News @ M-Media

Blog

  • အာဏာရပါတီကို ဖြုတ်ချရေး အတိုက်အခံများ ညီညွတ်ရန် မဟာသီ တိုက်တွန်း

    အာဏာရပါတီကို ဖြုတ်ချရေး အတိုက်အခံများ ညီညွတ်ရန် မဟာသီ တိုက်တွန်း

    နိုဝင်ဘာ ၁၃၊ ၂၀၁၆
    M-Media

    mahar

    – ခြစားမှုများရှိသည်ဟု နာမည်ထွက်နေသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ Barisan Nasional အစိုးရအား ဖြုတ်ချရန်အတွက် ‘အတိုက်အခံများအနေဖြင့် ပါတီတစ်ခု၊ အမှတ်သင်္ကေတတစ်ခုနှင့် သဘောထားတစ်ခုတည်းအောက်တွင် ညီညွှတ်စွာ ပေါင်းစည်းရမည်’ ဟု ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကျင်းပသည့် အတိုက်အခံညွှန့်ပေါင်းအဖွဲ့ Pakatan Harapan ညီလာခံတွင် အသက် ၉၁ နှစ်အရွယ် ရှိပြီဖြစ်သည့် မဟာသီက ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း မူဟ်ယစ်ဒင် ယာစင်တို့ ပူးပေါင်းတည်ထောင်ထားသည့် ပြည်ထောင်စု တိုင်းရင်းသားများပါတီ BERSATU ကလည်း အတိုက်အခံ ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။

    ပြီးခဲ့သည့်နှစ်က PAS ပါတီမှာ အငြင်းပွားဖွယ် ကိစ္စတစ်ချို့နှင့်ပတ်သက်၍ ညွန့်ပေါင်းပါတီများအကြား အခြေအတင် ဖြစ်ခဲ့ပြီးနောက် မလေးရှားအတိုက်အခံများမှာ ရုန်းကန်နေရသည်။

    “အချိန်က စကားပြောသွားပါလိမ့်မယ်၊ ကျွန်တော်တို့အနေနဲ့ PAS ကို အချိန်အနည်းငယ်တော့ ပေးဖို့လိုပါတယ်။ တကယ်လို့ PAS သာ တစ်ကိုယ်တော် ၀င်ပြိုင်မယ်ဆိုရင်တော့ ရှုံးမှာပါပဲ” ဟု ဒေါက်တာမဟာသီက အဆိုပါညီလာခံ၌ ပြောကြားခဲ့သည်။

    လက်ရှိတွင် မဟာသီ၏ BERSATU ပါတီနှင့် PAS တို့မှာ ဆွေးနွေးမှုများပြုလုပ်နေပြီး၊ အခြားအတိုက်အခံပါတီတစ်ခုဖြစ်သည့် ပြည်သူ့တရားရေးပါတီကလည်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် မကြာမီ ဆုံးဖြတ်ရန် ရှိနေသည်။

    မလေးရှား၏ နောက်ထပ်ရွေးကောက်ပွဲမှာ ၂၀၁၈ ခုနှစ် နှစ်လယ်တွင် ဖြစ်သော်လည်း ၀န်ကြီးချုပ် နာဂျစ်ကမူ လာမည့်နှစ် အလယ်ပိုင်းတွင် ရွေးကောက်ပွဲလုပ်ရန် ဆောင်ရွက်မည်ဟု မျှော်လင့်ရသည်။

    Ref : CNA

  • မက္ကဆီကိုဘောလုံးပွဲတွင် ကစားသမားက တိုက်ခိုက်မှုကြောင့် ဒိုင်လူကြီး သေဆုံး

    မက္ကဆီကိုဘောလုံးပွဲတွင် ကစားသမားက တိုက်ခိုက်မှုကြောင့် ဒိုင်လူကြီး သေဆုံး

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    mexico

    – မက္ကဆီကိုရှိ အပျော်တမ်းဘောလုံးပြိုင်ပွဲတစ်ခုတွင် အနီကဒ်ပြခံရသည့် ကစားသမားက ခေါင်းဖြင့်တိုက်ခဲ့ပြီးနောက် ဒိုင်လူကြီးသေဆုံးသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဟီဒါလ်ဂိုပြည်နယ် တူလန်စင်ဂိုမြို့တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသည့် ဒိုင်လူကြီးမှာ ဗစ်တာ ထရီဂျိုဟု အမည်ရသည်။ ၎င်းက ကစားသမား ဘူဘန် ရီဗီရာ ဗက်ဇ်ကွက်ဇ်အား အနီကဒ်ပြသခဲ့ပြီးနောက် ဗက်ကွက်ဇ်မှာ ထိုဆုံးဖြတ်ချက်ကို မကျေနပ်၍ ထရီဂျို၏ခေါင်းကို ၎င်း၏ခေါင်းဖြင့် တိုက်ခဲ့ခြင်းဖြစ်သည်။

