News @ M-Media

Blog

  • ပျားအက (Honey Bee Dance)

    ပျားအက (Honey Bee Dance)

    အောက်တိုဘာ ၃၀ ၊၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    နိုဘယ်လ်ဆုရှင်ဩစတေးလျှနိုင်ငံသား သတ္တဗေဒပညာရှင် Karlvon Frisch ဟာ ပျားတွေနဲ့ပတ်သတ်ပြီး အထူးမွေးမြူလေ့လာ ခဲ့သူဖြစ်ပါတယ်။

    ၁၉၂၃ခုနှစ်မှာ သူဟာ ပျားတွေရဲ့ အကနဲ့ပတ်သတ်ပြီး စာတမ်းတစ်စောင် ထုတ်ဝေခဲ့ပါတယ်။

    ပျားတစ်ကောင်ဟာ ဝတ်ရည်ရှိရာနေရာကို တွေ့ပြီဆိုရင်သူ့အသိုက်ကိုပြန်လာပြီး အခြားပျားတွေကို ဝတ်ရည်ရှိရာ အရပ်ရဲ့ အကွာအဝေး (Distance) နဲ့ လားရာ (Direction) ကို ပြသဖို့အတွက် ကပြပါတယ်။

    အကွာအဝေး (Distance) ကို ဖော်ပြရာမှာတော့ အကွာအဝေးပေါ်မူတည်ပြီး သူ့ရဲ့အကပုံစံ ကို ပြောင်းလဲကာ ၊ လားရာ (Direction) ကိုဖော်ပြချက်ကတော့ ပျားဟာ နေကို သံလိုက်အိမ်မြောင်သဖွယ်အသုံးချပြီး နေနဲ့ ဝတ်ရည်ရှိရာအရပ် ၂ခုကြား ထောင့် (Angle) ကိုညွှန်ပြပြီး ကပါတယ်။

    honey-bee-dance

    ၁) အကယ်၍ ဝတ်ရည်ရှိရာအကွာအဝေးသည် ၂၅မီတာဝန်းကျင်ထိဆိုလျှင် ပျားဟာ Circular Dance လို့ခေါ်တဲ့ အကကို သူ့သူငယ်ချင်းတွေဆီမှာ ကပြပါတယ်။

    ၂) အကယ်၍ ဝတ်ရည်ရှိရာနေရာ အကွာအဝေးသည် ၂၅ မီတာအထက်မှ မီတာ ၁၀၀ ဝန်းကျင်ထိဆိုလျှင် ပျားဟာ Waggle Dance လို့ခေါ်တဲ့ အကကို ပြောင်းကပါတယ်။ မြန်မြန်ပါ။

    ၃) အကယ်၍ ဝတ်ရည်ရှိရာ နေရာအကွာအဝေးသည်မီတာ၁၀၀ အထက်မှ မီတာ ၂၀၀ဝန်းကျင်ထိဆိုလျှင် Waggle Dance ကိုပဲ ကပါတယ်။ ဒါပေမဲ့ နှေးနှေးပါ။

    အကွာအဝေးကိုတော့ဟုတ်ပါပြီ၊

    ဦးတည်ရာက ဘယ်ဘက်လဲဆိုတာကို ပြသနိုင်ဖို့အတွက် အဲဒီပျားဟာ နေကို သံလိုက်အိမ်မြှောင်သဖွယ် အသုံးပြုပါတယ်။

    နေရှိရာနေရာနဲ့ ဝတ်ရည်ရှိရာ နေရာ ကြား ထောင့် (Angle) ကို တွက်ချက်ပြီး အခြားပျားတွေသိရှိအောင် ကပြခြင်း ဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ ကျန်တဲ့ပျားတွေဟာ ဝတ်ရည်ရှိရာအကွာအဝေးနဲ့ လားရာကို သိသွားပြီဖြစ်တဲ့အတွက် အားလုံးတူတူ ဝတ်ရည်ရှိရာသို့ ထွက်လာကြခြင်းဖြစ်ပါတယ်။

    (Microsoft Encarta Premium 2009 , Honey Bee Dances Interactivity )

  • ဆီးရီးယားအရေး ဥရောပက တူရကီနှင့်ပူးပေါင်းရမည်ဟု ဂျာမနီပြော

    ဆီးရီးယားအရေး ဥရောပက တူရကီနှင့်ပူးပေါင်းရမည်ဟု ဂျာမနီပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    germany

