News @ M-Media
Blog
  • ဟိန္ဒူများ တိုက်ခိုက်ခံရသည့်ကိစ္စ ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေးကော်မရှင် စုံစမ်းနေ
    ဟိန္ဒူများ တိုက်ခိုက်ခံရသည့်ကိစ္စ ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေးကော်မရှင် စုံစမ်းနေ
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    hindu-2
    – ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူနည်းစုဟိန္ဒူများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လူပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု သိရသည်။
    နိုင်ငံရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်မှာ ဟိန္ဒူအမျိုးသားတစ်ဦးက မွတ်စလင်တို့ အထွဋ်အမြတ်ထားရာ မက္ကာဟ်ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို စော်ကားသည့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် မျှဝေခဲ့သည်ဆိုသည့် သတင်းများကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။
    မွတ်စလင်လူအုပ်ကြီးမှာ ဓာတ်ပုံမျှဝေသူအား ဖမ်းဆီးရန် ဆန္ဒပြတောင်းဆိုရာမှ ဟိန္ဒူဘုရားကျောင်းနှင့် ဟိန္ဒူလူမျိုးများ၏ နေအိမ်ပေါင်းများစွာကို လုယက် ဖျက်ဆီးခဲ့ကြသည်။ အဆိုပါဟိန္ဒူလူငယ်ကမူ ထိုကိစ္စကို မိမိပြုလုပ်ခြင်းမဟုတ်ဟု ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းအား ဘာသာရေးဆိုင်ရာ စိတ်နာကျည်းစေမှုဖြင့် ဖမ်းဆီးခဲ့သည်။
    အခင်းဖြစ်ပွားရာခရိုင်မှ ရဲတပ်ဖွဲ့ဝင် အဘူ ဇာဖာရ်က ထိုတိုက်ခိုက်မှုအတွက် စုစုပါင်း ၅၃ ဦးကို ဖမ်းဆီးထားသည်ဟု ပြောကြားခဲ့သည်။
    ဘင်္ဂလားဒေ့ရှ် အမျိုးသားလူ့အခွင့်အရေးကော်မရှင် NHRC ကလည်း ထိုတိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။ အချက်အလက်ရှာဖွေရေးကော်မတီမှ အကြီးအကဲဖြစ်သူ အီနာမူလ် ဟိုကီ ချောင်ဒရီကမူ ထိုတိုက်ခိုက်မှုမှာ ကြိုတင်ပူးပေါင်းကြံစည်မှု ရလဒ်ဖြစ်ပြီး ဆန္ဒပြမှုကို ခွင့်ပြုပေးခဲ့သည့် ဒေသဆိုင်ရာ အာဏာပိုင်များကိုလည်း ပြစ်တင်ပြောကြားခဲ့သည်။
    “ရဲတပ်ဖွဲ့အပါအ၀င် အုပ်ချုပ်ရေးပိုင်းက ဒီလို အထိမခံတဲ့ ကိစ္စတစ်ခုကို ကိုင်တွယ်ရာမှာ ပေါ့လျော့ပြီး၊ ကြမ်းကြုတ်ခဲ့ပါတယ်” ဟု ချောင်ဒရီက ဆိုသည်။
    မွတ်စလင်များစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူများမှာ နိုင်ငံလူဦးရေ၏ ၈ ရာခိုင်နှုန်းရှိပြီး အကြီးဆုံး လူနည်းစုလူ့အဖွဲ့အစည်းဖြစ်သည်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာသေးမီကာလအတွင်း စစ်သွေးကြွမှုနှင့် IS အကြမ်းဖက်အဖွဲ့၏ သြဇာသက်ရောက်မှုများ မြင့်တက်လာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိတ် ဖြစ်လာခဲ့သည်။
