News @ M-Media

Blog

  • ” ဆရာကြီး “

    ” ဆရာကြီး “

    အောက်တိုဘာ ၂၅ ၊ ၂၀၁၆
    M-Media
    သဲတပွင့် ရေးသည်။

    1383881_3438480897530_682888451_n
    Credit- လဂွန်းအိမ်

    အဲဒီ မြို့လေးက ဗလီဝတ်ကျောင်းတော်ရဲ့ အိမာမ်ရှေ့ဆောင် ဆရာကြီး ကို မွတ်စလင်မ်တွေထဲက မော်လဝီဆပ်ကြီး ရယ်လို့ ခေါ်သူက ခေါ်ကြတယ်။

    အများစုသော မွတ်စလင်မ်တွေနဲ့ ကျန်ဘာသာဝင်များက တညီတညွတ်ထဲ ခေါ်ကြတာကတော့ “ဆရာကြီး”တဲ့။ (ကွယ်ရာမှာတော့ ဘယ်ဆရာကြီးကို ဆိုလိုတယ်ဆိုတာ ကွဲပြားဖို့လိုတဲ့ အခါမျိုးကျရင်တော့ ကုလားဆရာကြီး … ဗလီဆရာကြီး စသည်ဖြင့် ညွှန်းဆိုမှာပေါ့လေ။)

    ဆရာကြီးက ပါကစ္စတန် ဇာတိပါ။ မုတ်ဆိတ်ဖားဖားနဲ့ … အိမ်မှာနေရင် စွပ်ကျယ် လက်စက ဝတ်ပြီး အပြင်သွားရင် ကုရ်တာ အင်္ကျီရှည် ဝတ်တတ်သူပေါ့။

    မနက်စောစော ဆရာကြီး လမ်းလျှောက်ထွက်ရင် လမ်းသွားလမ်းလာ ဗုဒ္ဓဘာသာဝင်တွေက (ရဟန်း သံဃာများလိုပဲ) အရိပ်မနင်းမိအောင် လမ်းဘေးကပ် ရှောင်ကွင်းတတ်ကြပါတယ်။

    သစ်သီးဝလံ တစ်ခုခု ပေါ်ဦးပေါ်ဖျား အချိန်ရောက်ရင် သူတို့က ဆွမ်းတော်ကပ်၊ ဘုန်းကြီးကျောင်းလှူရင်းနဲ့ တစ်ဆက်တည်း ဆရာကြီးစားဖို့ဆိုကာ လက်ဆောင် လာပေးကြပါတယ်။

    ဆရာကြီးများ ခရီးသွားပြီဆို ကားပေါ်မှာ၊ သင်္ဘောပေါ်မှာ “သံဃာတော်များသာ” ဆိုတဲ့ နေရာမှာ ရဟန်းသံဃာတော်တွေနဲ့အတူ စကားလက်ဆုံကျရင်း အတူ ထိုင်ရပါတယ်တဲ့။

    ဒီလိုတွေပြောလို့ ဒဏ္ဍာရီ ယုံတမ်းစကားတွေ … လက်တွေ့မကျတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက ဇာတ်လမ်းကောင်း Utopia လို့ ထင်သူက ထင်မယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ဖဆပလခေတ်က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရှိ ညောင်တုန်းမြို့ရဲ့ ဖြစ်ရပ်မှန်ပါ။ တခြားလည်း အလားတူဖြစ်ရပ်တွေ အများကြီး ရှိနိုင်ပါတယ်။

    ဘာသာခြားတွေက ဒီလို သဘောထားတယ်ဆိုတော့ အံ့သြကောင်း အံ့သြမယ်။ ကျွန်တော်တောင် ဒီအကြောင်း စကြားရတော့ မယုံချင့်ယုံချင်။

    ဒါပေမယ့် ဆရာကြီးကရော ပတ်ဝန်းကျင်ကို ဘယ်လိုသဘောထားလဲဆိုတာ သိရတော့ ဒါက ထူးဆန်းအံ့ဖွယ် မဟုတ်တော့တာ။