    ဒိုင်လူကြီးလဲကျသွားသည့်အခါ မူးမေ့သွားခြင်းဖြစ်မည်ဟု ဆေးအဖွဲ့က ယူဆခဲ့ပြီး ကွင်းအတွင်းသို့ ၀င်ရောက် ကုသပေးခဲ့သော်လည်း ဒိုင်လူကြီးမှာ သတိပြန်လည်လာခြင်း မရှိတော့ပေ။

    အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကမူ subarachnoid hematoma ဟုခေါ်ပြီး ခေါင်းကို ပြင်းထန်စွာ ဆောင့်မိမှုကြောင့် ဖြစ်ပေါ်သည့် သေဆုံးခြင်းမျိုး ဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် ဗက်ကွက်ဇ်မှာ ထွက်ပြေးလွတ်မြောက်နေသည်။

    Ref: Goal

  • တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    korea-2

    – ပြဿနာများနှင့် ရင်ဆိုင်နေရသည့် သမ္မတပတ်ဂျုံဟေး ချက်ခြင်းနှုတ်ထွက်ပေးရန်အတွက် တောင်ကိုရီးယားပြည်သူ သိန်းပေါင်းများစွာမှာ ယနေ့တွင် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပြီး ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုလည်းဖြစ်သည်။

    သမ္မတမှာ မိတ်ဆွေ ချိုဆွန်ဆီလ်အား နိုင်ငံ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခွင့်ပေးကာ၊ ထိုအမျိုးသမီးကလည်း ၎င်းနှင့် နီးစပ်မှုကို အလွဲသုံးစားလုပ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားပြည်သူများက ပတ်ဂျုံဟေးအပေါ် မကျေမနပ်ဖြစ်လာခဲ့သည်။

    ပတ်နှင့် ချိုတို့ နှစ်ဦးစလုံးမှာ ၎င်းတို့၏ လုပ်ရပ်များအတွက် တောင်းပန်ခဲ့သော်လည်း ပြည်သူများက မကျေနပ်ဘဲ ယနေ့ဆန္ဒပြမှုမှာ တစ်ပတ်အတွင်း တတိယမြောက် ဆန္ဒပြမှုလည်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ ဆန္ဒပြမှုတွင် လူ ၂ သိန်းနီးပါး ပါဝင်ပြီး မိမိတို့တပ်ဖွဲ့ဝင် ၂၅၀၀၀ ကို တပ်ဖြန့်ချထားသည်ဟု ပြောကြားခဲ့သော်လည်း စီစဉ်သူများကမူ ၅ သိန်းမှ တစ်သန်းကြားရှိသည်ဟု ဆိုသည်။

    ဆိုးလ်မြို့တွင်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲသို့ အနယ်နယ်အရပ်မှ ဘတ်စ်ကားများ၊ ရထားများနှင့် လာရောက်ပါဝင်ခဲ့ကြပြီး ဆန္ဒပြသူ ၁၀၀၀ ပါဝင်သည့် အုပ်စုတစ်ခုမှာမူ နာမည်ကျော် ဂျယ်ဂျူးကျွန်းမှ စင်းလုံးလေယာဉ်ဖြင့် လာရောက်ပါဝင်ခဲ့ကြသည်။

    ကျောင်းသားများ၊ ကက်သလစ်သီလရှင်များ၊ အလုပ်သမားများ၊ လယ်ာသမားများ၊ ပင်စင်စားများ၊ လူငယ်များ စသဖြင့် လူတန်းစားပေါင်းစုံ ပါဝင်သည့် အဆိုပါ လူအုပ်ကြီးမှာ သမ္မတနှုတ်ထွက်ပေးရန် တိုက်တွန်းသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် နှုတ်မှလည်း သမ္မတ နှုတ်ထွက်ရေး ကျွေးကြော်ခဲ့ကြသည်။

