News @ M-Media

Blog

  • အမျိုးသမီးတစ်ဦးကို ဖမ်းဆီးကြိုးချည်ထားသည့် အမေရိကန်တစ်ဦး လူ ၇ ယောက်သတ်ခဲ့

    အမျိုးသမီးတစ်ဦးကို ဖမ်းဆီးကြိုးချည်ထားသည့် အမေရိကန်တစ်ဦး လူ ၇ ယောက်သတ်ခဲ့

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် အမျိုးသမီးတစ်ယောက်အား ဖမ်းဆီးချုပ်နှောင်ပြီး ခွေးတစ်ကောင်ကဲ့သို့ သံကြိုးခတ်ထားသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၎င်းက လူ ၇ ဦးအထိ သတ်ဖြတ်ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့သည်။

    တော့ဒ် ခရစ္စတိုဖာ ကိုလပ် ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေးများ ၁၃ နှစ်ကြာ လိုက်လံရှာဖွေနေသည့် လေးလောင်းပြိုင်လူသတ်မှုဖြင့် ၎င်းအား တရားစွဲဆိုထားကြောင်း စနေနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ခရစ္စတိုဖာမှာ သောကြာနေ့က ၎င်း၏ခြံထဲတွင် မြှုပ်နှံထားသည့် အလောင်းနှစ်ခုကို ပြသခဲ့ပြီး၊ နောက်ထပ်တစ်လောင်းကိုမူ ကျင်းတိမ်တစ်ခုတွင် မြှုပ်နှံထားသည်။

    ၄ လောင်းပြိုင်လူသတ်မှုမှာ ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်ဆိုင်တစ်ခုတွင် အလုပ်အလုပ်နေသည့် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သား၊ အခြား အလုပ်သမား နှစ်ဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သည့် ခရစ္စတိုဖာကို အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲမှုဖြင့် ကြာသာပတေးနေ့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ခြံအတွင်းရှိ ကွန်တိန်နာတစ်ခုတွင် ထိုအမျိုးသမီးအား ခွေးကဲ့သို့ ကြိုးချည်ထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    သတ်ဖြတ်မှုများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။

    Ref : CNA

  • ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို ရော်နယ်ဒို တုန့်ပြန်

    ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို ရော်နယ်ဒို တုန့်ပြန်

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    ronal

    – ဝေဖန်မှုများကြောင့် မိမိ၏ စွမ်းဆောင်ရည်တွင် မည်သို့မှ ထိခိုက်မည်ဟုတ်ဘဲ ယခုခြေစွမ်းအတိုင်း ပြန်လည်ပြသနိုင်မည်ဆိုသည့် ယုံကြည်ချက် ရှိနေသည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    လာလီဂါတွင် ရီးယဲလ်နှင့် ၆ ပွဲပါဝင်ကစားခဲ့ရာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည့် ရော်နယ်ဒိုကို ပြီးခဲ့သည့်လက ဘီလ်ဘာအိုအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဂိုးမသွင်းနိုင်သည့်အတွက် ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။ ထိုနောက်ပိုင်း အလာဗက်စ်နှင့်ပွဲတွင် ရော်နယ်ဒိုမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သော်လည်း နောက်ထပ် ၂ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့သည်။

    ယမနေ့က ရီးယဲလ်နှင့် ၂၀၂၁ ခုနှစ်အထိ သက်တက်ရှိမည့် စာချုပ်သစ် ချုပ်ဆိုခဲ့သည့် ရော်နယ်ဒိုကမူ အများမျှော်လင့်နေသည့်ခြေစွမ်းမျိုးကို မကြာမီ ပြန်လည်ပြသမည်ဟု ဆိုသည်။

    “ကျွန်တော် ဂိုးမသွင်းနိုင်တဲ့ အခါမျိုးမှာ လူတွေရဲ့ အားမလိုအားမရဖြစ်မှု၊ ဝေဖန်မှုကို ကျွန်တော် ခံရပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးအများကြီး သွင်းခဲ့ဖူးပါတယ်။ ဂိုးမသွင်းနိုင်တဲ့အချိန်ဆိုရင်တော့ ခေါင်းထဲမှာ ဟိုဟိုဒီဒီ ရောက်လာတာပါပဲ။ ကျွန်တော် ဆက်ကောင်းနေတုန်းပါ။ ကျွန်တော် စိတ်မပျက်ပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ထို့ပြင် ပွဲတစ်ပွဲတွင် မိမိ ဂိုးသွင်း၊ မသွင်းက အရေးမကြီးကြောင်း၊ မိမိအနေဖြင့် အမြဲတမ်း ပုံမှန်ရော်နယ်ဒိုသာဖြစ်ကြောင်း၊ အသင်း၏ပုံရိပ်ကို အမြဲတမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ဆော်ဒီက IOM မှတစ်ဆင့် ကူညီမည်

    ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ဆော်ဒီက IOM မှတစ်ဆင့် ကူညီမည်

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    ks
    IOM နှင့်ပူးပေါင်းကာ ရခိုင်ပြည်နယ်တွင် အကူအညီပေးသွားမည့် KS-RELIEF

    – ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၃၅ ရွာတွင် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံက ကူညီပေးသွားမည်ဟု သိရပြီး အိုအိုင်စီအဖွဲ့ကလည်း ဆော်ဒီ၏ ထိုလုပ်ရပ်ကို ထောက်ခံကြိုဆိုလိုက်သည်။

    လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များ ရရှိရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ တရားမ၀င်ရွှေ့ပြောင်းသွားလာမှု လျှော့ကျစေရေး စသည့် ကဏ္ဍများတွင် ဆော်ဒီ၏ အကူအညီဖြင့် စီမံကိန်းများ ဖော်ဆောင်သွားမည်ဖြစ်သည်။

    ထိုကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်တာ (KS-RELIEF) မှာ ကမ္ဘာတစ်ဝှမ်း ပြောင်းရွှေ့အခြေချသူများကို ကူညီနေသည့် နိုင်ငံတကာ ပြောင်းရွှေ့အခြေအချသူများအဖွဲ့ IOM နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

    အစ္စလာမ့်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကမူ ဆော်ဒီ၏ ထိုအားထုတ်မှုကို ထောက်ခံကြိုဆိုခဲ့ပြီး အခြားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ၊ လူ့အဖွဲ့အစည်းအခြေပြု အသင်းအဖွဲ့များအနေဖြင့် မြန်မာပြည်သူများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆော်ဒီကဲ့သို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    Ref: reliefweb.int

  • မြို့လယ်ကောင်တွင် ဗြိတိန်နိုင်ငံသားအသတ်ခံရမှု သံသယရှိသူကို ရဲတပ်ဖွဲ့ ရှာဖွေ

    မြို့လယ်ကောင်တွင် ဗြိတိန်နိုင်ငံသားအသတ်ခံရမှု သံသယရှိသူကို ရဲတပ်ဖွဲ့ ရှာဖွေ

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    binotti
    ရဲတပ်ဖွဲ့က ရှာဖွေနေသည့် ဘီနော့တီ

    – ယမန်နေ့က ရန်ကုန်မြို့လယ်ကောင် ၃၉ လမ်းတွင် သေဆုံးလျက်တွေ့ရသည့် ဗြိတိန်နိုင်ငံသားတစ်ဦး၏ အမှုအတွက် တစ်နိုင်ငံတည်းသား ကျောင်းဆရာကို ရဲတပ်ဖွဲ့က ရှာဖွေနေသည်ဟု သိရသည်။

    သေဆုံးသူမှာ အသက် ၄၇ နှစ်အရွယ်ရှိ ဂယ်ရီဖာဂူဆန်ဆိုသူဖြစ်ပြီး ဇနီးဖြစ်သူက ဖုန်းခေါ်မရဖြစ်ခဲ့ပြီးနောက် ၃၉ လမ်းရှိ အခန်းတစ်ခုတွင် ရင်ဘတ်နှင့် လည်ပင်းတို့တွင် ဒဏ်ရာမျာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ဖာဂူဆန်နှင့် အသက် ၂၅ နှစ်အရွယ် ဟာရစ် ဘီနော့တီတို့မှာ သောကြာနေ့ညပိုင်းက ပါတီအတူ တက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ဘီနော့တီမှာ ဖာဂူဆန်အား တိုက်ခိုက်ခဲ့သည်ဟု သံသယရှိနေကာ ရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

    သို့သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကမူ ဘီနော့တီမှာ နိုဝင်ဘာ ၅ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာသွားခဲ့သည်ဟုဆိုပြီး အသေးစိတ်အချက်အလက်ကို ပြောကြားခဲ့ခြင်းမရှိချေ။

