိမ်ကိုလည်း မီးရှို့ကြတယ်။ ကျွန်မတို့ကို ဘယ်သူမှလည်း ကူညီမယ့်သူမရှိလို့ ကျွန်မတို့ဒီကို ထွက်ပြေးလာကြတာပါ။”

    “သူတို့နှိပ်စက်တာကို ကျွန်တော်တို့ မခံနိုင်တော့လို့ ကျွန်တော်တို့ ညဖက်မှာ လှေနဲ့ မြစ်ကိုဖြတ်ပြီး ထွက်ပြေးလာကြတာပါ။ ၄ နာရီလောက် ဘင်္ဂလားဒေရှ့်ကိုရောက်ပါတယ်။”

    ဘင်္ဂလားဒေရှ့်ဖက်ကိုရောက်လာတဲ့ ရိုဟင်ဂျာအမျိုးသမီး Marium Khatoon နဲ့ ရိုဟင်ဂျာအမျိုးသား မိုဟာမက် Hasim တို့ပြောခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပါတ်က တိုက်ခိုက်မှုတွေတိုးလာတဲ့အတွက် ဘင်္ဂလားဒေရှ့်ဖက်ကို ထွက်ပြေးကြသူ ရာနဲ့ချီရှိတယ်လို့ ရိုဟင်ဂျာတွေက သူတို့ရဲ့ သတင်းထောက်တွေကို ပြောကြတယ်လို့ Reuters သတင်းထဲမှာရေးထားပါတယ်။ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး Mohammad Abuzar Al Zahid ကလည်း မြန်မာဖက်ကနေ သူတို့နိုင်ငံထဲဝင်ဖို့ကြိုးစားနေကြသူတွေရှိတယ်လို့ ပြောပါတယ်။

    “အခြေအနေဆိုးတာ သေချာတာပေါ့ဗျာ။ မြန်မာနိုင်ငံဖက်မှာ တခုခုဖြစ်လို့ ဘင်္ဂလားဒေရှ့်ဖက်ကို ဝင်ဖို့ကြိုးစားကြတာပေါ့။ နယ်စပ်ဒေသလုံခြုံရေးကို ကျွန်တော်တို့ အထူးသတိထားတဲ့အတွက် တရားမဝင် ဝင်ရောက်ဖို့ကြိုးစားမှုမှန်သမျှကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ဖက်ကတော့ ကြိုးစားပါတယ်။ ၂ နိုင်ငံနယ်စပ်ကြားမှာ နတ်မြစ်ပဲခြားနေတော့ သူတို့က လှေတွေနဲ့ ဘင်္ဂလားဒေရှ့်ဖက်ကို ဝင်နိုင်ဖို့ ကြိုးစားနေကြတာပါ။”

    ဘင်္ဂလားဒေရှ့်အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဖွင့်ပေးထားဖို့ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးက အခုရက်ပိုင်းအတွင်းမှာပဲ တိုက်တွန်းခဲ့ပါတယ်။ လုံခြုံရေးစိုးရိမ်တဲ့ ရခိုင်ဒေသခံတချို့လည်း မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

    မောင်တောခရိုင်မှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကိုသိနိုင်ဖို့ သတင်းမီဒီယာတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့တွေကို သွားရောက်ခွင့်ပြုဖို့ တောင်းဆိုမှုတွေလည်း ပိုပြီးထွက်ပေါ်နေပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ကစလို့ အခုအထိ အိုးအိမ် တထောင်ကျော် ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း HRW က ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး November လ ၂၀ ရက်နေ့က သတင်းထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောခရိုင်ထဲမှာ လုံခြုံရေးဟာ စိုးရိမ်စရာရတဲ့ အခြေအနေမို့ စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြီး လုံခြုံရေး အထူးတင်းကြပ်ထားတယ်လို့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေကပြောပါတယ်။

    ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင် သံတမန်တချို့ကတော့ နိုဝင်ဘာလဆန်းက အစိုးရရဲ့စီစဉ်ပေးမှုနဲ့ စစ်တွေနဲ့ မောင်တောင်မြို့တောင်ဖက်ကို သွားရောက်လေ့လာ နိုင်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးလုပ်နေစဉ် လက်နက်ကိုင်ဆောင်ထားသူတွေရဲ့ တိုက်ခိုက်မှုတွေလည်းရှိနေတာကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ပါတ်သက်လို့ အဖြစ်မှန်ပေါ်နိုင်ဖို့ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားဖို့ရှိတယ်လို့ အစိုးရကဖက်က သတင်းထုတ်ပြန်ထားပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။

