News @ M-Media

Blog

  • အထည်လိပ်လုပ်ငန်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၁)

    အထည်လိပ်လုပ်ငန်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၁)

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    textile

    အထည်လိပ်တွေဟာ အလယ်ခေတ်ကုန်သွယ်မှုကို တော်တော်လေး အားကောင်းစေခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ကုန်သွယ်မှုမှာ မရှိမဖြစ်ကုန်စည်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က အထည်လိပ် ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုဆိုတာ ကာယ၊ ဉာဏလုပ်သားတွေ အဓိကထားလုပ်ကြတဲ့ လုပ်ငန်းလည်း ဖြစ်ခဲ့ပါတယ်။

    ၉ ရာစုအလယ်ပိုင်းလောက်မှာ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကထွက်တဲ့ အထည်လိပ်တွေဟာ နိုင်ငံတကာရဲ့ လေးစားမှုကို ရခဲ့ပါတယ်။ ရာစုနှစ် ၃ ခု ကြာပြီးနောက်ပိုင်းမှာတောင်မှ စပိန်နိုင်ငံကထွက်ပြီး ရွှေချည်ကွပ်ကာ အလှအပတွေ ဆင်မြန်းထားတဲ့ ပိုးထည်တွေကို ပေါ်တူဂီဘုရင်မ ဘီယာထရစ် (Beatrice) ရဲ့ လက်ထပ်မင်္ဂလာမှာ အသုံးပြုခဲ့ပါတယ်။

    စပိန်မွတ်စလင်တွေ ရက်လုပ်တဲ့ ချည်ထည်တွေဟာ အဲဒီခေတ်အခါက ကျော်ကြားတဲ့ တရုတ်လက်မှု ပညာရှင်တွေရဲ့ လက်ရာလောက်ကို သေသပ်ပြီး၊ ကောင်းမွန်ပါတယ်။ ကော်ဒိုဘာမြို့တစ်ခုတည်းမှာပဲ ကောဇောတွေ၊ ကူရှင်တွေ၊ ပိုးလိုက်ကာတွေ၊ ရှော်စောင်တွေနဲ့ မှီအုံးတွေလုပ်တဲ့ ရက်ကန်းစက်ရုံပေါင်း ၃၀၀၀ လောက်ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်း လူကြိုက်များခဲ့တဲ့ ဥရောပထုတ် ဖိနပ်တွေအတွက်လည်း ကော်ဒိုဘာက လယ်သာတွေ ထောက်ပံ့ပေးတာပါ။ စပိန်က ကူအန်ကာ (Cuenca) မြို့ဟာ ထိပ်တန်း သိုးမွှေးအထည်ပေါင်းစုံ အထူးသဖြင့် ဖျာတွေ၊ နှစ်ဖက်လှအထည်တွေ ထွက်ရှိရာဒေသ ဖြစ်ပါတယ်။ ဒီသိုးမွှေးထည်တွေကို ဘုရားဝတ်ပြုအခင်းတွေအဖြစ်၊ အိမ်တွေက ကြမ်းပြင်တွေ၊ စားပွဲခုံတွေမှာ လှပတဲ့ အခင်းတွေအဖြစ် အသုံးပြုကြပါတယ်။

    အလ်-အန်ဒါလုစ်မှာတော့ အရှေ့တိုင်းစတိုင် အ၀တ်အထည်တွေကို မာလာဂါနဲ့ အလ်မာရီယာမြို့တွေမှာ အဓိကထား ထုတ်လုပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီမြို့တွေဟာ ဆိပ်ကမ်းမြို့တွေဖြစ်ပြီး စတိုင်အသစ်တွ၊ နည်းစနစ်အသစ်တွေကို ပထမဆုံး လက်ခံရရှိရာနေရာတွေ ဖြစ်လို့ပါပဲ။ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကနေ ဖွံ့ဖြိုးလာတဲ့ ချည်ထည်ရက်လုပ်မှုလုပ်ငန်းဟာ နောက်ပိုင်းမှာ ဥရောပတစ်ခွင့် ပြန့်နှံ့သွားခဲ့ပါတယ်။

    စပိန်ရဲ့ အရှေ့ဘက်ဒေသနဲ့ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ အထည်လိပ်တွေကနေ အ၀တ်အထည်၊ အိမ်သုံးပရိဘောဂပေါင်းစုံကို ထုတ်လုပ်ခဲ့ကြပါတယ်။ နော်မဒ်အမျိုးသမီးတွေ (Normad) ဟာ အတဲအမိုးတွေ၊ မြင်းကုန်းနှီးတွေ၊ ပုခက်တွေနဲ့ သူတို့ရဲ့နေ့စဉ်ဘ၀မှာ လိုအပ်တဲ့အရာတွေကို ရက်လုပ်ခဲ့ကြပါတယ်။ မြို့ပြတွေ၊ နန်းတော်တွေရဲ့ ပရိဘောဂတွေဟာ အဲဒီအချိန်တုန်းက ကောဇောတွေ၊ လိုက်ကာတွေ၊ အခင်းတွေ ဖြစ်ပါတယ်။ ကုလားထိုင်တွေအစား လူတွေဟာ ကူရှင်တွေမှာ ထိုင်ကြပြီး အ၀တ်တွေနဲ့ ချုပ်လုပ်ထားတဲ့ မှီအုံးတွေကို မှီကြပါတယ်။ အဲဒီ မှီအုံးရဲ့ အရည်အသွေးကောင်းမွန်မှုက ပိုင်ရှင်ရဲ့ ကြွယ်ဝချမ်းသာမှုကို ထင်ဟပ်စေပါတယ်။

    ၁၉ ရာစုက ရေးသားခဲ့သည့် Album of Kashmiri Trades (ကက်ရှ်မီရ်းဒေသမှ ကုန်သွယ်လုပ်ငန်း မှတ်တမ်း) စာအုပ်မှ ဆေးဆိုးလုပ်သားတစ်ဦးက အ၀တ်အထည်များကို ဆေးဆိုးနေမှုအား သရုပ်ဖော်ထားပုံ)

    အထည်လိပ်တွေဟာ နိုင်ငံရေးမှာ အရေးပါတဲ့ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ သံတမန်ရေးရာအရ တာသွားတဲ့ လက်ဆောင်တွေအဖြစ် အသုံးပြုကြသလို၊ ပုံမှန် ပွဲလမ်းသဘင်တွေ၊ အထူး အခမ်းအနားတွေမှာ အဆင့်မြင့်အရာရှိတွေနဲ့ အခြား အောင်မြင်ကျော်ကြားသူတွေကို ချီးမြှင့်တဲ့ ဆုလာဘ်အဖြစ်လည်း အသုံးတော်ခံခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ချီးမြှင့်တဲ့ ခြုံထည်တွေ၊ ခေါင်းပေါင်းတွေနဲ့ အခြားသော ချည်ထည်တွေကိုတော့ အုပ်ချုပ်သူတွေရဲ့ နန်းတော်တွေမှာပဲ ရက်လုပ်တာ ဖြစ်ပါတယ်။  ၁၂၅၀ နောက်ပိုင်း မမ်လွက်ဆူတန်တွေရဲ့ ခေတ်မှာ မက္ကာမြို့က ကာဘာဟ်ကျောင်းတော်မှာ ဖုံးအုပ်တဲ့ ကစ္စ၀ါ (kiswa) သစ်ကို ကို နှစ်စဉ်ပေးပို့ခြင်းဟာလည်း မွတ်စလင်အင်ပါယာကို ကြီးစိုးတဲ့ ဘုရင်တွေရဲ့ သီးခြားအခွင့်အရေး ဖြစ်လာပါတယ်။ ကစ္စ၀ါကို အထူးခြားဆုံးရက်လုပ်ပြီး အလှပဆုံး ဆင်ယင်ချယ်သကြပါတယ်။

