News @ M-Media
Blog
  • ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    arsenal-2
    – အိုးထရက်ဖို့ဒ်သူရဲကောင်း တိုက်စစ်မှူးဂျရူးမှာ ပုံမှန်ကစားခွင့်မရသည့်အတွက် စိတ်ပျက်နေသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးက ၀န်ခံပြောကြားလိုက်ပြီး မိမိအနေဖြင့် ၎င်းအား အရေးပါသည့် ကစားသမားအဖြစ် မှတ်ယူထားဆဲဟု ဆိုသည်။
    ယမန်နေ့က အိုးထရက်ဖို့ဒ်တွင် နောက်ကျဂိုးသွင်းကာ အာဆင်နယ်အတွက် အဖိုးတန် သရေ ၁ မှတ် ရယူပေးခဲ့သည့် ဂျရူးမှာ ခြေချောင်းဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက်ပိုင်း ယခုနှစ်အစကတည်းက ပွဲထွက်ခွင့်ရသေးဘဲ၊ လူစာဝင်းကစားသမားအဖြစ် ၃ ဂိုး သွင်းပေးထားသည်။
    “အိုလီဗီယာ ဂျရူးကို ကျွန်တော်ဟာ ပုံမှန်ကစားသမားအဖြစ် မှတ်ယူထားတာပါ။ သူ အားလပ်ရပ်ယူပြီး ပြန်လာတဲ့အခါ ဒဏ်ရာနည်းနည်းရခဲ့တယ်။ သိပ်မကြာသေးခင်ကမှ ပြန်ကစားနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ပွဲမှာ သူ စိတ်ပျက်ခဲ့တယ်ဆိုတာ ဟုတ်ပါဘူး။ ဒါပေမယ့် သူက အဆင်သင့်ဖြစ်နေတာကြောင့် ဒါမျိုးဖြစ်တာ မထူးဆန်းပါဘူး။ ကျွန်တော် အဖြေရှာပြီးသားပါ။ ဆန်းချက်ဇ်က ရာသီအစကတည်းက ကောင်းနေတယ်။ ကျွန်တော့မှာ ရွေးချယ်မှုနှစ်ခုရှိပြီး ဆန်းချက်ဇ်က တောင်ပံကစားနိုင်တာကြောင့် ဒီရွေးချယ်မှုနှစ်ခုစလုံးကို သုံးနိုင်ပါတယ်။ အိုလီဗီယာက အလယ်မှာပဲကစားနိုင်တယ်။ ဒါ့ကြောင့်တ တစ်ခါတစ်လေမှာ သူတို့နှစ်ယောက်ကို တွဲပေးလိုက်မှာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ မန်ယူကို အိုးထရက်ဖို့တွင် ၂၀၀၆ ခုနှစ် စက်တင်ဘာကတည်းက အနိုင်မရခဲ့ဘဲ၊ ၀င်းဂါးကလည်း မော်ရငင်ဟင်နှင့် ၁၂ ကြိမ်တွေ့ဆုံရာတွင် တစ်ကြိမ်မှ အနိုင်ရခဲ့ခြင်း မရှိချေ။ ၀င်းဂါကမူ ထိုအချက်အလက်များက ကစားသမားများအပေါ် ၀န်ပိခဲ့သည်ဟု ၀န်ခံခဲ့သည်။
    Ref: Goal
  • ဘာသာနှစ်ခုကြား ညီညွတ်ရေးအားပေးတဲ့ Amazon ရဲ့ ခရစ္စမတ်ကြော်ငြာ
    ဘာသာနှစ်ခုကြား ညီညွတ်ရေးအားပေးတဲ့ Amazon ရဲ့ ခရစ္စမတ်ကြော်ငြာ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    ima
    – လာမယ့်လအတွင်း ကျရောက်မယ့် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ခရစ္စမတ်ပွဲတော်အတွက် အွန်လိုင်းရှော့ပင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Amazon ရဲ့ ကြော်ငြာအသစ်မှာ ခရစ်ယာန်နဲ့ မွတ်စလင်တို့အကြား မိတ်ဆွေဖြစ်မှုကို ဖော်ညွှန်းရိုက်ကူးထားတယ်လို့ သိရပါတယ်။
