News @ M-Media

Blog

  • မွတ်စလင်ဆန့်ကျင်ရေးအုပ်စုကို ဂျာမနီပြည်သူများ လမ်းပေါ်ထွက်ရှုတ်ချ

    မွတ်စလင်ဆန့်ကျင်ရေးအုပ်စုကို ဂျာမနီပြည်သူများ လမ်းပေါ်ထွက်ရှုတ်ချ

    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media

    ant-pegida

    – ဂျာမနီမှ မွတ်စလင်နှင့် ရွှေ့ပြောင်းဒုက္ခသည်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ PEGIDA အား ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုကို ဂျာမနီပြည်သူများက တနင်္လာနေ့တွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၈၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု သိရသည်။

    PEGIDA အားကောင်းရာ နိုင်ငံအရှေ့ပိုင်းတွင် ဒရက်စ်ဒန်မြို့ရှိ လမ်းများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းတည်ထောင်သည့် ဒုတိယမြောက်နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

    အဆိုပါအဖွဲ့မှာ မကောင်းသတင်းများကြောင့် ၎င်း၏ခေါင်းဆောင်ပိုင်းများ အစုလိုအပြုံလိုက် နှုတ်ထွက်ခြင်းနှင့်အတူ ပြီးခဲ့သည့်နှစ်မှစ၍ ဂျာမနီ နိုင်ငံရေးလောကမှ ပျောက်ကွယ်ခဲ့သော်လည်း ဥရောပသို့ ဒုက္ခသည်များ ထပ်မံဝင်ရောက်လာပြီးနောက် ပြန်လည် ခေါင်းထောင်လာခြင်းဖြစ်သည်။

    PEGIDA အဖွဲ့ဝင်များမှာ နှစ်ပတ်လည်အဖြစ် တနင်္ဂနွေနေ့က ဒရက်စ်ဒန်မြို့ရှိ ပြဇာတ်ရုံရှေ့တွင် ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို တန်ပြန်ဆန္ဒပြမှုနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။ ၎င်းတို့အဖွဲ့နှစ်ခုမှာ နောက်ပိုင်းတွင် ဒရက်စ်ဒန် တက္ကသိုလ်နှင့် Neustadt ဘူတာရုံတို့တွင် သီးခြားစီ ဆန္ဒပြခဲ့ကြပြီး PEGIDA ကို ဆန့်ကျင်သူများက မြို့လယ်ကောင်သို့ ချီတက်ခဲ့ကြသည်။

    နိုင်ငံအတွင်းရှိ မွတ်စလင်များနှင့် ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို PEGIDA အဖွဲ့မှာ ယခင်က ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂျာမနီပြည်သူများ၏ တန့်ပြန် ဆန့်ကျင်မှုများနှင့် အမြဲလိုလို ကြုံတွေ့ခဲ့သည်။

    Ref : Presstv

  • သမ္မတဟောင်း ဘုရှ်မှာ အာဏာရှင် စတာလင်ထက် ပိုဆိုးသည်ဟု အမေရိကန်လူငယ် ၃ ပုံ ၁ ပုံက ယူဆ

    သမ္မတဟောင်း ဘုရှ်မှာ အာဏာရှင် စတာလင်ထက် ပိုဆိုးသည်ဟု အမေရိကန်လူငယ် ၃ ပုံ ၁ ပုံက ယူဆ

    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    14650617_1224434824265652_3838212669139652535_n
    – အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်မှာ ဆိုဗီယက် အာဏာရှင်ဟောင်း ဂျိုးဆက် စတာလင်ထက် ပို၍ လူများစွာ သတ်ဖြတ်မှုအတွက် တာဝန်ရှိသည်ဟု အမေရိကန် လူငယ် ၃ ပုံတစ်ပုံခန့်က ထင်မြင်ယူဆနေကြောင်း အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့ Victims of Communism Memorial Foundation ၏ လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    ဒုတိယကမ္ဘာစစ်မတိုင်ခင်နှင့် ကမ္ဘာစစ်ပြီးနောက်တွင် စတာလင်ကြောင့် လူပေါင်း သန်း ၂၀ မှ သန်း ၆၀ မှာ အတိဒုက္ခ ရောက်ခဲ့ရသည်ဟု ပညာရှင်များ၏ တွက်ချက်မှုကို ကိုးကား၍ ထိုအဖွဲ့ ဖော်ပြခဲ့သည်။ သို့သော် အမေရိကန်လူငယ် ၃၃ ရာခိုင်နှုန်းကမူ သမ္မတဘုရှ်၏ လက်ထက်တွင် ထိုထက် ပိုမိုဆိုးရွားခဲ့သည်ဟု ယူဆနေသည်။

    ထို့ပြင် ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ်ခေါင်းဆောင်များနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းသည့်အခါတွင် အများစုက မသိရှိသည်ကိုလည်း တွေ့ခဲ့ကြသည်။