    အဲဒီတုန်းက အစ္စလာမ်ကမ္ဘာမှာ အရည်အသွေး၊ အရောင်အသွေးမျိုးစုံတဲ့ အထည်လိပ်တွေကို ရရှိနိုင်ပါတယ်။ သိုးမွှေးနဲ့ လီနင် (linen) အထည်တွေကို အီရန်ကနေ စပိန်အထိ အစ္စလာမ့်အင်ပါယာတစ်ဝှမ်း အမြောက်အများထုတ်လုပ်ခဲ့ကြပြီး၊ လီနင်အထည်က အရမ်းလူကြိုက်များတာကြောင့် ကုန်ကြမ်းတွေကို ပြည်ပကနေတောင် မှာယူတင်သွင်းရပါတယ်။ အိန္ဒိယထွက်ကုန်ဖြစ်တဲ့ ၀ါဂွမ်းကို မွတ်စလင်တွေ မြေထဲပင်လယ်ဒေသကို ရောက်ရှိလာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အကြီးအကျယ် ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ ပါလက်စတိုင်းမှာ ဒီ ၀ါဂွမ်းစိုက်ပျိုးမှုဟာ ဖွံ့ဖြိုးခဲ့ပြီး ဥရောပကိုတော့ စပိန်တောင်ပိုင်း မွတ်စလင်အုပ်စိုးရာ ဒေသကနေတစ်ဆင့် ၀င်ရောက်လာတာ ဖြစ်ပါတယ်။ လယ်သာအထည်ထုတ်လုပ်မှုကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၂ ရာစု အလ်မိုဟဒ်မင်းဆက် (Amohad) ရဲ့ ဘုရင် အလ်-မန်ဆူရ်  (Al-Mansur)လက်ထက်မှာ ဖက်ဇ်မြို့ (Fez) (ယခုမော်ရိုကိုတွင် ရှိသည်) အတွင်း သာရေနယ်စက်ရုံ ၈၆ ခုနဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်း ၁၁၆ ခု ရှိနေပါပြီ။

    မွတ်စလင်ကမ္ဘာမှာ တစ်ချို့သောမြို့တွေကထွက်တဲ့ ပစ္စည်းတွေကလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ရှီရက်ဇ် (Shiraz) မြို့က သိုးမွှေးအထည်၊ ဘဂ္ဂဒတ်က bldachin နဲ့ ပိုးဖဲ၊ ခူဇစ်စတန် (Khuzistan) က ထွက်ပြီး ကုလားအုတ် အမွှေး၊ ဆိတ်အမွှေးတွေနဲ့ ရက်လုပ်တဲ့ ပစ္စည်း၊ ခူရာဆန် (Khurasan) က ဆိုဖာ၊ တိုင်ရီ (Tyre) က ကောဇော၊ ဘူခါရာ (Bukhara) က ၀တ်ပြုအခင်း၊ ဟေရတ် (Herat) က ရွှေချည်ငွေချည်အထည်တွေဟာ ထင်ရှားကျော်ကြားပါတယ်။ အခြားသော ခေတ်ကာလက ချည်ထည်အပိုင်းအစတွေကို အနောက်တိုင်း ပြတိုက်တွေနဲ့ အရှေ့တိုင်းဆိုင်ရာ အနုပညာလက်ရာ စုစည်းမှုတွေမှာ တွေ့မြင်နိုင်ပေမယ့် ၁၂ ရာစုက ဒီနာမည်ကြီးပစ္စည်းတွေရဲ့  အပိုင်းအစ တစ်ခုတောင်မှ ကျန်ရစ်ခဲ့ခြင်း မရှိပါဘူး။ ကျန်ရစ်ခဲ့တဲ့ ချည်ထည်အမွေအနှစ်တွေထဲမှာ အဖိုးတန်ဆုံး အပိုင်းအစတစ်ခုကတော့ အီဂျစ် မမ်လွက်ဆူလ်တန်ရဲ့ ပိုးဝတ်ရုံ အပိုင်းအစတစ်ခုဖြစ်ပြီး ၁၄ ရာစု လောက်က ထုတ်လုပ်ခဲ့တဲ့ အဲဒီအပိုင်းအစမှာ ‘အသိပညာနှင့်ပြည့်စုံသော ဆူလ်တန်မင်းမြတ်’ ဆိုပြီး ကဗျည်းရေးထိုးထားပါတယ်။ အဲဒီအပိုင်းအစကို ဒန်ဇစ်မြို့ (Danzig) က စိန့်မေရီ ဘုရားကျောင်းမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    ဥရောပမှာ မွတ်စလင်တွေရဲ့ ချည်ထည်တွေ လူကြိုက်များလာမှုရဲ့အစကို သိချင်ရင် အလယ်ခေတ်ကို ပြန်သွားရမှာဖြစ်ပြီး အဲဒီအချိန်မှာ ခရူးဆိတ် ခရစ်ယာန်သာသနာပြုစစ်သည်တွေ၊ ကုန်သည်တွေကနေ တစ်ဆင့် ဒီချည်ထည်တွေက ဥရောပကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီချည်ထည်တွေဟာ ဥရောပမှာ တော်တော်လေး အဖိုးတန်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဆီလ်ဗက်စတား ၂ (Pope Sylvester II) ကွယ်လွန်စဉ်က တန်ဖိုးကြီးပါရှန်ပိုးထည်နဲ့လွှမ်းပြီး မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ကက်စ်တီလာ (စပိန်ရှိဒေသတစ်ခု) ပြည့်ရှင် ဘုရင် အဒ်ဝပ် ၁ (Edward I) ရဲ့ ကြင်ယာတော် ဘုရင်မ အဲလီယာနူရ် (Eleanor) ဟာ ၁၂၅၅ ခုနှစ် အင်္ဂလန်ကိုသွားတဲ့အခါ အန်ဒါလူစီယာက ကောဇောတွေကို အဖိုးတန်လက်ဆောင်အဖြစ် ယူဆောင်သွားခဲ့ပါတယ်။

    mq
    အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ အမျိုးသမီးတစ်ဦး ယက်ကန်း ရက်လုပ်နေမှုကို Maqamat al-Hariri စာအုပ်တွင် သရုပ်ဖော်ထားပုံ