    ယူကေနဲ့ အမေရိကန်တို့မှာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတဲ့ အခုလိုအချိန်မျိုးမှာ အိမ်နီးချင်းတစ်ယောက်ရဲ့ မိတ်ဆွေကောင်းဖြစ်ဖို့ဆိုတာ ဘာသာတရားက အဓိကမကျဘူးဆိုတဲ့ သတင်းစကားပေးချင်တဲ့ ဒီကြော်ငြာကို ဗုဒ္ဓဟူးနေ့က လွှင့်တင်ခဲ့တာဖြစ်ပါတယ်။
    ကြော်ငြာမှာ မွတ်စလင်အီမာမ်တစ်ယောက်က ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဆီကို အလည်အပတ်သွားရောက်ပြီး ရယ်ရယ်မောမာနဲ့ စကားစမြည်ပြောဆိုကြကာ အသက်အရွယ်ကြီးရင့်မှုကြောင့် နာတာကျင်တာ၊ ကိုက်တာခဲတဲ့ အကြောင်းတွေကိုလည်း ဝေမျှခဲ့ကြပါတယ်။
    အလည်အပတ်ပြီးဆုံးပြီး အပြန်မှာတော့ ဒီဘာသာရေးခေါင်းဆောင်နှစ်ဦးစလုံးဟာ တစ်ဦးကိုတစ်ဦး ခရစ်စမတ်လက်ဆောင်လေးတွေဝယ်ပေးဖို့ အတွေးရခဲ့ကြပြီး ၀ယ်ပေးတဲ့လက်ဆောင်တွေကလည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့သူတို့ ၀တ်ပြုဆုတောင်းရာမှာ အသုံးဝင်စေမယ့် ဒူးစွပ်လေးတွေ ဖြစ်နေတာပါပဲ။
    ဒီကြေငြာထဲမှာ ပါဝင်တဲ့ ဘာသာရေးခေါင်းဆောင်နှစ်ဦးစလုံးဟာ အပြင်မှာလည်း ယူကေက တကယ့် ဘာသာရေးခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးက သိက္ခာတော်ရဆရာတော် ဂရေး ဘရက်ဒလေဖြစ်ပြီး လန်ဒန် ခရစ်ယာန်ဘုရားကျောင်းတစ်ခုက သင်းအုပ်ဆရာတော် ဖြစ်ပါတယ်။ မွတ်စလင်အီမာမ်ကတော့ ဇူဘေးရ် ဟာဆန်ဖြစ်ပြီး လက်စတာက အိုအဒ်ဘီ အစ္စလာမ့်ရေးရာသင်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်ပါတယ်။
    အီမာမ်ဟာဆန်က ဒီကြော်ငြာရဲ့ ဇာတ်ညွှန်းဟာ အပြင်က သူ့ရဲ့ဘ၀ကို ရောင်ပြန်ဟပ်နေတာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    “လူ့အဖွဲ့အစည်းမှာ ကျွန်တော် ဒီအတိုင်းပဲ နေထိုင်တာပါ။ တစ်ကိုယ်ကောင်ဆန်တဲ့ အပြုအမူမျိုး ကျွန်တော် မပြုလုပ်ခဲ့ပါဘူး။ လူတွေက မကောင်းမြင်နေကြတဲ့အချိန် ဒီကြော်ငြာလေးက အင်မတန် အပြုသဘောဆောင်ပြီး မတူညီတဲ့ ဘာသာတရားကသူတွေ ညီညွတ်နိုင်တယ်ဆိုတာကို ပြသတာလည်း ဖြစ်ပါတယ်” လို့ အီမာမ်ကြီးက ပြောကြားခဲ့ပါတယ်။
    Guardian သတင်းစာကတော့ ဒီကြော်ငြာရိုက်ကူးဖို့အတွက် Amazon ဟာ အင်္ဂလန်အသင်းတော် (Church of England)၊ ဂရိတ်ဗြိတိန် မွတ်စလင်ကောင်စီနဲ့ ခရစ်ယာန် မွတ်စလင်ဖိုရမ် စတဲ့ အဖွဲ့တွေကနေ အကြံအဉာဏ် ရယူခဲ့ပြီး ကြော်ငြာမှာ ဘာသာတရားတွေရဲ့ ဓလေ့ထုံးတမ်းတွေကို အလေးထားတာမျိုးဖြစ်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
    “ဒါဟာ လက်တွေ့ကိုရောင်ပြန်ဟပ်ပြီး နှစ်လိုဖွယ် ကြေငြာဖြစ်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ လက်ခံနိုင်လောက်တဲ့ ဇာတ်လမ်းလို့လည်း ကျွန်တော်တို့ထင်ပါတယ်။ တစ်ချို့လူတွေက ဒါနဲ့ပတ်သက်ပြီး အထိမခံတာမျိုး ဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ကြော်ငြာက တစ်ကိုယ်ကောင်းမဆန်ဖို့ အခြားလူတွေကို ကိုယ်ချင်းစာပေးဖို့ ရည်ရွယ်တာပါ”