  • ရှမ်းပြည်နယ်မှ စစ်ဘေးရှောင်များကို ဒေသခံ မွတ်စလင်မ် လူမှုရေး အဖွဲ့များမှ ကူညီ

    ရှမ်းပြည်နယ်မှ စစ်ဘေးရှောင်များကို ဒေသခံ မွတ်စလင်မ် လူမှုရေး အဖွဲ့များမှ ကူညီ

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    15109542_1316745705002092_6580886313197332160_n
    လတ်တလော တိုက်ပွဲများဖြစ်ပွားရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသများမှ စစ်ဘေးရှောင်ပြည်သူများကို ဒေသခံမွတ်စလင်မ် လူမှုကူညီရေး ပရဟိတ အဖွဲများမှ လူနာကူသယ်ပေးခြင်း၊ အစားအစာ ချက်ပြုတ်ဝေငှပေးခြင်း၊ ဆေးကုသမှုပြုလုပ်ပေးခြင်းများ ဖြင့် ကူညီပေး နေကြောင်း သိရှိရပါတယ်။

    ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုဝင်ဘာ ၂၁ ရက်နေ့ ကျင်စန်းကျော့စစ်ဘေးရှောင်များသို့ သွားကြိုသော မေတ္တာမွန် မွတ်စလင် လူငယ်အသင်းကားအား ကျည်ဆံ ထိမှန်ခဲ့ကြောင်း၊ ကားပေါ်တွင် လိုက်ပါလာသည့်  ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ် အသင်းမှ ကိုရဲမင်းအောင်  သေနတ်ကျည်ထိမှန်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါတယ်။

    Photo Credit – Thet Swe Win Namtu and Ko Soe Min,မူဆယ်အစ္စလာမ်လူငယ် လူမှုကူညီရေးအသင်း FB

    15094333_1810849385796189_1931181037174715048_n

    15109554_1810849405796187_992571007308239453_n

     

    15170800_686328578202431_2839604130854893090_n

    15134816_1316745801668749_3031960246415552682_n 15179094_1316745555002107_7880856159351410961_n 15193538_1316745615002101_2103864226202104751_n

  • ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် နားစွင့်ပေးသလော ?

    ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် နားစွင့်ပေးသလော ?

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    – ကင်မရာထဲမှမြင်ကွင်းများ ပြီးဆုံးသော် နောက်ခံအကာအရံအတွင်း အမျိုးသမီးတို့၏ ငိုညည်းသံများ ထွက်လာသည်။ “အို – ညီအစ်ကိုတို့။ ဒီမှာ ဒီမှာ ကြည့်ကြပါဦး” ဟု ရှင်းလင်းတင်ပြနေသူက ဆိုလိုက်သည်။ သူပြသနေသည့် ရုပ်သံ၌ မီးလောင်ထားသော အကြွင်းအကျန်အိမ်ပျက်ထဲတွင် ရွှံ့နွံနှင့်ပြာမှုန်များအကြား လူ့ခန္ဓာကိုယ်များက ထိုးထွက်လျက်ရှိသည်ကို အတိုင်းသားမြင်နေရ၏။

    မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပေါ်လာသည့် အနည်းငယ်မျှသော မှတ်တမ်းများအနက် ဤရင်ထိတ်စရာဗီဒီယိုမှာလည်း အပါအ၀င်ဖြစ်၏။ ထိုဒေသမှာ လူ့အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်လျက်ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက သတိပေးနေကြသည်။

    လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ ပြီးခဲ့သည့်လ အကြမ်းဖက်မှု၏နောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ရွာများစွာရှိ လူနေအိမ်ခြေများ ရာနှင့်ချီ၍ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

    ၎င်းမှာ ဒေသခံစစ်သွေးကြွအုပ်စုများက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအာဏာပိုင်များက စွပ်စွဲ၍ HRW ၏တင်ပြမှုကို ငြင်းဆိုထားသည်။

    အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ရှိ အာဏာပိုင်များက လတ်တလောရက်ပိုင်းအတွင်း ဒါဇင်ပေါင်းများစွာသောလူတို့သည် နယ်စပ်ဖြတ်ကျော်ပြီး အသက်လုပြေးရန် ကြိုးပမ်းနေကြောင်း ပြောကြားသည်။

    အကြမ်းဖက်ခြင်းနှင့် နှုတ်ဆိတ်နေမှု
    ———————————–
    မကြားသေးမီ အောက်တိုဘာလအစောပိုင်းတွင် အကြမ်းဖက်ဖြစ်စဉ်တစ်ရပ် ရုတ်ခြည်း ပေါ်ပေါက်ခဲ့သည်။ လက်နက်ကိုင်ထားသူ ၃၀၀ ပါဝင်သော အုပ်စုတစ်စုက စစ်သားနှင့် ရဲအရာရှိများကို သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းဋ္ဌာနများက ဖော်ပြကြသည်။

    ၎င်းက မြန်မာစစ်တပ်၏ ပြင်းထန်သည့် နယ်မြေရှင်းလင်းရေးတစ်ရပ်ကို အစပျိုးပေးလိုက်သည်။ ယင်းလုပ်ဆောင်ချက်အတွင်း ဒါဇင်ပေါင်းများစွာသော ပြည်သူတို့ သတ်ဖြတ်ခံရပြီး အနည်းဆုံး လူ ၂၃၀ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရသည်။

    ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာမွတ်စ်လင်မ် လူဦးရေ အများဆုံး အခြေချနေထိုင်ရာအရပ်ဖြစ်သည်။ ထိုသူတို့မှာ ခွဲခြားချိုးနှိမ်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားနေကြရသည့် လူနည်းစုဝင် နိုင်ငံမဲ့ တိုင်းရင်းလူမျိုးစုတစ်ခုလည်းဖြစ်သည်။ မြန်မာအစိုးရဖက်က ၎င်း “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို တရားဝင်ငြင်းဆိုထားသည့်အပြင် တရားမ၀င်ရွှေ့ပြောင်းရောက်ရှိလာသည့် ဘင်ဂါလီများအဖြစ် သတ်မှတ်ထားကြသည်။

    မြန်မာအရပ်သားအစိုးရနှင့်အတူ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်အပေါ် မည်သို့ဆက်ဆံသွားကြမည်ကို တောက်လျှောက်စောင့်ကြည့်နေသူ များစွာရှိနေ၏။

    ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော် တည်ရှိခဲ့သည့် စစ်အုပ်ချုပ်ရေးမှာ အဆုံးသတ်သွားသည်။

    သို့သော်လည်း စစ်အစိုးရဟောင်း ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် ပါလီမန်တွင် နေရာ ၂၅ ရာခိုင်နှုန်းအထိ ရယူထိန်းသိမ်းကာ လုံခြုံရေးကိစ္စများကိုလည်း ထိန်းချုပ်ထားလျက်ရှိ၏။

    မြန်မာ့တပ်မတော်ကို ဦးဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ၂၀၁၁ ခုနှစ်က အပြင်းစားစစ်အာဏာရှင်ဟောင်း ဦးသန်းရွှေမှ စိတ်ကြိုက်ရွေးချယ်ခန့်အပ်ထားသူဖြစ်သည်။

    ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးများကို စစ်တပ်က ဦးဆောင်နေကြောင်း အဆိုညီကြသလို၊ အစိုးရဖက်မှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု ကင်းမဲ့နေခြင်းအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြထားကြသည်။

    “လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရဖက်က မျက်စေ့စုံမှိတ်ငြင်းပယ်နေတာဟာ NLD အတွက် အလားအလာ ကောင်းနိုင်မှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာဆိုရင် ပြည်သူတစ်ရပ်လုံးအတွက် စိုးရိမ်စရာ ဖြစ်လာစရာ အကြောင်းရှိတယ်” ဟု ဘန်ကောက်အခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ မက်သျူးစမစ်က ဆိုသည်။

    မတည်ငြိမ်မှု အန္တရာယ်
    ——————–
    ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှု မရပ်မနား ရှေ့ဆက်နေခြင်းနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကော်မရှင်တစ်ခုကို လက်ရှိဦးဆောင်လျက်ရှိသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က “၎င်းသည် နိုင်ငံတော်အား မတည်ငြိမ်မှုအသစ်တစ်ရပ်ထဲသို့ ထိုးနှစ်နေခြင်းဖြစ်သည်” ဟု သတိပေးပြောကြားလိုက်သည်။

