News @ M-Media

Blog

  • မူဆိုးလ်တွင် IS က အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှိနေ

    မူဆိုးလ်တွင် IS က အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှိနေ

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    iraq-10

    – IS ၏ နောက်ဆုံးခံတပ်ဖြစ်သော မူးဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ မြို့တောင်ဘက် IS က အရပ်သားများအား သတ်ဖြတ်ခဲ့သော ဒေသသို့ ရောက်ရှိရန် ကြိုးစားနေသည်ဟု သိရသည်။

    ဟာမန် အလ်-အာလီလ်ဆိုသည့်မြို့ဖြစ်ပြီး စစ်တပ်အား ကူညီမည်ကို ဟန့်တားရန်အတွက် IS က အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    အီရတ်စစ်တပ်၏ မူဆိုးလ်ထိုးစစ်မှာ ၁၁ ရက်ရှိလာခဲ့ပြီးဖြစ်ပြီး လက်ရှိတွင် အလ်-အာလီလ်မြို့အား သိမ်းပိုက်ရန် ကြိုးစားနေကာ IS ၏ လက်ဖြောင့်သေနတ်သမားများ၊ အသေခံကားဗုံးခွဲမှုများနှင့် ရင်ဆိုင်နေရသည်။

    ထို့မြို့တွင် IS မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင် ဒါဇင်နှင့်ချီသော အကျဉ်းသားများကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ အကျဉ်းသားများမှာ အီရတ်စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သည်။ အရပ်သားများနှင့် အကျဉ်းသားများကို ထိုကဲ့သို့ သတ်ဖြတ်မှုမှာ မူးဆိုးလ်ရှိပြည်သူများအား ခြိမ်းခြောက်ရန်အတွက်ဖြစ်သည်ဟု ယူဆရသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလီကမူ IS မှာ ပြီးခဲ့သည့် တစ်ပတ်အတွင်း မူဆိုးလ်မြို့ဝန်းကျင်တွင် အရပ်သားများစွာကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့၊ စွန်နီလူမျိုးစုတပ်ဖွဲ့၊ ရှီအာ ပြည်သူ့စစ်များပါဝင်သည့် အဆိုပါ ထိုးစစ်မှာ အောင်မြင်မှုများ ရရှိနေပြီး မူးဆိုးလ်မြို့ပတ်ဝန်းကျင်မှ မြို့ရွာအများအပြားကို ပြန်လည်သိမ်းယူနိုင်ခဲ့ကာ ယမန်နေ့က မြို့မှ ၄ ကီလိုမီတာသာ ဝေးသည့် ဖာဒီလီယာရွာအား သိမ်းယူနိုင်ခဲ့သည်။

    Ref: Aljazeera

  • မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    man-u

    – မန်ယူနည်းပြ မော်ရင်ဟိုမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ယှဉ်နိုင်သည်ဟု မန်ယူဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်ပြီး ယခုနှစ် ပရီးမီးယားလိဂ်ဆုဖလားအတွက်မူ မန်စီးတီးကို တစ်ပေးခဲ့သည်။

    ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ် ကွာဟနေသော်လည်း မန်ယူမှာ ယနေ့မနက်က ကစားခဲ့သည့် FA ဖလားတွင် မန်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဂွါဒီယိုလာ၏ အဆိုပါအရှုံးမှာ ပြိုင်ပွဲအားလုံးတွင် ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် ရလဒ်လည်း ဖြစ်သည်။

    ဖာဂူဆန်ကမူ ပရီးမီးယားလိဂ်ပြေးလမ်းရှိ အသင်း ၅ သင်းတွင် မန်စီးတီးမှာ ချန်ပီယံဆုရရှိရန် အဖြစ်နိုင်ဆုံးဟု ပြောကြားခဲ့ကာ မော်ရင်ဟိုမှာ ဂွါဒီယိုလာအား စိန်ခေါ်နိုင်သည်ဟု ဆိုသည်။

    “ဂွါဒီယိုလာရဲ့ အရည်အချင်းကို ငြင်းချက်ထုတ်စရာ မလိုပါဘူး။ ကွန်တီကလည်း ချယ်ဆီးကို လမ်းကြောင်းပေါ် ပြန်တင်ပေးတယ်။ ဒါပေမယ့် မော်ရင်ဟိုဟာ ဂွါဒီယိုလာကို ယှဉ်နိုင်မှာပါ။ သူဟာ မတူညီတဲ့ ကလပ်အသင်းနှစ်ခုနဲ့ ချန်ပီယံလိဂ်ဖလားကို ယူခဲ့ပြီး နိုင်ငံ ၃ နိုင်ငံက အမှတ်ပေးဖလားတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ရဲ့ အတွေ့အကြုံ၊ ပြိုင်ဆိုင်မှုတွက စိတ်လှုပ်ရှားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဖာဂူဆန်က Kicker သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ပါကစ္စတန်သံတမန်ကို သူလျှိုလုပ်မှုဖြင့် အိန္ဒိယ နှင်ထုတ်

