News @ M-Media

Blog

  • မောင်တောစစ်ဆင်ရေးတွင် သေဆုံးမှု အစိုးရထုတ်ပြန်သည်ထက် ပိုများနေ

    မောင်တောစစ်ဆင်ရေးတွင် သေဆုံးမှု အစိုးရထုတ်ပြန်သည်ထက် ပိုများနေ

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    mad

    – ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရစစ်တပ်က ပြုလုပ်နေသည့် စစ်ဆင်ရေးအတွင်း သေဆုံးသူအရေအတွက်မှာ သတင်းထုတ်ပြန်ထားသည်ထက် ပိုမို များပြားနေသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။

    မြန်မာအစိုးရက စစ်တပ်နှင့် ရဲတပ်ဖွဲ့မှာ ရိုဟင်ဂျာမွတ်စလင် လူ့အဖွဲ့အစည်းမှ အနည်းဆုံး လူပေါင်း ၄၀၀ ကျော်ပါဝင်ပြီး နိုင်ငံရပ်ခြား အစ္စလာမ့်မစ်စစ်သွေးကြွများနှင့် အဆက်အသွယ်ရှိသည့် အုပ်စုနှင့် တိုက်ခိုက်နေသည်ဟု ပြောကြားထားသည်။

    အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှု၏ နောက်ကွယ်တွင်ရှိသည့် ထိုအုပ်စုကို အဓိကပစ်မှတ်ထားကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားထားသော်လည်း ထိုဒေသတွင် နေထိုင်သူများကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်ရေးသမား မဟုတ်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်းတို့ ပြုလုပ်နေသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် အဆိုပါ မောင်တောမြို့အား စစ်တပ်က ပိတ်ထားသောကြောင့် အစိုးရက ထုတ်ပြန်မှုနှင့် ဒေသခံများ၏ ပြောကြားမှု နှစ်ခုစလုံးကို အတည်ပြုနိုင်ခြင်း မရှိပေ။

    ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ၏ သွားလာလှုပ်ရှားမှု၊ အခြေခံဝန်ဆောင်မှု ရပိုင်ခွင့်များကို နှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်မှုအတွက် ရိုဟင်ဂျာဘာသာစကားပြောဆိုသည့် လက်နက်ကိုင်အုပ်စုတစ်စုက ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု အွန်လိုင်းတွင် ဗီဒီယိုလွှင့်တင်၍ ပြောကြားခဲ့သည်။

    နိုင်ငံပိုင်မီဒီယာကမူ ထိုတိုက်ခိုက်မှုအပြီးနောက်ပိုင်း ဓားဖြင့်ခုတ်သည့် အမျိုးသမီး ၂ ဦး အပါအ၀င် တိုက်ခိုက်ရေးသမား ၃၀ ကို သုတ်သင်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    သို့သော်လည်း မောင်တောမြို့နယ်မှ ရပ်ရွာခေါင်းဆောင်နှင့် ဒေသခံများ၊ ရန်ကုန်ရှိ သံတမန်များနှင့် လူ့အခွင့်အရေးအဖွဲ့များကို Reuters သတင်းဌာန၏ မေးမြန်းမှုအရ ၎င်းတို့၏ပြောကြားမှုမှာ အစိုးရ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲနေသည်။

    “သေတဲ့လူ ၃၀ ကျော်တာကတော့ သေချာပါတယ်။ သူတို့ထဲက အများစုဟာ အရပ်သားတွေဖြစ်ပြီး တိုက်ခိုက်ရေးသမားတွေ မဟုတ်ပါဘူး” ဟု ရခိုင်ပြည်နယ်စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော Arakan Project မှ ခရစ် လီဝါက ပြောကြားခဲ့ပြီး မောင်တောမြို့နယ်တစ်ဝှမ်းရှိ သတင်းရင်းမြစ်များမှ ရရှိသည့် သတင်းများဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် မြန်မာအစိုးရစစ်တပ်မှာ ‘အရပ်သားများအား နေရာတွင်ပင် ပစ်သတ်ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် တရားလက်လွတ် ဖမ်းဆီးခြင်း’ တို့အပါအ၀င် ‘သောင်းကျန်းသူတိုက်ဖျက်ရေးတွင် လုပ်လေ့လုပ်ထရှိသည့် နေည်းလမ်းများကို သာမန် အရပ်သားများအားအပေါ်’ ပြုလုပ်နေသည်ဟု လီဝါက ထည့်သွင်းပြောကြားခဲ့သည်။

    ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးရဲနိုင်မူ အစိုးရ၏ ထုတ်ပြန်မှုများမှာ ယုံကြည်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

    “လက်ရှိစစ်ဆင်ရေးက မျက်ကန်းရှာဖွေတာမျိုး မဟုတ်ပါဘူး။ တပ်မတော်က စစ်ကြောရေးတွေကနေ သတင်းအချက်အလက်တွေ ရထားတာကြောင့် ပစ်မှတ်ကို ရှင်းရှင်းလင်းလင်းသိပြီး စစ်ဆင်ရေးနယ်ပယ်ကလည်း သတ်သတ်မှတ်မှတ်ရှိပါတယ်”

    စစ်တပ်ကမူ ထိုကိစ္စအတွက် မှတ်ချက်ပေးခြင်း မရှိပေ။

    ‘စစ်ဆင်ရေး ဧရိယာ’ အဖြစ် ကြေငြာထားသည့် အဆိုပါဒေအတွင်းသို့ နိုင်ငံခြားသတင်းထောက်များကို ၀င်ရောက်ခွင့်မပြုပေ။ သို့သော်လည်း Reuters သတင်းဌာနကမူ ဒေသခံနှင့် ရပ်ရွာအကြီးအကဲတစ်ချို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ခဲ့သည်။

    အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့သည့် အဆိုပါ ဒေသခံများ၏ ပြောကြားမှုများမှာ အစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ချက်နှင့် သိသိသာသာ ကွဲလွဲနေသည်။ ၎င်းတို့က သေဆုံးသူအရေအတွက်မှာ သတင်းထုတ်ပြန်သည်ထက် ပိုမိုများပြားနေကာ သတ်ဖြတ်ခံရသူများမှာလည်း လက်နက်မဲ့များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံပိုင် မြန်မာ့အလင်းသတင်းဌာနကမူ အောက်တိုဘာ ၁၁ ရက်နေ့က ကြက်ရိုးပြင်ရွာအနီးတွင် လူ ၃၀ ခန့်ရှိသည့်အုပ်စုက အစိုးရတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်သမား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုပြီးနောက် အကြမ်းဖက်သမားများမှာ ထွက်ပြေးသွားခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    သို့သော်လည်း အဆိုပါဒေသတွင် နေထိုင်သူ ရိုဟင်ဂျာများကမူ ထိုနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသမီး ၈ ဦးအပါအ၀င် အနည်းဆုံး လူ ၁၉ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ရပြီး ရွာ၏ အစိတ်အပိုင်းများကို မီးရှို့ခဲ့သူများမှာလည်း စစ်သားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကုလသမဂ္ဂကမူ အဆိုပါ တိုက်ခိုက်မှုများကြောင့် ထိုဒေသအတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ ပေးပို့ရန် အကူအညီပေးရေးအေဂျင်စီများအတွက် အဟန့်အတားဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ စစ်ဆင်ရေးတွင် ဥပဒေအတိုင်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း စစ်ဆင်ရေးကို ကိုင်တွယ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၀န်ကြီးနှင့် အခြားလုံခြုံရေးတပ်ဖွဲ့နှစ်ခု၏ ၀န်ကြီးများမှာ စစ်တပ်မှ ခန့်အပ်ထားသူများဖြစ်သည်။

    အိန္ဒိယသို့ သွားရောက်သည့်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်စခန်းအား တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစိုးရ၏ ကနဦးထုတ်ပြန်ချက်က အခြေခံထားသည့် သတင်းရင်းမြစ်မှာ ယုံကြည်စိတ်ချရမှု မရှိသည်သော သတင်းရင်းမြစ်လည်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    သံတမန်များကမူ နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်သည့်အဖွဲ့ကို နိုင်ငံပြင်ပမှ ထောက်ပံ့သူများမှာ အစ္စလာမ့်မစ် စစ်သွေးကြွအဖွဲ့များထက် ပါကစ္စတန်နှင့် ဆော်ဒီတို့တွင် ရွှေ့ပြောင်းနေထိုင်နေရသည့် ရိုဟင်ဂျာများဖြစ်သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    Ref: Bangkokpost