    ရခိုင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများနှင့် မိန်းမငယ်များအား လိင်ပိုင်းစော်ကားချက်နှင့် မုဒိန်းကျူးလွန်ချက်ဆိုင်ရာ ခိုင်မာနေသည့်အချက်အလက်များအပေါ် “ဒေသတွင်း ပိုမိုကျယ်ပြန့်သောလူမျိုးရေးအကြမ်းဖက်မှုပုံဟန်ဖြစ်စေရန် တွန်းအားပေးအကြမ်းဖက်မှုတစ်ခု” အပါအ၀င်ဖြစ်နေ၍ ကုလသမဂ္ဂသံတမန် ဇိုင်နဗ် ဟာဝါ ဘန်ကူရာ ကလည်း အလွန်အမင်း စိုးရိမ်ရကြောင်း ဖော်ထုတ်ပြောကြားခဲ့သည်။

    ဤရက်သတ္တပတ် မြန်မာသမ္မတရုံးထုတ်ပြန်စာ၌ စစ်တပ်သတင်းအဖွဲ့ကို ကိုးကားလျက် ပြည်ပမီဒီယာတို့၏ လုပ်ကြံဖော်ပြချက်များဟုဆိုကာ ငြင်းဆန်ချေပထားပြီး အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်မှုဟု အပြစ်ဖို့ထားသည်။

    kyp-nov
    မတ် ၃၀ ရက်နေ့က ကြက်ရိုးပြင်ရွာမဖျက်ဆီးခံရချိန် ဂြိုဟ်တုဓာတ်ပုံ

    ယခင် စစ်အစိုးရအတွက် တာဝန်ထမ်းဆောင်ပေးခဲ့သော သမ္မတရုံးပြန်ကြားရေးဝန် ဦးဇော်ဌေးက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲ၌ နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ဝင်များမှ လူနေအိမ်များအား မီးတင်ရှို့ခြင်းသတင်းများ၊ မုဒိန်းနှင့်လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားချက်များဆိုင်ရာ သတင်းများကို ငြင်းဆိုခဲ့သည်။

    အစိုးရအနေနှင့် အနာဂတ်တွင် ထိလွယ်ရှလွယ် ပဋိပက္ခသတင်းများအပေါ် မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အခိုင်အမာ ပြောကြားသွားခဲ့သည်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကမူ ထိုဒေသထဲသို့ လူ့အခွင့်အရေးစောင့်ကြည့်သူများနှင့် ဂျာနယ်လစ်များ ၀င်ရောက်ခွင့်အား မြန်မာအစိုးရမှ ငြင်းပယ်ခြင်းအပေါ် ထပ်ဖန်တလဲ ဝေဖန်လျက်ရှိသည်။

    တစ်စုံတစ်ရာသောမှတ်ချက်ရယူနိုင်ရန် CNN မှ ဒေါ်စုကြည်၏ရုံးသို့ အကြိမ်ကြိမ်ရောက်ရှိသော်လည်း မည်သည့်တုန့်ပြန်ဖြေကြားမှုမျှ မရရှိခဲ့ပေ။

    kyp
    နိုဝင်ဘာ ၁၀ ရက် ကြက်ရိုးပြင်ရွာ ဖျက်ဆီးခံရပြီးနောက် ဂြိုဟ်တုဓာတ်ပုံ

    စိတ်ပျက်စရာအတိပြီးသော ..
    ——————————–
    စက်တင်ဘာလအတွင်း CNN နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဒေါ်စုကြည်က မိမိ၏အစိုးရအနေဖြင့် မိမိတို့ ရည်မျှော်သော သဟဇာတဖြစ်မှု၊ နားလည်မှုနှင့် သဘောထားကြီးလိုက်လျောမှုတို့ကို ဖော်ဆောင်ရာ၌ အခက်အခဲများစွာ ရှိနေကြောင်း ပြောဆိုခဲ့သည်။ ဒေါ်စုကြည်က အာနန်ကော်မရှင်ဖွဲ့စည်းမှုနှင့် သူမအစိုးရအဖွဲ့ဆောင်ရွက်ချက်ဖြစ်သော ရိုဟင်ဂျာတို့၏ သွားလာခွင့်ကန့်သတ်ချက်အချို့ ရုပ်သိမ်းဖယ်ရှားမှုကို ညွှန်းလျက် “ဒါက ကျွန်မတို့ချည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ မဟုတ်ပါဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အာရုံစိုက်နေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်” ဟုဆိုသည်။