    ပါကစ္စတန်သံတမန်ကို သူလျှိုလုပ်မှုဖြင့် အိန္ဒိယ နှင်ထုတ်

    အာက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    india-2

    – ဒေလီရှိ ပါကစ္စတန်သံရုံးမှ အကြီးတန်းကိုယ်စားလှယ်တစ်ဦးကို သူလျှိုလုပ်မှုအတွက် နိုင်ငံအတွင်းမှ နှင်ထုတ်သွားမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    အဆိုပါ ကိုယ်စားလှယ်မှာ မဟ်မွဒ် အက်ခ်တာရ်ဆိုသူဖြစ်ပြီး ၎င်းအား တိုင်းပြည်အတွင်းမှ နှင်ထုတ်သွားမည့်အကြောင်းကို ပါကစ္စတန်သံအမတ် အဘ်ဒူလ်ဘာဆစ်အား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာရ်က ယမန်နေ့တွင် ဆင့်ခေါ်ကာ အသိပေးခဲ့သည်။

    ဒေလီရဲတပ်ဖွဲ့ ရာဇ၀တ်မှုဆိုင်ရာမင်းကြီး ရာဗင်ဒရာ ယာဒက်ဗ်က အက်ခ်တာရ်ကို ယမန်နေ့က စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ပြီး အဆိုပါ စာရွက်စာတမ်းများတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက နယ်စပ်၌ တပ်ဖြန့်ချထားမှု သတင်းအချက်အလက်များ ပါဝင်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အက်ခ်တာရ်ကို ဒေလီတွင် ဖမ်းဆီးထားသည်ဟု ဆိုသည်။

    ရာဂျက်စတန်မှ လူနှစ်ဦးကိုလည်း လျှို့ဝှက်စာရွက်စာတမ်းများ အက်ခ်တာရ်ထံ ပေးပို့မှုဖြင့် ဖမ်းဆီးထားသည်။ အခ်တာရ်မှာ သံတမန်ဖြစ်သည့်အတွက် အရေးယူခံရခြင်းမှ ကင်းလွတ်မည်ဖြစ်သည်။

    “အက်ခ်တာရ်က ဂိုဏ်းချုပ်ပါ။ သူဟာ သူလျှိုလုပ်ဖို့၊ ပါကစ္စတန်ကို သတင်းအချက်အလက်တွေပေးဖို့ အိန္ဒိယနိုင်ငံသားတွေကို စည်းရုံးတယ်။ သူလျှိုလုပ်နေတာ တစ်နှစ်နဲ့ ၆ လလောက် ရှိပါပြီ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လွန်ခဲ့တဲ့ ၆ လလောက်က လိုက်နေတာပါ။ ကာကွယ်ရေးတပ်ဖြန့်ထားမှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေ၊ နယ်စပ်မြေပုံတွေ သိမ်းဆည်းရမိပါတယ်။ ပြီးတော့ တပ်ဖြန့်ထားတဲ့၊ ပြောင်းရွှေ့ထားတဲ့ ဒါမှမဟုတ် အနားယူထားတဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့စာရင်းလည်း သူတို့မှာ ရှိနေပါတယ်” ဟု ယာဒက်ဗ်က ပြောကြားခဲ့သည်။

    ဒေလီရှိ ပါကစ္စတန်သံရုံးကလည်း အက်ခ်တာရ်မှာ ၄၈ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်သွားရန် အမိန့်ပေးခံထားရသည်ဟု အတည်ပြုခဲ့သည်။

    ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ ကက်ရှ်မီးယားဒေသတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် တစ်ဖက်နှင့်တစ်ဖက် တင်းမာမှုများ ရှိနေပြီး ယခုကိစ္စမှာ ထိုအခြေအနေကို ပိုမို ဆိုးရွားသွားစေနိုင်သည်။

    Ref: Aljazeera

  • ဗာဒီနှင့် မဟ်ရက်ဇ်တို့ Ballon d’Or ဇကာတင်စာရင်းတွင် ပါဝင်မှုအတွက် ရာနီယေးရီ ဂုဏ်ယူ

    ဗာဒီနှင့် မဟ်ရက်ဇ်တို့ Ballon d’Or ဇကာတင်စာရင်းတွင် ပါဝင်မှုအတွက် ရာနီယေးရီ ဂုဏ်ယူ

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    vardy

    – အသင်းရှိ တိုက်စစ်မှူးများဖြစ်သော ရီယာ့ဒ်မဟ်ရက်ဇ်နှင့် ဗာဒီတို့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဇကာတင်စာရင်းတွင် ပါဝင်လာသည့်အတွက် ဂုဏ်ယူမိသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    မဟ်ရက်ဇ်နှင့် ဗာဒီတို့မှာ ပြီးခဲ့သည့်နှစ်က လက်စတာ၏ အံ့သြဖွယ် ပရီးမီးယားလိဂ် ချိန်ပီယံဖြစ်မှုတွင် အရေးပါသည့် ကစားသမားများ ဖြစ်ခဲ့ပြီး ယနေ့တွင် ထုတ်ပြန်ခဲ့သည့် Ballon d’Or ဇကာတင် အယောက် ၃၀ စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