    ဆရာကြီးကို ဒီလို ကြည်ညိုကြတာရဲ့ အကြောင်ရင်းတွေထဲမှာ မိုးဆုပန်ခြင်းက အရေးကြီးတဲ့ တစ်ချက်ပေါ့။ မိုးရွာသင့်တဲ့ကာလ မိုးခေါင်နေတယ်ဆို ဆရာကြီးက ဦးဆောင်ပြီး သောကြာနေ့ ဗလီမှာ ဆွလားသ် ဝတ်ပြုအပြီးမှာ မြို့ရဲ့ မြစ်ဆိပ် ကွင်းပြင်ကျယ်ကို အားလုံးအတူသွားပြီး မိုးဆုပန် ဆွလားသ် ဝတ်ပြုဆောက်တည်ကြတယ်တဲ့။ ဆွလားသ်အပြီး အိမ်ပြန်မရောက်ခင် မိုးသားတက်လာပြီး မကြာခင် မိုးရွာတာက အားလုံး ပြောစမှတ် ပြုကြရတယ်ဆိုပဲ။ (မန္တလေးမှာလည်း မင်းတုန်းမင်းလက်ထက်က မင်းချီးမြှောက်ခံမော်လဝီဆပ်ကြီးတစ်ပါးဆိုလည်း မိုးဆုပန် ဆရာကြီးရယ်လို့တောင် အမည်တွင်ခဲ့ပါတယ်။)

    နောက်အချက်ကတော့ ဆရာကြီးတာဝန်ယူတဲ့ ဗလီနဲ့ တွဲရက်ရှိတဲ့ ကျောင်းအတွက်ကြောင့်ပါ။ အဲဒီကျောင်းက ကျောင်းအမည်ကိုက Muslim School ပါတဲ့။ ဒါပေမယ့် ပြည်သူပိုင်တွေ မသိမ်းခင် ပညာရေး လွတ်လပ်တဲ့ကာလဖြစ်လို့ ဒီကျောင်းလေးဟာ ဘာသာရေး စာသင်ကျောင်းသက်သက်မဟုတ်ဘဲ လူမျိုးဘာသာမရွေး မည်သူမဆို တက်ရောက်လို့ရတဲ့ အတန်းကျောင်း (သို့မဟုတ်) ခေတ်ပညာသင်ကျောင်းအဖြစ် တစ်နေကုန် ဖွင့်ပြီး ညနေဘက်ကျမှ မွတ်စလင်မ်တို့အတွက် သီးသန့် ဘာသာရေး ဒီနီယာသ် သင်ခန်းစာတွေ သင်တဲ့ကျောင်းလေးပါ။ ဆိုတော့ကာ နိစ္စဓူဝ ကျောင်းကို လာသွားနေကြတဲ့ ဘာသာခြား မိဘတွေ ကျောင်းသားတွေနဲ့ တရင်းတနှီး ရှိလေသပေါ့။ ဆရာကြီးကလည်း တသီးတခြား ခပ်တည်တည် မနေဘဲ အားလုံးကို ဖော်ဖော်ရွေရွေ ပြုံးရွှင်ချိုသာစွာ တလေးတစားနဲ့ ဧည့်ဝတ်ပြုတတ်တော့ ဆရာကြီးကိုလည်း အများက လေးစားကြတာပေါ့။

    တစ်ခါကများဆို နေ့ဘက် သိပ္ပံသင်တဲ့ဆရာက ဝက်အကြောင်း သင်ခန်းစာသင်ထားပြီး သင်ပုန်းပေါ်မှာ ဝက်ပုံကြီးဆွဲထား … စာတွေရေးထား … ညနေရောက်တော့ ဆရာကြီးက သူ့ရဲ့ မွတ်စလင်မ်ကျောင်းသားတွေကို ဘာသာရေးသင်ခန်းစာသင်ဖို့ စာသင်ခန်းထဲဝင်တဲ့အထိ အဲဒါတွေက မဖျက်ရသေးတော့ ဟက်ဟက်ပက်ပက် ရယ်ပါသတဲ့။ တစ်ဆက်တည်းမှာပဲ ဝက်သားကို အစ္စလာမ်က ဘာကြောင့် မစားခိုင်းတယ် ထင်သလဲဆိုတဲ့အကြောင်း ကျောင်းသားတွေနဲ့ ဆွေးနွေးပါတယ်တဲ့။