  • ဘာမြူဒါတြိဂံဒေသရဲ့ လျှို့ဝျက်ချက်ကို ဖော်ထုတ်နိုင်တော့မှာလား

    ဘာမြူဒါတြိဂံဒေသရဲ့ လျှို့ဝျက်ချက်ကို ဖော်ထုတ်နိုင်တော့မှာလား

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    tringle

    – မြောက်အတ္တလန်တိတ် သမုဒ္ဒရာက ဘာမြူဒါတြိဂံဒေသကို လူတိုင်း ကြားဖူးကြမှာပါ။

    စကွဲယားကီလိုမီတာ ၅ သိန်းလောက်ကျယ်ဝန်းတဲ့ အဲဒီဧရိယာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း လေယာဉ် ၇၅ စင်းနဲ့ သင်္ဘောရာနဲ့ချီ ပျောက်ဆုံးခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၀၀၀ လောက်ရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

    ထူးဆန်းအံ့သြဖွယ်အဖြစ်အပျက်တွေကို လေ့လာလိုက်စားကြသူတွေကတော့ ဒီနေရာဟာ ကျိန်စာသင့်နေရာဖြစ်တယ်၊ အတိတ် ဒါမှမဟုတ် ပစ္စုပ္ပန်ကိုသွားတဲ့ အချိန်တံခါးပေါက်ဖြစ်တယ် စသဖြင့် အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။

    အခုအချိန်မှာတော့ သိပ္ပံပညာရှင်တွေက ဒီ ဘာမြူဒါတြိဂံဒေသရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ရတဲ့ ယူဆချက်တစ်ခုကို တင်ပြလာပါတယ်။

    အဲဒါကတော့ ဒီရေပြင်ပေါ်မှာရှိတဲ့ ဆဌဂံပုံစံ တိမ်တိုက်တွေက ဖြစ်ပေါ်လာတဲ့ air bomb လို့ ခေါ်တဲ့ လေဗုံးတွေက ဒီလို ပျောက်ဆုံးမှုတွေရဲ့ နောက်ကွယ်က အကြောင်းတရား ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။

    Air bomb တွေကြောင့် ဖြစ်ပေါ်လာတဲ့ လေပြင်းမုန်းတိုင်းတွေက အလွန်ပြင်းထန်ပြီး တစ်နာရီကို မိုင်ပေါင်း ၁၇၀ နှုန်းနဲ့ တိုက်ခတ်တာဖြစ်ပါတယ်။

    tringle-2

    “သမုဒ္ဒရာပေါ်မှာ ဖြစ်နေတဲ့ ဆဌဂံပုံစံ တိမ်တိုတွေဟာ air bomb တွေနဲ့ ဆက်စပ်နေပါတယ်။ air bomb တွေဟာ microburst (လေဆင်နှာမှောင်းကဲ့သို့ လေတိုက်မှုတစ်မျိုး) တွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး လေထဲမှာ ပေါက်ကွဲကာ တိမ်ရဲ့ အောက်ခြေကနေ အောက်ကို ဆင်းလာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သမုဒ္ဒရာကို ရိုက်ခတ်ပြီး ရေလှိုင်းကြီးတွေကို ဖြစ်စေကာ တစ်ခါတစ်ရံမှာ အချင်းချင်း ပေါင်းစည်းပြီး အရွယ်အစား အလွန်ကြီးမားသွားပါတယ်” လို့ ဇလဗေဒပညာရှင် ရန်ဒီ ကာရ်ဗီနီက ပြောကြားခဲ့ပါတယ်။

    အဲဒီ တိမ်တိုက်ကြီးတွေဟာ ဘာမြူဒါကျွန်းရဲ့ အနောက်ဖက်အစွန်းမှာတည်ရှိပြီး အကျယ်က မိုင် ၂၀ ကနေ ၅၅ မိုင်လောက်အထိ ရှိတယ်လို့ ဂြိုဟ်တု ဇလဗေဒပညာရှင် ဒေါက်တာ စတီဗ်မီလာက ဆိုပါတယ်။

    “ဒီတိမ်တိုက်တွေရဲ့ အနားသတ်မျဉ်းတွေကို ပုံသေ မမြင်ရပါဘူး။ ဒီတိမ်တိုက်တွေဟာ တစ်ချိန်လုံး ရောက်တက်ရာရာ ပြန့်နှံ့နေတာပါ”

    ဒါ့ကြောင့် ဒီ ဆဌဂံတိမ်တိုက်ကြီးတွေက ဖြစ်ပေါ်တဲ့ air bomb တွေဟာ ဘာမြူဒါတြိဂံဒေသရဲ့ လျှို့ဝှက်ချက်နောက်ကွယ်က အကြောင်းအရင်းဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြတာဖြစ်ပြီး အသေးစိတ်ဖော်ထုတ်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