    မည်သို့ဆိုစေ ဤအရေး ကျယ်လောင်နေသည့်တိုင် ဒေါ်စုကြည်မှာ နှုတ်ဆိတ်နေလေ့ရှိသည်။ ယင်းသို့တုန့်ပြန်ချက်ကို စမစ်က အလွန်တရာ စိုးရိမ်စရာကောင်းနေသည်ဟု ဖော်ပြသည်။

    အရပ်သားအစိုးရသည် ရခိုင်ပြည်နယ်ရှိ စစ်တပ်၏လုပ်ရပ်အပေါ် မည်မျှ သြဇာသက်ရောက်မှုရှိကြောင်း သူ့အနေနှင့် တပ်အပ်မပြောဆိုနိုင်သေးသလို သြစတေးလျ Deakin University မှ မြန်မာ့အရေးကျွမ်းကျင်ပညာရှင် Anthony Ware ကလည်း ဒေါ်စုကြည်၏ နှုတ်ဆိတ်နေမှုမှာ ကာလရှည်ကြာစွာ အလိုတူအလိုပါသဘောဆောင်သကဲ့သို့ဖြစ်သည်ဟု ဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် NLD ဆီကနေ ဒီအရေးအပေါ် ဟုတ်တိပတ်တိ ဦးဆောင်မှုပေးတာ ကျွန်တော်တို့ မတွေ့မြင်ရသေးဘူး”။

    စစ်တပ်က လုံခြုံရေးကိစ္စအား အပြည့်အ၀ထိန်းချုပ်ထားမှုနှင့်အတူ ပါလီမန်၌ ကျောထောက်နောက်ခံ ၂၅ ရာခိုင်နှုန်းရယူထားခြင်းကြောင့် NLD အစိုးရအနေနှင့် မည်မျှထိရောက်စွာ အသံထုတ်နိုင်မည်ကို ရှင်းလင်းစွာ မသိရှိရပေ။

    တိုင်းပြည်၏ လူများစုဗုဒ္ဓဘာသာဝင်များအကြား ရိုဟင်ဂျာဆန့်ကျင်ရေးလုပ်ဆောင်ချက်နှင့် မွတ်စ်လင်မ်တို့အပေါ် မုန်းတီးနာကြည်းအောင် ၀ါဒဖြန့်ချက်အတွက် မြန်မာပင်တိုင်မီဒီယာတို့က အူတိုင်လမ်းကြောင်းသဖွယ် အခိုင်အမာ အားပေးနေပြန်သည်။ ၎င်းတို့ကို အစွန်းရောက်အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်ရဟန်းသံဃာများက ဦးဆောင်လျက်ရှိသည်။

    “လူနည်းစုဝင် တိုင်းရင်းအုပ်စုအများအပြားထဲမှာပင်လျှင် မွတ်စ်လင်မ်တွေဟာ ဗုဒ္ဓဘာသာအတွက်၊ နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ရှိသူတွေအဖြစ် အယုံသွင်းခံထားရတယ်” ဟု Ware က ဆိုပါသည်။

    စစ်တပ်၏ ကျူးလွန်စော်ကားစည်းဖောက်မှုများ
    ———————————————–
    ဒီမိုကရေစီအကူးအပြောင်း မတိုင်မီနှင့် အကူးအပြောင်းနောက်ပိုင်း နှိပ်စက်ညှင်းပန်းခြင်း၊ မုဒိမ်းမှုကျူးလွန်ခြင်း၊ ကလေးစစ်သားများကို အသုံးချခြင်းတို့ဖြင့် ဗမာစစ်တပ်အပေါ် စွဲချက်တင်လျက်ရှိကြသည်။

    တိုင်းရင်းသားလူနည်းစုဝင်များအပေါ်လည်းကောင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်များ၌လည်းကောင်း ခြေလှမ်းကျယ်ဆဲ ကျူးလွန်စော်ကားမှုများကို လူ့အခွင့်အရေးအုပ်စုများက မှတ်တမ်းတင်နေကြသည်။