    ဗာဒီမှာ ပြီးခဲ့သည့်နှစ်က ၂၄ ဂိုးသွင်းယူခဲ့ပြီး ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် စံချိန်ကိုလည်း ရရှိခဲ့သည်။ မဟ်ရက်ဇ်မှာလည်း ပရီးမီးယားလိဂ်တွင် ၁၇ ဂိုးသွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

    ရာနီယေးရီကမူ ၎င်းတို့ ထိုကဲ့သို့ အသိအမှတ်ပြုခံရမှုမှာ အသင်းအတွက် အထူးစပါယ်ရှယ် ဖြစ်သည်ဟု ဆိုသည်။

    “ဒီအောင်မြင်မှုက အကောင်းဆုံးထဲက တစ်ခုပါပဲ။ စကာတင်စာရင်းမှာ ထည့်သွင်းခံရတာကိုက အထူးစပါယ်ရှယ်ပါပဲ။ (သူတို့ရမလား၊ မရဘူးလား ဆိုတာကို) ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ရဖို့ မျှော်လင့်ပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ကလေးများ ခေါင်းပုံဖြတ်ခံရမှုကို တိုင်ကြားနိုင်မည့်ဖုန်းလိုင်း ဘင်္ဂလားဒေ့ရှ် စတင်

    ကလေးများ ခေါင်းပုံဖြတ်ခံရမှုကို တိုင်ကြားနိုင်မည့်ဖုန်းလိုင်း ဘင်္ဂလားဒေ့ရှ် စတင်

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    hasian

    – အကြမ်းဖက်မှု၊ ညှင်းပမ်းနှိပ်စက်ခံရမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရသော ကလေးငယ်များအား ကူညီပေးရန်အတွက် နိုင်ငံ၏ ပထမဆုံး အခမဲ့ဖုန်းလိုင်းကို ဘင်္ဂလားဒေ့ရှ်က စတင်လိုက်သည်ဟု သိရသည်။

    နံပါတ် ၁၀၉၈ ဖြစ်ပြီး Child Helpline ဟု အမည်ပေးထားသည့် အဆိုပါဖုန်းလိုင်းမှာ ကလေးငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း သို့မဟုတ် ကလေးငယ်များအား ကာကွယ်ပေးမှုဆိုင်ရာ အခြား ချို့ယွင်းချက်များအတွက် နိုင်ငံ၏ မည်သည့်နေရာမှမဆို ခေါ်ယူ သတင်းပေးပို့နိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ယူနီဆက်ဖ်တို့ ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ရှိခ်ဟာဆီနာကမူ ယနေ့တွင် အဆိုပါဖုန်းလိုင်းဖွင့်ပွဲအခမ်းအနားကို ဒါကာရှိ ၀န်ကြီးချုပ်နေအိမ်တွင် ပြုလုပ်ခဲ့သည်။

    “ဘင်္ဂလားဒေ့ရှ်ရဲ့ သတင်းအချက်အလက်နဲ့ နည်းပညာနယ်ပယ်မှာ တော်လှန်ရေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့တော့ ကလေးအခွင့်အရေးကာကွယ်ဖို့၊ ကလေးတွေရဲ့ အကျိုးစီးပွားကို ထိပ်ဆုံးဦးစားပေးဖြစ်ဖို့ Child Helpline – 1098 အစီအစဉ်ကို စတင်ခြင်းအားဖြင့် နောက်ထပ် နည်းပညာဆိုင်ရာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်ပါတယ်” ဟု ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားခဲ့သည်။

    “ဒီဝန်ဆောင်မှုကနေတစ်ဆင့် ကလေးငယ်တွေဟာ သူတို့ရဲ့ ပြဿနာတွေကို အမြင့်ဆုံးအာဏာပိုင်တွေဆီ တိုင်ကြားနိုင်တော့မှာဖြစ်ပြီး သူတို့လေးတွေရဲ့ တစ်ဦးချင်းလိုအပ်ချက်အတွက် စောင့်ရှောက်မှု ထောက်ပံ့မှုတွေကို ရရှိတော့မှာ ဖြစ်တဲ့အတွက် ကျွန်မ အရမ်းပဲ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေ၊ ကလေးတွေအတွက် ဖွံ့ဖြိုးရေးအစီအစဉ်အမျိုးမျိုးကို အကောင်အထည်ဖော်ရာမှာ အစိုးရကို ကူညီပေးတဲ့ ယူနီဆက်ဖ်ကိုလည်း ကျေးဖူးတင်ပါတ
    ယ်”

    Ref : The Daily Star