    Ref: Huffingtonpost
  • အခြေအနေဆိုးနေသော်လည်း မတုန်လှုပ်ဟု လက်စတာနည်းပြပြော
    အခြေအနေဆိုးနေသော်လည်း မတုန်လှုပ်ဟု လက်စတာနည်းပြပြော
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    lester
    – ရလဒ်များဆိုးရွားကာ ရုန်းကန်နေရသော်လည်း မိမိအနေဖြင့် ခြောက်ခြားမှုဖြစ်မည်မဟုတ်ဟု လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ၀က်ဖို့နှင့်ပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်စတာမှာ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်တွင် ၆ ပွဲအထိ ရှုံးထားပြီး တန်းဆင်းဇုန်နှင့် ၂ မှတ်သာ ကွာဟတော့သည်။
    ရာနီယေးရီကမူ မိမိအနေဖြင့် မတုန်လှုပ်ဟုဆိုသည်။
    “ကျွန်တော်တို့ရှုံးခဲ့တယ်။ ဒါပေမယ့် အသင်းစိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော် အကောင်းမြင်ပါတယ်။ ပွဲမှာ စောစောပိုင်းကတည်းက အာရုံစိုက်ခဲ့ရမှာပါ။ ဒါပေမယ့် သူတို့ အံ့သြလောက်တဲ့ဂိုးတွေ ရသွားပါတယ်။ ကျွန်တော်တို့ ရည်တည်မှုက မကောင်းဘူး။ ဒါပေမယ့် ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆိုရင်တော့ ကျွန်တော် မတုန်လှုပ်ပါဘူး။ ကစားသမားတွေကို ကျွန်တော် ယုံကြည်မှုရှိပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    Ref: Goal
  • မက္ကာ-မဒီနာ အမြန်ရထားလမ်းသစ်ကို ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်
    မက္ကာ-မဒီနာ အမြန်ရထားလမ်းသစ်ကို ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    train
    – ဆော်ဒီအာရေဗျရှိ မက္ကာနှင့် မဒီနာမြို့တို့ကို တိုက်ရိုက်ပြေးဆွဲမည့် အမြန်ရထားလမ်းတစ်ခုကို ၂၀၁၈ ခုနှစ်မတ်လတွင် ဖွင့်လှစ်နိုင်မည်ဟု အဆိုပါ စီမံကိန်းကို ဆောင်ရွက်နေသော စပိန်ဆောက်လုပ်ရေးလုပ်ငန်းက ပြောကြားလိုက်သည်။
    အစ္စလာမ်သာသနာ၏ အမြင့်မြတ်ဆုံး မြို့နှစ်ခုကို ဆက်သွယ်မည့် အဆိုပါရထားလမ်းကို ကနဦးက ယခုနှစ်ကုန်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသော်လည်း ပြီးစီးမည့်ရက်ကို ၂၀၁၇ နှစ်ကုန်အထိ ရွှေ့ဆိုင်းထားခဲ့ရသည်။
    ယခုတွင် Al-Shoula ဆောက်လုပ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက ရထားလမ်း၏ လုပ်ငန်းအပြည့်အ၀ကို ၂၀၁၈ ခုနှစ် မတ်လမှ လည်ပတ်နိုင်မည်ဟု ဆိုသည်။ တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်မှုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်နိုင်မည်ဖြစ်သည်။
