News @ M-Media
Blog
  • လိင်သန့်ရှင်းရေးဓလေ့တွင် ပါဝင်သူကို မာလာဝီက အပြစ်ရှိကြောင်း ဆုံးဖြတ်
    လိင်သန့်ရှင်းရေးဓလေ့တွင် ပါဝင်သူကို မာလာဝီက အပြစ်ရှိကြောင်း ဆုံးဖြတ်
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    malawi
    – ‘လိင်သန့်ရှင်းရေး’ (sexual cleansing) ဟု ခေါ်သည့် အာဖရိက ဓလေ့ထုံးတမ်းတစ်ခုကို လိုက်နာကျင့်သုံးသည့်အနေဖြင့် အမျိုးသမီး ၁၀၄ ဦးနှင့် လိင်ဆက်ဆံခဲ့သည့် လိင်လုပ်သား အမျိုးသားတစ်ဦးကို မာလာဝီတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
    အသက် ၄၅ နှစ်အရွယ်ရှိ အဲရစ် အေနီဗာဆိုသူဖြစ်ပြီး HIV ပိုး ကူးစက်နေသူလည်းဖြစ်ကာ အန်ဆန်ဂျီ ခရိုင်တရားရုံးတွင် သောကြာနေ့က စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမိန့်ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ချမှတ်မည်ဖြစ်သည်။
    “စွပ်စွဲခံရသူဟာ ဆိုးရွားတဲ့ကျင့်သုံးမှုမှာ ပါဝင်တယ်ဆိုတာ သံသဖြစ်စရာမလိုအောင်ကို သက်သေထင်ရှားနေပါတယ်။ စွပ်စွဲခံရသူအနေနဲ့ အပြစ်ရှိတယ်ဆိုတာ တွေ့ရှိခဲ့ရပြီး၊ အပြစ်ရှိကြောင်းလည်း ဆုံးဖြတ်ပါတယ်” ဟု တရားသူကြီး အင်နိုးဆင့် နီဘီက ပြောကြားခဲ့သည်။
    ၎င်း လိင်ဆက်ဆံခဲ့သည့် အမျိုးသမီးများတွင် HIV ပိုးကူးစက်မှုကို မတွေ့ရသောကြောင့် ဆုံးဖြတ်ချက်တွင် HIV ပိုး ဖြန့်ဝေမှုဖြင့် အပြစ်ရှိကြောင်း မပါဝင်ခဲ့ပေ။
    ‘လိင်သန့်ရှင်းရေး’ (sexual cleansing) ဟုခေါ်သည့် ဓလေ့ထုံးတမ်းမှာ ကင်ညာ၊ ဇမ်ဘီယာ၊ မာလာဝီ၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား၊ မိုဇမ်ဘတ်၊ အန်ဂိုလာ၊ အိုက်ဗရီကို့စ်၊ ကွန်ဂို၊ ဂါနာနှင့် နိုက်ဂျီးရီးယားတို့ရှိ ဒေသအများအပြားတွင် ကျင့်သုံးသည့် ဓလေ့ထုံးတမ်းဖြစ်သည်။
    အမျိုးသမီးများ ပထမဆုံး ရာသီသွေးပေါ်ပြီးချိန်၊ မုဆိုးမဖြစ်ပြီးချိန်နှင့် ကလေးဖျက်ချပြီးချိန်တွင် အမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံရခြင်းဖြစ်ပြီး များသောအားဖြင့် လက်ထပ်ရန် ရည်ရွယ်ထားသူအမျိုးသား၊ ကွယ်လွန်သူအမျိုးသား၏ ညီအစ်ကို သို့မဟုတ် ဆွေမျိုးထဲမှ အမျိုးသားတစ်ဦးဖြင့်လည်းကောင်း၊ ငွေကြေးတစ်စုံတစ်ရာပေးရသည့် လိင်အလုပ်သမားဖြင့်လည်းကောင်း ပြုလုပ်ကြသည်။
    မာလာဝီတွင်မူ နိုင်ငံတောင်ပိုင်းတွင် အဆိုပါဓလေ့ထုံးတမ်းကို အများဆုံးကျင့်သုံးကြပြီး ‘hyena’ ဟုခေါ်သည့် လိင်အလုပ်သမားကို မိသားစုများက ခန့်ထားကာ ဆောင်ရွက်ကြသည်။
    “ကျွန်တော်က ဒီဓလေ့ထုံးတမ်းကို ကျင့်သုံးခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုဖမ်းလိုက်တာ၊ တရားစွဲတာ၊ ထောင်ချလိုက်ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ရှိခဲ့တဲ့ ဒီလေ့ထုံးတမ်း အခြားသူတွေ ကျင့်သုံးတာမျိုးကို ရပ်တန့်လို့ရမှာ မဟုတ်ပါဘူး” ဟု အေဗာနီက ပြောကြားခဲ့သည်။