    – ဆီးရီးယားတွင် အပစ်ခတ်ရပ်စဲရန်နှင့် ဒေသတွင်းပဋိပက္ခများကို ဖြေရှင်းရန်အတွက် ဥရောပမှာ တူရကီ၏ အထောက်အပံ့ လိုအပ်သည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါလ်တာ စတိုင်မီယာက ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ဘာလင်တွင် ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒွလ္လာဟ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ စတိုင်မီယာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ကိုင်တွယ်ရာတွင် တူရကီနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် အရေးပါသည်ဟုလည်း ဆိုသည်။

    “အမှန်ပြောရရင် ကျွန်တော်တို့ရဲ့ အစိုးရတွေအကြား ဆွေးနွေးမှုတွေမှာ အခက်အခဲလေးတွေတစ်ချို့ ရှိပါတယ်။ တူရကီရဲ့ အခန်းကဏ္ဍက အရေးပါနေတာကြောင့် ဒီခက်ခဲတဲ့ ဆွေးနွေးမှုတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ တူရကီဟာ ဦးရောပနဲ့ ဆက်ဆံနေရသလို၊ အရှေ့အလယ်ပိုင်းနဲ့လည်း ပတ်သက်နေရပါတယ်” ဟု ၀န်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

    စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှုတွင် ဥရောပနိုင်ငံများနှင့် ဂျာမနီတို့က ၎င်းတို့နှင့် တစ်သားတည်းရှိကြောင်း မပြသသည့်အတွက် တူရီမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ဥရောပအစိုးရကများကမူ အဆိုပါ အာဏာသိမ်းမှုပြီးနောက် တူရကီအစိုးရ၏ စုံစမ်းစစ်ဆေးမှုများ၊ အရေးပေါ်အခြေအနေ ကြေငြာမှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    Ref: IINA

  • မိုယက်စ်၏ ဆန်းဒါးလန်း လိဂ်သမိုင်းတွင် အဆိုးရွားဆုံးမှတ်တမ်းတစ်ခု ရရှိ

    မိုယက်စ်၏ ဆန်းဒါးလန်း လိဂ်သမိုင်းတွင် အဆိုးရွားဆုံးမှတ်တမ်းတစ်ခု ရရှိ

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    sunder

    – ယနေ့တွင် အာဆင်နယ်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဆန်းဒါးလန်းအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းကို ရရှိခဲ့သည်ဟု သိရသည်။

    အိမ်ကွင်းတွင်ကစားခဲ့သည့် ဆိုပါပွဲတွင် ဆန်းချက်ဇ်၏ဂိုးကို ဒီဖိုးက ပင်နယ်တီဖြင့် ပြန်လည်ချေပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂျရူးက ၂ ဂိုး၊ ဆန်းချက်ဇ်က ၁ ဂိုး အသီးသီး သွင်းယူခဲ့သည်။

    မန်ယူနည်းပြဟောင်းမိုယက်စ် ကိုင်တွယ်သည့် ဆန်းဒါးလန်းမှာ လက်ရှိတွင် ၁၀ ပွဲကစားပြီး ၂ မှတ်သာရရှိထားကာ ပရီးမီးယားလိဂ်ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။ ထိုမှတ်တမ်းမှာ ၁၉၉၅/၉၆ ဘောလုံးရာသီတွင် မန်စီးတီးအသင်းက ရရှိခဲ့သည့် ရာသီအစ အဆိုးဝါးဆုံးရလဒ်နှင့် သွားတူနေသည်။

    သို့သော်လည်း ဂိုးကွာခြားချက်ယှဉ်ပါက ဆန်းဒါးလန်းမှာ မန်စီးတီးထက် ပို၍ ဆိုးနေသည်။

    မိုယက်စ်မှာ အသင်း၏ ရလဒ်ဆိုးများကြောင့် ဖိအားများရှိနေပြီး ယခု အာဆင်နယ်အား ရှုံးနိမ့်ခဲ့မှုက ၎င်း၏အခြေအနေကို ပိုမိုဆိုးရွားစေပြီး အသင်းမှာလည်း တန်းဆင်းရရန် ပိုမို ရေပန်းစားလာခဲ့သည်။