    ဟဂ်ျရာသီတွင် လာရောက်သည့် ကမ္ဘာတစ်ဝှမ်းမှ ဟဂ်ျပြုသူများအတွက် ထိုမြို့နှစ်ခုအကြား သွားလာရေး တိုးတက်စေရန် ရည်ရွယ်သည့် အဆိုပါ ရထားလမ်းဆောက်လုပ်ရန် စပိန်ကုမ္ပဏီ ၁၂ ခုနှင့် ဆော်ဒီကုမ္ပဏီ ၂ ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက ၂၀၁၁ ခုနှစ်တွင် ကန်ထရိုက် ရရှိခဲ့ခြင်းဖြစ်သည်။
    စပိန်လုပ်ငန်းများ နိုင်ငံရပ်ခြားတွင် ရရှိသည့် စီမံကိန်းမျာမှ အကြီးဆုံးစီမံကိန်းဖြစ်သည့် အဆိုပါ ရထားလမ်းမှာ ၄၄၄ ကီလိုမီတာရှည်လျားမည်ဖြစ်သည်။ ပြီးဆုံးပါက နေ့စဉ် ခရီးသည် ၁၆၆၀၀၀ ကို သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
    သို့သော်လည်း စီမံကိန်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ငွေကြေးများ ထပ်မံလိုအပ်ခဲ့ကာ ပြဿနာကို မည်သို့ဖြေရှင်းမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းတွင်ပါဝင်သည့် ကုမ္ပဏီများအကြား အငြင်းပွားမှုများလည်း ဖြစ်ခဲ့သည်။
    သဲမုန်တိုင်းများ တိုက်ခတ်ကာ သဲသောင်များ မကြာခဏ ဖြစ်ထွန်းလေ့ရှိသည့် အာရေဗျသဲကန္တာရတွင် ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းမှာ မလွယ်ကူသောကြောင့် ယခုစီမံကိန်းမှာ နှောင့်နှေး ကြန့်ကြာရခြင်းလည်းဖြစ်သည်။
    Ref: Arabnews
  • ကမ္ဘာပေါ်တွင် လုံးဝငြိမ်းချမ်းသည့်နိုင်ငံ ၁၀ နိုင်ငံသာရှိ
    ကမ္ဘာပေါ်တွင် လုံးဝငြိမ်းချမ်းသည့်နိုင်ငံ ၁၀ နိုင်ငံသာရှိ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    peace
    – တစ်ဖြည်းဖြည်းနဲ့ ပိုအန္တရာယ်ရှိလာတဲ့ ကမ္ဘာကြီးမှာ ပဋိပက္ခကနေ လုံးဝ လွတ်ကင်းတယ်ဆိုတဲ့ နိုင်ငံဟာ ၁၀ နိုင်ငံသာရှိတယ်လို့ ၁၀ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း (Global Peace Index) မှာ ဖော်ပြထားပါတယ်။
    ပဋိပက္ခတွေ ဖြစ်ပွားရာမှာ အဆိုးဆုံးဒေသကတော့ အရှေ့အလယ်ပိုင်းဒေသဖြစ်ပြီး ဒုက္ခသည်ပြဿနာ၊ အကြမ်းဖက်မှုကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာတဲ့ပြဿနာတွေအတွက် အဖြေမရှာနိုင်သေးဘဲ ပြီးခဲ့တဲ့နှစ်ကထက်ယှဉ်ရင် ဒီနှစ်မှာ ကမ္ဘာကြီးဟာ ပိုပြီး ငြိမ်းချမ်းမှုနည်းသွားတယ်လို့လည်း အညွှန်းကိန်းက ဆိုပါတယ်။
    လုံးဝငြိမ်းချမ်းတဲ့နိုင်ငံ – ဆိုလိုတာက ပဋိပက္ခတွေမှာ တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ လုံးဝမပတ်သက်တဲ့နိုင်ငံဟာ ၂၀၁၄ ခုနှစ်ထက်စာရင် ဒီနှစ်မှာ ပိုနည်းသွားပါတယ်။
    လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းကို လေ့လာထုတ်ပြန်ခဲ့တဲ့ တတ်သိပညာရှင်များအဖွဲ့ Institute for Economics and Peace (IEP) ရဲ့ အဆိုအရ ဘော့စ်ဝါနာ၊ ချီလီ၊ ကော့စတာရီကာ၊ မော်ရေးရှက်စ်၊ ပနားမား၊ ကာတာ၊ ဆွစ်ဇာလန်၊ ဥရုဂွေးနဲ့ ဗီယက်နမ်တွေကသာ ပဋိပက္ခနဲ့ ကင်းလွတ်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