    မုဆိုးမများကို ကွယ်လွန်သွားသည့်အမျိုးသား၏ ၀ိဉာဏ်ငြိမ်းချမ်းရာစေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ အပျိုဖော်ဝင်သူများကို အရွယ်ရောက်ကြောင်း အထိမ်းအမှတ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ကျင်သုံးခြင်းဖြစ်ပြီး ထိုသို့မဆောင်ရွက်ပါက မိသားစု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် နေထိုင်မကောင်းခြင်း၊ ကံမကောင်းခြင်းတို့ ဖြစ်တတ်သည်ဟု အယူရှိကြသည်။
    အေနီဗာ၏ ယခုအမှုမှာ မာလာဝီနိုင်ငံတွင် အုံးအုံးကြွက်ကြွက်ဖြစ်ခဲ့ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများကမူ ၎င်းကို အမြတ်ထုတ်ဟု ရှုမြင်ကြကာ တစ်ချိ့က ဓလေ့ထုံးတမ်း၏ ဓားစားခံဟု ရှုမြင်ကြသည်။
    အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသည့် အေနီဗာမှာ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။
    မာလာဝီနိုင်ငံမှာ ကမ္ဘာပေါ်တွင် HIV ကူးစက်မှုအဆိုးရွားဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသူအရေအတွက် ၉ ရာခိုင်နှုန်းမှာ HIV ပိုး ကူးစက်နေကြသည်။
    Ref: Aljazeera
  • ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    ကစားခွင့်မရသော်လည်း ဂျရူးမှာ ၀င်းဂါးအတွက် ရေးပါနေဆဲ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    arsenal-2
    – အိုးထရက်ဖို့ဒ်သူရဲကောင်း တိုက်စစ်မှူးဂျရူးမှာ ပုံမှန်ကစားခွင့်မရသည့်အတွက် စိတ်ပျက်နေသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးက ၀န်ခံပြောကြားလိုက်ပြီး မိမိအနေဖြင့် ၎င်းအား အရေးပါသည့် ကစားသမားအဖြစ် မှတ်ယူထားဆဲဟု ဆိုသည်။
    ယမန်နေ့က အိုးထရက်ဖို့ဒ်တွင် နောက်ကျဂိုးသွင်းကာ အာဆင်နယ်အတွက် အဖိုးတန် သရေ ၁ မှတ် ရယူပေးခဲ့သည့် ဂျရူးမှာ ခြေချောင်းဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက်ပိုင်း ယခုနှစ်အစကတည်းက ပွဲထွက်ခွင့်ရသေးဘဲ၊ လူစာဝင်းကစားသမားအဖြစ် ၃ ဂိုး သွင်းပေးထားသည်။
    “အိုလီဗီယာ ဂျရူးကို ကျွန်တော်ဟာ ပုံမှန်ကစားသမားအဖြစ် မှတ်ယူထားတာပါ။ သူ အားလပ်ရပ်ယူပြီး ပြန်လာတဲ့အခါ ဒဏ်ရာနည်းနည်းရခဲ့တယ်။ သိပ်မကြာသေးခင်ကမှ ပြန်ကစားနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ပွဲမှာ သူ စိတ်ပျက်ခဲ့တယ်ဆိုတာ ဟုတ်ပါဘူး။ ဒါပေမယ့် သူက အဆင်သင့်ဖြစ်နေတာကြောင့် ဒါမျိုးဖြစ်တာ မထူးဆန်းပါဘူး။ ကျွန်တော် အဖြေရှာပြီးသားပါ။ ဆန်းချက်ဇ်က ရာသီအစကတည်းက