News @ M-Media

Blog

  • သမ္မတဆင်းပေးရန် တောင်ကိုရီးယားပြည်သူများ ဆန္ဒပြ

    သမ္မတဆင်းပေးရန် တောင်ကိုရီးယားပြည်သူများ ဆန္ဒပြ

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media

    park

    – ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးသူတစ်ဦးကို နိုင်ငံ့ရေးရာများ ၀င်ရောက်စွက်ဖက်ခွင့်ပေးသည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟေးအား ရာထူးမှဆင်းပေးရန်အတွက် တောင်ကိုရီယားပြည်သူများက ယမန်နေ့တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

    သမ္မတမှာ ထိုကိစ္စနှင့်ပတ်သက်၍ သောကြာနေ့က လူထုအား တောင်းပန်ခဲ့သော်လည်း ဆိုးလ်မြို့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းဝတ်စုံများနှင့် ဆယ်ကျော်သက်လူငယ်များ၊ ကောလိပ်ကျောင်းသားများ၊ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများနှင့် သက်လတ်တန်းစုံတွဲများ၊ ကလေးငယ်များ ပါဝင်ခဲ့ကြကာ “ရာထူးမှဆင်းပေး ပတ်ဂျုံဟေး” ဟူသည့် ဆိုင်းဘုတ်များလည်း ကိုင်ဆောင်ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြမှုတွင် လူပေါင်း ၈၀၀၀ ၀န်းကျင်ပါဝင်သည်ဟု ပြောကြားခဲ့ပြီး စီစဉ်သူများကမူ ၂၀၀၀၀ ခန့် ပါဝင်သည်ဟု ဆိုသည်။ ဆန္ဒပြပွဲများမှာ နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော ဘူဆန်အပါအ၀င် အခြားသော ပြည်နယ်မြို့တော်များတွင်လည်း ဖြစ်ပွားခဲ့သည်။

    ပတ်ဂျုံဟေး၏ ရင်းနှီးသည့် မိတ်ဆွေဖြစ်သူ ချို ဆွန် ဆီလ်မှာ ပတ်နှင့်ရင်းနှီးမှုကို အသုံးချ၍ ဆမ်ဆောင်းကဲ့သို့ ကုမ္ပဏီများထံမှ ၎င်းမတည်ထားသော အကျိုးအမြတ်မယူသည့် ဖောင်ဒေးရှင်း ၂ ခုသို့ ငွေကြေး အမြောက်အများလှူဒါန်းရန် အကျပ်ကိုင်ခဲ့ပြီး ၎င်း၏ ကိုယ်ကျိုးအတွက်သာဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် တောင်ကိုရီးယားပြည်သူများ၏ ဆန့်ကျင်မှု ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခြင်းဖြစ်သည်။

    လက်ရှိတွင် ချို ဆွန် ဆီလ်မှာ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။ ယမန်နေ့ အစောပိုင်းကလည်း တောင်ကိုရီးယား တာဝန်ရှိသူများမှ ပတ်ဂျုံဟေး၏ ထိပ်တန်း အကြံပေးများ၏ အိမ်များ၊ ရုံးခန်းများကို ၀င်ရောက်စီးနင်း ရှာဖွေခဲ့သည်။

    Ref : Reuters

  • ကန်တီကို ယခင်က မကြားဖူးဟု ချယ်ဆီးနည်းပြ ပြော

    ကန်တီကို ယခင်က မကြားဖူးဟု ချယ်ဆီးနည်းပြ ပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media

    kante

    – အသင်းရှိ အားထားရသည့် ကွင်းလယ်ကစားသမား ကန်တီကို အင်္ဂလန်သို့ မရောက်ခင်အထိ မကြားဖူးခဲ့သော်လည်း ယခုတွင်မူ ၎င်း၏ အသင်းအတွက်ပေးဆပ်မှုများအတွက် အားရပ်ကျေနပ်မိသည်ဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    အသက် ၂၅ နှစ်အရွယ် အန်ဂိုလို ကန်တီမှာ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းတွင် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ်တွင် ချယ်ဆီးက ပေါင်း ၃၂ သန်းဖြင့် ခ်ါယူခဲ့ခြင်းဖြစ်သည်။