    ၁၇ ရာစုမှာတော့ အင်္ဂလန်နိုင်ငံရဲ့ ကုန်သွယ်မှုအခြေခံတဲ့ ဆက်ဆံရေးဟာ အကြီးအကျယ် ဖွံ့ဖြိုးလာခဲ့ပြီး အဲဒီအချိန်ဟာ ပါရှန်တွေရဲ့ ချည်ထည်လုပ်ငန်းဟာ အထွပ်အထိပ်ကို ရောက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ၁၆၁၆ ခုနှစ်မှာ ပါရှန်က ရှားဘုရင်ဟာ ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် ကုန်ထုတ်ပေါင်း ၃၀၀၀ ကို အင်္ဂလန်ကို အကြွေးချပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ပါရှန်တွေရဲ့ ပိုးထည်တွေဟာ အင်္ဂလန်ရဲ့ သွင်းကုန်တွေထဲ ထိပ်တန်းမှာ ပါဝင်ခဲ့ပါတယ်။ နောက်ထပ် ၃ နှစ်အကြာမှာတော့ Royal Anne သင်္ဘောဟာ ပါရှန်ပိုးထည်ထုတ် ၁၁ ထုပ်ကို တင်ဆောင်ကာ ဆူရသ် (Surat) (အိန္ဒိယ) ကနေတစ်ဆင့် အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဒီအချိန်က အင်္ဂလန်ပြည့်ရှင် ဂျိမ်းစ် ၁ (James I) ဟာ ပါရှန်ပိုးထည်တွေကို အလွန်နှစ်ခြိုက်ခဲ့ပြီး အင်္ဂလန်မှာ ပိုးထည်လုပ်ငန်းတစ်ခု တည်ထောင်ဖို့ စဉ်းစားခဲ့ပါတယ်။ ဘုရင်ကြီးဟာ ပိုးမျှင်ထွက်တဲ့ ပိုးကောင်တွေကို စုဆောင်းခဲ့ပြီး နန်းတော်နဲ့ ၀ိုက်တ်ဟောလ် ဥယျာဉ် (Whitehall gardens) တွေမှာ မွေးမြူနိုင်ရေး အထူးအစီအစဉ်တွေကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး တော်ဝင်ပိုးထည်လုပ်ငန်းကို ကြီးကြပ်တဲ့ ပြင်သစ်လူမျိုး ဂျွန် ဘိုနိုအီလ် (Bonoeil) ကို ပိုးထည်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကျမ်းတစ်စောင်ပြုဖို့ အမိန့်ပေးခဲ့ကာ ၁၆၂၂ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။

    အဲဒီအချိန်လောက်မှာပဲ အရှေ့အိန္ဒိယကုမ္ပဏီက အင်္ဂလန်ကို ချင့်ဇ် (chintz) လို့ခေါ်ပြီး အရောင်သွေး ဒီဇိုင်းစုံတဲ့ ချည်ထည်တွေကို အဓိကထားတင်သွင်းမှုကြောင့် အင်္ဂလန်ရဲ့ အိန္ဒိယနဲ့ကုန်သွယ်မှုဟာ တိုးတက်လာခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ ဆေးဆိုးပန်းရိုက်နည်းလမ်းနဲ့ အလှဆင်ထားတဲ့ အဲဒီချည်ထည်တွေဟာ ဥရောပရဲ့ ချည်ထည်လုပ်ငန်းနဲ့ နံရံအလှဆင် ချည်ထည်ထုတ်လုပ်မှုရဲ့ စံတစ်ခု ဖြစ်ခဲ့ပါတယ်။

    ၁၇ ရာစုလောက်မှာတော့ မွတ်စလင်ကမ္ဘာက အထည်လိပ်တင်ပို့မှုဟာ ဥရောပလူ့အဖွဲ့အစည်းက ဘူဇွာတွေပေါ်ထွက်လာမှုနဲ့အတူ တော်တော်လေး ထိခိုက်ခဲ့ပြီး ပြည်တွင်းအထည်လိပ်လုပ်ငန်းကလည်း ခြိမ်းခြောက်ခံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားက အထည်လိပ်တွေရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို အလိုမရှိတာကြောင့် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ တင်သွင်းမှုကို ပိတ်ပင်ဖို့ ပိုးထည်နဲ့ သိုးမွှေးကုန်သည်တွေက ဆောင်ရွက်ခဲ့တာကြောင့် ပြည်တွင်း ပိုးထည်ရက်လုပ်သူတွေဟာ စောဒကတက်ခဲ့ကြပါတယ်။

    ဗြိတိန်အစိုးရက ၁၇၀၀ ခုနှစ်မှာ မွတ်စလင်ကမ္ဘာက ပိုးထည်တင်သွင်းမှုတွေ ကန့်သတ်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းလိုက်ပြီး အိန္ဒိယ အထည်လိပ်တွေ၊ ပါရှန်နဲ့ တရုတ်ချည်ထည်တွေ တင်သွင်းမှုကိုလည်း တားမြစ်လိုက်ပါတယ်။

    အရည်အသွေးကောင်းမွန်တဲ့ ပိုးထည်တွေဟာ ပါရှန်တစ်ခုထဲကနေ ၀င်ရောက်တာမဟုတ်ပါဘူး။ တူရကီ အထည်လိပ်လုပ်ငန်းကလည်း တိုးတက်ခဲ့ပါတယ်။ ဘူရ်ဆာ (Bursa) က ထွက်တဲ့ အထည်လိပ်တွေဟာ အရည်အသွေး အလွန်ကိုကောင်းမွန်ပြီး အဲဒီက အထည်ရက်သူတွေဟာ အစ်ဇ်နစ် (Iznik) ပန်းလက်ရာ အပြောက်အမွှမ်းတွေနဲ့ အလှဆင်ထားတဲ့ ထိပ်တန်းအထည်လိပ်တွေကို  ထုတ်လုပ်ခဲ့ကြပါတယ်။ ဘူရ်ဆာမြို့ကထွက်တဲ့ ပိုးထည်တွေ၊ ကတ္တီပါထည်တွေကို ဆူလ်တန်ဘုရင်တွေရဲ့ နန်းတော်တွေမှာတောင် အသုံးပြုကြပြီး အော်တိုမန်အင်ပါယာက အိမ်တိုင်းမှာ မရှိမဖြစ် အိမ်တွင်းအလှဆင်ပစ္စည်းတွေဖြစ်တဲ့ ဆိုဖာ၊ သလွန်၊ လိုက်ကာတွေကလည်း ဒီမြို့နေပဲ ထွက်ရှိတာဖြစ်ပါတယ်။ အင်္ဂလိပ် မင်းမျိုးမင်းနွယ်ဖြစ်ပြီး ကဗျာပညာရှင်တစ်ဦးလည်းဖြစ်တဲ့ လေဒီ မွန်တာဂူ (Lady Montagu) က တူရကီအထည်လိပ်တွေရဲ့ ကျော်ကြားမှုကို တစ်ခုတ်တရ မှတ်တမ်းတင်ခဲ့ပြီး သူမအနေနဲ့ တူရကီစတိုင် ၀တ်စုံတွေ ၀တ်ဆင်ရတာကို နှစ်သက်သဘောကျတယ်လို့လည်း ဆိုပါတယ်။