    Ref: Aljazeera
  • တောင်ကိုရီးယား သမ္မတ၏ အကြံပေးဟောင်းများ ဖမ်းဆီးခံရ
    တောင်ကိုရီးယား သမ္မတ၏ အကြံပေးဟောင်းများ ဖမ်းဆီးခံရ
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    south-2
    – သမ္မတပတ်ဂျုံဟေး၏ မိတ်ဆွေဖြစ်သူ ချိုဆီလ်ဆွန်က နိုင်ငံ့အရေးများတွင် ၀င်ရောက်စွက်ဖက်မှု၊ သမ္မတနှင့် နီးစပ်မှုအား အသုံးချမှုတို့နှင့်ပတ်သက်၍ သမ္မတ အကြံပေးဟောင်းနှစ်ဦးကို တောင်ကိုရီးယားက ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ပြည်သူထောင်ပေါင်းများစွာမှာ လမ်းပေါ်သို့ထွက်ကာ ဆန္ဒပြ၍ ပတ်ဂျုံဟေးနှုတ်ထွက်ရန် တောင်းဆိုမှုများ ပြုလုပ်နေပြီး၊ သမ္မတအား လူကြိုက်များမှုမှာလည်း ၅ ရာခိုင်နှုန်းသာ ရှိတော့ကာ ရာထူးလက်ရှိသမ္မတတစ်ယောက်အတွက် စံချိန်တင်ကျဆင်းမှုလည်း ဖြစ်ခဲ့သည်။
    ပတ်ဂျုံဟေး၏ အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ အဟ်ဂျွန်ဘွန်ကို အာဏာအလွဲသုံးစားလုပ်မှု၊ အကျပ်ကိုင်မှုစွဲချက်များဖြင့် ယနေ့တွင် တရားဝင်ဖမ်းဆီးခဲ့ပြီး ချိုမှာ ထိပ်တန်း စီးပွားရေးလုပ်ငန်များထံမှ ဒေါ်လာသန်းချီ ယူခဲ့မှုတွင် ၎င်းက ကူညီခဲ့သည်ဟု သံသယဖြစ်ခံရသူဖြစ်သည်။
    အဖမ်းခံရသည့် အခြားတစ်ဦးမှာ သမ္မတအကြံပေးဟောင်း ဂျီအွန်ဟိုဆွန်ဖြစ်ပြီး ထိပ်တန်းလျှို့ဝှက် အချက်အလက်များ ပေါက်ကြားမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံနေရသည်။ အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျီအွန်မှာ ပတ်ဂျုံဟေး၏ ညာလက်ရုံးအဖြစ် လူသိများပြီး ၁၉၉၈ ခုနှစ်ကတည်းက ပတ်အား ကူညီလာခဲ့သူဖြစ်သည်။
    ၎င်းမှာ သမ္မတ၏ မိန့်ခွန်းများ၊ နိုင်ငံတော် စာရွက်စာတမ်းများကို ချိုထံသို့ ပေးပို့သည်ဟု သံသယဖြစ်ခံထားရသည်။
    လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ချိုနှင့် သမ္မတ ပတ်ဂျုံဟေးတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ တောင်းပန်ခဲ့သော်လည်း ပြည်သူများကမူ လက်မခံပဲ သမ္မတနှုတ်ထွက်ရေးကိုသာ ဆက်လက်တောင်းဆိုနေကြသည်။
    Ref: Channelnewsasia
  • ဖိလစ်ပိုင်တွင် ကုရ်အာန်အာဂုံဆောင်ပြိုင်ပွဲ ကျင်းပ
    ဖိလစ်ပိုင်တွင် ကုရ်အာန်အာဂုံဆောင်ပြိုင်ပွဲ ကျင်းပ
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    phil