ကောင်းနေတယ်။ ကျွန်တော့မှာ ရွေးချယ်မှုနှစ်ခုရှိပြီး ဆန်းချက်ဇ်က တောင်ပံကစားနိုင်တာကြောင့် ဒီရွေးချယ်မှုနှစ်ခုစလုံးကို သုံးနိုင်ပါတယ်။ အိုလီဗီယာက အလယ်မှာပဲကစားနိုင်တယ်။ ဒါ့ကြောင့်တ တစ်ခါတစ်လေမှာ သူတို့နှစ်ယောက်ကို တွဲပေးလိုက်မှာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ မန်ယူကို အိုးထရက်ဖို့တွင် ၂၀၀၆ ခုနှစ် စက်တင်ဘာကတည်းက အနိုင်မရခဲ့ဘဲ၊ ၀င်းဂါးကလည်း မော်ရငင်ဟင်နှင့် ၁၂ ကြိမ်တွေ့ဆုံရာတွင် တစ်ကြိမ်မှ အနိုင်ရခဲ့ခြင်း မရှိချေ။ ၀င်းဂါကမူ ထိုအချက်အလက်များက ကစားသမားများအပေါ် ၀န်ပိခဲ့သည်ဟု ၀န်ခံခဲ့သည်။
    Ref: Goal
  • ဘာသာနှစ်ခုကြား ညီညွတ်ရေးအားပေးတဲ့ Amazon ရဲ့ ခရစ္စမတ်ကြော်ငြာ
    ဘာသာနှစ်ခုကြား ညီညွတ်ရေးအားပေးတဲ့ Amazon ရဲ့ ခရစ္စမတ်ကြော်ငြာ
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    ima
    – လာမယ့်လအတွင်း ကျရောက်မယ့် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ခရစ္စမတ်ပွဲတော်အတွက် အွန်လိုင်းရှော့ပင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Amazon ရဲ့ ကြော်ငြာအသစ်မှာ ခရစ်ယာန်နဲ့ မွတ်စလင်တို့အကြား မိတ်ဆွေဖြစ်မှုကို ဖော်ညွှန်းရိုက်ကူးထားတယ်လို့ သိရပါတယ်။
    ယူကေနဲ့ အမေရိကန်တို့မှာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတဲ့ အခုလိုအချိန်မျိုးမှာ အိမ်နီးချင်းတစ်ယောက်ရဲ့ မိတ်ဆွေကောင်းဖြစ်ဖို့ဆိုတာ ဘာသာတရားက အဓိကမကျဘူးဆိုတဲ့ သတင်းစကားပေးချင်တဲ့ ဒီကြော်ငြာကို ဗုဒ္ဓဟူးနေ့က လွှင့်တင်ခဲ့တာဖြစ်ပါတယ်။
    ကြော်ငြာမှာ မွတ်စလင်အီမာမ်တစ်ယောက်က ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဆီကို အလည်အပတ်သွားရောက်ပြီး ရယ်ရယ်မောမာနဲ့ စကားစမြည်ပြောဆိုကြကာ အသက်အရွယ်ကြီးရင့်မှုကြောင့် နာတာကျင်တာ၊ ကိုက်တာခဲတဲ့ အကြောင်းတွေကိုလည်း ဝေမျှခဲ့ကြပါတယ်။
    အလည်အပတ်ပြီးဆုံးပြီး အပြန်မှာတော့ ဒီဘာသာရေးခေါင်းဆောင်နှစ်ဦးစလုံးဟာ တစ်ဦးကိုတစ်ဦး ခရစ်စမတ်လက်ဆောင်လေးတွေဝယ်ပေးဖို့ အတွေးရခဲ့ကြပြီး ၀ယ်ပေးတဲ့လက်ဆောင်တွေကလည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့သူတို့ ၀တ်ပြုဆုတောင်းရာမှာ အသုံးဝင်စေမယ့် ဒူးစွပ်လေးတွေ ဖြစ်နေတာပါပဲ။
    ဒီကြေငြာထဲမှာ ပါဝင်တဲ့ ဘာသာရေးခေါင်းဆောင်နှစ်ဦးစလုံးဟာ အပြင်မှာလည်း ယူကေက တကယ့် ဘာသာရေးခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးက သိက္ခာတော်ရဆရာတော် ဂရေး ဘရက်ဒလေဖြစ်ပြီး လန်ဒန် ခရစ်ယာန်ဘုရားကျောင်းတစ်ခုက သင်းအုပ်ဆရာတော် ဖြစ်ပါတယ်။ မွတ်စလင်အီမာမ်ကတော့ ဇူဘေးရ် ဟာဆန်ဖြစ်ပြီး လက်စတာက အိုအဒ်ဘီ အစ္စလာမ့်ရေးရာသင်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်ပါတယ်။