    Ref: Goal

  • ယူကေက အီးယူမှ ခွဲထွက်ရန် ဆုံးဖြတ်ချက်မှာ ကပ်ဘေးတစ်ခုဟု တိုနီဘလဲပြော

    ယူကေက အီးယူမှ ခွဲထွက်ရန် ဆုံးဖြတ်ချက်မှာ ကပ်ဘေးတစ်ခုဟု တိုနီဘလဲပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    blair

    – အီးယူမှ ဗြိတိန်ခွဲထွက်ရေးကိစ္စများ အပြီးသတ်ဆွေးနွေးပြီးသည့် အချိန်မတိုင်ခင်အထိ ဥရောပသမဂ္ဂမှ ဗြိတိန် ထွက်ခွာ သင့်၊ မသင့်ဆိုသည့် ရွေးချယ်ခွင့်ကို ဖွင့်ထားပေးသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြားလိုက်သည်။

    သောကြာနေ့က BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ဘလဲက အီးယူမှ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို ရုတ်တရက်ကျရောက်သည့် ကပ်ဘေးတစ်ခုအဖြစ် ခိုင်းနှိုင်းခဲ့ပြီး ယူကေမဲဆန္ဒရှင်များအား ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲတစ်ခု ပြုလုပ်နိုင်သည့် အခွင့်အရေးပေးသင့်သည်ဟု ဆိုသည်။

    ဗြိတိန်အနေနှင့် အီးယူမှ ထွက်ခွာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအနာဂတ်အတွက် မည်မျှ အကျိုးသက်ရောက်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မဖြစ်သေးခင်အထိ အီးယူမှ မထွက်ခွာသင့်ကြောင်း ဘလဲက ထပ်လောင်းပြောကြားခဲ့သည်။

    “ဒီလူထုဆန္ဒခံယူပွဲနဲ့ပက်သက်ပြီး အထူးဆန်းဆုံးအချက်က ဘာကိုမှ တိတိကျကျမသိရသေးဘဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တာပါပဲ။ လူတွေ သူတို့ရဲ့အမြင်တွေ ဖော်ပြဖို့ တခြားနည်းလမ်းတွေ ဥပမာ လွှတ်တော် ဒါမှမဟုတ် ရွေးကောက်ပွဲ၊ နောက်ထပ် လူထုဆန္ဒခံယူပွဲ ရှိပါသေးတယ်” ဟု တိုနီဘလဲက ဆိုသည်။

    လက်ရှိတွင် ယူကေမှာ ဥရောပသမဂ္ဂမှ ထွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နေပြီး ကျွမ်းကျင်သူများကမူ ထိုသို့နှုတ်ထွက်ခြင်းက ယူကေ၏ စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေမည်ဟု သတိပေးထားသည်။

    Ref : Presstv

  • မြန်မာပြည်သား မွတ်စလင်မ် တစ်ယောက်ရဲ့ ဒုက္ခ

    မြန်မာပြည်သား မွတ်စလင်မ် တစ်ယောက်ရဲ့ ဒုက္ခ

    အောက်တိုဘာ၂၉ ၊ ၂၀၁၆
    ဘရန်ဆိုင်း ရေးသည်။

    မြန်မာနိုင်ငံသားမွတ်စ်လင်မ် တယောက် ကြုံနေရတဲ့ အခက်အခဲတချို့ကို ပြောကြည့်ချင်ပါတယ်။

    မွေးပြီဆိုတာနဲ့ ပထမဆုံး အိမ်ထောင်စု စာရင်းသွင်းဖို့တောင် ခက်ပါတယ်။

    အစိုးရကျောင်း စ တက်ပြီ ဆိုတာနဲ့ နေ့စဉ် ဘုရားရှိခိုးတဲ့ အခါ ငေါင်တောင်တောင်မို့ အတန်းသားချင်း ဘာသာကွဲပါလား ဆိုတဲ့ အသိကို ၀င်စေတယ်။

    တချို့သော ခွဲခြားမှုလေးတွေ စတင် ကြုံရတယ်။ ဆရာ ဆရာမဆိုးဆိုးနဲ့ တွေ့ရင် ကုလားလေးလို့ အမည်တပ်ခံရနိုင်တယ်။

    ဒါတွေလောက်က မဆန်းပါဘူးး နော နိုင်ငံတကာမှာလည်း ရှိနိုင်ပါတယ်။ ၁၀ နှစ်နောက်ပိုင်း ပိုသိသာလာတယ်။

