News @ M-Media

Blog

  • ရခိုင်ပြည် အကြံပေးကော်မရှင် စစ်တွေနဲ့ မောင်တော သွားမည်

    ရခိုင်ပြည် အကြံပေးကော်မရှင် စစ်တွေနဲ့ မောင်တော သွားမည်

    46ad96f5-700e-4332-9521-3d7a796b43f9_cx13_cy6_cw87_w987_r1_s_r1
    ရခိုင်ပြည် အကြံပေးကော်မရှင်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့နယ်တွေ ကို နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ရခိုင်ပြည်မှာ လတ်တလော မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း လေ့လာ စုံစမ်းသွားမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

    ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေကို နိုဝင်ဘာလ ၁၅ ကနေ ၁၇ အထိ သုံးရက်ကြာသွားရောက်မယ့် ရခိုင်အကြံပေးကော်မရှင် ခရီးစဉ်နဲ့ပတ်သက်လို့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်လဲဖြစ် ငြိမ်းချမ်းမေတ္တာအဖွဲ့ ဦးဆောင်သူလဲဖြစ်တဲ့ ဦးအေးလွင်က ခုလိုပြောပါတယ်။

    “ပထမကျနော်တို့ စီစဉ်ထားတာကတော့ စစ်တွေရှိတယ် နောက်ပြီးရင် မောင်တောကို သွားဖို့ရှိပါတယ်။ အဲဒါကတော့ ပထမ စီစဉ်ထားတာပေါ့နော် ။ နောက် ဖြစ်ပေါ်လာတဲ့ အခြေအနေ တွေကြောင့် ကျနော်တို့ ဒီနေ့မှာအစည်းအဝေးပြန်ပြီးတော့ ထိုင်ပြီးတော့ သွားရေးမသွားရေးဆိုတာကို ပြန် ဆုံးဖြတ်ပါမယ်။ အထွေထွေ ကျနော်တို့ကို ပေးထားသော တာဝန်ကလည်း ကျနော်တို့ Mandate က ရခိုင်ပြည်နယ် တခုလုံးအေးချမ်းသာယာပြီးတော့ တည်ငြိမ်ဖွံ့ဖြိုးရေးအတွက်ကို အကောင်းဆုံး ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံတွေကို ပေးရမှာပါ။ ဆိုတော့ အဲဒီ Mandate ဘောင်အတွင်း ကနေပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးကို ကျနော်တို့ သွားလေ့လာပြီးတော့  အဲဒီမှာ ရှိနေတဲ့ မြေပြင် အခြေအနေများကို လေ့လာမယ်။ အဲဒီက ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့ သူတို့ပြောတာလေးတွေကို နားထောင်ပြီးတော့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဘာတွေက လုပ်သင့်တယ်ဆိုတာကို အကြံလေးတွေပေးဖို့ပါပဲ။”

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်ကို ဦးဆောင်တဲ့ ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကိုယ်တိုင် စက်တင်ဘာ အစပိုင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီတခေါက် အကြံပေးကော်မရှင်ရဲ့ ခရီးစဉ်အတွင်း မစ္စတာကိုဖီအာနန် ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ရခိုင်ပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်လို့ ဦးအေးလွင်က သုံးသပ်ပါတယ်။