    ၁၈ ရာစုမှာ တူရကီအရဲ့ အထည်လိပ်လုပ်ငန်းနဲ့ အ၀တ်အထည်တွေကို ကြိုက်နှစ်သက်သူတစ်ဦးကတော့ နာမည်ကြီး ဆွစ်ဇာလန် အနုပညာရှင် ဂျန် အီတိုင်နီ လီယိုတာ့ဒ် (Jean Etienne Liotard) ဖြစ်ပါတယ်။ အစ္စတန်ဘူလ်မှာ ၅ နှစ်လောက်နေခဲ့ဖူးပြီး တူရကီတစ်ယောက်လို ၀တ်စားဆင်ယင်တတ်သူလည်း ဖြစ်ပါတယ်။ ‘en Sultane’ လို့ခေါ်ဆိုတဲ့ သူ့ရဲ့လက်ရာ အမျိုးသမီးပုံတူပန်းချီဟာ ဥရောပတစ်ဝှမ်း တူရကီ အ၀တ်အစားဖက်ရှင်တွေ ပြန့်နှံ့ဖို့အတွက် တော်တော်လေး အကူအညီ ဖြစ်စေခဲ့ပါတယ်။

    d3866768r
    တူရကီအမျိုးသမီးတစ်ဦးကို ပုံဖော်ထားသည့် ဂျန် အီတိုင်နီ လီယိုတာ့ဒ်၏ en Sultane ပန်းချီကား

    အခုအချိန်အထိ မွတ်စလင်အမည်နဲ့ ခေါ်နေတဲ့အ၀တ်အထည်တွေ ရှိနေပါတယ်။ ဥပမာအားဖြင့် မူဆိုးလ်မြို့က ပထမဆုံး ဖန်တီးထုတ်လုပ်မှုကို အစွဲပြုခေါ်ဝေါ်တဲ့ မူစ်လင် (muslin)၊ ဒမတ်စကတ်ကို အစွဲပြုတဲ့ ဒမက်စ်က် (damask)၊ ဘဂ္ဂဒတ်ကို အစွဲပြုတဲ့ ဘာလ်ဒါချင် (baldachin)၊ ဂါဇာကိုအစွဲပြုတဲ့ ဂေါ်ဇီ (gauze) တို့ဖြစ်ပါတယ်။ ချည်ခင်ကုန်ကြမ်းလို့ အမည်ရပြီး ၀ါဂွမ်းကိုခေါ်တဲ့ အာရဘီစကားလုံး ကူတ်န် (qutn) ကို မွေးစားကာ အင်္ဂလိပ်မှာ cotton ဖြစ်လာသလို၊ ဖဲသားအထည်တွေကို တင်သွင်းတဲ့ တရုတ် ဆိပ်ကမ်း teseutung ကို အစွဲပြုပြီး ဇေတူနီ (zaytuni) အမည်ကနေ satin (ဖဲသား) ဖြစ်လာခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • “အိုဘယ့်​… ကျူရှင်​ “

    “အိုဘယ့်​… ကျူရှင်​ “

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မောင်သာ.K ရေးသည်။

    27-5-16-fri
    Illustration Credit- SirThawDoe

    ၂၀၁၆ ခုနှစ် ဇွန်လ၊ ၂၇ ရက်နေ့က အင်မတန်ဝမ်းမြောက်စရာ သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ `အမြစ်တွယ်နေသည့် ကျူရှင်စနစ်ကို အစိုးရသစ် ပြောင်းလဲမည်ဟုဆို´ ဟူသည့်သတင်း။ 7days daily ပါ သတင်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရောက် မြန်မာဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံစဉ် ကျူရှင်ကိစ္စနှင့်ပတ်သက်၍ ပြောကြားလိုက်မှုများကို ဖော်ပြထားသည်။

    ‘‘အခုခေတ်က ကျူရှင်ဆိုတာကြီးကို ထမင်းစားရေသောက်လိုဖြစ်နေပြီ။ တော်တော်ကို ပြောင်းယူရမယ်။ နံပါတ်တစ်ကတော့ ကျူရှင်ပေးရတဲ့အကြောင်းရင်းကတော့ ဆရာ၊ ဆရာမတွေ လစာပြည့်ပြည့်ဝဝမရလို့၊ ဒီကိစ္စကို ပြောင်းရမယ်’’
    မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည့် ကျူရှင် စနစ်ကို အစိုးရသစ်က ပြောင်းလဲမည်ဖြစ်ပြီး ရေးဆွဲထားသောဥပဒေများ အကျိုးသက်ရောက်မှု မရှိပါက တရားစွဲဆိုနိုင်ကြောင်း၊ တစ်ချိန်က မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ကျူရှင်ပေးခြင်းများမရှိခဲ့ဘဲ ကျူရှင်ယူသူများသည် အင်မတန်မှ ညံ့ဖျင်းသူများဖြစ်ပြီး ရှက်စရာအလွန်ကောင်းကြောင်း၊ ကျူရှင်စနစ် ပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ဆရာ၊ ဆရာမများအား လစာတိုးမြှင့်မှုများပြုလုပ်ခဲ့သော်လည်း ကြားမှဖြတ်တောက်မှုများရှိနေ၍ အစိုးရသစ်လက်ထက်၌ ဆရာ၊ ဆရာမများ လစာပြည့်ပြည့်ဝဝ ရရှိစေရန် ပထမအဆင့်အနေဖြင့် ဘဏ်အကောင့်မှတစ်ဆင့် လွှဲထည့်ပေးသည့်စနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း…စသည်တို့

    အိမ်၊ ကျောင်း၊ ကျူရှင်..အိမ်၊ ကျောင်း..စသည်ဖြင့် လုံးချာလည်နေသော မြန်မာ့ အခြေခံပညာကျောင်းသူကျောင်းသားတို့၏ ဘဝမှာ အားကစား..မရှိ၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် သန့်ရှင်းမှု..ချို့တဲ့၊ စာကြည့်တိုက်..ရှေ့ကပင် ဖြတ်မလျှောက်၊ အထွေထွေ ဗဟုသုတ နတ္ထိဖြင့် တစ်နှစ် တစ်တန်းအောင်နေကြရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျူရှင်ယူသူများကို အင်မတန် ညံ့ဖျင်းသူတဲ့၊ မှန်လိုက်လေ..ယနေ့ကျောင်းတွင် သင်ကြားလိုက်သည့် စာများကို နေ့ပင်မကူး ကျူရှင်တွင်တစ်ခါ ပြန်လည် သင်ကြားခြင်း ဖြစ်နေသည်ကိုး။ ရှင်မဟာရဋ္ဌသာရ၏ `ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက..´ ဟူသော ဆုံးမစာကို `သင်ပြန်သော်ကား၊ သင်ဖန်များက..´ ဟူ၍ ပြောင်းလိုက်ပုံရပါသည်။ ကျောင်းတွင် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသည့် နာသုံးနာဖြင့် စနစ်တကျ ဘက်လိုက်မှုမရှိဘဲ သင်ကြားခဲ့ခြင်းမှန်လျှင် ကျူရှင်တွင်တစ်ခါ ပြန်၍အဘယ်ကြောင့် သင်ရသနည်း။