    – ကမ္ဘာ့မွတ်စလင်လိဂ်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ‘နိုင်ငံတကာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုဆိုင်ရာအဖွဲ့’ က Message Association အသင်းနှင့်ပူးပေါင်းကာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုဆိုင်ရာ ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ကုရ်အာန်ကျမ်းတော်မြတ်အဌကဌာကို အာဂုံဆောင်ခြင်း၊ အာရဘီဘာသာဖြင့် ကုရ်အာန်ကျမ်းတော်မြတ်မူရင်းနှင့် တမန်တော်မုဟမ္မဒ်သခင်၏ သြ၀ဒတော် ၁၅၂ ခုကို အာဂုံဆောင်ခြင်း၊ ကုရ်အာန်ကို အသံနေအသံထားဖြင့် အလွတ်ရွတ်ဖတ်ခြင်း၊ ကျမ်းတော်မြတ်၏ ကဏ္ဍ ၁၅ ခု၊ ၁၀ ခု၊ ၅ ခု စသဖြင့် အာဂုံဆောင်ခြင်းတို့ အပါအ၀င် ကဏ္ဍများစွာ ပါဝင်ခဲ့သည်ဟု နိုင်ငံတကာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုဆိုင်ရာအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အဘ်ဒူလာ ဘက်စ်ဖာရ်က ပြောကြားခဲ့သည်။
    ထို့ပြင် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် ကုရ်အာန်ကျမ်းတော်မြတ်၊ မုဟမ္မဒ်သခင်၏ သြ၀ါဒတော်များကို ဆက်လက်လေ့လာရန် ၎င်းက တိုက်တွန်းခဲ့သည်။
    အဆိုပါပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းမှ ပြိုင်ပွဲဝင် ၆၇ ဦး ယှဉ်ပြိုင်ခဲ့ပြီး ပိတ်ပွဲအခမ်းအနားသို့ ဖိလစ်ပိုင်ဆိုင်ရာ ဆော်ဒီသံအမတ်ကြီး၊ နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ့်ရေးရာပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
    ကုရ်အာန်ကျမ်းတော်မြတ်တွင် အစောင် ၃၀ ပါဝင်ပြီး ကျမ်းတစ်အုပ်လုံး အာဂုံဆောင်နိုင်သူကို ‘ဟာဖစ်ဇ်’ ဟု ခေါ်သည်။
    Ref : IINA
  • ယူရိုပါတွင် မိုဗစ်နှင့် ရူနီတို့အား မခံချင်အောင် လုပ်ခဲ့သည်ဟု ဖီနာဘာချီနည်းပြ ပြော
    ယူရိုပါတွင် မိုဗစ်နှင့် ရူနီတို့အား မခံချင်အောင် လုပ်ခဲ့သည်ဟု ဖီနာဘာချီနည်းပြ ပြော
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    movic
    – မန်ယူအားအနိုင်ရရှိခဲ့သည့် ယူရိုပါပွဲတွင် မိမိတို့မှာ ပြိုင်ဘက်တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် အီဗရာဟီမိုဗစ်နှင့် ၀ိန်းရူနီတို့ကို အဓိကထားကာ စိတ်ပျက်အောက် လုပ်ခဲ့သည်ဟု တူရကီကလပ် ဖီနာဘာချီနည်းပြ ဒစ် အက်ဗိုကတ်က ပြောကြားလိုက်သည်။
    ဗုဒ္ဓဟူးနေ့က တူရကီတွင်ကစားခဲ့သည့် အဆိုပါအုပ်စုပွဲစဉ်တွင် ဖီနာဘာချီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး တိုက်စစ်မှူး မိုဗစ်မှာ အိမ်ရှင်နောက်ခံလူ ဆီမွန် ကေဂျာနှင့် အငြင်းအခုံဖြစ်ခဲ့သည်။ အက်ဗိုကတ်ကမူ မိမိ၏ ကစားသမားများမှာ ၎င်းစီစဉ်ထားသည့်အတိုင်း မန်ယူတိုက်စစ်မှူးများကို နှောက်ယှက်နိုင်ခဲ့သည်ဟု ဆိုသည်။