    အခြားသူငယ်ချင်းတွေ ကျောင်းကို လာရိုက်ပေးတဲ့ နိုင်ကဒ် လုပ်နေချိန်မှာ သွေးနှောတွေ မပါဘူးး။ ဆိုတဲ့ စကားလုံးက ကိုယ့်ကိုကိုယ် မုန်းရတော့မလိုလို ဘာမှန်းမသိတဲ့ သွေးနှော ဆိုတာကြီးနဲ့ သိမ်ငယ်စိတ် ၀င်ရမလိုလို အားငယ်ရပါတယ်။

    တခါ မြို့နယ်သွားလုပ် ဆိုပြန်တော့ သူတို့ လုပ်မပေးနိုင်ဘူးး တိုင်းကို တင်ပြရမယ် ဆိုပြီး တင်လိုက်တာ အကြောင်းတောင် မပြန်တော့ပါဘူးး။

    ဒီလိုနဲ့ ဆယ်တန်းအောင် တက္ကသိုလ်ရောက် ဘွဲ့ရပြီ ဆိုကာမှ ဘွဲ့လက်မှတ်က ထုတ်မရတော့ပါဘူးး ၁၈ နှစ်ပြည့် နိုင်ကဒ် မရှိလို့ပါတဲ့။ ရှိအောင် ကြိုးစားခဲ့ပေမယ့် မရခဲ့တာလေ။

    ဘွဲလက်မှတ်မှ မရှိတာ သင်လာခဲ့သမျှ မင်္ဂလာဆောင် ဖိတ်စာမှာပဲ ရေးလို့ ရမယ် အသုံးမ၀င်တော့ပါဘူး။

    ခရီးသွားတိုင်း ရဲ လ၀က က ရစ်လို့ ရသွားပြီ ခိုးဝင်နဲ့ မသင်္ကာလို့ အချုပ်ထဲ ဆွဲသွင်းး အာမခံနဲ့ ငွေနဲ့မှ အဆင်ပြေမယ်။

    သွားချင်တဲ့ ဒေသတိုင်း သွားလို့ မရပါဘူးး ကန့်သတ်ထားတာတွေ ရှိတယ်။

    ဥပမာ ရခိုင်ပြည်နယ်ကို မွတ်စလင်မ် ၀င်လို့ မရဘူးး ထွက်လို့ မရဘူးး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းကနော်။
    အခုဆို ကုလားမ၀င်ရ ဆိုင်းဘုတ်တွေကြောင့် ပိုဆိုး လာပါပြီ။

    ယာဉ် ရပ်နားစခန်း အများစုမှာ မွတ်စလင်ဆိုင် မရှိပါဘူးး မပေးပါဘူး ပေးလည်း နှောင့်ယှက်ခံရလို့ ပြေးကြရတယ်။

    မွတ်စလင်က အစားအသောက်မှာ ရွေးရပါတယ် မစားတဲ့ အသား များတာကိုးး ခု နောက်ပိုင်း ဆိုင်တချို့ ၇၈၆ လည်း မတပ် ဟလ္လာဟ် လည်း မတပ် မွတ်ဆိုင်မှန်း မသိ ဖြစ်ရတယ် ဘာလို့ အဲသလို မတပ်သလဲ ဆိုတော့ နှောင့်ယှက် ခံရလို့ပါတဲ့ ၀က်သားလာမှာတယ် ဆဲတယ် ပြဿနာ ရှာတယ် တဲ့ …။

    ဗလီတွေ စာသင်ကျောင်းတွေကို နှောင့်ယှက်လာကြတယ် လူတိုင်းအသိပါ ။ပြဿနာ မဖြစ်ဖြစ်အောင် လုပ်နေကြသလိုပါပဲ။

    တချို့ကတော့ ကျယ်ရတုန်း ကျယ်မယ်ဟဲ့ ဆိုတဲ့ သဘော နေမှာပေါ့ ။တချို့က ပြောတယ် ဒါဆို တိုင်ပေါ့ တဲ့ ရယ်စရာကြီးပါ။

    ဘယ်သူက အရေးလုပ်မှာလဲ တိုင်သူတောင် အမှု ပြန်ပတ်ပါလိမ့်မယ်။ ဆန္ဒပြကြတဲ့ အဲဒါမှ အကုန် အကြမ်းဖက် ဆိုပြီး ပုံဖော်ခံရမှာ ။

