News @ M-Media

Blog

  • လက်ဘနွန်တွင် ပြည်သူများက ဘဏ်အပ်ငွေများကို လက်နက်ကိုင်ကာ ၀င်ထုတ်မှု ဖြစ်နေ

    လက်ဘနွန်တွင် ပြည်သူများက ဘဏ်အပ်ငွေများကို လက်နက်ကိုင်ကာ ၀င်ထုတ်မှု ဖြစ်နေ

    စက်တင်ဘာ ၁၆၊ ၂၀၂၂
    M-Media

    -လက်ဘနွန်နိုင်ငံမှာ ပြည်သူတွေက သူတို့အပ်ထားတဲ့ ငွေကြေးတွေကို ဘဏ်တွေမှာ လက်နက်ကိုင်ပြီး ခြိမ်းခြောက် ၀င်ထုတ်မှုတွေ ဖြစ်ပွားနေပါတယ်။

    ဒီကနေ့ တစ်ရက်တည်းမှာပဲ ဘဏ် ၈ ခုမှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာ စီးပွားရေးအကြပ်အတည်းကြောင့် ဘဏ်တွေက ငွေကိုအကန့်အသတ်နဲ့သာ ထုတ်ပေးနေတာပါ။

    နိုင်ငံခြားက၀င်လာတဲ့ ဒေါ်လာတွေကိုလည်း လက်ဘနွန်ငွေကြေးနဲ့ လဲပြီးမှာသာ ထုတ်ပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။ ဘဏ်ကပေးတဲ့ ငွေလဲနှုန်းဟာ အပြင်ကနှုန်းထက် အများကြီး နည်းပါတယ်။

    အပ်ထားတဲ့ငွေတွေကို လက်နက်ကိုင်ပြီး ၀င်ထုတ်ရာမှာ တစ်ချို့တွေက သေနတ်အစစ်မဟုတ်ဘဲ အရုပ်သေနတ်တွေကို အသုံးပြုတာတွေလည်း ရှိပါတယ်။

    နိုင်ငံတောင်ပိုင်း ဂါဇီဒေသမှာဆိုရင် အမျိုးသားတစ်ဦးက သူအပ်ထားတဲ့ ဒေါ်လာ ၁၉၂၀၀ ကို အရုပ်သေနတ်ကိုင်ကာ ထုတ်ယူခဲ့ပြီး ပိုက်ဆံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့ပါတယ်။

    လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် လက်ဘနွန်ဘဏ်တွေဟာ လာမယ့်တစ်ပတ်မှာ အနည်းဆုံး ၃ ရက်အထိ ပိတ်ထားဖို့ စီစဥ်နေပါတယ်။

    Ref: Aljazeera

  • အိန္ဒိယတွင် ဒါလစ်ဇာတ်နိမ့်ညီအမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရ

    အိန္ဒိယတွင် ဒါလစ်ဇာတ်နိမ့်ညီအမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရ

    စက်တင်ဘာ ၁၅၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်ဟင်ပူရ် ခရိုင်မှာ ဟိန္ဒူဇာတ်နိမ့် ညီအမနှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှူ ဖြစ်ပွားခဲ့ပြီး ရာဇ၀တ်ကောင်တွေအပေါ် အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ၀ေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

    ညီအမနှစ်နှစ်ဦးရဲ့ အလောင်းတွေကို သစ်ပင်တစ်ပင်မှာ တွဲလောင်းချည်ထားတာကို ဗုဒ္ဓဟူးနေ့မှာ ရွာသားတွေက တွေခဲ့ကြတာပါ။

    ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အသတ်ခံရသူ ညီအစ်မနှစ်ဦးစလုံးဟာ အသက် ၁၈ နှစ်အောက်သာ ရှိပါသေးတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဒါလစ်ဇာနိမ့်တွေဟာ ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို ပိုမိုခံစားလာရပါတယ်။

    ၂၀၂၀ ခုနှစ်ကလည်း အူတာပရာဒက်ရှ်ပြည်နယ် ဟက်သရာခရိုင်မှာ အသက် ၁၉ နှစ်အရွယ် ဒါလစ်အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပြီး အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု မရှိတဲ့အတွက် နိုင်ငံတစ်၀ှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