    လက်ရှိတွင် ကန်တီမှာ ချယ်ဆီး၌ ခြေစွမ်းကောင်းများကို ပြသနေပြီး အသင်း၏ ပင်တိုင်ကွင်းလယ်လူ ဖြစ်လာခဲ့သည်။ ကွန်တီကမူ ကန်တီအား ချီးကျူးခဲ့သည်။

    “ကျွန်တော် ဒီမရောက်ခင် သူ့ကိုသိလားဆိုရင်တော့ အဖြေက ‘နိုး’ ပါပဲ။ အခုတော့ ကျွန်တော်သိပါပြီ။ သူဟာ ကွင်းလယ်အဖျက်သာ မဟုတ်ပါဘူး။ ပြည့်စုံတဲ့ အလယ်တန်းလူ တစ်ယောက်ပါ။ ကျွန်တော်တို့ လက်ရှိကစားနေတဲ့စနစ်မှာ အန်ဂိုလိုက ဒီလို စကစားတာကို ကျွန်တော် တော်တော်လေးကြိုက်ပါတယ်။ အန်ဂိုလိုဟာ တော်တော်ကောင်းပါတယ်။ လက်စတာနဲ့မကစားခင် သူဟာ လက်စတာအတွက် ကစားခဲ့တဲ့အချိန် မနှစ်ကနဲ့နိုင်းယှဉ်ရင် ခြားနားသွားတယ်လို့ လူတော်တော်များများ ပြောကြတာကို ကျွန်တော် မှတ်မိပါသေးတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    Ref : Goal

  • မြန်မာနိုင်ငံမှ မူးယစ်ဆေးစက်ရုံများကို အမြစ်ဖြုတ်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

    မြန်မာနိုင်ငံမှ မူးယစ်ဆေးစက်ရုံများကို အမြစ်ဖြုတ်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media

    bnag
    ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး

    – မြန်မာနိုင်ငံနယ်နမိတ်အတွင်းရှိ ယာဘစိတ်ကြွေဆေးပြား စက်ရုံများအား အမြစ်ဖြတ်ရေး ထိရောက်သည့် ဆောင်ရွက်မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇ်မန် ခန်းက ယမန်နေ့တွင် ပြောကြားလိုက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ထိုမူးယစ်ဆေး နိုင်ငံဖြတ်ကျော် တရားမ၀င်ခိုးသွင်းမှု၏ သားကောင် ဖြစ်နေသည်ဟု ဆိုသည်။

    “ဒီမူးယစ်ဆေးကို ဘင်္ဂလားဒေ့ရှ်မှာ ထုတ်လုပ်တာမဟုတ်ပေမယ့် အိမ်နီးချင်းနိုင်ငံက မူးယစ်ဆေးတွေ နယ်စပ်ဖြတ်ကျော် မှောင်ခိုဝင်နေမှုကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ ဆိုးရွားတဲ့ ပျက်ဆီးမှုမျိုးနဲ့ ရင်ဆိုင်နေရပါတယ်” ဟု သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ပြုလုပ်သည့် အိန္ဒိယသမုဒ္ဒရာဒေသ ပြည်ထဲရေးဝန်ကြီးများ၏ အဆင့်မြင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    မူးယစ်မှောင်ခိုကူးသူများမှာ ယာဘဆေးဝါးများကို မြန်မာနိုင်ငံနှင့် ကပ်နေသည့် စစ်တကောင်းဒေသမှ ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုတင်သွင်းနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုနှင့် တစ်လွဲသုံးမှုများအတွက် ‘လုံးဝသည်းမခံသည့်ပေါ်လစီ’ ကို ကျင့်သုံးကြောင်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအနေဖြင့် မူးယစ်မှောင်ခိုမှုနှင့် တစ်လွဲသုံးမှုများကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းခဲ့သည်။