    ဆရာကြီးက လူကြီးလူငယ် ဘယ်သူနဲ့မဆို ဖော်ဖော်ရွေရွေ လေးစားသမှုနဲ့ “ခင်ဗျား … ကျွန်တော်” နဲ့ပဲ ပြောပါတယ်။ သူ့ရဲ့ကျောင်းသား မွတ်စလင်မ်လူငယ်တွေကို ခင်ဗျားတို့က ဗမာနိုင်ငံသား … ကျွန်တော်နဲ့ မတူဘူး … ဒီတော့ ဗမာစာ ဗမာစကား ကောင်းကောင်းတတ်အောင် သင်ကြပါ။ ဒီမြေကို ချစ်ကြပါလို့ သွန်သင်တတ်သူ။

    အဲဒီခေတ်က ခုနစ်တန်းအောင်ရင် ဆရာဖြစ်သင်တန်းတက်ပြီး ကျောင်းဆရာ ဆရာမအဖြစ် အလုပ်လုပ်နိုင်တဲ့ခေတ်ပါ။ ဆရာကြီးက သူ့ကျောင်းသားတွေကို တက္ကသိုလ်ထိ ဆက်တက်ကြဖို့ ကြိုးစားကြဖို့ အမြဲ တိုက်တွန်းတတ်ပါတယ်။ ဒါ့အပြင် ငွေကြေးအရ အခက်ခဲရှိသူတွေကိုလည်း တတ်နိုင်သူတို့ထံ အပ်နှံပြီး ကျောင်းဆက်တက်နိုင်ဖို့ ကူညီ ပံ့ပိုးပေးတတ်ပါတယ်။

    ကျွန်တော့်ဖခင်နဲ့ အဒေါ်တွေဟာ ဆရာကြီးရဲ့ တိုက်တွန်းမှု၊ သွန်သင်မှုကြောင့် ဘွဲ့ရကြတာပါ။

    နောက်တစ်ချက်က နွေရာသီ အားလပ်ရက်တွေမှာ ဗလီကနေ ကြေညာပြီး လုပ်အားပေး အစီအစဉ် ဆွဲတတ်ပါတယ်တဲ့။ မိုးရာသီရောက်ရင် ရေစီးရေလာ ကောင်းစေဖို့ ဗလီဝန်းကျင် ပတ်ပတ်လည် လမ်းတွေကို (မှတ်ချက် … ဗလီရှေ့တည့်တည့် တစ်ကွက်စာ မဟုတ်ပါ။) မြောင်းတွေ ပြန်လည် တူးဖော်ဖို့ သူ့ရဲ့ မွတ်စလင်မ် ကျောင်းသားကြီးတွေနဲ့ စီစဉ်တတ်ပါတယ်။ ဒီအခါမျိုးမှာ ပတ်ဝန်းကျင် လူမျိုးဘာသာမရွေးကလည်း အတူတကွ လုပ်အားကုသိုလ် ယူကြပါတယ်တဲ့။

    ဘာသာရေးဆောက်တည်မှုအရ ကျင့်ရန်ကျဉ်ရန်တွေ ဆောင်ရန် ရှောင်ရန်တွေ သင်ကြားပေးရင်းနဲ့ “ပြုံးရွှင်ချိုသာစွာ ဆက်ဆံတယ်ဆိုတာ ဆွဒကဟ် အလှူဒါန ပြုရာရောက်ကြောင်း၊ လမ်းပေါ်က ဆူးညှောင့်ခလုတ် ဖယ်တယ်ဆိုတာက အီမာန် – သာသနာ့ယုံကြည်မှုရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း” ဒါတွေကိုလည်း တဖွဖွ သွန်သင်တတ်ပါတယ်တဲ့။
    တစ်ဦးမေတ္တာ တစ်ဦးမှာပါ။ လေးစားအတုယူကြစရာပါ။

    Once upon a time တစ်ခါတုန်းကပေါ့လေ။ ခေတ်တွေလည်း ပြောင်းခဲ့ပြီကိုး။

  • မောင်တော စစ်ဆင်ရေးတွင် ဒေသခံမွတ်စလင်များ မောင်းထုတ်ခံနေဟု Reuters သတင်းဌာန ဖော်ပြ