    “ကျနော်တို့ကတော့ ဒီ ပုန်ကန်ထကြွမှု မှန်သမျှအားလုံးက ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို တနည်းမဟုတ် တနည်းတော့လေ ထိပါးတယ်လို့ရှိပါတယ်။ ကျနော်တို့ ကချင်မှာလည်း ဖြစ်နေတာပဲ။၊ ရှမ်းပြည်မှာ လည်းဖြစ်နေတာပဲ၊ နော် အဲဒီတော့ ပြည်တွင်းစစ်ကြီးမှာ ဖြစ်နေတဲ့ ပုန်ကန်ထကြွမှု မှန်သမျှဟာ ကျနော်တို့ အမျိုးသားလုံခြုံရေးအတွက် တနည်းမဟုတ်တနည်း အနှောက်အယှက် ဖြစ်တယ်လို့ ကျနော်အဲလိုပဲ ကျနော်တို့ ခံယူပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်က တည်ငြိမ်ဖို့ လိုပါတယ်၊ တည်ငြိမ်ဖို့ လိုတဲ့အခါကျတော့ ၂ ဘက် အုပ်စုများအတွင်းမှာ ရှိနေတဲ့ သံသယ လေးတွေပျောက်သွားပြီးတော့ တယောက်နဲ့ တယောက် အရင် တုန်းကလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးဆိုတဲ့ အနေအထားမျိုးပြန်ပေါ်ပေါက်လာဖို့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော သူတို့ မှာ လိုအပ်တဲ့ လိုအပ်ချက် ကလေးတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် လူတွေက အရင်တုန်းက ပုံစံအတိုင်း ပဲပေါ့လေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနိုင်မယ် ဆိုရင် ဒါဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျနော်တို့ Next step ကို ဆက်ပြီးတော့ ဆောင်ရွက်လို့ရမှာပေါ့နော်။ နောက်ပြီးတော့ တယောက်နဲ့ တယောက် ကြားမှာ ရှိနေတဲ့ သံသယတွေ ၊ စိုးရိမ်စိတ် ကလေးတွေ ပျောက် သွားအောင် ကျနော်တို့ လုပ်နိုင်မယ်ဆိုရင်တော့ ဒါ အကောင်းဆုံးဖြစ်မယ်လို့ အဲဒါကို ကျနော့် အနေနဲ့တော့ သုံးသပ်ပါတယ်။”

    ရခိုင်အကြံပေးကော်မရှင်ကို ကိုဖီအာနန် ဦးဆောင်ပြီး အတွေ့အကြုံများတဲ့ နိုင်ငံခြား သား သံတမန် ၂ဦးနဲ့ မြန်မာနိုင်ငံက လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ပါ စုစုပေါင်း ၉ဦးနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို ၂၀၁၇ သြဂုတ်လ မတိုင်ခင် နိုင်ငံတော်ကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ် ပါတယ်။

    ဒီအတောအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တ၀ိုက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ဂွဆုံကျေးရွာကို တပ်မတော် စစ်သည်တွေ ရောက်သွား ချိန်မှာ မီးလောင်နေတဲ့ အိမ် အလုံး ၅၀ ကိုတွေ့ခဲ့ ရကြောင်း၊ ဓါး လက်နက်ကိုင်ဆောင်ထားသူ ၇ ဦး လာရောက်တိုက်ခိုက်တာကြောင့် ပစ်ခတ် ရှင်းလင်းရာမှာ အကြမ်းဖက် သမား ၆ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

    ဒါးကြီးဇား တောင်ရွာမှာလည်း နယ်မြေရှင်းလင်းစဉ် မီးလောင်ကျွမ်း နေတဲ့ အိမ်ခြေ ၆၀ လောက် တွေ့ရပြီး တုတ်ဓါး ကိုင်ဆောင်သူ လူ၂၀ လောက်က လာရောက် တိုက် ခိုက်တာကို ပြန်လည် ပစ်ခတ်ချိန်မှာ လူ ၁၉ ဦး အသေဖမ်းဆီး မိကြောင်း ရေးသား ထားပါတယ်။ တခါ မောင်တော ဝါးပိတ်ကျေးရွာကို အကြမ်းဖက်သမားတွေ လာေ ရာက်တိုက်ခိုက် မယ် လို့ သတင်းရတာကြောင့် သွားရောက် ရှင်းလင်းရာမှာ အကြမ်းဖက်သမား ၁၀ ဦးလောက်က ကျေးရွာတွင်း နေအိမ်တွေကို မီးရှို့ပြီး ဇင်ပိုင်ညာရွာဘက် ထွက်ပြေးသွား ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန် ခဲ့ပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။