    ယာဘဆိုသည်မှာ ထိုင်းဘာသာစကားဖြင့် ‘အရူးဆေး’ ဟု အဓိပ္ပါယ်ရကာ မြင်းဆေးဟုလည်း ခေါ်ဆိုကြသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်မှာ အဆိုပါ ယာဘဆေးဝါးများ ပေါများရာဒေသ ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံမှ မှောင်ခိုနည်းလမ်းဖြင့် အများဆုံးဝင်ရောက်ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB နှင့် ရဲတပ်ဖွဲ့တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့တောင်ပိုင်း မြန်မာနိုင်ငံနှင့် ကပ်နေသည့် တက်နက်ဖ်ဒေသမှာ ယာဘမှောင်ခိုကုန်ကူးမှု၏ အဓိကလမ်းကြောင်း ဖြစ်သည်ဟု ပြောကြားထားသည်။

    Ref: thedailystar

  • သံဝန်ထမ်းများကို တူရကီမှထွက်ခွာရန် အမေရိကန် အမိန့်ပေးထား

    သံဝန်ထမ်းများကို တူရကီမှထွက်ခွာရန် အမေရိကန် အမိန့်ပေးထား

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media

    turkey

    – အမေရိကန်နိုင်ငံသားများအပေါ် ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် အစ္စတန်ဘူလ်ရှိ သံရုံဝန်ထမ်းများကို နိုင်ငံအတွင်းမှာ ထွက်ခွာရန် အမိန့်ပေးထားသည်ဟု အမေရိကန်အစိုးရက ပြောကြားလိုက်သည်။

    “အစ္စတန်ဘူလ်မှာအခြေစိုက်တဲ့ ဒါမှမဟုတ် မကြာခဏနေထိုင်တဲ့ အမေရိကန်နိုင်ငံသားတွေအပေါ် အစွန်းရောက်အုပ်စုတွေက ရန်လိုတဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ လုံခြုံရေးသတင်းအချက်အလက်တွေကို အခြေခံပြီးတော့မှ အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာပါ” ဟု ယနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

    အမေရိကန် သံရုံးကိုမူ အစ္စတန်ဘူလ်၌ ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး ယခုအမိန့်မှာ တူရကီတွင် အခြားသော သံတမန်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူများ မပါဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    တူရကီနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည်ဟု အမေရိကန်က ယခင်ကလည်း သတိပေးမှုများ ရှိခဲ့သည်။

    ထို့ပြင် တူရကီနိုင်ငံအတွင်း ရှိနေသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ငံအရှေ့တောင်ပိုင်းသို့ ခရီးသွားလာမှုကို ရှောင်ကျဉ်ရန်နှင့် မည်သည့်နေရာတွင်မဆို သတိဝိရိယရှိကြရန်လည်း အမေရိကန်အစိုးရက တိုက်တွန်းထားသည်။

    လူ ၄၇ ဦးသေဆုံးခဲ့သည့် အစ္စတန်ဘူလ်လေဆိပ် တိုက်ခိုက်မှုအပြီး ၂ ပတ်အကြာတွင် ပြင်သစ်ကလည်း အန်ကာရာရှိ ၎င်းတို့၏ သံရုံးနှင့် သံရုံးလုပ်ငန်းများကို ယာယီပတ်ပစ်ခဲ့သည်။

    Ref: Aljazeera

  • မြိတ်ကို ခရီးသွားတဲ့ ရန်ကုန်မှ မွတ်စလင်မ် အမျိုးသမီး (၃) ဦး ဖမ်းဆီးခံရ၊ လ.၀.က ပုဒ်မဖြင့် တရားစွဲ

    မြိတ်ကို ခရီးသွားတဲ့ ရန်ကုန်မှ မွတ်စလင်မ် အမျိုးသမီး (၃) ဦး ဖမ်းဆီးခံရ၊ လ.၀.က ပုဒ်မဖြင့် တရားစွဲ