    မောင်တော စစ်ဆင်ရေးတွင် ဒေသခံမွတ်စလင်များ မောင်းထုတ်ခံနေဟု Reuters သတင်းဌာန ဖော်ပြ

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    rcom-default

    – အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှုနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပြုလုပ်နေသည့် စစ်ဆင်ရေးအတွင်း ဒေသခံ မွတ်စလင်များမှာ မောင်းထုတ်ခံရခြင်းများ ရှိနေသည်ဟု မိမိတို့၏ စုံစမ်းမှုများအရ သိရကြောင်း Retures သတင်းဌာနက ဖော်ပြခဲ့သည်။

    သတင်းဌာနမှာ ထိုဒေသရှိ ရင်းမြစ်လေးခုသို့ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့က နယ်ခြားစောင့်တပ်ဖွဲ့များမှာ ကျီးကန်ပြင်ရွာသို့ ၀င်ရောက်လာခဲ့ကာ ရွာသား ၂၀၀၀ ခန့်ကို ရွာမှထွက်ခွာရန် အမိန့်ပေးပြီး ၎င်းတို့၏ ပစ္စည်းများ သိမ်းဆည်ရန်မျှသာ အချိန်ပေးခဲ့သည်ဟု ထိုရင်းမြစ်များက ပြောကြားခဲ့သည်။

    “မနေ့ကနေ့လယ်ပိုင်းမှာ မောင်းထုတ်ခံလိုက်ရပြီး အခုအချိန်မှာ ကျွန်တော့် မိသားစုအပါအ၀င် လူ ၂၀၀ လောက်ဟာ ရွာပြင်က လယ်ကွင်းတွေထဲမှာ နေနေရပါတယ်။ ကျွန်တော် အိမ်မဲ့ယာမဲ့ ဖြစ်သွားပါပြီ” ဟု ကျီးကန်ပြင်ရွာမှ မွတ်စလင်ရွာသား တစ်ဦးက ပြောကြားခဲ့သည်။

    “စစ်သားတွေ ကျွန်တော်တို့ရွာကိုရောက်လာပြီး ကျွန်တော်တို့မသွားရင် ပစ်သတ်မယ်လို့ပြောပါတယ်”

    အခြားမျက်မြင် သက်သေတစ်ဦးနှင့် မောင်တောတွင်နေထိုင်ပြီး ထိုဒေသအတွင်းရှိ သတင်းအချက်အလက်များကို ရယူနေသော ရပ်ရွာခေါင်းဆောင် နှစ်ဦးတို့ကလည်း ထိုပြောကြားမှုမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး ရွာသား ၂၀၀၀ ခန့်မှာ နေအိမ်များမှ မောင်းထုတ် ခံလိုက်ရသည်ဟု ဆိုသည်။

    ရွာသားတစ်ချို့မှာ ပတ်ဝန်းကျင်ရွာများတွင် ခိုလှုံနေရသော်လည်း ရာပေါင်းများစွာမှာ ယမန်နေ့ညကို စပါးကွင်းများထဲတွင် ပုန်းရှောင်ကာ ကုန်လွန်ခဲ့ရသည်။ ၎င်းတို့မှာ ရောက်တက်ရာရာ သွားလာနေကြပြီး နေထိုင်စရာနေရာ မတွေ့သေးဟု ဆိုသည်။

    မြန်မာအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ကျော်ကမူ ထိုဒေသမှာ စစ်ဆင်ရေးပြုလုပ်နေသည့် ‘အနီရောင်ဇုန်’ ဖြစ်သည့် အတွက်ကြောင့် အစိုးရအနေဖြင့် ထိုဒေသရှိ မည်သူနှင့်မှ ဆက်သွယ်၍ မရဟု ပြောကြားခဲ့သည်။

    “မွတ်စလင်အမျိုးသားတစ်ယောက်ကာ ဒီနေ့မနက်မှာ ဖုန်းခေါ်ခဲ့ပြီး သူတို့တွေ နေအိမ်ကနေ မောင်းထုတ်ခံရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီသတင်းကို အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