    လစာ မလုံလောက်၍ဆိုတိုင်း ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်အချိန်ကို သင်ပြီးစာများ ထပ်သင်၍ ဖဲ့ယူပိုင်ခွင့်ရှိပါသလား။ ဆရာ၊ ဆရာမများလည်း အိမ်ပြန် နားချင်ပါမည်။ ကျောင်းသူ ကျောင်းသားများလည်း နားချင်၊ ကစားချင်ပါမည်။ ဤသို့ဆိုလျှင် ကျူရှင်များ၏ ဆွဲဆောင်မှုကား အဘယ်နည်း။ လျှို့ဝှက်ချက်တော့ ရှိမည်။ ဟုတ်သည်။ မဟာလျှို့ဝှက်ချက်ကြီးကား အခြားမဟုတ်.. စာမေးပွဲ။ ကျူရှင်တက်သူများ စာမေးပွဲမေးခွန်းများကို ကြိုတင်၍ အတိအကျပင် သင်ကြားပေးခြင်းခံကြရသည်။ သြော်…`အလွန်တရာ၊ သစ်ရိပ်မှာလျှင်၊ ချမ်းသာသည်ထက်၊ စုံမက်မြတ်နိုး၊ ဆွေမျိုးမိဘ၊ အရိပ်ရသော်၊ အေးမြသည်ပင်၊ ထိုထက်လျှင်လည်း၊ ပဲ့ပြင်ဆရာ´၏ စေတနာကား အံ့သြလောက်ပါဘိ။ ကိုရွှေစာမေးပွဲကြီးတွင် ပုံမှန်အောင်မြင်ရေး၊ အမှတ်ကောင်းရေးတို့ အတွက် မိဘများကလည်း သားသမီးများကို ကျူရှင်ထားကြသည်။ ဆရာ၊ ဆရာမများကလည်း ကျူရှင်သို့တက်ရန် ထိုသို့သင်ကြားပေးမှုဖြင့် အကြီးမားဆုံး မဲဆွယ်စည်းရုံးကြသည်။

    ကျွန်တော်တို့ နေထိုင်ရာမြို့နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင်ဆိုလျှင် ကျောင်းချိန်ပြီးသည်နှင့် တစ်ဆက်တည်း အတန်းပိုင်ဆရာမက အတန်းထဲမှာပင် ကျူရှင်ကို ဆက်ပြပြန်လေတော့သည်။ ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် မိဘအချို့တို့၏ `စုပေါင်းညီညာ အောင်ကြောင်းဖြာ´မှု တစ်ခုပင်။ ကျူရှင်လခများမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော် တိုင်တန်းမှုများ၊ ဌာနဆိုင်ရာများ၏ ညွှန်ကြားမှုများကြားမှ အရဲစွန့်သင်ကြားနေရခြင်းကြောင့်ဟု ဆိုသည်။

    ကျူရှင်မတက်နိုင်သူ ကျောင်းသူကျောင်းသားတစ်စုမှာတော့ ကျန်ကျောင်းသားအားလုံး မေးခွန်းရကြသည်။ သူတို့ခမျာမှာလည်း စာအားလုံး ဘယ်လုပ်ချင်တော့မည်နည်း။ ကျူရှင်တက်သူ သူငယ်ချင်းများထံ ကပ်ကြရသည်။ မေးခွန်းရရေး အောက်ကျို့ကြရသည်။ ကျူရှင်တက်သူကျောင်းသားအချို့မှာလည်း မည်သူ့ကိုမျှ ပြန်မပြောပြရေး ကတိအထပ်ထပ်တောင်းကာ ပြောပြရသည်။ သူကိုယ်တိုင်ကတော့ ဆရာမထံ ပေးထားသည့်ကတိကို ဖျက်လိုက်ရပြီ။

    အထက်တန်း ( ၉၊ ၁၀တန်း)တွင်တော့ တရားဝင်ကျူရှင်များကို ကျောင်းသူကျောင်းသား၊ မိဘနှင့် ဆရာ၊ ဆရာမများကပါ အားကိုးလာကြပေသည်။ အထူးသဖြင့် ၁၀တန်းကျောင်းသားဘဝတွင် ကျောင်းဆရာ၊ ဆရာမအချို့သည် အခွင့်အရေးရသဖြင့် ကျောင်းတွင် စာသိပ်မသင်တော့သည်ကို ကျွန်တော့်ကိုယ်တွေ့မို့ မမေ့နိုင်။ သင်ပြန်တော့လည်း တတ်အောင်မသင်၊ သင်ရိုးညွှန်းတမ်းပြီးစီးရေးသာ အဓိကထားကာ မာရသွန်အပြေးပြိုင်ပွဲ ဝင်နေသလားပင်၊ အမြန်နှုန်းဖြင့် စိတ်မပါလက်မပါ သင်ကြားခဲ့သည်ကိုလည်း ကြုံခဲ့ရပါသည်။

    လုံးဝမသင်သော ဆရာ၊ ဆရာမအချို့ပင် ရှိကြပါသေးသည်။ ထို့အတွက်ကြောင့် တက္ကသိုလ်ဝင်တန်းအတွက် ရည်မှန်းချက်ကြီးကြီးထားသော ကျောင်းသူကျောင်းသားများမှာ ကျောင်းတက်ရသည်ကို အချိန်သာ ကုန်သည်၊ ဘာစာမှ ကောင်းကောင်းနားမလည်၊ သဘောမပေါက်ဟူ၍ အတွေးဝင်ပြီး ကျောင်းပျက်လာကြတော့သည်။ သို့ပေမယ့် ” ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်ခဲ့ရင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်လျှောက်လွှာမပေးဘူးနော် ” ဟူ၍ ခြိမ်းခြောက်မှုများလည်း ရှိနေပြန်ပါသည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် ငွေကြေးတတ်နိုင်သူမိဘများမှာ သားသမီးများကို အစိုးရကျောင်းတက်ရန်မလိုသည့် ကိုယ်ပိုင်အထက်တန်းကျောင်းများထားလာကြသည်ကို တွေ့ရပါသည်။ အစိုးရအထက်တန်းကျောင်းဆရာ၊ ဆရာမအချို့စုပေါင်း၍ ကျူရှင်ဖွင့်လာကြသည်ကိုလည်း တွေ့လာရသည်။