    Victims of Communism Memorial Foundation အဖွဲ့ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် လီ အဒ်ဝပ်ကမူ မိမိတို့အဖွဲ့ ၁၉၉၀ ပြည့်နှစ်များတွင် တည်ထောင်ခဲ့ပြီးနောက်ပိုင်း ယခုအချိန်မှာ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်၍ ပြည်သူများ၏ လစ်လျူရှုမှု အရှိန်အဟုန် အမြင့်ဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “(အမေရိကန်သမ္မတဟောင်း) ရော်နယ် ရေဂင်က လွတ်လပ်မှုဆိုတာ မျိုးဆက်တစ်ခုထက်ပိုပြီး ဆိတ်သုဉ်းသွားတာမျိုး မရှိဘူးလို့ ပြောကြားဖူးပါတယ်။ နှစ် ၁၀၀လောက်ကြာခဲ့တဲ့ ဆိုးရွားတဲ့ ကွန်မြူနစ်ဝါဒရဲ့ သားကောင်တွေ၊ ရာဇ၀တ်မှုတွေ ဘယ်လောက်များတယ်ဆိုတဲ့အကြောင်း လာမယ့်မျိုးဆက်ကို လက်ရှိမျိုးဆက်တွေက အသိပညာပေးဖို့ဟာ မလုပ်မနေရ တာဝန်တစ်ရပ်ပါပဲ” ဟု မစ္စတာ အက်ဒ၀ပ်က ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းမှာ တတ်သိပညာရှင်များ အဖွဲ့တစ်ခုဖြစ်သော Heritage Foundation မှ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

    Victims of Communism Memorial Foundation အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် လူပေါင်း ၂၃၀၀ ခန့်ကို ဆက်သွယ်မေးမြန်းကာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မှားယွင်းနိုင်ချေမှာ ၂.၈ ရာခိုင်နှုန်း ရှိသည်။

    ထိုအဖွဲ့ကို ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် အမေရိကန် အထက်လွှတ်တော်၏ တစ်ညီတစ်ညွတ်တည်း အတည်ပြုချက်ဖြင့် သမ္မတ ဘီလ်ကလင်တန်က လက်မှတ်ထိုးကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကွန်မြူနစ်ဝါဒကြောင့် နိုင်ငံတကာမှ ထိခိုက်ခံစားရသူများအရေးကို ဆောင်ရွက်ပေးနေသည့်အဖွဲ့လည်း ဖြစ်သည်။

    ၉/၁၁ တိုက်ခိုက်မှုနှင့် လူအစုလိုက်အပြုံလိုက်ကို သေဆုံးစေနိုင်သော လက်နက်ရှိသည်ဆိုသည့် အကြောင်းပြချက်များဖြစ် အာဖဂန်နှင့် အီရတ်တို့ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်ကာ လူများစွာ သေကြေပျက်ဆီးမှု၊ နောက်ဆက်တွဲ ပြဿနာများအတွက် သမ္မတဘုရှ်မှာ အဓိက တာဝန်ရှိသူအဖြစ် ရှုမြင်ခံရသူ ဖြစ်သည်။

    Ref: Washingtontimes

  • အစ္စလာမ်ကို ကိုယ့်ဆန္ဒနဲ့ကိုယ် လေ့လာသင်ယူနေတယ်လို့ ဖွင့်ဟလာတဲ့ လဲင်ဇီလိုဟန်

    အစ္စလာမ်ကို ကိုယ့်ဆန္ဒနဲ့ကိုယ် လေ့လာသင်ယူနေတယ်လို့ ဖွင့်ဟလာတဲ့ လဲင်ဇီလိုဟန်

    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media

    lindsay
    – ဧပြီလတုန်းက နာမည်ကျော် ဟောလီးဝုဒ်မင်းသမီး လဲင်ဇီလိုဟန် တစ်ယောက် အစ္စလာမ်ကို ပြောင်းလဲ သက်ဝင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း နယူးယောက်မြို့တစ်နေရာမှာ ကုရ်အာန်တစ်အုပ်ကိုင်ကာ လမ်းလျှောက်နေတဲ့ဓာတ်ပုံ ထွက်လာလို့ အုပ်အော်သောင်းနင်း ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းကတော့ မင်းသမီးဟာ အာရပ်ယဉ်ကျေးမှုကို စိတ်ဝင်တစား လေ့လာနေတာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြခဲ့ပါတယ်။

    ဒါပေမယ့် အခုအချိန်မှတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လင်ဆေးလိုဟန် ကိုယ်တိုင်က ဖွင့်ပြောပြလာပါပြီ။ တူရကီ တီဗီရဲ့ Haber Turk အစီအစဉ်မှာ အသက် ၃၀ အရွယ် မင်သမီးက ကုရ်အာန်ကို ကိုင်ပြီး လမ်းလျှောက်တဲ့ပုံ ပေါ်ထွက်လာပြီးနောက်ပိုင်း အမေရိကန်မှာ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