    စစ်တပ်ကလည်း မှတ်ချက်ပေးရန် ဆက်သွယ်မှုကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    တက်ကြွလှုပ်ရှားသူများ ဆိုရှယ်မီဒီယာတွင် လွှင့်တင်သည့် ဗီဒီယိုများ၌ ရွာသားများမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ကျွဲနွားများကို သယ်ဆောင်ကာ အခြားရွာသို့ သွားရောက်မှု၊ စစ်တပ်က ရွာအတွင်း နေအိမ်များမှ မောင်းထုတ်နေခြင်းကို ကြည့်ရှုမှု စသည်တို့ကို တွေ့ရသည်။

    မွတ်ဆလင်မ်ရွာတွေမှာ အစိုးရတပ်ဘက်က ရွာသားတွေကို နှင်ထုတ်တာတွေ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာမျိုးတွေ စတဲ့ ကျူးလွန်မှုမျိုးတွေ ပြုလုပ်နေ သလား ဆိုပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦးကို ဘီဘီစီက မေးမြန်း ရာမှာတော့ အဲဒီ့ ဝန်ကြီးက ငြင်းဆို ပါတယ်။ အစစ်ဆေး မခံရဲလို့ ထွက်ပြေးကြသူတွေ ဖြစ်လိမ့်မယ်လို့လည်း မှတ်ချက်ချကြောင်း BBC မြန်မာပိုင်း သတင်းတပုဒ်မှာ ဖော်ပြပါသည်။

    ဘင်္ဂလားဒေ့ရှ်နှင့် နီးစပ်နေသည့် မောင်တောမြို့နယ်တစ်ဝိုက်ရှိ ဒေသများကို စစ်တပ်က ပိတ်ထားသောကြောင့် ဂျာနယ်လစ်များ၊ အကူအညီပေးရေးအဖွဲ့များ ၀င်ရောက်ခွင့်မရပေ။

    Ref: Aljazeera

  • အိန္ဒိယနာမည်ကြီးဗလီတွင် အမျိုးသမီးဝင်ရောက်ခွင့် ပိတ်ပင်မှုကို ဖျက်သိမ်းမည်

    အိန္ဒိယနာမည်ကြီးဗလီတွင် အမျိုးသမီးဝင်ရောက်ခွင့် ပိတ်ပင်မှုကို ဖျက်သိမ်းမည်

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    haji-ali

    – အိန္ဒိယနိုင်ငံရှိ နာမည်ကြီး ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဗလီရှိ သူတော်စဉ်တစ်ဦး၏ ဂူဗိမာန်နားသို့ အမျိုးသမီးများ ၀င်ရောက်ခွင့် တားမြစ်ထားမှုကို ပယ်ဖျက်ပေးရန် သဘောတူညီခဲ့သည်ဟု သိရသည်။

    မွမ်ဘိုင်းရှိ ဟာဂျီအလီ ဒရ်ဂါဗလီဝတ်ကျောင်းတော် ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက သူတော်စဉ်ကြီး၏ ဂူဗိမာန်အခန်းအတွင်းသို့ အမျိုးသမီးများ ၀င်ရောက်ခွင့်ကို ကန့်သတ်ခဲ့ကာ ထို့သို့လာရောက်မှုမှာ အပြစ်ဖြစ်သည်ဟု ဂေါပကအဖွဲ့က ပြောကြားခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် မွတ်စလင်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထိုကန့်သတ်မှုကို ပယ်ဖျက်ပေးရန် တရားရုံးတွင် လျှောက်ထားခဲ့ကြပြီး သြဂုတ်လတွင် တရားရုံးက ထိုသို့ ကန့်သတ်ထားမှုမှာ အခြေခံဥပဒေရှိ တန်းတူညီမျှ အခွင့်အရေးကို ချိုးဖောက်မှုဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။

    ဗလီဂေါပကအဖွဲ့ကမူ တရားရုံးချုပ်သို့ အယူခံဝင်ခဲ့ပြီး ယနေ့တွင် ထိုကန့်သတ်မှုကို ဖျက်သိမ်းပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတော်စဉ်ကြီး၏ ဂူဗိမာန်အတွင်းသို့ အမျိုးသမီးများ ၀င်ရောက်နိုင်ရေး သီးသန့်ဝင်ပေါက်တစ်ခုကို ပြုလုပ်ရန် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်မည်ဟု ပြောကြားခဲ့သည်။