    လက်ရှိတွင် ကျောက်တံတားရဲစခန်း၌ အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြောငြာချက်တွင် Horizon နိုင်ငံတကာကျောင်းမှ ကျောင်းဆရာနှစ်ဦးဖြစ်သည့် ဖာဂူဆန်နှင့် ဘီနော့တီတို့မှာ သောကြာနေ့ညပိုင်းက မြို့လယ်ကောင်ရှိ ဟိုတယ်တစ်ခုတွင် ပါတီပွဲတက်ခဲ့ပြီးနောက်ပိုင်း ဘီနော့တီအိမ်သို့ ပြန်လာခဲ့သည်ဟု ဖော်ပြထားသည်။

    အနီးရှိတိုက်ခန်းတွင် နေထိုင်သူများကမူ စနေနေ့ မနက်ပိုင်း ၄ နာရီခွဲခန့်က ဘီနော့တီ၏ အခန်းတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ စကားများ ရန်ဖြစ်ကြသည့်အသံကို ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဘီနော့တီနှင့် ၎င်း၏ ချစ်သူတို့မှာ အဆိုပါအခန်းကို လပေါင်းများစွာ ငှားရမ်းခဲ့ပြီး မနက်အလုပ်သွားကာ ညနေပိုင်းမှ ပြန်လာတတ်ကြောင်း၊ ၎င်းတို့မှာ မြန်မာစကားမတတ်ဘဲ မိမိတို့မှာလည်း အင်္ဂလိပ်စကားမတတ်သောကြောင့် ၎င်းတို့နှင့် စကားမပြောဖြစ်ကြောင်း အိမ်နီးချင်းများက ဖွင့်ဟခဲ့သည်။

    ဘီနော့တီ၏ ချစ်သူမှာ တစ်ကျောင်းတည်းတွင်လုပ်ကိုင်သည့် ဆရာမှ အဲလ်စီ ဒီဗိုလ်ဒါဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဒီဗိုလ်ဒါ၏ Facebook အကောင့်မှာ ယနေ့မနက်ပိုင်းအထိ ရှိနေသော်လည်း နောက်ပိုင်း ၀င်ရောက်ကြည့်ရှု၍ မရတော့ပေ။ ၎င်းမှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက အဆိုပါတိုက်ခန်းမှ ဆင်းသွားပြီး ဂျာနယ်လစ်များ၏ မေးမြန်းမှုကို ဖြေကြားခြင်းမရှိဘဲ ပ၀ါဖြင့် မျက်နှာကိုအုပ်ကာ စောင့်ဆိုင်းနေသော ကားထဲသို့ ၀င်ရောက်သွားခဲ့သည်။

    ရဲတပ်ဖွဲ့မှ သေဆုံးသူ ဖာဂူဆန်၏ ဇနီးမှာ ဆူပက်ချာယာ စီချွန်ပူရ်ဖြစ်ပြီး ယနေ့တွင် ဖုန်းဖြင့်မေးမြန်းရာ ဖြေကြားရန်ငြင်းဆိုခဲ့သည်ဟုဆိုသည်။

    လက်ရှိတွင် တနင်္ဂနွေနေ့မနက်ပိုင်းက ဖာဂူဆန်၏ အလောင်းအား တိုက်ခန်းအတွင်း တွေ့ရှိသူများအား မေးမြန်းချက်များကို အခြေပြုကာ ရဲတပ်ဖွဲ့ကအမှုအား တည်ဆောက်ထားပြီး မည်သူ့ကိုမှ ဖမ်းဆီးခြင်းမရှိသေးပေ။

    Ref: theguardian

  • ပင်လယ်ပြင်မှာ ထီပေါက်ခဲ့တဲ့ အိုမန်တံငါသည်

    ပင်လယ်ပြင်မှာ ထီပေါက်ခဲ့တဲ့ အိုမန်တံငါသည်

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    whale

    – အိုမန်နိုင်ငံက တံငါသည်တစ်ယာက်ဟာ ငါးဖမ်းရင်းနဲ့ ဒေါ်လာ ၂.၅ သန်းလောက်တန်တဲ့ ရှားပါး ငါးကြီးအန်ဖတ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