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    မိုးစက်

    ရန်ကုန်။    ။ အောက်တိုဘာလ ၂၇ရက်နေ့က မြိတ်မြို့ တိမ်လွှာထွန်းတည်းခိုခန်းမှာ ရန်ကုန်တိုင်းတိုင်း အတွင်း နေထိုင်သူများဖြစ်ကြသည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီး (၃) ဦးကို မြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ- ၂၉(၁) ကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုပြီး အဆိုပါသုံးဦးကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ-၆(၂)၊ ၆(၃) အရ မြိတ်မြို့နယ် လဝကမှူးက တရားစွဲဆိုထားပါတယ်။

    အဖမ်းခံရသူ အမျိုးသမီး (၃) ဦးမှာ  ဒေါ်သီတာ(၄၇)နှစ်၊  ဒေါ်သန်းသန်းအေး(၄၉) နှစ်၊ မရွှေစင်(၂၀)နှစ် ဖြစ်ကြပြီး ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၁၀၄ ရပ်ကွက်မှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်တဲ့ “မြိတ်ခရိုင် သတင်းနှင့်မှုခင်း မီဒီယာ ” FB စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
    14877754_1239817022757658_2044188041_n-png
    ပုဒ်မ ၆(၂) သည် ပြစ်မှုကို ရည်ညွှန်းပြီး၊ ၆(၃)သည် ပြစ်ဒဏ်ကို ရည်ညွှန်းကြောင်းသိရပါတယ်။ ပုဒ်မ ၂၉(၁) သည် နည်းဥပဒေ ၁၆ အရ သက်သေခံကတ်ပြား (သို့) ယာယီသက်သေခံလက်မှတ် တစ်ခုမှမရှိဘူးဆိုရင် အဆိုပါပုဂ္ဂိုလ်ကို ပုဒ်မ ၆(၂)၊ ၆(၃) အရ ပြစ်မှုထင်ရှား ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ငါးရာထက် မပိုသော ဒဏ်ကြေးဖြင့်ဖြစ်စေ၊ ငွေဒဏ်ရော ထောင်ဒဏ်နှစ်ရပ်လုံး ကျခံစေနိုင်ပါတယ်။

    “အရင်တုန်းက ပုဒ်မ ၁၃ (၁) အရ ယာယီ သက်သေခံကတ်ပြားဆိုတာ ထုတ်ပေးလို့ရတယ်၊ အဲ့ဒါကို white card လို့လည်း ခေါ်ကြတယ်။ အဲ့ဒီ white card က သက်တမ်းရှိတယ်။ သူ့သက်တမ်းကုန်ရင် လဲပေးရတယ်။ ဟိုတစ်လောက white card တွေကို သိမ်းလိုက်တော့ ၁၃ (၄) အရ NVC တွေ ပြန်ထုတ်ပေးတယ်။ ဒီလူတွေက ခုဖမ်းခံရတယ်ဆိုတာက သူတို့လက်ထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ထုတ်ပေးတဲ့ ကတ်သုံးခု တစ်ခုခုရှိရမယ်။ နိုင်ငံသားစီစစ်ရေးကတ် (ပန်းရောင်)၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုကတ်ဆိုပြီး တစ်ခုခုရှိရမယ်။ အဲ့ဒါတွေ မရသေးရင် မပေးလို့ပဲဖြစ်ဖြစ် မလုပ်လို့ပဲဖြစ်ဖြစ် မရှိဘူးဆိုရင် ပထမတုန်းက ထုတ်ပေးထားတဲ့ အမျိုးသားမှတ်ပုံတင်ကတ် ဒါမှမဟုတ် ယာယီသက်သေခံကတ် (White card) ‘ဒါမှမဟုတ် NVC ကတ် တစ်ခုခုတော့ ရှိရမယ်။ အချို့ဒေသတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်မပေးဘဲနှစ်ပေါင်းများစွာ နေနေကြတဲ့သူတွေရှိတယ်။ အဲ့လူတွေက ပြည်ထောင်စုနယ်နမိတ်အတွင်းမှာ နေနေကြတာ မွေးကတည်းက။ ဘယ်နေရာကမှလည်း ခိုးဝင်လာတယ်ဆိုတာ အထောက်အထားမရှိဘူး။ အခုဖြစ်နေတာတွေက နိုင်ငံရေးအရတွေပဲဖြစ်တယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ဆိုပါတယ်။

