News @ M-Media

Blog

  • စာလုံးပေါင်းမှား၍ ရိုက်နှက်ခံရသည့် ဇာတ်နိမ့်ကျောင်းသားတစ်ဦး သေဆုံး

    စာလုံးပေါင်းမှား၍ ရိုက်နှက်ခံရသည့် ဇာတ်နိမ့်ကျောင်းသားတစ်ဦး သေဆုံး

    စက်တင်ဘာ ၂၇၊ ၂၀၂၂
    M-Media

    -စာလုံးပေါင်းမှားတဲ့ ဒါလစ် ဇာတ်နိမ့်ကျောင်းသားတစ်ဦးကို ဆရာက ရိုက်နှက်သတ်ဖြတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဒီအဖြစ်အပျက်ဟာ နိုင်ငံမြောပ်ပိုင်း အူတာ ပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

    အသက် ၁၅ နှစ်အရွယ် နီခီလ်ဒိုရီဟာ အခုလအစောပိုင်းက ပြုလုပ်တဲ့ စာမေးပွဲမှာ စာလုံးပေါင်းတစ်လုံး မှားခဲ့ပြီး အဲဒီအတွက် အတန်းပိုင်ဆရာက တုတ်နဲ့ ရိုက်နှက် ကန်ကျောက်ခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ ဒိုရီတစ်ယောက် သတိလစ်မေ့မြောသွားခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပဲ အခုတစ်ပတ် တနင်္လာနေ့မှာ သေဆုံးသွားပါတယ်။

    ကျူးလွန်သူဟာ လက်ရှိမှာ ထွက်ပြေးနေပြီး မကြာခင် ဖမ်းမိလိမ့်မယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မိသားစုက ဒီအဖြစ်အပျက်ဟာ ဇာတ်နိမ့်တွေအပေါ် မုန်းတီးမှုကို အခြေခံ ဖြစ်ပွားတဲ့ အမုန်းရာဇ၀တ်မှု ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ အခင်းဖြစ်ပွားတဲ့ အော်ရိုင်ယာခရိုင်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ကျူးလွန်သူကို အမြန်ဆုံး အရေးယူဖို့နဲ့ ဒါလစ်လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

    အိန္ဒိယရဲ့ အခြေခံဥပဒေမှာ ဇာတ်ခွဲခြားမှုစနစ်ကို ပယ်ဖျက်ထားပေမယ့် မြေပြင်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဇာတ်နိမ့်တွေအပေါ် ဇာတ်မြင့်တွေရဲ့ တိုက်ခိုက်မှုဟာ ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရတဲ့ ၂၀၁၄ ခုနှစ်ကတည်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

    Ref: Aljazeera

    https://www.aljazeera.com/news/2022/9/27/india-teacher-allegedly-kills-dalit-student-over-spelling-mistake
  • အရှေ့တောင်အာရှမှ အစ္စလာမ်ဘာသာ၀င် လူ့အဖွဲ့အစည်းကို စစ်တမ်းကောက်ယူမှု ဘာတွေတွေ့လဲ

    အရှေ့တောင်အာရှမှ အစ္စလာမ်ဘာသာ၀င် လူ့အဖွဲ့အစည်းကို စစ်တမ်းကောက်ယူမှု ဘာတွေတွေ့လဲ

    စက်တင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -အရှေ့တောင်အာရှက အစ္စလာမ်ဘာသာ၀င် အများစုဟာ ဘာသာတရားကို လိုက်နာကျင့်သုံးရာမှာ ပြောင်းလဲလာတဲ့ ခေတ်ကို ပြုပြင် သွတ်သွင်းနိုင်တယ်ဆိုတာ မကြာသေးခင်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရပါတယ်။