    ၎င်းတို့ ကျူရှင်မတက်သည့် ကျောင်းသူကျောင်းသားများကို ” ငါတို့က အမှတ်ပေးစည်းမျဉ်းနဲ့အညီပဲ သင်တာနော်.. ငါတို့က အမှတ်ခြစ်လာတာ ဘယ်နှနှစ်ရှိနေပြီနော်.. နင်တို့ကျူရှင်တွေက သင်တဲ့အတိုင်းဖြေရင် အဖြေဘယ်လောက်မှန်မှန် အမှတ်တွေကလျော့မှာ.. စေတနာနဲ့ပြောတာနော် ” စသဖြင့် ခြိမ်းခြောက်မဲဆွယ်ကြသည်။ သည်ဘက်ကျူရှင်များမှာလည်း ” ငါတို့မှာ ခြောက်ဘာသာဂုဏ်ထူးရှင်က ဘယ်နှယောက်.. ဘယ်နှဘာသာဂုဏ်ထူးရှင်က ဘယ်နှစ်ယောက် နှစ်တိုင်း မွေးထုတ်ပေးနေတာနော်..” စသဖြင့် ကြော်ငြာကြသည်။ အစိုးရအထက်တန်းကျောင်းဆရာ၊ ဆရာမအချို့၏ ကျူရှင်များနှင့်အပြင်ကျူရှင်များ၏ တိုက်ပွဲများ၊ အပြင်ကျူရှင်အချင်းချင်း၏ အားပြိုင်မှုများမှာလည်း တရုတ်ဇာတ်ကားများမှ သိုင်းလောကတိုက်ပွဲများထက်ပင် ပို၍ရှုပ်ထွေးလှကြောင်း ညီငယ်၊ ညီမငယ်များ၏ ပြောပြချက်များအရ တွေးဆဆင်ခြင်မိသည်။

    ထိုတိုက်ပွဲများကြားမှ မြေစာပင်ကလေးများဖြစ်သည့် ကျောင်းသူကျောင်းသားများတွင်လည်း တွေ့ဆုံကြမည်၊ စုဝေးကြမည်၊ ဝေလေလေလုပ်ကြမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းသွားနေကြသော တက္ကသိုလ် ဝင်တန်းကျောင်းသူကျောင်းသားများ အတော်များလာသည်ကို ရင့်နင့်ဖွယ်ရာ တွေ့ရပါသည်။ ထို့ကြောင့် ယခုနှစ် ၂၀၁၆ တက္ကသိုလ်ဝင်တန်း၌ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို အထင်အရှားတွေ့မြင်နိုင် ပါသည်။ ယခုခေတ်ကျောင်းသူကျောင်းသားများသည် ကျောင်းမှစာသင်လျှင်လည်း သင်တဲ့စာကို ကိုယ်တိုင်တတ်သိနားလည်အောင် အားမထုတ်၊ ကျူရှင်က တတ်အောင်သင်လိမ့်မယ်ဆိုတဲ့ မှီခိုတတ်သည့်အကျင့်၊ တစ်ပုဒ်တလေသင်ပြီး အိမ်စာများသာ အသေအလဲ ပေးတတ်သော ကျောင်းသားဗဟိုပြုစနစ်နှင့် စဉ်ဆက်မပြတ်အကဲခတ်၊ အခန်းတစ်ခုပြီးတိုင်း လစဉ်လေ့ကျင့်ခန်းတွေကိုသာ မေးခဲ့ဖြေခဲ့ကြသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် အခက်အခဲများရင်ဆိုင်လာကြရပါတော့သည်။

    အပြောမဟုတ်၊ သက်သေထုတ်ရမည်ဆိုပါက ဆွေးနွေးပွဲတစ်ခုတွင် ကျောင်းအုပ်ဆရာကြီးက ” ဒီနှစ်အောင်ချက်မြင့်မားအောင် ဘာလုပ်ကြရမလဲ ” ဟု မေးခွန်းထုတ်သည့်အခါ ကျောင်းသားတစ်ဦးထံမှ ” ကျောင်းများများ ပျက်ခွင့်ပေးရပါမယ် ” ဟု ပွင့်ပွင့်လင်းလင်းထဖြေသံ ကြားရပါသည်။

    အဆင့်မြင့်ပညာ ကဏ္ဍတွင်တော့ အဆင့်မြင့်ဆိုသည့်အတိုင်း အဆင့်မြင့်လာကြသည်။ Tutorial၊ Practical၊ Lab ရှိသည့်နေ့၊ Assignment တင်ရမည့်နေ့များတွင်သာ ကျောင်းသူကျောင်းသားအစုံအလင် ရောက်ရှိလာကြသည်။ ကျန်ရက်များ.. အိမ်တွင်လား.. မဟုတ်ပါ။ ကျောင်းသွားသည်ဟုဆိုကာ မိဘများထံမှ မုန့်ဖိုးတောင်း၍ အလေလိုက်နေကြသည်။ အရွယ်ရောက်၊ မြီးကောင်ပေါက်အရွယ်ဖြစ်သဖြင့် စိတ်အလိုလိုက်ကာ မကောင်းမှုဟူသရွေ့ကို မကောင်းသည့်နေရာ အစုံအလင်သွားကာ တပျော်တပါး ကျူးလွန်နေကြသည်။ ထို့ပြင် တက္ကသိုလ်ဝင်းအတွင်း စာသင်ခန်းလွတ်များ၊ ကန်တင်းများ၊ တက္ကသိုလ်အနီးဝန်းကျင်ရှိ အဆောင်များတွင်ပါ ဖဲဝိုင်းများထောင်လာကြသည်။ ကျားမတန်းတူ ဖဲရိုက်နေကြသည်။ ဆယ်တန်းတွင် နင်းကန်ဖိထားသည့် ဖိအားများသည် မြို့ပြင်ထုတ်တက္ကသိုလ်ကျောင်းသားဘဝတွင် လွတ်ထွက်ကုန်ကြသည်။ ဖဲရိုက်၊ လောင်းကစား၊ မူးယစ်ဆေး၊ အရက်၊ ကွမ်း၊ ဆေးလိပ်၊ ဆေးမှင်ကြောင်၊ ကာမ…အစုံစုံ။ ကျောင်းခေါ်ကြိမ်… စိတ်ပူစရာမလို၊ ဆရာမဆီမှာ ကျူရှင်တက်တယ်တဲ့၊ ဆရာမက မပေးရင်တောင် နည်းနည်းငိုပြချွဲပြလိုက်ရင် အိုကေတယ်တဲ့။ ” ကျူရှင်.. ဘာသာစုံတတ်မှ အောင်မှာနော်..” ဟူ၍ အိမ်ကိုပြောကာ ကျူရှင်လခယူသည်။

    တကယ်တမ်း ဘာသာစုံတက်ခြင်းမဟုတ်၊ တစ်ဘာသာ နှစ်ဘာသာသာ၊ ကျန်ငွေများ ခေတ်အခေါ်အဝေါ် `ဗုန်း´လိုက်ကြသည်။ ထိုငွေများဖြင့် လုပ်ချင်ရာလုပ်၊ သုံးချင်ရာသုံး၊ ဖြုန်းချင်ရာဖြုန်းနေကြသည်။ နတ်ပြည်ရောက် တက္ကသိုလ်ကျောင်းသူကျောင်းသားများပင်။ မိဘများကုန်းရုန်းရှာဖွေထားကြရသည့် ငွေများကို ” မင်း/နင်ဘယ်နှဘာသာ ဗုန်းထားလဲ.. ငါကတော့ ဘယ်နှဘာသာ… ” ဆို၍ ဂုဏ်ယူဝင့်ကြွားစွာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း သုံးဖြုန်းနေကြသည်။ အဇာတသတ်ပင် အဖေ/အမေ ခေါ်ရလောက်သည်။ ကျူရှင်/ဝိုင်းသင်သည့် ဆရာ၊ ဆရာမအချို့မှာလည်း ကျူရှင်တက်သည့် ကျောင်းသားနှင့် မတက်သည့်ကျောင်းသားများအပေါ် ဆက်ဆံပုံ၊ စာသင်ပုံ ကွဲပြားသည်။