    အီမာမ်ဟာဆန်က ဒီကြော်ငြာရဲ့ ဇာတ်ညွှန်းဟာ အပြင်က သူ့ရဲ့ဘ၀ကို ရောင်ပြန်ဟပ်နေတာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    “လူ့အဖွဲ့အစည်းမှာ ကျွန်တော် ဒီအတိုင်းပဲ နေထိုင်တာပါ။ တစ်ကိုယ်ကောင်ဆန်တဲ့ အပြုအမူမျိုး ကျွန်တော် မပြုလုပ်ခဲ့ပါဘူး။ လူတွေက မကောင်းမြင်နေကြတဲ့အချိန် ဒီကြော်ငြာလေးက အင်မတန် အပြုသဘောဆောင်ပြီး မတူညီတဲ့ ဘာသာတရားကသူတွေ ညီညွတ်နိုင်တယ်ဆိုတာကို ပြသတာလည်း ဖြစ်ပါတယ်” လို့ အီမာမ်ကြီးက ပြောကြားခဲ့ပါတယ်။
    Guardian သတင်းစာကတော့ ဒီကြော်ငြာရိုက်ကူးဖို့အတွက် Amazon ဟာ အင်္ဂလန်အသင်းတော် (Church of England)၊ ဂရိတ်ဗြိတိန် မွတ်စလင်ကောင်စီနဲ့ ခရစ်ယာန် မွတ်စလင်ဖိုရမ် စတဲ့ အဖွဲ့တွေကနေ အကြံအဉာဏ် ရယူခဲ့ပြီး ကြော်ငြာမှာ ဘာသာတရားတွေရဲ့ ဓလေ့ထုံးတမ်းတွေကို အလေးထားတာမျိုးဖြစ်အောင် ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
    “ဒါဟာ လက်တွေ့ကိုရောင်ပြန်ဟပ်ပြီး နှစ်လိုဖွယ် ကြေငြာဖြစ်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ လက်ခံနိုင်လောက်တဲ့ ဇာတ်လမ်းလို့လည်း ကျွန်တော်တို့ထင်ပါတယ်။ တစ်ချို့လူတွေက ဒါနဲ့ပတ်သက်ပြီး အထိမခံတာမျိုး ဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ကြော်ငြာက တစ်ကိုယ်ကောင်းမဆန်ဖို့ အခြားလူတွေကို ကိုယ်ချင်းစာပေးဖို့ ရည်ရွယ်တာပါ”
    Ref: Huffingtonpost
  • အခြေအနေဆိုးနေသော်လည်း မတုန်လှုပ်ဟု လက်စတာနည်းပြပြော
    အခြေအနေဆိုးနေသော်လည်း မတုန်လှုပ်ဟု လက်စတာနည်းပြပြော
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    lester
    – ရလဒ်များဆိုးရွားကာ ရုန်းကန်နေရသော်လည်း မိမိအနေဖြင့် ခြောက်ခြားမှုဖြစ်မည်မဟုတ်ဟု လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ၀က်ဖို့နှင့်ပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်စတာမှာ ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန်တွင် ၆ ပွဲအထိ ရှုံးထားပြီး တန်းဆင်းဇုန်နှင့် ၂ မှတ်သာ ကွာဟတော့သည်။
    ရာနီယေးရီကမူ မိမိအနေဖြင့် မတုန်လှုပ်ဟုဆိုသည်။
    “ကျွန်တော်တို့ရှုံးခဲ့တယ်။ ဒါပေမယ့် အသင်းစိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော် အကောင်းမြင်ပါတယ်။ ပွဲမှာ စောစောပိုင်းကတည်းက အာရုံစိုက်ခဲ့ရမှာပါ။ ဒါပေမယ့် သူတို့ အံ့သြလောက်တဲ့ဂိုးတွေ ရသွားပါတယ်။ ကျွန်တော်တို့ ရည်တည်မှုက မကောင်းဘူး။ ဒါပေမယ့် ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆိုရင်တော့ ကျွန်တော် မတုန်လှုပ်ပါဘူး။ ကစားသမားတွေကို ကျွန်တော် ယုံကြည်မှုရှိပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    Ref: Goal