    ပြောကြသူတွေဟာ လက်ရှိ အခြေအနေနဲ့ ကင်းကွာ နေကြသလိုပါပဲ။

    အရေးယူမယ့်သူ မရှိဘူးး ဥပဒေမရှိဘူးး ကြားက ပြောပေးမယ့်သူ မရှိပါဘူးး။

    တိုင်းရင်းသားကို စစ်တပ်က နှိပ်စက်တယ် ဆိုရင် နိုင်ငံသား မွတ်စလင်တွေကို ဥပဒေမဲ့ စော်ကားနေကြသူတွေက ဌာနဆိုင်ရာတွေ အပါအ၀င် မျိုးညစ်အုပ်စု ပဲ။

    အဲဒီ ဒုက္ခတွေကို ကျနော့် တ၀မ်းပဲကွဲတဲ့ ဗုဒ္ဓဘာသာဝင် ညီအကို မောင်နှမတွေ မခံစားရဘူး မသိကြပါဘူးး။

    အတူတူပါပဲ ဖိနှိပ်ခံရတယ် ဆိုတာ မှားနေတယ်။

    အချင်းချင်း ကြား ဘာမှ မဖြစ်ပေမယ့် ကျန်အချိန်မှာ သိသိသာသာ ခွဲခြားဖိနှိပ် ခံနေရတယ်။

    ဖိနှိပ်ခံရတာကို ဖိနှိပ်ခံရပါတယ်လို့ ပြောတာ မကြိုက်ရင်တော့။ ခများပါ ဖိနှိပ်လိုစိတ် ရှိလို့ပါပဲ။

    နောက်တချက် ပြောလက်စနဲ့ ဆက်ပြောလိုက်တော့မယ်။

    ဒီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ထက်ကြီးတာ ဂေါ်ဇီလာတောင် မရှိဘူး သူ့ဆီက အသံတချို့ ကြားချင်မိတာနဲ့ အစွန်းရောက် တဲ့လားး

    အံ့သြစရာပါပဲ ကျနော်တို့ ဘယ်သူ့ သွားတိုင်တည်ရမှာလဲ။

    အရင်က အာဏာမရသေးလို့ပါတဲ့ ဟုတ်ပါပြီ အခု အာဏာရပြီလေ။

    ဒေါ်စုမှာ တာဝန်ရှိတယ် ဗျ ဒီလမ်းက သူ ရွေးချယ်ခဲ့တဲ့လမ်း ၂၀၀၈ အောက်က ၀င်မယ် ဆိုတာ သူရွေးချယ်ခဲ့တာ ပြည်ထဲရေး မနိုင်လို့ပါလို့ လုပ်နေလို့ မရတော့ဘူးး နည်းလမ်းရှာရမယ်။

    ရွေ့နေတာပဲ မပြောနဲ့ မမီဘူး မပြောနဲ့ လက်ရှိ အခြေအနေတွေ အရ။

    ဘာသာရေး လူမျိုးရေး ခွဲခြားဖိနှိပ်မှု ဟာ ဒီထက် ပိုဆိုး လာစရာသာ ရှိတယ်

    မြေဇာပင်လို ဖြစ်နေတဲ့ ကျနော်တို့က ဘယ်အချိန်ထိ စောင့်နေရမှာလဲ။

    အကုန် ခိုးဝင်လို့ အော်ခံရတဲ့ အထိ မှတ်ပုံတင် မရှိဘဲ နေကြရမှာလား။

    ဘွဲ့ရပြီး အလုပ်မလုပ်ဘဲ တောင်းစားရမှာလားးး ဗလီတွေ ကျောင်းတွေ အကုန်ပိတ် ဖျက်ဆီး ခံရပြီး အထိ စောင့်နေရမှာလားး။

    ခင်ဗျားတို့ ကိုယ်ချင်းမစာတတ်တာကို အပြစ်မပြောလိုတော့ဘူးး

    အဖြစ်အပျက်တွေက နှစ်ပေါင်းများစွာ Brain wash လုပ်ခံခဲ့ကြရတာ။

    မွတ် ဆိုတာနဲ့ တချို့ ချာတိတ်တွေက နိုင်ငံခြားသား လိုလို ထင်ကုန်ကြပြီ။

    တခါတလေ မရေးချင်ပေမယ့် ခများတို့ရဲ့ စာနာစိတ်မရှိမှု ကြောင့် ရေးမိတယ်။

     

    ဆက်စပ် ဆောင်းပါးဖတ်ရန်

    သွေးနှော !