    “လန်ဒန်မှာ ကျွန်မရဲ့ သိပ်ချစ်ရတဲ့၊ ကျွန်မကို တော်တော်လေး ဖေးမပေးခဲ့တဲ့ သူငယ်ချင်းတွေက ဆော်ဒီတွေပါ။ သူတို့ ကျွန်မကို ကုရ်အာန်တစ်အုပ်ပေးတယ်။ အဲဒါကို လေ့လာနေတာကြောင့် နယူးယောက်ကို ကျွန်မ ယူလာတယ်။ နာမ်ပိုင်းဆိုင်ရာ အတွေ့အကြံတစ်ခုရဖို့၊ ဘ၀ရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို ရှာဖွေဖို့ ကျွန်မ နှလုံးသားကို ဖွင့်ထားပါတယ်။ ကျွန်မက ဒီလိုလူမျိုးပါ” လို့ လဲင်ဇီလိုဟန် က ပြောကြားခဲ့ပါတယ်။

    နယူးယောက်က ဒီဓာတ်ပုံ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အဖျက်သဘောမြင်တဲ့၊ အမြင်သေးသိမ်တဲ့ အမေရိကန်တစ်ချို့ရဲ့ တုန့်ပြန်မှုကိုလည်း သူမက ဒီလို ဖွင့်ဟခဲ့ပါတယ်။
    “အမေရိကန်မှာ သူတို့ ကျွန်မကို ၀ိုင်းပြီး ပြောကြတော့တာပဲ။ ကျွန်မကို စာတန်နတ်ဆိုးတစ်ယောက် ဖြစ်အောင်တောင် သူတို့ ပုံဖော်လိုက်ကြတယ်။ ကုရ်အာန်ကို ကိုင်လိုက်တာနဲ့ ကျွန်မ လူဆိုးဖြစ်သွားတာပေါ့လေ။ အဲဒီနောက်ပိုင်း ကျွန်မ (အမေရိကန်မှာ) မနေချင်တော့ဘဲ လန်ဒန်ပြန်သွားခဲ့ပါတယ်။ ကျွန်မတိုင်းပြည်မှာ လုံခြုံတယ်လို့ မခံစားရဘူးလေ။ (အစ္စလာမ်က) ကျွန်မ လေ့လာသင်ယူချင်တဲ့ ဘာသာတစ်ခုပါ။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒပါပဲ”

    နောက်ပြီး သူအနေနဲ့တောင် ဒီလို ခံစားရရင် အမေရိကန်မွတ်စလင်တွေ ဘယ်လို ခံစားရမလဲဆိုတာကိုလည်း သူမက ထောက်ပြခဲ့ပါတယ်။

    “တစ်ချိန်လုံး ဒီလိုအခြေအနေမျိုး လူဘယ်လောက်များများ ကြုံတွေ့နေရမလဲဆိုတာ ကျွန်မ စဉ်းစားလို့ကို မရပါဘူး။ ဒီလို အတွေ့အကြုံမျိုးက ကျွန်မကို တစ်စိမ်းတစ်ယောက်လို ခံစားရစေပါတယ်”

    ဒါပေမယ့် လဲင်ဇီလိုဟန် ရဲ့ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်တော့မယ်ဆိုတဲ့ သတင်းဟာ အနှုတ်လက္ခဏာဆောင်တဲ့ တုန့်ပြန်မှုမျိုးတွေပဲ ရခဲ့တာ မဟုတ်ပါဘူး။ တစ်ချို့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေရဲ့ အားပေထောက်ခံမှုတွေလည်း ရှိခဲ့ပါတယ်။

    လဲင်ဇီလိုဟန် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာလည်း ဆီးရီးယားနဲ့ တူရကီတို့က ဆီးရီးယားဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီခဲ့သလို သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ထပ်ဆင့် ဖွင့်ဟခဲ့ပါသေးတယ်။

     

    lindsay-2
    ဧပြီလက The Sun သတင်းစာနဲ့ အင်တာဗျူးမှာတော့ လိုဟန်က အစ္စလာမ်ဟာ သူမရဲ့စိတ်ကို ငြိမ်းချမ်းစေတယ်လို့ ပြောကြားခဲ့ပြီး ဆိုရှယ်မီဒီယာပို့စ်တွေမှာလည်း အစ္စလာမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မကြာခဏ ရေးတင်လေ့ ရှိပါတယ်။