    “ရခိုင်ပြည်နယ်က အဓိကပြဿနာနဲ့ လှုပ်ရှားဆောင်ရွက်ချက်အားလုံးဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ရခိုင်ပြည်နယ်ထဲမှာ လက်နက်ကိုင်အုပ်စုတွေ ရှိနေပါစေ၊ နယ်စပ်ရေးရာပရမ်းပတာထိန်းကွပ်မှုနဲ့ နိုင်ငံတကာအကြမ်းဖက်သြဇာသက်ရောက်မှုဟာ စိုးရိမ်စရာ သိသာထင်ရှားနေပါစေ စစ်တပ်ကတော့ ဘယ်သူတစ်ဦးတစ်ယောက်ကို များများစားစား ပြောခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု Ware က ဆိုသည်။

    စမစ် ကလည်း စစ်တပ်သည် ဒေသတွင်း၌ နယ်မြေရှင်းလင်းရေးဟုဆိုကာ မွတ်စ်လင်မ်ကင်းစင်ရေးလုပ်နေခြင်းကို ဖော်ဆောင်လုပ်ကိုင်နေကြောင်း၊ ၎င်းမှာ နိုင်ငံတကာရာဇ၀တ်မှုအား ကျူးလွန်ရာရောက်ကြောင်း သတိပေးပြောကြားလိုက်သည်။

    “အောက်တိုဘာလ တိုက်ခိုက်မှုတွေမတိုင်မီ မွတ်စ်လင်မ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ဘယ်လိုဘယ်ပုံ ဖြိုခွင်းဖျက်ဆီးရေး အစီအစဉ်အကြောင်း ရခိုင်ပြည်နယ်အာဏာပိုင်များရဲ့ ပြောဆိုထားချက်တွေကို ကျွန်တော်တို့ အထောက်အထားပြုစုထားပြီးဖြစ်ပါတယ်။ အဲ့ဒီဗျူဟာအရ နောက်ထပ်အကြောင်းဆက်စပ်မှုတစ်ခုပြုလုပ်ပြီး မဖြစ်ဖြစ်အောင် ဖော်ဆောင်လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း ထင်ရှားပေါ်လွင်လာပါလိမ့်မယ်”။

    (CNN သတင်းဌာနမှ James Griffiths ၏ Is The Lady listening? Aung San Suu Kyi accused of ignoring Myanmar’s Muslims ဆောင်းပါးကို မြင့်မိုရ်မောင်မောင် က ဆီလျော်အောင်ပြန်ဆိုသည်။)

  • ကဘူလ်းဗလီ ဗုံးခွဲခံရ၊ ၂၀ ကျော်သေဆုံး

    ကဘူလ်းဗလီ ဗုံးခွဲခံရ၊ ၂၀ ကျော်သေဆုံး

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    shia

    – အာဖန်နစ္စတန်မြို့တော် ကဘူးလ်ရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်လုံးကို အသေခံဗုံးခွဲသမားတစ်ဦးက ယနေ့တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့သည်ဟု အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ဒါရုလ်အေမန်ရပ်ကွက်ရှိ ဘကွာရ်-အွလ်-အူလွမ် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး ကဘူးလ်ရဲတပ်ဖွဲ့အကြီးအကဲ အဘ်ဒူလ် ရဟ်မန် ရာဟီမီကမူ အမြောက်အများဒဏ်ရာရခဲ့ကာ သေးဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

    ရှီအာဝတ်ပြုသူများမှာ အာရ်ဘာအင်း အထိမ်းအမှတ်အခမ်းအနားပြုလုပ်ရန်အတွက် ဗလီဝတ်ကျောင်းတော်အတွင်း စုရုံးစဉ် ထိုကဲ့သို့ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများတွင် အာဖဂန်စစ်သား ၂ ဦးလည်း ပါဝင်ခဲ့သည်။ ထိုဗုံးခွဲမှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    ယခုနှစ်အစောပိုင်းကလည်း နိုင်ငံမြောက်ပိုင်း၌ ရှီအာမွတ်စလင်များ အာရှူရာနေ့အခမ်းအနားအတွက် စုရုံးနေစဉ် ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့သည်။