    အခုကိစ္စမှာ အသတ်ခံရသူတွေဟာ ကျူးလွန်သူတွေနဲ့ ရင်းနှီးတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ကျန်ရစ်တဲ့ မိသားစု၀င်တွေက ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မှားယွင်းပြီး ညီအစ်အမ နှစ်ဦးစလုံး ပြန်ပေးဆွဲ ခံခဲ့ရတာလို့ ပြောပါတယ်။

    ကျူးလွန်သူတွေဟာ မိန်းကလေးငယ်နှစ်ယောက်ကို သကြားခင်းထဲ ခေါ်ဆောင်ကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး အလောင်းကို ကိုယ့်ကိုယ် ကြိုးစွဲချတဲ့ပုံစံ သစ်ပင်မှာ ချည်ထားခဲ့တာ ဖြစ်ပါတယ်။

    Ref: BBC

  • မြန်မာစစ်တပ်၏ စစ်ရာဇ၀တ်မှုဆိုင်ရာ ဆက်စပ်အချက်အလက်များကို Facebook က ကုလကို လွှဲပြောင်းပေးအပ်

    မြန်မာစစ်တပ်၏ စစ်ရာဇ၀တ်မှုဆိုင်ရာ ဆက်စပ်အချက်အလက်များကို Facebook က ကုလကို လွှဲပြောင်းပေးအပ်

    စက်တင်ဘာ ၁၄၊ ၂၀၂၂
    M-Media

    -မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် စစ်ရာဇ၀တ်မှုနဲ့
    လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အထောက်အပံ့ဖြစ်စေမယ့် အချက်အလက်တွေကို Facebook က ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ပေးအပ်လိုက်ပါတယ်။

    ကုလသမဂ္ဂဟာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကို ဖွဲ့စည်းပြီး ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအေပါ် ဖိနှိပ်သတ်ဖြတ်မှုကို စုံစမ်းနေတာပါ။

    IIMM အဖွဲ့ အကြီးအကဲ နီကိုလက်စ် ကူမီဂျန်က ရိုဟင်ဂျာတွေရဲ့ အမှတ်သညာနဲ့ပတ်သက်ပြီး ပုံဖျက်ရေးသားမှုအတွက် ဖယ်ရှားခဲ့တဲ့ အကောင့်တွေက သန်းနဲ့ချီတဲ့ အချက်အလက်တွေကို Facebook က သူတို့အဖွဲ့ထံ ပေးအပ်ခဲ့တယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်မှုအတွက် သက်ဆိုင်သူတွေကို အရေးယူနိုင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ပြောကြားထားပါတယ်။

    ကူမီဂျန်က နိုင်ငံတကာ တရားရေးဆိုင်ရာ တာ၀န်ရှိသူတွေကို ပေးအပ်ဖို့အတွက် အထောက်အထားအချက်အလက် ၆၇ စုံကို ပြင်ဆင်ထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ရေး အဓိကအ၀ေးပြေးလမ်းမကို ပါကစ္စတန်က ဖြိုချမည်

    ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ရေး အဓိကအ၀ေးပြေးလမ်းမကို ပါကစ္စတန်က ဖြိုချမည်

    စက်တင်ဘာ ၁၂၊ ၂၀၂၂
    M-Media

    -နိုင်ငံတောင်ပိုင်းက လူတစ်သန်းခွဲလောက်နေထိုင်တဲ့ ဒေသတစ်ခုမှာ ရေကြီးရေလျှံမှုကို ကာကွယ်ဖို့အတွက် အဓိက အ၀ေးပြေးလမ်းမကြီးကို ဖောက်ချဖို့ ပါကစ္စတန် အာဏာပိုင်တွေက စီစဥ်နေပါတယ်။

    အခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့တာကြောင့် ပါကစ္စတန်မြောက်ပိုင်းမှာ လူ ၃၃ သန်းလောက် အတိဒုက္ခရောက်ခဲ့ရပြီး အနည်းဆုံး ၁၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

    လက်ရှိမှာ ပါကစ္စတန်အစိုးရဟာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအပြင်၊ နောက်ထပ် ရေကြီးမှုမဖြစ်အောင်လည်း ဆောင်ရွက်နေရပါတယ်။

    နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်မှာ အခုနှစ်မိုးရေချိန်ဟာ ပုံမှန်ထက် ၄၆၆ ရာခိုင်နှုန်း ပိုများနေပြီး ဒီရေတွေဟာ လူ ၁.၅ သန်းလောက် နေထိုင်တဲ့ ဒါဒူခရိုင်ကို ဖြတ်ပြီး စီးဆင်းသွားမယ့်အန္တရာယ် ရှိနေပါတယ်။