    အရှေ့တောင်အာရှဒေသမှာ အစ္စလာမ်ဘာ၀င် သန်း ၂၅၀ လောက် ရှိနေတာပါ။ ၄၅ ရာခိုင်နှုန်းက သူတို့ဟာ ဘာသာတရားကို လိုက်နာ ကျင့်သုံးကျသူတွေဖြစ်တယ်လို့ ယုံကြည်ကြောင်း Wunderman Thompson Intelligence နဲ့ VMLY&R Malaysia တို့ ပူးပေါင်းပြုလုပ်တဲ့ စစ်တမ်းမှာ ဖြေကြားခဲ့ပါတယ်။

    လေ့လာတွေ့ရှိချက်တွေကို New Muslim Consumer အမည်နဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ကမ္ဘာတစ်၀ှမ်း အနောက်တိုင်းစတိုင်လူနေမှု တွင်ကျယ်လာတဲ့အချိန်မှာ အရှေ့တောင်အာရှ မွတ်စလင်တွေက ဘာသာတရားအဆုံးမနဲ့ ကိုက်ညီတဲ့ လူနေမှုမျိုးဖြစ်အောင် ဖန်တီးယူနေကြပါတယ်။

    ဖက်ရှင်ကဏ္ဍမှာ ခန္ဓာကိုယ်လုံခြုံမှုကို အခြေခံတဲ့ ‘Modest Fashion’ မျိုး ထွန်းကားလာသလို၊ အိမ်ထောင်ဖက်ရှာတဲ့ကဏ္ဍ၊ ခရီးသွားတဲ့ကဏ္ဍမှာလည်း အစ္စလာမ့်ကျင့်၀တ်တွေနဲ့ ကိုက်ညီမယ့် Muslim Dating App၊ Halal Travel App စတာတွေကို တီထွင်ဖန်တီး အသုံးပြုလာကြပါတယ်။

    “မွတ်စလင်တွေဟာ ၀ယ်ယူသုံးစွဲတဲ့နေရာမှာ ဘာသာတရားနဲ့ ကိုက်ညီရဲ့လားဆိုတာမျိုး ပိုမိုစဥ်စား သုံးသပ်လာကြပါတယ်။ နည်းပညာအသစ်တွေကို ချဥ်းကပ်ရာမှာလည်း ဒီလိုပါပဲ။ Metaverse သုံးတဲ့အခါ အစ္စလာမ့်သွန်သင်ချက်နဲ့ ဘာတွေညိနိုင်လဲပေါ့” လို့ Wunderman Thompson Intelligence အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ ချန်မေယီက ပြောပါတယ်။

    စစ်တမ်းမှာ အစ္စလာမ်ဘာသာ၀င် ၉၁ ရာခိုင်နှုန်းက သူတို့ ၀ယ်ယူအသုံးပြုတဲ့ ပစ္စည်းတွေဟာ ဟာလာဖြစ်ရဲ့လားဆိုတာကို ဆန်းစစ်ဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

    စစ်တမ်းဟာ အင်ဒိုနီးရှားနဲ့ မလေးရှားက အစ္စလာမ်ဘာ၀င် တစ်ထောင်လောက်ကို မေးမြန်းကောက်ယူထားတာ ဖြစ်ပါတယ်။

    ဘာသာရေးကျင့်သုံးမှု

    လူ ၃ ယောက်မှာ တစ်ယောက်က သူတို့ဟာ မိဘတွေထက်ပိုပြီး ဘာသာရေးကို လိုက်နာကျင့်သုံးတယ်လို့ ယုံကြည်ကြောင်း စစ်တမ်းမှာ ဖြေကြားပါတယ်။

    ၄၅ ရာခိုင်နှုန်းက သူတို့ဟာ ဘာသာရေးသွန်သင်မှုတွေကို သေသေချာချာ လိုက်နာကျင့်သုံးတယ်လို့ ယူဆနေပြီး၊ ၂၁ ရာခိုင်နှုန်းက မိဘတွေလောက် ဘာသာရေးကို အလေးမထားဖြစ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

    ဘုရားသခင်နဲ့ ခိုင်မာတဲ့ ဆက်သွယ်မှုရဖို့က ဘ၀မှာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို ၉၁ ရာခိုင်နှုန်းက လက်ခံကြပါတယ်။

    စီးပွားရေး

    စစ်တမ်းမှာ ဖြေကြားသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ အတိုးမယူရ၊ ခေါင်းပုံမဖြတ်ရ စတဲ့ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့ ကိုက်ညီဖို့ အလွန်အရေးကြီးတယ်လို့ ယူဆပါတယ်။

    ၇၇ ရာခိုင်နှုန်းက သူတို့ဟာ ခရီးသွားရင် ဟာလာအစားအသောက် ရရှိနိုင်မှုကို အဓိကထား ရွေးချယ်တယ်လို့ ဖြေကြားပါတယ်။

    အရှေ့တောင်အာရှ အစ္စလာမ်လူ့အဖွဲ့အစည်းမှာ မိသားစု စား၀တ်နေရေးကို တာ၀န်ယူ ဖြည့်ဆည်းပေးတဲ့ အမျိုးသမီးအရေအတွက်ဟာ ၄၂ ရာခိုင်နှုန်းလောက် ရှိတာကိုလည်း အခု စစ်တမ်းမှာ တွေ့ခဲ့ရပါတယ်။

    Ref: Aljazeera

  • တာလီဘန်က အမျိုးသမီးများကို ဖိနှိပ်မှု မွတ်စလင်ကမ္ဘာက ပိုမိုအာရုံစိုက်သင့်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီးပြော

    တာလီဘန်က အမျိုးသမီးများကို ဖိနှိပ်မှု မွတ်စလင်ကမ္ဘာက ပိုမိုအာရုံစိုက်သင့်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီးပြော

    စက်တင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -တာလီဘန်လက်အောက် အာဖဂန်အမျိုးသမီးတွေ ဖိနှိပ်ခံရမှု ပြဿနာကို မွတ်စလင်ကမ္ဘာက အလေးထား မဖြေရှင်းတဲ့အတွက် ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီး ဘီလာ၀ါလ် ဘူတို ဇာဒါရီက ၀ေဖန်ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လက အာဏာရပြီးနောက်ပိုင်း တာလီဘန်အဖွဲ့ဟာ အာဖဂန်အမျိုးသမီးတွေအပေါ် ကန့်သတ်ဖိနှိပ်မှုတွေ ပိုမိုပြုလုပ်လာခဲ့ပြီး စာသင်ကြားခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

    နိုင်ငံတကာက အာဖဂန်အမျိုးသမီးတွေအတွက် အသံထွက်ပေးနေပြီး၊ ဒီကိစ္စကို ကမ္ဘာ့မွတ်စလင်လူ့အဖွဲ့အစည်းကလည်း အထူးအလေးထားသင့်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီး ဇာဒါရီက ထောက်ပြခဲ့ပါတယ်။

    “အမျိုးသမီးအခွင့်အရေးကို အစ္စလာမ်က ပထမဆုံး ပေးခဲ့တာပါ။ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေ ပါ၀င်နိုင်ဖို့နဲ့ အမျိုးသမီးတွေ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးကို အစ္စလာမ်သာသနာက အာမခံပေးထားတာ ဖြစ်ပါတယ်”

    အာဖဂန်နစ္စတန်သာမကဘဲ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အာမခံပေးတာထက်ပိုပြီး ကာကွယ်ပေးတာမျိုးကို မျှော်လင့်တယ်လို့ သူကဆိုပါတယ်။

    ဇာဒါရီရဲ့ မိခင် ဘီနာဇီ ဘူတိုဟာ ပါကစ္စတန်ရဲ့ ပထမဆုံး၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူပါ။

    အမျိုးသမီးတွေကို မဖိနှိပ်ဘူးဆိုတဲ့ ကတိက၀တ်ကို တာလီဘန်က စောင့်ထိန်းမလားဆိုတာ နိုင်ငံတကာနဲ့အတူ ပါကစ္စတန်က စောင့်ကြည့်နေတယ်လို့လည်း ဇာဒါရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News

  • မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားမှုအစီအစဥ် ဂျပန်ရပ်ဆိုင်းမည်

    မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားမှုအစီအစဥ် ဂျပန်ရပ်ဆိုင်းမည်

    စက်တင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -မြန်မာစစ်တပ်က တပ်ဖွဲ့၀င်တွေကို နောက်ထပ် လေ့ကျင့်သင်ကြားပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူ Takeshi Aoki က ပြောကြားလိုက်ပါတယ်။

    လူထုအပေါ် ဖိနှိပ်အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်တွေကို အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက် လေ့ကျင့်သင်ကြားပေးမှုအတွက် ဂျပန်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ၀ေဖန်နေကြတာပါ။

    ဂျပန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပြီး လက်ရှိမှာ အရာရှိ ၂ ဦးနဲ့ ဗိုလ်လောင်း ၉ ဦးကို လေ့ကျင့်သင်ကြားပေးနေပါတယ်။

    “လက်ရှိလုပ်ဆောင်နေတဲ့ စစ်ဖက်ဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ Takeshi Aoki က ပြောပါတယ်။

    ဇူလိုင်လအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တာက အခုလိုဆုံးဖြတ်ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    ဂျပန်က လေ့ကျင့်သင်ကြားပေးလိုက်တဲ့ စည်သည်အချို့ဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတို့အတွင်း စစ်တပ်က ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေမှာ ပါ၀င်ခဲ့တယ်လို့ Human Rights Watch နဲ့ Justice For Myanmar က မြေပြင်အချက်အလက်တွေကို ကိုးကားပြီး မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: HRW

  • အစ္စရေးထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ် ယူအအေအီး ၀ယ်ယူမည်

    စက်တင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -အစ္စရေးထံကနေ လေကြောင်းရန် ကာကွယ်ရေးစနစ် ၀ယ်ယူဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က စီစဥ်နေပါတယ်။

    SPYDER လို့ အမည်ပေးထားတဲ့ ရွေ့လျား လေကြောင်းရန် ကာကွယ်ရေးစနစ် ဖြစ်ပြီး အစ္စရေးကလည်း ရောင်းဖို့ သဘောတူထားပါတယ်။

    ဒီသဘောတူညီချက်ဟာ ယူအေအီးနဲ့ အစ္စရေးတို့အကြား ဆက်ဆံရေး ပိုကောင်းလာတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

    အခုနှစ်အစောပိုင်းမှာ ယီမင်က ဟူသီသူပုန်တွေရဲ့ ဒရုန်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒီလိုအနေအထားမျိုးကို ကာကွယ်နိုင်ရေး SPYDER စနစ်ကို ၀ယ်ယူတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

    ဘယ်နှစ်ခု၀ယ်ယူသလဲ၊ ယူအေအီးကို ဒီစနစ်တွေ ရောက်ပြီလား စတဲ့ အသေးစိတ်အချက်အလက်တွေကို မသိရပါဘူး။ SPYDER လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ ပုံမှန်ကားတွေမှာ တပ်ဆင်နိုင်ပြီး တာတိုကနေ တာ၀ေးပစ်မှတ်တွေအထိ ကာကွယ်နိုင်ပါတယ်။

    ယူအေအီးဟာ အမေရိကန်ဆီက THAAD နဲ့ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ၀ယ်ယူထားပေမယ့် ဒီစနစ်တွေဟာ အရမ်းနိမ့်တဲ့ ဒုံံးကျည်တွေ၊ ဒရုန်းတွေကို ကာကွယ်နိုင်စွမ်း မရှိပါဘူး။

    Ref: Reuters