    ဒီစာရင်းထဲမှာ ဘရာဇီးလ်ဟာ ဖယ်ရှားခံလိုက်ရပြီး IEP တည်ထောင်သူ စတီဗ် ကီလီလီယာကတော့ ရီယိုအိုလံပစ်မတိုင်ခင် ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေက တစ်နှစ်တာအတွင်းမှာ အခြေအနေအဆိုးရွားဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
    ဒီနှစ် ငြိမ်းချမ်းရေးအညွှန်းကိန်းရဲ့ သိသာတဲ့ ရလဒ်တစ်ခုကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် အရှေ့အလယ်ပိုင်းဒေသက အခြေအနေတွေရဲ့ ပမာဏဟာ သိသိာသာသာ ရိုက်ခတ်မှုရှိတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
    “ကမ္ဘာကြီးကိုခြုံကြည်ရင် ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ငြိမ်းချမ်းမှု နည်းနည်းလေး လျော့သွားတာကို တွေ့ရမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်နဲ့ ပြီးခဲ့တဲ့နှစ်က အညွှန်းကိန်းမှာ အရှေ့အလယ်ပိုင်းဒေသကိုထုတ်လိုက်ရင် ကမ္ဘာကြီးဟာ ပိုပြီး ငြိမ်းချမ်းတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါက အရှေ့အလယ်ပိုင်းဟာ ကမ္ဘာကြီးမှာ တော်တော်လေး သက်ရောက်မှုရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်” လို့လည်း ကီလီလီယာက ဆိုပါတယ်။
    အညွှန်းကိန်းအရတော့ ပြီးခဲ့တဲ့နှစ်ကထက်ယှဉ်ရင် နိုင်ငံပေါင်း ၈၁ နိုင်ငံက ပိုငြိမ်းချမ်းလာခဲ့ပြီး ၇၉ နိုင်ငံမှာ မငြိမ်းချမ်းမှု ပိုဆိုးရွားလာခဲ့ပါတယ်။
    မနှစ်ကနဲ့မတူတာက ငြိမ်းချမ်းတဲ့နိုင်ငံတွေဟာ ပိုငြိမ်းချမ်းလာပြီး၊ မငြိမ်းချမ်းတဲ့နိုင်ငံတွေက ပိုပြီး မငြိမ်းမချမ်း ဖြစ်လာတယ်ဆိုတဲ့ လားရာတစ်ခုကို IEP က သတိပြုမိခဲ့ကာ ဒါကို “ငြိမ်းချမ်းရေး မညီမျှမှု” လို့ သူတို့က ကင်ပွန်းတပ်ခဲ့ပါတယ်။
    “ဒီမညီမျှမှုနောက်ကွယ်က အဓိကအကြောင်းအရင်းဟာ မြင့်တက်လာတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ မစွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ အာဖဂန်နဲ့ အီရတ်က ပြဿနာတွေဆိုရင် ၁၀ စုနှစ်တစ်ခုကျော်လောက်ကို ကြာသွားပြီး ဆီးရီးပြဿနာဆိုရင်လည်း ၂၀၁၁ ခုနှစ်က စတင်ခဲ့ပါတယ်။ နောက်ပိုင်း လစ်ဗျားနဲ့ ယီမင်တို့မှာလည်း ပြဿနာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းအောင် မဆောင်ရွက်နိုင်တာက ပြဿနာရဲ့ အဓိက သော့ချက်ပါပဲ”