    မွတ်စလင်အမျိုးသမီး လူ့အခွင့်အရေးအဖွဲ့များကမူ ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ကျား၊ မ ခွဲခြားကန့်သတ်မှုများ ရှိနေသည့် ၀တ်ပြုရာနေရာများအား ဖိအားပေးနိုင်မည့် အောင်မြင်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်သာသနာဟာ တန်းတူညီမျှဖြစ်မှု၊ ဒီမိုကရေစီနဲ့ အမျိုးသမီးအခွင့်အရေးတွေ ပေးထားတဲ့ သာသနာဖြစ်တယ်ဆိုတဲ့ ကျွန်မတို့ယုံကြည်ထားတဲ့ အစ္စလာမ့်တန်ဖိုးတွေကို ပြန်လည်ရရှိလိုက်တာဖြစ်ပါတယ်” ဟု အိန္ဒိယရှိ မွတ်စလင်အမျိုးသမီအခွင့်အရေးအတွက် လှုပ်ရှားနေသည့် Bharatiya Muslim Mahila Andolan အဖွဲ့ကို ပူးတွဲတည်ထောင်သည့် နူရ်ဂျဟန်း နီယက်ဇ်က ပြောကြားခဲ့သည်။

    နီယက်ဇ်မှာ ဟာဂျီအလီ ဒရ်ဂါဗလီ ဂေါပကအဖွဲ့ကို တရားစွဲဆိုရန် လက်မှတ်ရေးထိုးခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

    အိန္ဒိယနိုင်ငံတွင် လူမျိုးရေး ဓလေ့ထုံးတမ်းများကြောင့် အမျိုးသမီးများကို ဘာသာရေး အထွဋ်အမြတ်ထားရာ နေရာများသို့ ၀င်ရောက်ခွင့်မပြုသည့် အခြေအနေများ ရှိနေပြီး ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများမှာ ဘုရားကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များအား ၀င်ရောက်ခွင့်ရရေးအတွက် လှုပ်ရှားမှုများကို ယခုနောက်ပိုင်းတွင် တိုးမြှင့်လုပ်ဆောင်လာကြသည်။

    ဇန်န၀ါရီလကလည်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုသို့ ၀င်ရောက်ခွင့်ရရေးအတွက် အမျိုးသမီးရာပေါင်းမျာစွာမှာ ချီတက်ဆန္ဒပြခဲ့ကြပြီ၊ ထိုတားမြစ်ချက်ကို ပယ်ဖျက်ရေး မွမ်ဘိုင်း တရားရုံးသို့ ရောက်ရှိသည်အထိ ဖြစ်ခဲ့သည်။

    ဟာဂျီအလီ ဒရ်ဂါ ဗလီဝတ်ကျာင်းတော်မှာ မွန်ဘိုင်းမြို့၏ အထင်ကရ အမှတ်အသားများထဲမှ တစ်ခုလည်းဖြစ်ပြီး မွတ်စလင်များသာမကဘဲ ဟိန္ဒူဘာသာဝင်များ၊ ကမ္ဘာလှည့်ခရီးသွားများ တစ်ပတ်လျှင် သောင်းနှင့်ချီ လာရောက်လည်ပတ်ကြသည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ဥစ္စာပစ္စည်းများကို စွန့်လွှတ်၍ မက္ကာဟ်သို့ ဟဂ်ျပြုရန် သွားရောက်သည့် မွတ်စလင်သူကြွယ်တစ်ဦးကို အမှတ်ရသည့်အနေဖြင့် ၁၅ ရာစုတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော

    ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    pogba-2

    – အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ပေါ့ဘာမှာ စိတ်ရှုပ်ထွေးနေပုံရသည်ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပြီး မော်ရင်ဟိုမှာ မန်ယူအတွက် ဂုဏ်သိက္ခာများ ပြန်လည် ဆောင်ကျဉ်းပေးနိုင်မည်ဟု ဆိုသည်။

    မော်ရင်ဟိုမှာ ယမန်နေ့က မန်ယူနည်းပြအဖြစ် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပထမဆုံး သွားရောက် ရင်ဆိုင်ရခြင်းဖြစ်ပြီး ရလဒ်မကောင်းခဲ့ဘဲ ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ပေါ့ဘာမှာလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ထိုက်တန်သည့်ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပေ။