    သြဂုတ်လက ကဘူလ်မြို့ရှိ ရှီအာမွတ်စလင်များနေထိုင်ရာ ဟာဇာရာရပ်ကွက်၌ ဆန္ဒပြမှုအတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၈၅ ဦး သေဆုံးခဲ့ကာ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုဖောက်ခွဲမှုအတွက် IS အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေငြာခဲ့သည်။

    Ref: Aljazeera

  • မော်ရိုကို၏ ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွင် ဗလီများက စံပြဖြစ်နေ

    မော်ရိုကို၏ ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွင် ဗလီများက စံပြဖြစ်နေ

    နိုဝင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    moroco-1

    – မော်ရိုကိုအစိုးရမှာ ယခုနှစ်အတွင်း ဗလီဝတ်ကျောင်းတော်ပေါင်း ၁၀၀ ကျော်ကို စွမ်းအင်ချွေတာသည့် မီးများ၊ ဆိုလာနည်းပညာများ တပ်ဆင်ခဲ့ပြီး အဆိုပါ အစိမ်းရောင်စွမ်းအင် စီမံကိန်းကို နောက်ထပ် ၅ နှစ်အတွင်း အစိုးရက ထောက်ပံ့ပေးထားသည့် ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀၀၀ အထိ ချဲ့ထွင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်။

    ထိုပမာဏက နိုင်ငံတစ်ဝှမ်းတွင်ရှိနေည့် ဗလီဝတ်ကျောင်းတော်များ၏ ၃၀ ရာခိုင်နှုန်းဖြစ်သည်။

    ‘အစိမ်းရောင်ဗလီများ’ ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းမှာ ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချနိုင်ရေး မော်ရိုကို၏ ရည်ရွယ်ချက်ကြီးမားသည့် စီမံကိန်းကြီး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ လောင်စာဆီ တင်သွင်းရမှုကို တစ်ဖြည်းဖြည်းခြင်း ရပ်တန့်ရန်နှင့် စွမ်းအင်ချွေတာနိုင်သည့် နည်းပညာများ၊ ပြည့်ဖြိုးမြဲစွမ်းအင်များကို တိုးမြှင့်အသုံးချကာ ကာဘွန်ထုတ်လုပ်မှု လျှော့ချရန် ရည်ရွယ်သည့် အဆိုပါစီမံကိန်းအတွက် ဒေါ်လာ ဘီလီယံနှင့်ချီ အသုံးပြုရန် ရည်ရွယ်ထားသည်။

    လက်ရှိအချိန်တွင် မော်ရိုကို၌ အသုံးပြုနေသည့် စွမ်းအင်များ၏ ၉၅ ရာခိုင်နှုန်းက နိုင်ငံရပ်ခြားမှ တင်သွင်းရခြင်းဖြစ်သည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီက ဆိုသည်။

    နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များတွင် LED မီးများ၊ နေစွမ်းအင်အသုံးပြု ရေပူစက်များ၊ ဆိုလာပြားများ တပ်ဆင်သည့် အဆိုပါ အစိမ်းရောင်ဗလီဝတ်ကျောင်းတော် စီမံကိန်းမှာ အထင်သာအမြင်သာဆုံး စီမံကိန်းမှ တစ်ခုလည်းဖြစ်သည်။

    မော်ရိုကိုအစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ အကြီးတန်း စီမံကိန်းမန်နေဂျာဖြစ်သူ အဟ်မဒ် ဘူဇစ်က ပြည်သူများအနေဖြင့် ၎င်းတို့၏ အိမ်များ၊ ဆိုင်များတွင်လည်း စွမ်းအင်လျှော့ချသင့်သည်ဆိုသည့် သတင်းစကားကို ပေးရန်အတွက် ဗလီဝတ်ကျောင်းတော်များကို အပြည့်အ၀ အသုံးချခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “တစ်နိုင်ငံလုံးက အခြေခံအဆောက်အဦးတွေအတွက် ဒါက ကနဦး စီမံကိန်းလေးပါပဲ”

    ရည်ရွယ်ချက်က နေအိမ်များနှင့် စက်မှုလုပ်ငန်းများမှာ ၂၀၃၀ ခုနှစ်အရောက်တွင် စွမ်းအင်သုံးစွဲမှုကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေးဖြစ်သည်။