    “ဥပမာ စစ်ပွဲတွေအတွင်း သေဆုံးမှုကို တွက်ကြည့်မယ်ဆိုရင် (၁၂လအတွင်း) ၁၁၂၀၀၀ အထိရှိပြီး နှစ် ၂၀ အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန်တို့ ပေါင်းလိုက်ရင် သေဆုံးမှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ရှိပါတယ်” လို့ မစ္စတာ ကီလီလီယာက ပြောကြားခဲ့ပါတယ်။
    အညွှန်းကိန်းအရတော့ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုဟာ ဆိုးဝါးခဲ့ပြီး ဘရာဇီးလ်က ‘သပိတ်မှောက်တဲ့ ကိစ္စ’ လည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    အိုက်စလန်ဟာ ကမ္ဘာ့အငြိမ်းချမ်းဆုံး တိုင်းပြည်များစာရင်းမှာ ထိပ်ဆုံးက ဆက်ရှိနေပြီး သူ့နောက်မှာတော့ ဒိန်းမတ်၊ သြစတြီးယား၊ နယူးဇီလန်နဲ့ ပေါ်တူဂီတို့ ရှိနေပါတယ်။ ပေါ်တူဂီဟာ ၉ ဆင့်တက်လာတာပါ။ ဆီးရီးယားကတော့ မငြိမ်းချမ်းဆုံး တိုင်းပြည်အဖြစ် ဆက်ရှိနေပါတယ်။
    ငြိမ်းချမ်းရေးအတွက် အိုက်စလန်ကနေ ဘယ်လိုသင်ယူနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကီလီလီယာက “အိုက်စလန်မှ မဟုတ်ပါဘူး။ နိုင်ငံတော်တော်များများကနေလည်း ကျွန်တော်တို့ သင်ယူနိုင်ပါတယ်။ အဲဒီနိုင်ငံတွေဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတွေကို ဖြစ်စေတဲ့၊ ထိန်းသိမ်းထားပေးတဲ့ အကြောင်းအရင်းဖြစ်တဲ့ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းကို ကျင့်သုံးနေကြပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
    IEP ဟာ အဲဒီ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးကို ကိန်းဂဏန်းပုံစံမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားခဲ့ပြီး ‘အခြားသူများ၏ အခွင့်အရေးကို လက်ခံခြင်း’ ‘ခြစားမှု နည်းပါးခြင်း’ ‘သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခြင်’ နဲ့ ‘အစိုးရယန္တယား အပြည့်အ၀လည်ပတ်ခြင်း’ တွေအပါအ၀င် ခေါင်းစဉ်တော်တော်များများအတွက် အမှတ်တွေ သတ်မှတ်ခဲ့ပါတယ်။
    “အပြုသဘောဆောင်တဲ့ငြိမ်းချမ်းရေးဟာ လုံလုံလောက်လောက် ခိုင်မာမယ်ဆိုရင် တုန်လှုပ်စရာတွေနဲ့ ကြုံတွေ့ရပေမယ့် အဲဒီနိုင်ငံဟာ ငြိမ်းချမ်းရေးအခြေအနေ ဆိုးရွားမှာ မဟုတ်ပါဘူး” လို့ ကီလီလီယာက ပြောကြားခဲ့ပါတယ်။
    ဥရောပဟာ အငြိမ်းချမ်းဆုံးဒေသအဖြစ် အညွှန်းကိန်းက ဖော်ပြခဲ့ပြီး ငြိမ်းချမ်းမှုအရှိဆုံး ထိပ်တန်း ၁၀ နိုင်ငံမှာ ဥရောပက ၇ နိုင်ငံ ပါဝင်နေပါတယ်။
    ဥရောပတိုက်က စစ်ပွဲနဲ့ ကင်းကွာနေပေမယ့်လည်း ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ အခြားနိုင်ငံတွေကတော့ အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ သိသိသာသာ ပါဝင်မှုတွေ ရှိနေပြီး နိုင်ငံတကာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
    Ref: Independent