    “ပေါ့ဘာဟာ စိတ်ရှုပ်ထွေးနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ပြောင်းရွှေ့ကြေး မြင့်မားစွာနဲ့ပြောင်းလာတဲ့သူ့ကို မနေ့က ကျွန်တော်ကြည့်ရတာဟာ သူ့မှာ အခက်အခဲ ရှိနေပုံပါပဲ။ အန်ဖီးလ်မှာလည်း နံပါတ် ၁၀ နေရာကနေ ကစားခဲ့တာ အဆင်မပြေပါဘူး။ ဂျိုဆေးမော်ရင်ဟိုအနေနဲ့ အခုအချိန်မှာ သူ့ကို အသင်းနဲ့ အံကျဖြစ်အောင် နည်းလမ်းရှာဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလောက် ငွေကြေးအများကြီးနဲ့ ကစားသမားတစ်ဦးကို ခေါ်ထားပြီဆိုရင် သူ အံဝင်ဖို့တော့ တစ်နည်းနည်းနဲ့ လုပ်ဆောင်ရမှာပါ” ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။

    ယခုအရှုံးမှာ မန်ယူအတွက် ပရီးမီးယားလိဂ် ၃ ပွဲမြောက်အရှုံးဖြစ်ပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ်အကွာ အဆင့် ၇ နေရာတွင် ရှိနေသည်။

    Ref : Goal

  • မူဆိုးလ်ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့ တင်းမာမှု မြင့်တက်

    မူဆိုးလ်ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့ တင်းမာမှု မြင့်တက်

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    turkey-2

    – IS များ သိမ်းပိုက်ထားသည့် မူဆိုးလ်မြို့အား ပြန်လည်ရယူနိုင်ရေး အီရတ်စစ်တပ်က ပြုလုပ်နေသည့် ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့အကြား တင်းမာမှုများ မြင့်တက်လာသည်ဟု သိရသည်။

    နိုင်ငံအတွင်းရှိ တူရကီတပ်ဖွဲ့များအား ထွက်ခွာပေးရန် အီရတ်က အလိုရှိနေသော်လည်း တူရကီက လက်မခံသောကြာင့် တင်းမာမှုရှိနေချိန်တွင် ယမန်နေ့က ထိုးစစ်တွင် ပါဝင်နေသည့် ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ တောင်းဆိုမှုကြောင့် မူဆိုးလ်မြို့မြောက်ပိုင်းအနီး IS ပစ်မှတ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီးနောက် တင်းမာမှု အရှိန်မြင့်တက်လာခြင်းဖြစ်သည်။

    အီရတ်၏ ပူးတွဲစစ်ဆင်ရေးဌာနချုပ်ကမူ တူရကီ၏ ထိုပြောကြားမှုကို ယနေ့တွင် ငြင်းဆိုခဲ့သည်။

    သို့သော်လည်း ယနေ့နှောင်းပိုင်းတွင် တူရကီနိုင်ငံခြားရေးဝန်ကြီးက ထိုးစစ်စတင်ပြီးနောက်ပိုင်း မိမိတို့၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် IS အကြမ်းဖက်သမား ၁၇ ဦး သေဆုံးခဲ့ကာ F16 တိုက်လေယာဉ်များကလည်း ထိုစစ်ဆင်ရေးတွင် ပါဝင်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံတောင်ပိုင်းတွင် တူရကီတပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀ ခန့်ရှိနေပြီး IS အကြမ်းဖက်အဖွဲ့အား တိုက်ဖျက်ရေးအတွက် နောက်ထပ်တစ်နှစ် ဆက်နေရန် တူရကီပါလီမန်က ပြီးခဲ့သည့်လတွင် ဆုံးဖြတ်ခဲ့သည်။

    အီရတ်စစ်ပွဲတွင် ပါဝင်နေသည့် ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ ခေါင်းဆောင် မဆူဒ် ဘာရ်ဇာနီမှာ တူရကီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး ၎င်းတို့ဒေသဖြစ်သော့ ကာ့ဒ်ဒေသတွင် တူရကီတပ်များ ဆက်ရှိနေရန် သဘောတူခဲ့သည်။

    Ref : Aljazeera