  • HRW က မောင်တောအစီရင်ခံစာ ထုတ်ပြန်၊ အစိုးရက တုန့်ပြန်ပြော ဆို

    HRW က မောင်တောအစီရင်ခံစာ ထုတ်ပြန်၊ အစိုးရက တုန့်ပြန်ပြော ဆို

    111
    မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာတွေကို HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတာကို တွေ့ရစဉ်

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ မီးလောင်မှုနဲ့ ဆက်စပ်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦး ၄၃၀ လောက်ရှိနေကြောင်းနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂကို ဖိတ်ခေါ် သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ HRW က ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

    အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ ဒုတိယ ဒါရိုက်တာ Mr. Phil Robertson က အခုလို ပြောပါတယ်။

    “မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ အဆောက်အဦး ၄၃၀ ဖျက်ဆီးခံထားရတာတွေ့ရှိထား ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေ အတိုက်အခိုက်ခံရပြီး နောက်ပိုင်း နယ်မြေရှင်းလင်းရေးအတွင်း ဖြစ်ပျက်ခဲ့တာပါ။ နယ်မြေရှင်းလင်းမှုတွေအတွင်း ညှင်းပန်းနှိပ်စက်မှုတွေ ၊ ဖမ်းဆီးမှုတွေ ၊ အဓမ္မပြုကျင့်မှုတွေရှိတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဂြိုလ်တုကရိုက်ကူး တဲ့ မှတ်တမ်းတွေ့ရှိချက်တွေအရဆိုရင် အဲဒီကျေးရွာ ၃ ရွာမှာ ဆိုးဆိုးဝါးဝါး မီးရှို့ဖျက်ဆီးခံထားရတာတွေ ရှိနေပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တာဝန်ယူသင့်ပါတယ်” လို့ပြောတာဖြစ်ပါတယ်။

    မောင်တောမြို့နယ်က ပြောင်ပိုက် ခေါ် (ငါးစားကြူး)ရွာမှာ အဆောက်အဦး ၈၅လုံး ၊ ကြက်ရိုးပြင် ကျေးရွာမှာ ၂၄၅ လုံးနဲ့ ၀ပိတ်ကျေးရွာမှာ အဆောက်အဦး ၁၀၀ ဟာ မီးလောင်မှုကြောင့် ဆက်နွယ်ပြီး ပျက်စီးသွားတာလို့ HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့ ဖေါ်ပြထားတာဖြစ်ပါတယ်။

    HRW ရဲ့အစီရင်ခံစာအပေါ် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောပါတယ်။

    “အစီရင်ခံစာထွက်လာတယ်ပေါ့နော်၊ ထွက်လာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြန်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ပေါ့၊ ဆက်ပြီးတော့လည်း လုပ်သွားမယ်၊ ဖြစ်စဉ်မှာဆိုရင် ပွင့်ဖြူချောင်း ကျေးရွာမှာ စစ်ကြောင်းမှူး ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး ကျဆုံးခဲ့ရတယ်၊ နောက်စစ်သည် ၁ ဦး ကျဆုံးခဲ့ရတယ်၊ ဖြစ်စဉ်ကို ပြန်ကြည့်ရင် အကြမ်းဖက်တိုက်ခိုက်တဲ့လူတွေဟာ ရွာကိုမီးရှို့ပြီး ထွက်ပြေးတဲ့ အလေ့အထတွေလည်းရှိတယ်”

    မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ နယ်မြေရှင်း လင်းရာမှာ ပွင့်ဖြူချောင်းကျေးရွာမှာ ရောက်ရှိစဉ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကြောင်းမှူး ၁ ဦးနဲ့ တပ်သား ၁ ဦး သေဆုံး ခဲ့ပါတယ်။ အဲဒီကျေးရွာမှာ တုတ်၊ ဓါးတွေ ကိုင်ဆောင်ထားတဲ့ ရွာသူ ရွာသား ၅၀၀ လောက် က အယောင်ပြပြီး စစ်ကြောင်းကို ၀ိုင်းခဲ့ကြောင်းနဲ့ အဲဒီအချိန်မှာ အလစ်အငိုက် ပစ်ခတ်ခံရတာ ဖြစ်ကြောင်း၊ မြေပြင်မှာ အကြမ်းဖက် သမားတွေနဲ့ ရွာသားတွေကို ခွဲခြားဖို့ ခက်ခဲကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

    မနေ့က မောင်တောမြို့နယ် မောင်နှစ်မတောင်ကျေးရွာအ၀င်နားမှာ နယ်ခြားစောင့် ရဲကွပ်ကွဲမှု ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ စီးနင်းလာတဲ့ ကား ၃ စီးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖေါက်ခွဲခဲ့ပြီး ပစ်ခတ်မှုတွေ လည်း ရှိခဲ့တယ်လို့ မြ၀တီက သတင်းထုတ်ပြန်ထားပါတယ်။

    RFA မှ ကူးယူဖော်ပြသည်။

  • မြန်မာပြည်မှ ဘာသာရေး ခေါင်းဆောင်များ ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံ နှုတ်ဆက်

    မြန်မာပြည်မှ ဘာသာရေး ခေါင်းဆောင်များ ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံ နှုတ်ဆက်

    15045678_10211432970162680_1234547324_n
    အလ်ဟဂ်ျ ဦးအေးလွင် မှ ပုပ်ရဟန်းမင်းကြီးအား နှုတ်ဆက်စဉ်

    နိုဝင်ဘာ ၁၃ ၊ ၂၀၁၆
    M-Media

    အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဂရေဂိုရီယမ်တက္ကသိုလ်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ရက် နှင့် ၄ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး အတွက် ထားအပ်သော ကရုဏာတရား အား ဘာသာပေါင်းစုံမှ ဝေမျှမှုနှင့်သက်သေခံမှုနှင့် စပ်လျဉ်း၍ ကျင်းပသော အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါစာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံမှ ဖိတ်ကြားခံခဲ့ရပြီး  အာရှ အလင်းရောင်ဆရာတော်နှင့် အစ္စလာမ်ဓမ္မဗိမ္မာန်  ဦးဆောင်ဆြော်သြရေးမှူး အလ်ဟဂ်ျ ဦးအေးလွင်တို့  တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

    အဆိုပါ အခမ်းအနားတွင် မြန်မာပြည်မှ ကိုယ်စားလှယ်များမှ ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

    15034207_10211432973002751_1451058749_o

     

    14992021_10209109569790842_2792948110732536873_n
    အာရှ အလင်းရောင်ဆရာတော် မှ ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်စဉ်

    15044776_10211432973082753_1278942718_o

    15053297_10211432973722769_942601585_o

  • အမေရိကန်တွင် ထရမ့်ဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာ

    အမေရိကန်တွင် ထရမ့်ဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာ

    နိုဝင်ဘာ ၁၃၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြသူများအား ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာသည်ဟု သိရသည်။

    ဆန္ဒပြမှုများမှာ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲရလဒ်ထွက်ပြီးကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး စနေနေ့ကမူ နယူးယောက်နှင့် ချီကာဂိုမြို့ကြီးများတွင် လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကာ ‘အမုန်းမရှိရင်၊ ကြောက်ရွံ့မှုလည်းမရှိ။ ပြောင်းရွှေ့အခြေချသူတွေကို ကြိုဆိုသည်’ စသည့် ကျွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

    တိုက်ခိုက်မှုမှာ ပေါ့တ်လန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တံတားတွင် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် တွေ့ဆုံစဉ် လူတစ်ဦးက ကားအတွင်းမှထွက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်ခံရသူကို ဆေးရုံသို့ တင်ပို့ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရချေ။

    သေနတ်ဖြင့် ပစ်ခတ်သူကို ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေသည်။

    သောကြာနေ့ကလည်း မိုင်ယာမီ၊ အတ္တလန်တာ၊ ဖီလာဒဲလ်ဖီးယား၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ ပေါ့တ်လန်းမြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထရမ့်၏ မက္ကဆီကန်များ၊ လူမည်းများ၊ အမျိုးသမီးများ၊ မွတ်စလင်များကို လူမျိုးရေးခွဲခြားစော်ကားမှုများကို ရှုတ်ခဲ့ကြသည်။

    အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အချို့က အမေရိကန်အလံကိုဝှေ့ယမ်းကာ၊ အချို့ကာ ‘ငါတို့သမ္မတမဟုတ်’ ဆိုသည့် ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။

    Ref: Aljazeera

  • လာမည့်နှစ်တွင် ပူတင် ရာထူးမှဆင်းပေးမည်ဟု သတင်းထွက်

    လာမည့်နှစ်တွင် ပူတင် ရာထူးမှဆင်းပေးမည်ဟု သတင်းထွက်

    နိုဝင်ဘာ ၁၃၊ ၂၀၁၆
    M-Media

    – ရုရှားအစိုးရနှင့် နီးစပ်သည်ဟု သိကြသည့် ပါမောက္ခတစ်ဦးက ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်သည် ၎င်း၏ လက်ရှိ သမ္မတသက်တမ်း ၆ နှစ်မကုန်ခင် တစ်နှစ်အလို ၂၀၁၇ တွင် ရာထူးမှ နုတ်ထွက်နိုင်ဖွယ်ရှိသည်ဟု ပြောကြားလိုက်သည်။

    ကြာသပတေးနေ့က မော်စကိုခြေစိုက် Moskovskij Komsomolets သတင်းစာနှင့် အင်တာဗျူးတွင် ရုရှားနိုင်ငံ၏ ဂုဏ်သိက္ခာကြီးမားသည့် နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သူ ဗလာရီ ဆိုလိုဗီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    နာက်ပိုင်းတွင် အဆိုပါ အင်တာဗျူးကို Moskovskij Komsomolets သတင်းစာ၏ ၀ဘ်ဆိုက်တွင် ဖတ်ရှု၍ မရတော့သော်လည်း အချို့ အင်တာနက် archive များနှင့် တွစ်တာစာမျက်နှာများတွင် ဖတ်ရှုတ်နိုင်သည်ဟု ၀ါရှင်တန်ပို့စ်က ပြောကြားခဲ့သည်။

    “အဲ့ဒီဆောင်းပါးကို ဖယ်ရှားလိုက်ပါပြီ၊ ဒါပေမယ့် Twitter အချို့မှာတော့ ရှိနေတုန်းပါပဲ” ဟု ၀ါရှင်တန်ပို့စ်က ဆိုသည်။

    အစိုရအသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် ဆိုလိုဗီမှာ မကြာသေးခင်က အစိုးရ၏ ရာထူးခန့်အပ်မှုများကို ကြိုတင်ပြောပြရာတွင် မှန်ကန်မှုရှိခဲ့သည်။ ယခုအင်တာဗျူးတွင် ပူတင်မှာ လူမြင်ကွင်းမှ လအနည်းငယ် ပျောက်သွားရမည့် ပြဿနာမျိုး ရှိနေသည်ဟု ဆိုသည်။

    သို့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောပြရန် ငြင်းဆိုခဲ့ပြီး အထူးသဖြင့် ပူတင်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ဖြစ်သည်။

    ၂၀၀၀ ခုနှစ်ကတည်းက အာဏာရယူထားသည့် ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ပူတင်မှာ ရွေးကောက်ပွဲ စောလုပ်နိုင်ချေရှိသော်လည်း ယခင်သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်ကသာ သမ္မဖြစ်နိုင်ချေရှိသည်ဟု ဆိုလိုဗီက ပြောကြားခဲ့သည်။

    Ref : alarabiya