    Ref: Dailymail

  • ပါမောက္ခ ဒေါက်တာဦးဖေအောင်သန်း (ဒသနိကဗေဒ ဌာန ၊ မန္တလေး တက္ကသိုလ်) ကွယ်လွန်

    ပါမောက္ခ ဒေါက်တာဦးဖေအောင်သန်း (ဒသနိကဗေဒ ဌာန ၊ မန္တလေး တက္ကသိုလ်) ကွယ်လွန်

    အောက်တိုဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သီဟ
    u-phay-aung-than
    မန္တလေး တက္ကသိုလ် ဒဿနိကဗေဒ ဌာန ရဲ့ ပါမောက္ခ ဒေါက်တာ ဦးဖေအောင်သန်း ၂၀၁၆ အောက်တိုဘာ ၁၆ ရက် မနက် (၉း၃၅) တွင် ကွယ်လွန်ကြောင်း သိရှိရသည်။ အင်ကြင်း မွတ်စလင်မ် သုဿာန် ဥယျာဉ်သို့ ပို့ဆောင်၍ အစ္စလာမ်ဘာသာ ထုံးစံဖြင့် အဆိုနေ့ ၌ပင် သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

    A.ဦးဟာမြိဒ် (ခ) ဒေါက်တာဦးဖေအောင်သန်းကို ၁၉၅၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အဖ သခင် ဦးသန်းဖေ၊ အမိ ဒေါ်ဖွားရင်တို့မှ ပျဉ်းမနားမြို့တွင် ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။

    ငယ်စဉ်က အထက(၂) ပျဉ်းမနားမြို့တွင် ပညာသင်ကြာခဲ့ပြီး မိထ္ထီလာမြို့ ဒေသ ကောလိပ်တွင် နှစ် တက်ရောက်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဒဿနိက ဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၈ တွင် မဟာဝိဇ္ဖာဘွဲ့ကို လည်းကောင်း ဒဿနိက ဗေဒ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ၂၀၁၀ ခုနှစ်မှာ ရရှိခဲ့ပါသည်။

    ၁၉၈၆ ခုနှစ်တွင်  ပျဉ်းမနားမြို့ အထက(၂) တွင် အထက်တန်းနည်းပြ အဖြစ် အစိုးရ ဝန်ထမ်း အဖြစ် စတင်ခဲ့ပြိး ၁၉၈၇ ခုနှစ်မှ စတင်ပြီး ကွယ်လွန်ချိန် ၂၀၁၆ ခုနှစ် အထိ မြန်မာနိုင်ငံ အနှံအပြားရှိ တက္ကသိုလ်များ၏ ဒဿနိက ဗေဒ ဌာနတွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ ရာထူး အဆင့်ဆင့်ဖြင့် နှစ်ပေါင်း ၃၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

    ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်စိုးဦးနှင့် သား တယောက် ၊ သမီး တယောက် ကျန်ရစ်ခဲ့ကြောင်းသိရသည်။

  • အီရတ်၏ မူဆိုးလ်တိုက်ပွဲ အရှိန်မြင့်၊ IS က အပြန်းအထန်ခုခံ

    အီရတ်၏ မူဆိုးလ်တိုက်ပွဲ အရှိန်မြင့်၊ IS က အပြန်းအထန်ခုခံ

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    iraq-3

    – IS အား ရှင်းလင်းနိုင်ရေးအတွက် ၎င်းတို့၏ နောက်ဆုံးအခြေစိုက်ရာ မူးဆိုးလ်မြို့အား အီရတ်စစ်တပ်မှ ထိုးစစ်ဆင်နေမှုတွင် အဓိက မြို့တစ်ခုဖြစ်သော ဘာရ်တဲလာအား ယနေ့တွင် သိမ်းယူနိုင်ခဲ့ကာ စစ်ဆင်ရေးကို ဆက်လက် အရှိန်မြှင့်နေသည်ဟု သိရသည်။

    မူးဆိုးလ်မြို့အရှေ့ဘက် ၁၅ ကီလိုမီတာအကွာရှိ အဆိုပါဆင်ခြေဖုံးမြို့ကို သိမ်းယူရရှိခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင်ပင် အီရတ်စစ်တပ်မှာ အရှေ့တောင်ဘက် ဟာမာဒါနီယာခရိုင်အား ထိုစစ်ဆင်မှုကို ထပ်မံပြုလုပ်ခဲ့သည်။