    အမေရိကန် အနုပညာရှင်တွေ၊ အားကစားသမားတွေ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်တာဟာ အရင်တုန်းကလည်း ရှိခဲ့ပြီး လက်ဝှေ့ကျော် မိုဟာမက်အလီနဲ့ မိုက်တိုင်ဆန်၊ အဆိုတော် အေကွန်တို့ကတော့ ထင်ရှားပါတယ်။

    မင်းသမီး လဲင်ဇီလိုဟန် တစ်ယောက် အနာဂတ်မှာ အစ္စလာမ်ရဲ့ အေးရိပ်ဆာယာအောက် ရောက်ရှိလာမလား ဆိုတာကိုတော့ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

    Ref: emirateswoman

     

  • ပရီးမီးယားလိဂ်ယူရန် ချယ်ဆီးသို့ ပြန်လာခြင်းဟု လူးဝစ်ပြော

    ပရီးမီးယားလိဂ်ယူရန် ချယ်ဆီးသို့ ပြန်လာခြင်းဟု လူးဝစ်ပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media

    luiz

    – ပီအက်စ်ဂျီမှ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာသည့် အဓိကရည်ရွယ်ချက်မှာ ပရီးမီးယားလိဂ်ဖလား ရရှိရန် ဖြစ်သည်ဟု ချယ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်က ပြောကြားလိုက်သည်။

    ချယ်ဆီးကစားသမားဟောင်း လူးဝစ်မှာ ပီအက်စ်ဂျီတွင် ၂ နှစ်ကြာ သွားရောက်ကစားခဲ့ပြီးနောက် ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် နောက်ဆုံးနေ့မှ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

    ပထမအကြိမ် ချယ်ဆီးကစားသမားအဖြစ် လူးဝစ်မှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလားတို့ကို ရရှိခဲ့ပြီး ၎င်းကမူ ယခုအကြိမ်တွင် ပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားနေသည်။

    “ချယ်ဆီးကို ကျွန်တော် တော်တော်လေး လွမ်းပါတယ်။ အရင်က ကျွန်တော် ဒီမှာပျော်ခဲ့တယ်။ ပဲရစ်မှာလည်း ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် အဲဒီမှာ တော်တော်ကောင်းမွန်တဲ့ အခြေအနေမျိုးကို ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စိန်ခေါ်မှုအသစ်တွေကို နှစ်သက်တယ်၊ ရည်မှန်းချက်ရှိတယ်ဆိုတာ ကျွန်တော့်ကိုကျွန်တော် သိပါတယ်။ ဒီကိုလာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရင်းတွေထဲတစ်ခုက ပရီးမီးယားလိဂ်ကို ကောင်းကောင်းကျွမ်းဝင်ပေမယ့် ဖလားရဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါ့ကြောင့် ဒါဟာ ကျွန်တော့်ကစားသမားဘ၀ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်”

    Ref: Goal

  • မူဆိုးလ်ထိုးစစ်တွင် အီရတ်စစ်တပ်က ရွာပေါင်း ၂၀ သိမ်းပိုက်ထား

    မူဆိုးလ်ထိုးစစ်တွင် အီရတ်စစ်တပ်က ရွာပေါင်း ၂၀ သိမ်းပိုက်ထား

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media

    ira1

    – IS ၏ ခြေကုပ်မြို့ဖြစ်သော မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်တွင် ပထမ ၂၄ နာရီအတွင်း ကျေးရွာပေါင်း ၂၀ ခန့်ကို သိမ်းယူနိုင်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။

    အဆိုပါ စစ်ဆင်ရေးကို တနင်္လာနေ့မနက် အစောပိုင်းက စတင်ခဲ့ခြင်ဖြစ်ပြီး အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့များနှင့်အတူ အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့များကလည်း လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်။ IS အဖွဲ့ကလည်း တိုက်ခိုက်မှုကို ဟန့်တားရန်နှင့် လေကြောင်းတိုက်ခိုက်မှု မပြုလုပ်နိုင်ရန် ရေနံတွင်းများကို မီးရှို့ကာ မီးခိုးများ ပြန့်နှံ့အောင် ပြုလုပ်ခဲ့သည်။

    ကာ့ဒ်တပ်ဖွဲ့ကမူ မိမိတို့အနေဖြင့် မူဆိုးလ်မြို့အရှေ့ပိုင်း ကီလိုမီတာ ၃၀ အကွာတွင် ထိုးစစ်ကို ခဏ ရပ်တန့်ခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ အီရတ်တပ်ဖွဲ့က စစ်ဆင်ရေး၏ နောက်တစ်ဆင့်ကို ဆောင်ရွက်ရန် စီစဉ်နေသည်။ ကာ့ဒ်တပ်ဖွဲ့ဖြစ်သော Peshmerga မှ ကာနယ် ခက်သ်ဟာ ရှိခ်ခန်းကမူ မိမိတို့တပ်ဖွဲ့ဝင်များမှာ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

    Ref : Aljazeera