  • မက္ကာ-မဒီနာ အမြန်ရထားလမ်းသစ်ကို ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်
    မက္ကာ-မဒီနာ အမြန်ရထားလမ်းသစ်ကို ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်
    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    train
    – ဆော်ဒီအာရေဗျရှိ မက္ကာနှင့် မဒီနာမြို့တို့ကို တိုက်ရိုက်ပြေးဆွဲမည့် အမြန်ရထားလမ်းတစ်ခုကို ၂၀၁၈ ခုနှစ်မတ်လတွင် ဖွင့်လှစ်နိုင်မည်ဟု အဆိုပါ စီမံကိန်းကို ဆောင်ရွက်နေသော စပိန်ဆောက်လုပ်ရေးလုပ်ငန်းက ပြောကြားလိုက်သည်။
    အစ္စလာမ်သာသနာ၏ အမြင့်မြတ်ဆုံး မြို့နှစ်ခုကို ဆက်သွယ်မည့် အဆိုပါရထားလမ်းကို ကနဦးက ယခုနှစ်ကုန်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသော်လည်း ပြီးစီးမည့်ရက်ကို ၂၀၁၇ နှစ်ကုန်အထိ ရွှေ့ဆိုင်းထားခဲ့ရသည်။
    ယခုတွင် Al-Shoula ဆောက်လုပ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက ရထားလမ်း၏ လုပ်ငန်းအပြည့်အ၀ကို ၂၀၁၈ ခုနှစ် မတ်လမှ လည်ပတ်နိုင်မည်ဟု ဆိုသည်။ တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်မှုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်နိုင်မည်ဖြစ်သည်။
    ဟဂ်ျရာသီတွင် လာရောက်သည့် ကမ္ဘာတစ်ဝှမ်းမှ ဟဂ်ျပြုသူများအတွက် ထိုမြို့နှစ်ခုအကြား သွားလာရေး တိုးတက်စေရန် ရည်ရွယ်သည့် အဆိုပါ ရထားလမ်းဆောက်လုပ်ရန် စပိန်ကုမ္ပဏီ ၁၂ ခုနှင့် ဆော်ဒီကုမ္ပဏီ ၂ ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက ၂၀၁၁ ခုနှစ်တွင် ကန်ထရိုက် ရရှိခဲ့ခြင်းဖြစ်သည်။
    စပိန်လုပ်ငန်းများ နိုင်ငံရပ်ခြားတွင် ရရှိသည့် စီမံကိန်းမျာမှ အကြီးဆုံးစီမံကိန်းဖြစ်သည့် အဆိုပါ ရထားလမ်းမှာ ၄၄၄ ကီလိုမီတာရှည်လျားမည်ဖြစ်သည်။ ပြီးဆုံးပါက နေ့စဉ် ခရီးသည် ၁၆၆၀၀၀ ကို သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
    သို့သော်လည်း စီမံကိန်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ငွေကြေးများ ထပ်မံလိုအပ်ခဲ့ကာ ပြဿနာကို မည်သို့ဖြေရှင်းမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းတွင်ပါဝင်သည့် ကုမ္ပဏီများအကြား အငြင်းပွားမှုများလည်း ဖြစ်ခဲ့သည်။
    သဲမုန်တိုင်းများ တိုက်ခတ်ကာ သဲသောင်များ မကြာခဏ ဖြစ်ထွန်းလေ့ရှိသည့် အာရေဗျသဲကန္တာရတွင် ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းမှာ မလွယ်ကူသောကြောင့် ယခုစီမံကိန်းမှာ နှောင့်နှေး ကြန့်ကြာရခြင်းလည်းဖြစ်သည်။
    Ref: Arabnews