    ယခုလက်ရှိ ဖမ်းဆီးခံရသူများသည် သက်သေခံကတ်ပြားများ သက်တမ်းကုန်နေသူများလည်း ဖြစ်နိုင်ကြောင်း၊ နဂိုကတည်းက မရှိဘဲ(မရနိုင်သောကြောင့်(သို့) ထုတ်မပေးသောကြောင့်) နေထိုင်သူများ ဖြစ်နိုင်ကြောင်း၊ ဥပဒေတစ်ခုခုဖြင့် အရေးယူတော့မည်ဆိုလျှင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များမှ ထိုသူနှင့် သက်ဆိုင်သည့် အချက်အလက်များကို ရှာဖွေရမည်ဖြစ်ကြောင်း ရှေ့နေဦးအုန်းမောင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

    “သူတို့မှာ ဘာအထောက်အထားမှ မရှိဘူးပဲ ထားပါဦး၊ အဲ့လိုဆိုရင် လဝက ကတာဝန်ရှိသူများက ဒီလူတွေနဲ့ သက်ဆိုင်တဲ့ အဖေ၊အမေ သူတို့မျိုးရိုးကို လဝက ရုံးတွေမှာ အချက်အလက်ရှာရမယ်။ အရင်တုန်းက ရှိလား၊ မရှိဘူးလားဆိုတာ၊ တစ်စုံတစ်ခု အထောက်အထားပြလို့ရရင် သူတို့ဟာလည်း နိုင်ငံသားဆိုတဲ့ သက်သေတွေ ရှိလာမယ်။ အဲ့လိုမျိုးတွေ တစ်ခုမှ ရှာလို့မရမှသာ သူတို့အခုဆွဲတဲ့ ပုဒ်မတွေနဲ့ ဆွဲလို့ရမယ်” လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

    အဆိုပါ တရားစွဲဆိုထားသော သုံးဦးကို မြိတ်ခရိုင်သတင်းနှင့် မှူခင်းမီဒီယာမှ ဖော်ပြရာတွင် ဘင်္ဂါလီသုံးဦးကို ဖမ်းဆီးရရှိဆိုပြီးဖော်ပြ ခဲ့ပါတယ်။ “ဘင်္ဂါလီ” နာမည်တပ်ပြီး ရေးသားထားခြင်းမှလည်း မည်သူမည်ဝါမှန်း မသေချာသေးပဲ ဘဂီါလီလို့ တံဆိပ်ကပ်နေခြင်းဟာ လူမျိုးရေး အမုန်းစိတ်တွေများ လာအောင်သာ လုပ်နေခြင်းဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ဆိုပါတယ်။

    မိမိနေထိုင်သည့်မြို့မှ အခြားမြို့သို့ ခရီးသွားတော့မည်ဆိုလျှင်လည်း မိမိရပ်ကွက်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားခဲ့ပြီး တခြားနေရာ ခရီးသွားမည့်အရပ်တွင် နေထိုင်မည့် ရပ်ကွက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အကြောင်းကြားသင့်ကြောင်း၊ မိမိကိုယ်တိုင်တွင် နိုင်ငံသားဖြစ်ကြောင်း တစ်စုံတစ်ရာ သက်သေခံကတ်ပြား မရှိပါက မိမိဆွေမျိုးနှစ်ဆက်လောက်ဖြစ်သည့် အဖေ၊ အမေ၊ အဘိုး အဘွားတို့၏ သက်သေခံကတ်ပြား နံပါတ်များနှင့်ကိုယ်ရေးအကျဉ်းများကို ပြုစုထားသင့်ကြောင်း ရှေ့နေ ဦးအုန်းမောင်က အကြံပြုပြောဆိုထားပါတယ်။