    စာမေးပွဲနီးလျှင် မေးခွန်းဘယ်နှစ်စုံဟူ၍ ကျူရှင်တက်ကျောင်းသူကျောင်းသားများ ရကြသည်။ ထိုအစုံများကို ကြိုတင်လေ့လာ ကျက်မှတ်သည်ဟူ၍တော့ မထင်နှင့်၊ မည်သို့မည်ပုံ ခိုးချရမည်၊ မသမာသောနည်းဖြင့် ဖြေကြရမည်ကို စနစ်တကျ ကြိုတင်ပြင်ဆင်ကြသည်။ အဆင့်မြင့်ပညာကျောင်းသားများဖြစ်၍ နည်းမျိုးစုံဖြင့် အဆင့်မြင့်မြင့် ခိုးချကြသည်။ တစ်နှစ်တစ်တန်းပုံမှန်အောင်နေကြသည်။ တစ်နှစ်ထက်တစ်နှစ်ဈေးတက်လာသော ကျူရှင်လခများကို မတတ်နိုင်သူကျောင်းသူကျောင်းသားများနှင့် ဖြောင့်မတ် ရိုးသားသော ကျောင်းသူကျောင်းသားတစ်စု နစ်နာနေကြရသည်။ ၎င်းတို့ခမျာ အနည်းငယ်လွဲချော်၊ ကံအကြောင်းမလှ၍ အောင်စာရင်းတွင် မပါလာသောအခါ မခံနိုင်မရပ်နိုင်ဖြစ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သည်အထိ ဖြစ်လာကြကြောင်း သတင်းများတွင် တွေ့ဖူးကြလိမ့်မည်။ စပေါ့ရသူ၊ ခိုးချသူများမှာတော့ ပန်းပန်လျက်ပင်…။ ဤတွင် အောင်မြင်သူတိုင်း မသမာသောနည်းဖြင့် ဖြစ်သည်ဟု မဆိုလို။ ခိုးချသူတိုင်း အောင်မြင်နေသည်ဟုလည်း မရည်ညွှန်း။

    ကုန်ကုန်ပြောရမည်ဆိုလျှင် မြန်မာ့ပညာရေးနှင့် အကျင့်စာရိတ္တပါ ပျက်စီးနေမှုများတွင် ကျူရှင်စနစ်သည်လည်း အဓိကလက်သည်တစ်ခုအဖြစ် ပါဝင်နေကြောင်း တွေ့ရှိကြရပေမည်။ ၎င်းကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ရိပ်စားမိသဖြင့် ပြောင်းလဲမည်ဟု ဆိုခြင်းဖြစ်မည်။ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကျွန်တော့်တွင် အကြီးမားဆုံး ဆန္ဒတစ်ခုရှိသည်။ တစ်ချိန်က အာရှတွင်ပင် ဂုဏ်ပြောင်ခဲ့သည့် မြန်မာ့ ပညာရေးကြီး ယခု အရှေ့တောင်အာရှ အဆင့်တွင်တော့ လက်မ ထောင်နိုင်ရေးဖြစ်သည်။ ကျွန်တော် မသေမီ ဤဆန္ဒကြီးပြည့်မည်ဟုလည်း တထစ်ချ ယုံကြည်ပါသည်။

    ကျွန်တော်အပါအဝင် ကျောင်းသူကျောင်းသားအားလုံး ကျောင်းနေပျော်၍ စာတော်နိုင်ကြပါစေ.. စိတ်ဓာတ်မှန်၊ စည်းကမ်းကောင်း၊  ပညာထက်၍ ဘဝလှနိုင်ကြပါစေ…

    လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖတို့ ကျူရှင်ရန်ကင်းနိုင်ကြပါစေ…

    တစ်ပြားမရှိ၊ တပည့်မရှား၊ ပီတိကိုစား၊ အားရှိပါ၏ ဆရာ၊ ဆရာမများ အနာဂတ်အရေး တွေးပူဆင်ခြင်နိုင်ကြပါစေ…။   ။

  • အီဗရာဟီမိုဗစ် အတုယူခဲ့သည့် ကစားသမားကို ကာပယ်လို ထုတ်ပြော

    အီဗရာဟီမိုဗစ် အတုယူခဲ့သည့် ကစားသမားကို ကာပယ်လို ထုတ်ပြော

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    ebra

    – မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်၏ အဆုံးသတ်စွမ်းရည် မယုံနိုင်အောင် ကောင်းမွန်မှုမှာ ဒက်ခ်ျနာမည်ကြီးတိုက်စစ်မှူး မာခရို ဗန် ဘက်စတန်၏ ဂိုးသွင်ဟန်များကို အတုယူခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဂျူဗင်တပ်စ်နှင့် အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ပြောကြားလိုက်သည်။

    ကာပယ်လိုနှင့် အီဗရာဟီမိုဗစ်မှာ ဂျူဗင်တပ်တွင် ၂ နှစ်ကြာ လက်တွဲခဲ့ဖူးပြီ ၂၀၀၄-၀၅ နှစ်၊ ၂၀၀၅-၀၆ ခုနှစ်များတွင် စီးရီးအေဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ကာ အီဗရာဟီမိုဗစ်မှာလည်း ဥရောပ၏ ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

    ကာပယ်လိုကာမူ မိုဗစ် ယနေ့အခြေအနေမျိုးသို့ ရောက်လာရန်အတွက် မိမိက ကူညီပေးခဲ့သည်ဟုဆိုသည်။

    “အီဗရာဟီမိုဗစ်ရဲ့ နည်းနစ်ပိုင်းက အံ့သြလောက်အောင် ကောင်းပါတယ်။ ကျွန်တော် ဂျူဗင်တပ်စ်ကို ပြောင်းတဲ့အချိန်မှာ သူ့ကိုခေါ်ဖို့ အသင်းကို ချက်ချက်တောင်းဆိုခဲ့တာပါ။ ဂျူဗင်တပ်ကိုမရောက်ခင် ရိုးမားမှာကတည်းက ကျွန်တော် ခေါ်ယူချင်တာပါ။ ဒါပေမယ့် တော့တီ၊ ကာဆာနို၊ ဘာတစ္စတူတာ၊ မွန်တဲလားနဲ့ ဒီဗက်ချီယိုတို့ ရှိနေလို့ပါ”