    IS ကလည်း ဗုံးထောင်ခြင်း၊ လက်လုပ်ဗုံးများ၊ အသေခံ ကားဗုံးခွဲသမားများနှင့် အပြင်အထန် ပြန်လည်ခုခံနေပြီး တိုက်ပွဲမှာ အရှိန်မြင့်လာခဲ့သည်။

    အာရုံလွှဲ

    IS မြောက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သော ကီရ်ကွတ်မြို့တွင် အစိုးရအဆောက်အဦးများ၊ ရဲစခန်းများနှင့် ဓာတ်အားပေးစက်ရုံများကို ရိုင်ဖယ်များ၊ အသေခံဗုံးခွဲဝတ်စုံများဖြင့် ယမန်နေ့ကတည်းကစ၍ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သား ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။

    အီရတ်လုံခြုံရေးတပ်ဖွဲ့များကလည်း ကီရ်ကွတ်တွင် ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဟု သိရသည်။

    အီရတ်တပ်မှူးတစ်ဦးကမူ ထိုတိုက်ခိုက်မှုမှာ မူဆိုးလ်တိုက်ပွဲအား အာရုံစိုက်မှု လျော့ကျစေရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    IS ၏ ထိုတိုက်ခိုက်မှုကြောင့် မူဆိုးလ်ထိုးစစ်တွင် ပါဝင်နေသည့် အီရတ်စစ်တပ်တစ်ချို့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ချို့ကို ကီရ်ကွတ်သို့ စစ်ကူအဖြစ် လွှတ်ပေးခဲ့ရသည်။

    မူးဆိုလ်တိုက်ပွဲတွင် အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့၊ စွန်နီ လူမျိုးစုတပ်ဖွဲ့၊ ရှီအာပြည်သူ့စစ် စုစုပေါင်း တပ်ဖွဲ့ဝင် ၃၀၀၀၀ ခန့်ပါဝင်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက လေကြောင်းပစ်ကူများ ပေးနေသည်။

    Ref : Aljazeera

  • လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းအခြေချသူ ၁၄၀၀ ကို တရက်ထဲမှာ ကယ်တင်ခဲ့

    လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းအခြေချသူ ၁၄၀၀ ကို တရက်ထဲမှာ ကယ်တင်ခဲ့

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    – မြေထဲပင်လယ်ကို ဖြတ်သန်းရန် ကြိုးစားနေသည့် ရွှေ့ပြောင်းအခြေချသူ ၁၄၀၀ ခန့်ကို ကြာသပတေးနေ့က လစ်ဗျားကမ်းခြေမှ ကယ်ဆယ်နိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးသင်္ဘောများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဆောင်းရာသီနီးကပ်လာပြီဖြစ်သောကြောင့် ရာသီဥတုဆိုးရွားနေသော်လည်း အန္တရာယ်များသည့် မြေထဲပင်လယ်ဖြတ်ကူးများ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေကာ တနင်္ဂနွေနေ့မှစ၍ လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းဒုက္ခသည် ၂၄၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။

    ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့ဖြစ်သည့် Medecins Sans Frontieres မှ ၎င်းတို့အနေဖြင့် ရာဘာရွက်လှေ ခြောက်စီးနှင့် သစ်သားလှေငယ်တစ်စီးဖြင့် လူ ၈၀၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ တစ်ဖန် မော်လ်တာ အန်ဂျီအိုအဖွဲ့ဖြစ်သည့် MOAS ကလည်း ရွက်လှေသုံးစီးဖြင့် ရွှေ့ပြောင်း ဒုက္ခသည် ၄၃၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းတို့၏ Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

    အီတလီကမ်းခြေစောင့်တပ်ဖွဲ့များနှင့် အီးယူလူကုန်ကူးမှုတိုက်ဖျက်ရေး သင်္ဘောတစ်စီးမှ သင်္ဘောသားများက ကျန်ရှိသူများကို ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။

    ဒုက္ခသည်များကို တင်ဆောင်လာသည့် လှေများ နစ်မြုပ်ခြင်းမရှိလျှင်လည်း မီးခိုးငွေ့များရှုရှိုက်နေရခြင်း၊ အပူချိန်လွန်ကဲနေခြင်း၊ ရေဓာတ်ခမ်းခြောက်နေခြင်းနှင့် လူများစုပြုံကြပ်ညပ်နေခြင်းတို့ကြောင့် လိုက်ပါလာသူများမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

    Ref : english.alarabiya.net