    ဒီရေလမ်းကြောင်းကို လွှဲဖို့အတွက် အဓိက Indus အ၀ေးပြေးလမ်းမကြီးရဲ့ တစ်စိတ်တစ်ပိုင်း ပါကစ္စတန်အာဏာပိုင်တွေက ဖောက်ချမှာဖြစ်ပါတယ်။ ဒါ့အပြင် ခရိုင်ပတ်ပတ်လည်မှာ တမံတွေ တည်ဆောက်ဖို့လည်း စီစဥ်နေပါတယ်။

    ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲ ရာသီဥတုဖောက်ပြန်မှုကို အဓိက ခံစားနေရတဲ့ တောင်အာရှနိုင်ငံတွေထဲမှာ ပါကစ္စတန်လည်း ပါ၀င်ပါတယ်။

    Ref: CNA

  • အရေးနိမ့်လာသည့် ရုရှားတပ်များကို ပူတင်၏ မဟာမိတ်က လူသိရှင်ကြား ၀ေဖန်

    အရေးနိမ့်လာသည့် ရုရှားတပ်များကို ပူတင်၏ မဟာမိတ်က လူသိရှင်ကြား ၀ေဖန်

    စက်တင်ဘာ ၁၂၊ ၂၀၂၂
    M-Media

    -ယူကရိန်းက ရုရှားတပ်တွေရဲ့ လတ်တလော ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်သူ ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်က ၀ေဖန်လိုက်ပါတယ်။

    အခုလအစောပိုင်းက စတင်ခဲ့တဲ့ တန်ပြန်ထိုးစစ်အတွင်း ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းက ရုရှားတပ်တွေသိမ်းထားတဲ့ နယ်မြေတစ်ချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး၊ အခုတစ်ပတ်အတွင်း အဓိကမြို့ အနည်းဆုံး ၃ ခုလောက်ကို ပြန်ရခဲ့ပါတယ်။

    ရုရှားနိုင်ငံက လူမျိုးစုဒေသတစ်ခုဖြစ်တဲ့ ချေချင်းညာရဲ့ ခေါင်းဆောင်ဖြစ်ပြီး ယူကရိန်းကျူးကျော်စစ်မှာ သူ့ရဲ့တပ်တွေကို စေလွှတ်ထားတဲ့ ကာဒီရော့ဗ်က ရုရှားတပ်တွေရဲ့ စွမ်းဆောင်ရည်ကို စနေနေ့က ၀ေဖန်ခဲ့ပါတယ်။

    “မနေ့တနေ့က ဖြစ်ပျက်ခဲ့တာတွေဟာ အထူးစစ်ဆင်ရေးတစ်ရပ်မှာ ဖြစ်လာရမယ့် ကိစ္စမျိုးတွေ မဟုတ်ဘူး။ မြေပြင်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ခေါင်းဆောင်ပိုင်းကို မဖြစ်မနေ ကျွန်တော် သွားပြောမှာပါ” လို့ Telegram မှာ လွှင့်တင်တဲ့ ၁၁ မိနစ်ကြာ ဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။

    ကာဒီရော့ဗ်က သူဟာ စစ်ရေးဗျူဟာရှင်တစ်ယောက်မဟုတ်ပေမယ့် အခုလို နယ်မြေ ပြန်လည်ဆုံးရှုံးရမှုဟာ ရုရှားတပ်တွေရဲ့ အမှားအယွင်းကြောင့်ဆိုတာ သိသာကြောင်း၊ တိုက်ခိုက်ရေးသမားပေါင်း တစ်သောင်းလောက် အဆင်သင့်ရှိနေပြီး အိုဒက်ဆာမြို့ကို သိပ်မကြာခင်မှာ သိမ်းပိုက်သွားမှာ ဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပူတင်တပ်တွေ အခုလို ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအတွင်းမှာလည်း အကြီးအကျယ် ၀ေဖန်နေကြပါတယ်။ ရုရှားအမျိုးသားရေးသမားတွေဆိုရင် စစ်တပ်ကို ချက်ခြင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပူတင်ကို တိုက်တွန်းလာကြပါတယ်။

    Ref: Reuters