    “ဂျူဗင်တပ်နဲ့ ပထမနှစ်မှာ ကျွန်တော်ထင်တာထက် သူက ပျော့နေတယ်လို့ သတိပြုမိခဲ့တယ်။ ဘောလုံးကန်ရင်လည်း သိပ်မပြင်းဘူး။ ဂိုးသွင်းတာထက် ဖန်တီးပေးရတာကို သူက ပိုကြိုက်တာပါ။ ဂိုးရှေ့မှာ သူ့ကို ထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက် ကျွန်တော်ဖြစ်စေချင်ပြီး အဆုံးသတ်ပိုင်းကိုလည်း တိုးတက်စေချင်ပါတယ်။ သူက ဗန် ဘက်စတန်နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ တူညီတယ်။ ဒါ့ကြောင့် အဆုံးသတ်ကောင်းဖို့ ဗန် ဘက်စတန်ရဲ့ ဗီဒီယိုတွေကို ကျွန်တော် ပြပါတယ်။ ဂိုးဧရိယာအတွင်းမှာ ဗန်ဘက်စတန်ရဲ့ လှုပ်ရှားမှုတွေ၊ သူ့ရဲ့ ဂိုးသွင်းမှုတွေကိုကြည့်ဖို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ အီဗရာကလည်း လိုက်ပြီး အတုယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်တွေက ဒီနေ့ သက်သေဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ဥရောပသို့ရောက်မည့် အီရန်၏ ရထားလမ်းစီမံကိန်းတွင် အိန္ဒိယပါဝင်ချင်

    ဥရောပသို့ရောက်မည့် အီရန်၏ ရထားလမ်းစီမံကိန်းတွင် အိန္ဒိယပါဝင်ချင်

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    india-rail

    – အီရန်တောင်ပိုင်း ဆိပ်ကမ်းတစ်ခုမှစတင်ပြီး အလယ်အာရှနိုင်ငံများကိုဖြတ်၍ ပင်လယ်မှတစ်ဆင့် ဥရောပကို ရောက်ရှိမည့် နိုင်ငံစုံဖြတ် ရထားလမ်းတစ်ခုတည်ဆောက်မည့် စီမံကိန်းတွင် ၀င်ရောက်ပူးပေါင်းရန် အိန္ဒိယ စိတ်ဝင်စားနေသည်ဟု အီရန်က ပြောကြားလိုက်သည်။

    အီရန်၏ ကားလမ်းနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးနှင့် လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် သယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဒါဗူဒ် ကီရှာဗာဇီယန်က ထိုကဲသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်-ဥရောပ ကားလမ်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မည့် ဂျော်ဂျီယာနိုင်ငံကမူ မြေပြင်လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ရန်အတွက် တိုက်တွန်းဆော်သြထားသည်ဟု ဆိုသည်။

    စီမံကိန်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မကြာမီကာလတွင် နည်းပညာပိုင်းဆိုင်ရာများ ဆွေးနွေးမည့် ကျွမ်းကျင်ပညာရှင်အဆင့် တွေ့ဆုံပွဲတစ်ခု ကျင်းပမည်ဟု ကီရှာဗာဇီယန်ကဆိုပြီး၊ ၀န်ကြီးအဆင့် နောက်ဆုံးသဘောတူညီချက် လက်မှတ်ရေးထိုးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံဖြတ်ကျော်လမ်းမှာ အီရန်နိုင်ငံ ဘန်ဒါရ်အဘတ်စ်ဆိပ်ကမ်းမှ စတင်ကာ အဇာဘိုင်ဂျန်၊ အာမေးနီးယားနှင့် ဂျော်ဂျီယာနိုင်ငံတို့ကို ဖြတ်သွားမည်ဖြစ်သည်။ ဂျော်ဂျီယာသို့ရောက်သည့်အခါ ဘာတူမီနှင့် ပိုတီဆိပ်ကမ်းများမှတစ်ဆင့် ကုန်ပစ္စည်းများကို သင်္ဘောဖြင့် ဘူဂေးရီးယာ၊ ရိုမေးနီးယားနှင့် အခြားသော ဥရောပနိုင်ငံများသို့ ပို့ဆောင်မည်ဖြစ်သည်။

    အီရန်နိုင်ငံမှာ တောင်-မြောက်ဖြတ်ကျော်လမ်း (NTSC) ဟု ခေါ်သည့် နိုင်ငံဖြတ်ကျော်လမ်းတစ်ခု ဖောက်လုပ်ရာတွင်လည်း ပါဝင်နေပြီး အဆိုပါစီမံကိန်းကို ရုရှားက လုပ်ဆောင်ခြင်းဖြစ်သည်။ စီမံကိန်းပြီးဆုံးပါက ဆူးအက်တူးမြောင်းနှင့် အပြိုင်ဖြစ်လာမည်ဖြစ်ပြီး ဥရောပမြောက်ပိုင်းမှ အာရှတောင်ပိုင်းကို သွားရောက်နိုင်မည်ဖြစ်သည်။

    Ref : Presstv

  • အာဂျင်တီးနားကို အနိုင်ရသည့်အတွက် ကော်တင်ဟို ဂုဏ်ယူ

    အာဂျင်တီးနားကို အနိုင်ရသည့်အတွက် ကော်တင်ဟို ဂုဏ်ယူ

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    cotinho

    – ဒေသတွင်းပြိုင်ဘက်ဖြစ်သည့် အာဂျင်တီးနားအသင်းကို အနိုင်ရရှိခဲ့သည့် ပွဲတွင် ပါဝင်ရသည့်အတွက် ဂုဏ်ယူမိသည်ဟု ဘရာဇီးလ်ကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ဟိုက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ကမ္ဘာဖလားခြေစစ်ပွဲတွင် ဘရာဇီးလ်မှာ အာဂျင်တီးနားအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ကော်တင်ဟိုကလည်း အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် နေးမာနှင့် ပေါ်လင်ဟိုတို့က အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့သည်။

    ဘရာဇီးလ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲဆက်တိုက် အနိုင်ရထားပြီး တောင်အမေရိကဇုန်တွင် ဒုတိယနေရာမှ ဥရုဂွေးကို တစ်မှတ်ဖြတ်၍ ဇယားကို ဦးဆောင်နေသည်။

    “အသင်းမှာ ပါဝင်ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်စရာအချိန်ပါပဲ။ ဒီလိုအသင်းမျိုး၊ ကြီးကျယ်တဲ့ကစားသမားတွေနဲ့အတူ ဒီလို ဂန္တ၀င်ပွဲမျိုးမှာ ပါဝင်ကစားခွင့် ရတာက တော်တော်လေး ပျော်ရွှင်စရာ ကောင်းနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ရေးအတွက် ဆက်လက် ကြိုးစားသွားမှာပါ။ အာဂျင်တီးနားနဲ့ ကစားရဖို့ဆိုတာ အမြဲတမ်းမက်ခဲ့ရတဲ့ အိပ်မက်ပါ။ ကလေးတိုင်းက ဘရာဇီးလ်ဂျာစီကိုဝတ်ပြီး အာဂျင်တီးနားနဲ့ ဒီလို ဂန္တ၀င်ပွဲမျိုးကို ကစားဖို့ အိပ်မက်မက်ကြတာပါ” ဟု လီဗာပူးလ်ကွင်းလယ်လူ ကော်တင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ပရိတ်သတ်များကလည်း ပွဲအစကတည်းက ကူညီခဲ့ကြောင်း မိမိတို့အနေဖြင့် အလွန်ပျော်ရွှင်ရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal