News @ M-Media
Blog
  • စင်ကာပူ၏ လာမည့်နှစ် သမ္မတနေရာကို မလေးလူမျိုးအတွက် သတ်မှတ်ပေး
    စင်ကာပူ၏ လာမည့်နှစ် သမ္မတနေရာကို မလေးလူမျိုးအတွက် သတ်မှတ်ပေး
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    sig
    – နိုင်ငံအတွင်း အာဏာခွဲဝေမှု ပြယုဂ်အဖြစ် တိုင်းပြည်အတွင်းမှာရှိနေတဲ့ လူမျိုးစုတိုင်းကို သမ္မတဖြစ်ခွင့်ပေးတဲ့ hiatus- triggered model စနစ်အရ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲအတွက် သမ္မတနေရာဟာ မလေးလူမျိုးတွေအတွက် သတ်မှတ်ထားတယ်လို့ စင်ကာပူသမ္မတ လီရှန်လွန်းက ဒီနေ့ လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က စတင်ခဲ့တဲ့ သမ္မတရွေးကောက်တင်မြှောက်ရေးနစ်အတွက် အဆိုပြုထားတဲ့ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးအတွင်းမှာ ဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
    ဒါ့ကြောင့် နှောက်နှစ်မှာပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတအရည်အချင်းပြည့်မီတဲ့ မလေးလူမျိုး သမ္မတလောင်း ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်တော့ စင်ကာပူနိုင်ငံဟာ မလေးလူမျိုးသမ္မတ ရရှိလိမ့်မယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။
    “မနေ့က မစ္စတာယာကွဘ် အီဘရာဟင် (မွတ်စလင်ရေးရာဝန်ကြီး) က ပြောသလိုပဲ ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးသမ္မတကြီး အန်ချစ် ယူစွဖ် အစ္စဟက် ပြီးတဲ့နောက်ပိုင်းမှာ နှစ်ပေါင်း ၄၆ နှစ်အတွင်း ပထမဆုံး (မလေးသမ္မတ) ဖြစ်လာမှာပါ။ ဒီအတွက် ကျွန်တော် ရှေ့ဆက်ဆောင်ရွက်သွားမှာပါ” လို မစ္စတာလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    hiatus-triggered model စနစ်အရ သမ္မတရွေးကောက်ပွဲမှာ ယေဘူယျအားဖြင့် လူမျိုးအားလုံးကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားပေမယ့် နိုင်ငံအတွင်းမှာရှိတဲ့လူ့အဖွဲ့အစည်းတစ်ခုက တစ်ဦးဦးဟာ သမ္မတသက်တမ်း ၅ နှစ်ဆက်တိုက် သမ္မမဖြစ်ခဲ့ဘူးဆိုရင်တော့ ၆ ကြိမ်မြောက်မှာ သမ္မတနေရာကို အဲဒီလူ့အဖွဲ့အစည်းအတွက် သက်မှတ်ပေးရတာဖြစ်ပါတယ်။
    လက်ရှိစင်ကာပူလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေး ဥပဒေကြမ်းမှာ အဆိုပြုထာတဲ့ ပြောင်းလဲမယ့်ကိစ္စတွေထဲမှာ ရွေးကောက်ခံသမ္မတနေရာအတွက် လူမျိုးစုံ ဘာသာစုံက ကိုယ်စားပြုခွင့်ရရေး ဖြစ်တယ်လို့လည်း မစ္စတာလီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    စင်ကာပူနိုင်ငံရဲ့ အကြီးအကဲဖြစ်လာမယ့် သမ္မတလောင်းဟာ စင်ကာပူနိုင်ငံသားအားလုံးကို ကိုယ်စားပြုရမှာဖြစ်ပြီး သမ္မတရုံးကလည်း လူမျိုးစုံပါဝင်ရမှာဖြစ်ကြောင်း၊ တကယ်လို့ သမ္မတဟာ လူမျိုးတစ်မျိုးထဲကသာ ဖြစ်မယ်ဆိုရင် ဒါဟာ နိုင်ငံရဲ့ ခိုင်မာတဲ့ အမှတ်သညာမျိုး မဖြစ်ယုံသာမက၊ တိုင်းပြည်ရဲ့ ဘာသာစုံလူမျိုးစုံ ညီညွတ်မှုကလည်း မေးခွန်းထုတ်စရာဖြစ်လာမှာဖြစ်ကြောင်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “တရုတ်၊ မလေး၊ အိန္ဒိယနဲ့ အခြားလူမျိုးတွေအပါအ၀င် နိုင်ငံသားတိုင်းဟာ သူတို့လူ့အဖွဲ့အစည်းက တစ်ယောက်ယောက် သမ္မတဖြစ်နိုင်တယ်၊ တစ်ချိန်ချိန်မှာ သမ္မတဖြစ်မယ်ဆိုတာကို သိထားရပါမယ်”
    မလေးရှားနိုင်ငံက ခွဲထွက်ပြီး ပထမဆုံး လွတ်လပ်တဲ့ စင်ကာပူနိုင်ငံအဖြစ် တည်ထောင်ခဲ့တဲ့အချိန်မှာ သမ္မတဖြစ်လာ သူကတော့ မလေးလူမျိုး မစ္စတာ ယူစွဖ်အစ္စဟက်ဖြစ်ပြီး ၁၉၆၅ ခုနှစ်ကနေ ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
    နောက်ပိုင်းမှာတော့ မလေးလူမျိုးတွေထဲက သမ္မတမဖြစ်ခဲ့ဘဲ လက်ရှိသမ္မတကတော့ မစ္စတာ တိုနီတန်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ စတင် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
    Ref: Channelnewsasia
  • ဟယ်ရီကိန်း ပရီးမီးယားလိဂ်ဂိုးသွင်းရှင်ဖြစ်မည်ဟု စပါးနည်းပြဟောင်း ဟောကိန်းထုတ်
    ဟယ်ရီကိန်း ပရီးမီးယားလိဂ်ဂိုးသွင်းရှင်ဖြစ်မည်ဟု စပါးနည်းပြဟောင်း ဟောကိန်းထုတ်
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    kane
    – စပါးအသင်း၏ တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ယခုနှစ် ပရီးမီးယားလိဂ်၏ ရွှေဖိနပ်ဆုရှင် ဖြစ်လာလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း စပါးနည်းပြဟောင်း ဟာရီရက်နပ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က သွင်းဂိုး ၂၂ ဂိုးဖြင့် ထိပ်တန်းဂိုးသွင်ဘုရင်ဖြစ်ခဲ့သူ ဟယ်ရီကိန်းမှာ ယခုနှစ်တွင် ဒဏ်ရာကြောင့် ခြေစွမ်းကောင်းများ မပြနိုင်သေးပေ။
    သို့သော်လည်း ဘောလုံးဝဘ်ဆိုက်တစ်ခုဖြစ်သည့် Goal မှ ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စာရင်းတွင် ကိန်းမှာ အဆင့် ၃၅ တွင် ရပ်တည်ခဲ့ပြီး ရက်နပ်ကမူ ကိန်းအပေါ် ယုံကြည်နေသည်။
    “ကိန်းဟာ ဒီနှစ် ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ပါဝင်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ၄၊ ၅ ပွဲလောက်ကစားပြီး လူတိုင်းက သူ့ကို ပယ်လိုက်ပါတယ်။ ပြီးတော့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့တယ်။ ဒီနှစ်လည်း ဒီထပ်အောက်မှာ မဟုတ်ဘူး၊ အမှားတွေလုပ်မှာ မဟုတ်ပါဘူး” ဟု ရက်နပ်က ပြောကြားခဲ့သည်။
    ထို့ပြင်မိမိအနေဖြင့် စပါးနည်းပြအဖြစ် တာဝန်ယူစဉ်ကတည်းက ကိန်း၏ ခြေစွမ်းခြေစကို သိရှိခဲ့ပြီး၊ ယနေ့ကဲ့သို့ ကစားသမားမျိုး ဖြစ်လာစေရန် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု လိုအပ်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Goal
  • အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုအတွက် ဆော်ဒီက ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်
    အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုအတွက် ဆော်ဒီက ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    saudi-2
    – အမျိုးသမီတစ်ဦးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်သူ လူ ၄ ဦးကို ဆော်ဒီက စုစုပေါင်း ကြိမ်ဒဏ် ၇၀၀၀ နှင့် ထောင်ဒဏ် ၅၂ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
    ဆော်ဒီနိုင်ငံသား ၃ ဦးနှင့် ဆူဒန်နိုင်ငံသားတစ်ဦးပါဝင်သည့် အဆိုပါအဖွဲ့မှာ အမျိုးသမီးတစ်ဦးကို ၎င်း၏ ခင်ပွန်းနှင့် သမီးငယ်ရှေ့တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
    ဂျစ်ဒါတရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်များတွင် အသက် ၁၇ နှစ်အရွယ် တရာားခံကို ထောင်ဒဏ် ၁၇ နှစ်နှင့် ကြိမ်ဒဏ် ၂၅၀၀၊ ဒုတိယနှင့် တတိယတစ်ဦးကို တစ်ယောက်လျှင် ထောင်ဒဏ် ၁၅ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀၊ စတုတ္ထတစ်ဦးကို ထောင်ဒဏ် ၅ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ တို့ဖြစ်သည်။ ကြိမ်ဒဏ် ၂၅၀၀ အတွက် အကြိမ်ပေါင်း ၅၀၊ ၁၅၀၀ အတွက် ကြိမ်ပေါင်း ၃၀ ရိုက်မည်ဖြစ်သည်။
    အခင်းဖြစ်ပွားပြီးနောက် ဆူဒန်နိုင်ငံသား၏အိမ်သို့ သွားရောက်စဉ် ရဲတပ်ဖွဲ့က ကျင်စက်အသုံးပြုကာ တရားခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ ဆော်ဒီရီယဲလ် ၁၀၀၀၀ နှင့် မိုဘိုင်းဖုန်း ၈ လုံးကိုလည်း ခိုးယူခဲ့သည်။ ထို့ပြင် ၎င်းတို့မှာ အခြားအိမ်တစ်အိမ်သို့သွားရောက်၍ ဓားများဖြင့် ခြိမ်းခြောက်ကာ အမျိုးသမီးတစ်ဦးကိုလည်း ထပ်မံ အဓမ္မ ပြုကျင့်ခဲ့သည်။
    ဆော်ဒီပြည်သူများကမူ ထိုကဲ့သို့သော ကြမ်းကြုတ်ဖွယ် ရာဇ၀တ်မှုအတွက် အဆိုပါပြစ်ဒဏ်မှာ လုံးလောက်ခြင်းမရှိဟု ဆိုရှယ်မီဒီယာများတွင် ဝေဖန်ခဲ့ကြပြီး ကျူးလွန်သူများကို သေဒဏ်ပေးရန် တိုက်တွန်းခဲ့သည်။
    Ref: Gulfnews
  • ဒေလီတွင် လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရ
    ဒေလီတွင် လေထုညစ်ညမ်းမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရ
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    india
    – ကမ္ဘာ့ လူနေအထူထပ်ဆုံးဖြစ်သော ဒေလီမြို့တွင် ရက်အနည်းငယ်အကြာ လေထုညစ်ညမ်းမှုများ ဖြစ်ပြီးနောက် စာသင်ကျောင်းများ ပိတ်လိုက်ရကာ၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး အဓိက ဓာတ်အားပေးစက်ရုံတစ်ခုကိုလည်း ပိတ်ပစ်လိုက်ရသည်ဟု သိရသည်။
    အိန္ဒိယရှိ အခြားပြည်နယ်များတွင် လယ်သမားများက ကောက်ရိတ်သိမ်းပြီး စိုက်ခင်းများမီးရှို့ခဲ့ခြင်း၊ ရာသီဥတု အေးလာခြင်းတို့ကြောင့် ဒေလီတွင် မီးခိုးများဖုံးလွှမ်းကာ ထိုကဲ့သို့ လေထုညစ်ညမ်းခဲ့ခြင်းဖြစ်သည်။
    ဆောင်းရာသီတွင် ဒေလီမြို့၏ လေထုအရည်အသွေးမှာ များသောအားဖြင့် ဆိုးရွားလေ့ရှိပြီး အထူးသဖြင့် လူသန်းပေါင်းများစွာက ဗျောက်အိုးများ ပစ်ဖောက်မှု ပြုလုပ်ကြသည့် ဒေပါဝါလီပွဲတော်အပြီးတွင် ဖြစ်သည်။
    သို့သော်လည်း ယခုနှစ် လေထုညစ်ညမ်းမှုမှာမူ အလွန်ဆိုးရွားပြီး အမေရိကန် သံရုံးကမူ လာမည့်ရက်အနည်းငယ်အထိ လေထုအရည်အသွေးမှာ ဆက်လက် အန္တရာယ် ရှိနေမည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ လေထုညစ်ညမ်းမှုများကြောင့် တနင်္ဂနွေနေ့တွင် လူရာပေါင်းများစွာမှာ မျက်နှာဖုံးများဝတ်ဆင်ကာ ဒေလီမြို့လယ်ခေါင်တွင် စုဝေးပြီး ထိုပြဿနာအတွက် ချက်ချင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ဒေလီ၏ လေထုညစ်ညမ်းမှုသည် လက်ရှိအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ပုံမှန်သတ်မှတ်ချက်ထက် အဆ ၃၀ ပိုများနေသည်။
    Ref : CNA
  • အမေရိကန်မှ လက်နက်ဝယ်ယူမှုကို ဖိလစ်ပိုင်သမ္မတ ဖျက်သိမ်း
    အမေရိကန်မှ လက်နက်ဝယ်ယူမှုကို ဖိလစ်ပိုင်သမ္မတ ဖျက်သိမ်း
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    duterte-1
    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးသည် အမေရိကန်ပြည်ထောင်စုထံမှ ဖိလစ်ပိုင်ရဲတပ်ဖွဲ့အတွက် ရိုင်ဖယ်သေနတ်များ ၀ယ်ယူမှုကို ဖျက်သိမ်းရန် ညွှန်ကြားလိုက်ပြီး ဈေးပိုသက်သာသည့် အခြားနေရာတစ်ခုကို ရှာဖွေသွားမည်ဟု ပြောကြားခဲ့သည်။
    “ပိုဈေးသက်သာပြီးတော့ ရေရှည်လက်တွဲလုပ်လို့ရမယ့် နောက်ထပ် ရင်းမြစ်တစ်ခုကို ရှာဖွေသွားမှာပါ” ဟု ဒူတာတေးက ယမန်နေ့တွင် ရုပ်သံမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
    မူးယစ်တိုက်ဖျက်ရေးဆောင်ရွက်မှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည့်အတွက် လွှတ်တော်နိုင်ငံခြားရေးကော်မတီ၏ ထိပ်တန်းဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘင်ကာဒင်က ဖိလစ်ပိုင်ရဲတပ်ဖွဲ့ထံ ရိုင်ဖယ် ၂၆၀၀၀ ရောင်းချမည့်အစီအစဉ်အား ကန့်ကွက်ခဲ့သဖြင့် အမေရိကန်အနေဖြင့် အဆိုပါအစီအစဉ်အား ရပ်ဆိုင်းခဲ့သည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
    အမေရိကန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးမှာ ကာလအတော်ကြာ ကောင်းမွန်ခဲ့သော်လည်း အမေရိကန်က ဖိလစ်ပိုင်၏ မူးယစ်နှိမ်နှင်းမှုများအပေါ် ဝေဖန်ခဲ့သည့်အတွက် သမ္မတ ဒူတာတေးက ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ရာမှ ဆက်ဆံရေး ပျက်ယွင်းခဲ့ရသည်။
    ဒူတာတေးက အမေရိကန်အနေဖြင့် မိမိတို့အား လက်နက်မရောင်းသော်လည်း မိမိတို့အနေဖြင့် ရုရှားနှင့် တရုတ်တို့ထံမှ
    Ref : Presstv