    “ကျွန်တော်တို့ သူတို့ကို နည်းနည်းလောက် မခံချင်အောင်လုပ်ခဲ့ရပါတယ်။ သူ (အီဗရာဟီမိုဗစ်) နဲ့ ၀ိန်းရူနီလို ကစာသမားမျိုးဟာ နေရာလွတ်တွေရှာပြီး ကစားလေ့ရှိကြသူတွေပါ။ ဒါ့ကြောင့် သူတို့ ဘောလုံးရပြီဆိုရင် စိတ်ကိုဆွပေးပြီး နည်းနည်း တွန်းတွန်းတိုက်တိုက် လုပ်ရပါတယ်။ ဇလာတန်က ဒီလိုတုန့်ပြန်တာကို ကျွန်တော် မအံ့သြပါဘူး။ သူနဲ့ ရူနီတို့ ဒီလိုဖြစ်တတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ လုပ်ချင်တာ ဒါပါပဲ။ ဒါပေမယ့် သူတို့က ကြီးကျယ်တဲ့ ကစားသမားတွေပါ” ဟု အက်ဗိုကတ်က ပြောကြားခဲ့သည်။
    သို့သော်လည်း အက်ဗိုကတ်ကမူ မော်ရင်ဟိုအား ချီးကျူးခဲ့ပြီး မော်ရင်ဟိုအနေဖြင့် မန်ယူအား လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဆောင်ရွက်နိုင်မည်ကို မိမိအနေဖြင့် သံသယမရှိဟု ထပ်လောင်းပြောဆိုခဲ့သည်။
    Ref: Goal
  • ကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးစစ်တမ်းတွင် ကလင်တန်က အနည်းငယ်သာ အသာရ
    ကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးစစ်တမ်းတွင် ကလင်တန်က အနည်းငယ်သာ အသာရ
    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    clinton
    – အင်္ဂါနေ့တွင် ပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ၀ါရှန်တန်ပို့စ်နှင့် ABC သတင်းဌာနတို့က ကောက်ယူပြီး ယနေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်က ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ထက် အနည်းငယ်သာ အသာရနေသည်ဟု သိရသည်။
    ကလင်တန်ကို ထောက်ခံသူမှာ ၄၇ ရာခိုင်နှုန်းရှိပြီး ထရမ့်ကို ထောက်ခံသူမှာ ၄၄ ရာခိုင်နှုန်းရှိနေခြင်းဖြစ်သည်။ ကလင်တန်အား ထောက်ခံသူများတွင် အမာခံအရေအတွက်မှာ ၅၅ ရာခိုင်နှုန်းရှိပြီ ထရမ့်အတွက် အမာခံအရေအတွက်မှာ ၄၃ ရာခိုင်နှုန်း ရှိနေသည်။ ပြိုင်ဘက်သမ္မတလောင်းအား ဆန့်ကျင်သူများတွင် ထရမ့်ကိုထောက်ခံသူများက ပိုများနေသည်။
    အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ယမန်နေ့က သမ္မတလောင်းနှစ်ဦးမှာ ၎င်းတို့၏ နောက်ဆုံးမဲဆွယ်မှုကို ပြုလုပ်ခဲ့သည်။ နီဗာဒါတွင် ပြုလုပ်ခဲ့သည့် ထရမ့်၏ မဲဆွယ်ပွဲတွင် လူဖြူအမျိုးသားတစ်ဦးက ‘သေနတ်’ ဟု အော်ခဲ့သောကြောင့် လုံခြုံရေးများမှာ ထရမ့်အား စတိတ်စင်နောက်ဖက်သို့ ခေတ္တ ခေါ်ဆောင်သွားခဲ့ရသည်။
    သို့သော်လည်း အဆိုပါ အမျိုးသားနှင့် ပတ်ဝန်းကျင်အား ရှာဖွေစစ်ဆေးမှုအရ မည်သည့်လက်နက်မှ မတွေ့ခဲ့ပေ။
    Ref: Aljazeera