    ငါးဖမ်းလုပ်ငန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ကျင်လည်လာခဲ့တဲ့ အသက် ၃၀ ကျော်အရွယ် ခါလစ် အလ် ဆီနာနီဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့က မိတ်ဆွေ ၂ ဦးနဲ့အတူ ကွေရာယဟ်ပြည်နယ်မှာ ငါးဖမ်းထွက်စဉ်အတွင်း အလွန်ညှီတဲ့ ဝေလငါး အန်ဖတ်ကြီးတစ်ခု မျောနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    “ဒီအန်ဖတ်ကြီးကို ကျွန်တော်တို့ ကြိုးနဲ့ဆွဲယူခဲ့ပြီး လှေထဲကို ထည့်ခဲ့ပါတယ်။ အမ်ဘာဂရစ် (ဝေလငါးအန်ဖတ်) တော်တော် အနံ့ဆိုးတယ်ဆိုတာကို ကျွန်တော် အရင်က ကြားဖူးပါတယ်။ ဒါပေမယ့် ၂ ရက်လောက်နေတော့ အမွှေးနံ့တစ်ခု ထွက်လာပါတယ်” လို့ ခါလစ်က ပြောကြားခဲ့ပါတယ်။

    ဒီငါးကြီးအန်ဖတ်ကို သေတ္တာထဲ သိမ်းဆည်းခဲ့ပြီးတဲ့နောက်မှာတော့ ခါလစ်က တစ်ချို့ ကျွမ်းကျင်သူတွေကို ခေါ်ပြီး ပြသခဲ့ပါတယ်။

    “အမ်ဘာဂရစ်ဆိုတာ သေချာ သိပြီးခဲ့တဲ့နောက်မှာတော့ ကျွန်တော်တို့ဟာ ဖြတ်တောက်ပြီး အခြောက်လှမ်းကာ ရောင်းချဖို့ လုပ်ခဲ့ပါတယ်”

    ‘အမ်ဘာဂရစ်’ လို့ခေါ်တဲ့ အဲဒီဝေလငါးအန်ဖတ်ဟာ အင်မတန် အဖိုးတန်တဲ့ အန်ဖတ်မျိုးဖြစ်ပြီး ဧရာမ ဝေလငါးကြီးတွေရဲ့ အူတွင်းမှာ ထွက်တဲ့ အရည်ကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီလို ငါးကြီးအန်ဖတ်တွေကို အပူပိုင်းဒေသက ပင်လယ်ပြင်တွေမှာ မျောနေတာမျိုး တွေ့ရတတ်ပြီး ရေမွှေးထုတ်လုပ်ရာမှ အသုံးပြုကြတာပါ။

    ခါလစ်ဟာ ၈၀ ကီလိုဂရမ်ရှိတဲ့ အမ်ဘာဂရစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    “ဘယ်လောက်နဲ့ ရောင်းလို့ရမလဲဆိုတာကို ကျွန်တော် ကြည့်မယ်။ နောက်ပိုင်းမှာ ကျွန်တော့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြောင်းဖို့ ဆုံးဖြတ်ထားပြီး ပိုကောင်းတဲ့ ဘ၀မှာ နေထိုင်နိုင်ဖို့ အိမ်ခြေမြေလုပ်ငန်းထဲကို ၀င်မှာပါ” လို့ ခါလစ်က ဖွင့်ဟခဲ့ပါတယ်။

    ဒီတံငါသည် ၃ ယောက်ဟာ ဒီအန်ဖတ်အတွက် ဈေးကောင်းရမယ်ဆိုရင် အိုမန်ရီယဲလ် ၁ သန်း (ကန်ဒေါ်လာ ၂.၅ သန်း) ကျော်လောက် ရဖို့ရှိနေပါတယ်။

    အိုမန်နိုင်ငံဟာ ဒီလို ငါးကြီးအန်ဖတ်တွေ တွေ့ရတတ်တဲ့ နိုင်ငံမျိုးဖြစ်ပြီး အထူးသဖြင့် ရှာကွီယဟ်၊ ၀ူစ်တာနဲ့ ဒိုဖာရ် ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

    အမ်ဘာဂရစ်တွေက ကနဦးပိုင်းမှာ တော်တော်လေး ညှီပေမယ့် နောက်ပိုင်းမှာ ချိုမွှေးလာတတ်တဲ့ အန်ဖတ်မျိုး ဖြစ်ပါတယ်။

    Ref: hindustantimes