    မြို့တော် ရာဘတ်ရှိ အက်-ဆွန်နာ (As-Sounna) ဗလီဝတ်ကျောင်းတော်ကတော့ ထိုစိမံကိန်းအောင်မြင်မှု၏ ထင်ရှားသော ပြယုဂ်ဖြစ်သည်။

    ထိုဗလီဝတ်ကျောင်တော်အား စွမ်းအင်လျှော့ချမှု စီမံကိန်းအတွက် အစိုးရက ကန်ဒေါ်လာ ၃ သောင်း အသုံးပြုခဲ့ပြီး လက်ရှိတွင် ထိုဗလီ၌ စွမ်းအင်အသုံးပြုမှု ၈၀ ရာခိုင်နှုန်း လျော့ကျသွားကာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၇၀၀၀ ဖိုး အသုံးစားရိတ် လျှော့ချနိုင်ပြီဖြစ်သည်။

    အက်-ဆွန်နာ ဗလီဝတ်ကျောင်းတော်၏ ခေါင်မိုးတွင် တပ်ထားသည့် ဆိုလာပြားများမှ ထုတ်လုပ်ပေးသည့် ပိုလျှံနေသော ဓာတ်အားများကို ဓာတ်အားလိုင်းတွင် မကြာခင် ထည့်သွင်းသွားမည်ဟုလည်း ဘူဇစ်က ပြောကြားခဲ့သည်။

    မိုရိုကိုတွင် ဆိုလာနှင့် အခြားသော ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ ဖွံ့ဖြိုးလာသည်မှာ နှစ်အတော်ကြပြီဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ လျှပ်စစ်စွမ်းအား လိုအပ်ချက် ထက်ဝက်ကျော်ကို ပြည့်ဖြိုးမြဲ စွမ်းအင်မှ ဖြည့်တင်းမည်ဆိုသည့် ကြီးမားသည့် ရည်မှန်းချက်တစ်ခုလည်း မော်ရိုကိုတွင် ရှိနေသည်။

    အစိမ်းရောင် ဗလီဝတ်ကျောင်းတော် စီမံကိန်းက အလွန်ဈေးသက်သာပြီး စီမံကိန်းတပ်ဆင်မှုအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၂ သန်းသာ ကုန်ကျသည်။ စီမံကိန်းကို တိုးမြှင့်ဆောင်ရွက်ရန်အတွက်မူ နောက်ထပ် ကန်ဒေါ်လာ ၅.၅ သန်း လိုအပ်သည်။ ဆဟာရ သဲကန္တာရတွင် တည်ဆောက်ထားသည့် အဆင့်မြင့် ဆိုလာ ဓာတ်အားပေးစက်ရုံအတွက် ကန်ဒေါ်လာ ၂.၆ ဘီလီယံ ကုန်ကျမှုနှင့်စာလျှင် ထိုပမာဏက မပြောပလောက်သည့်ပမာဏ ဖြစ်သည်။

    မော်ရိုကို၏ ယခုစီမံကိန်းများက အလုပ်အကိုင်အသစ်များကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

    ဘူဇစ်က တစ်နှစ်လျှင် မော်ရိုကိုနိုင်ငံသား ၈ ထောင်မှ ၁ သောင်းကြားကို လျှပ်စစ်ပညာရှင်များအဖြစ် လေ့ကျင့်ပေးနေသည်ဟု ဆိုသည်။ စွမ်းအင်ချွေတာရေးနည်းပညာများနှင့် တပ်ဆင်သုံးစွဲမှုများကို သင်ရိုးညွှန်းတမ်းအတွင်း ထည့်သွင်းရေးအတွက်လည်း အစိုးရက ပူးပေါင်းဆောင်ရွက်နေသည်။

    ထိုနယ်ပယ်နှင့်ပတ်သက်သည့် အလုပ်အကိုင်များမှာလည်း နိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမည်ဟု အစိုးရက မျှော်လင့်နေလေသည်။

    “နိုင်ငံတစ်ဝှမ်းမှာ ဒီလုပ်ငန်းတွေတော့ မရှိဘူးပေါ့ဗျာ။ ဒါပေမယ့် ဗလီတွေမှာ တပ်ဆင်ဖို့ ရှိနေတယ်လေ” ဟု ဘူဇစ်က ထည့်သွင်းပြောကြားခဲ့လေသည်။

    REf: CNN