    ညနေပိုင်းတွင်မူ အဆိုပါ ဆန္ဒပြလူအုပ်စုကြီးမှာ ဖယောင်းတိုင်မီးများထွန်းကာ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ လမ်းများကို ပိတ်ဆို့ထားလိုက်ပြီး ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့ လမ်းကြောင်းကန့်သတ်မှုကို လိုက်နာမည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • “ဒီပါဝါလီ” နေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပဲခူးမှာ ပြုလုပ်

    “ဒီပါဝါလီ” နေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပဲခူးမှာ ပြုလုပ်

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း-သူရိန်
    15037174_10202625937405843_5690306453304248247_n
    ဟိန္ဒူဘာသာဝင်တို့၏ ‘ဒီပါဝါလီ”နေ့ အထိမ်းအမှတ် အဖြစ် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော ပဲခူးမြို့မှ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူငယ်များ ဦးဆောင်ကာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ တစ်ရပ်ကို ယနေ့ ကျင်းပခဲ့ပါသည်။

    ရန်ကုန်-မန္တလေး ကားလမ်း နံဘေး ပဲခူးမြို့အဝင် ခေါင်းဆေးကျွန်း အနီးရှိ စူဠာမဏီ ဘုရားကျောင်း တွင် ပြုလုပ်သည့် အဆိုပါ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူ ဘာသာ အသီးသီးမှ ဆရာတော်သံဃာတော်များ ဘာသာရေး ခေါင်းဆောင်များ စုပေါင်း တက်ရောက်ပြီး ငြိမ်းချမ်းရေးစကားများ ဟောကြာတင်ပြကြပြီး ဟိန္ဒူဘာသာ အစဉ်အလာနှင့်အညီ ငြိမ်းချမ်းရေး ဆီမီး ထွန်းညှိကာ နေ့လည်ပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

    Photo Credit- ကိုဂျမား (ပဲခူး)

    15027781_10202625937085835_2902392941919085687_n

    15078724_10202625932845729_6261346869212263750_n

    14956626_10202625936845829_6519701997543696763_n

     

  • ပရိတ်သတ်၏ ဖိအားကြောင့် ဘက်တစ်က နည်းပြကို ထုတ်ပယ်

    ပရိတ်သတ်၏ ဖိအားကြောင့် ဘက်တစ်က နည်းပြကို ထုတ်ပယ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    bitec

    – အသင်း၏ ဆိုးရွားသော ရလဒ်များအတွက် သပိတ်မှောက်မည်ဟု ပရိတ်သတ်များက ကြေငြာခဲ့ပြီးနောက် လာလီဂါကလပ် ရီးယဲလ်ဘက်တစ်အသင်းမှာ နည်းပြ ဂူဇ်ပိုယက်အား ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ဆန်းဒါးလန်းနှင့် အေအီးကေ အေသင် အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ ပိုယက်ကိုင်တွယ်သည့် ဘက်တစ်မှာ နောက်ဆုံး ၅ ပွဲတွင် ၄ ပွဲအထိ ရှုံးနိ့မ်ထားပြီး လာလီဂါတွင် အဆင့် ၁၄ နေရာအထိ ကျဆင်းခဲ့သည်။

    ထို့ကြောင့် ပရိတ်သတ်များက ပိုယက်အား ထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး မလိုက်လျောပါက အသင်းအား သပိတ်မှောက်မည်ဟု ကြေငြာခဲ့သည်။ ထို့နောက် ယမန်နေ့တွင် ဘက်တစ်က ပိုယက်အား ထုတ်ပယ်လိုက်သည်ဟု ကြေငြာခဲ့ပြီး ရီးယဲလ်ကွင်းလယ်လူဟောင်း ဗစ်တာဆန်းချက်ဇ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်ဟုဆိုသည်။

    ပိုယက်မှာ ပြီးခဲ့သည့် မေလကမှ ဘက်တစ်နှင့် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    ရီးယဲလ်မက်ဒရစ်တွင် ၁၉၉၀ ပြည့်နှစ်များက ကစားခဲ့ဖူးသည့် ဆန်းချက်ဇ်မှာ နောက်ဆုံး ဂရိကလပ် အိုလံပီယာကော့စ်ကို ကိုင်တွယ်ဖူးသည်။

    Ref: Goal