အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးအကဲခတ်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အမြဲလိုလို စိုးရိမ်ပူပန်မှုနဲ့ စောင့်ကြည့်နေကြတဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပြန်ပါပြီ။ ထူးခြားချက်အနေနဲ့ ဒီတစ်ကြိမ်ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုဟာ ဘာသာရေး လူမျိုးရေးအပေါ် အခြေခံတာမျိုး မဟုတ်ပဲ တည်ဆဲ အစိုးရတစ်ရပ်ကို အကြမ်းဖက် ပုန်ကန်တိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ ပေါ်ပေါက်ခဲ့ တာ ဖြစ်ပါတယ်။ နောင်တစ်ချိန် သမိုင်းစာမျက်နှာတွေမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီ-ရိုဟင်ဂျာတွေရဲ့ ပုန်ကန်မှုလို့ ရေးသားကြမယ်ျေ့ အခု ဖြစ်စဉ်မှာ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ပုန်ကန်သူတွေကို ဖော်ထုတ် နှိမ်နင်း အရေးယူနိုင်ရေး၊ ပုန်ကန်မှုပြသနာကို ဘာသာရေး လူမျိုးရေး ပြသနာအဖြစ် ပြောင်းလဲမသွားအောင် တားဆီးရေး၊ နယ်မြေ ပြန်လည် တည်ငြိမ်မှု ရလာစေရေး စတာတွေကို စစ်အင်အား၊ စည်းရုံးရေး အင်အား အသုံးပြုပြီး ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှု ပြသနာ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ပြသနာကို ဘယ်လို ဖြေရှင်းသင့်သလဲ၊ ရခိုင်ပြည်နယ်ထဲမှာ အေးချမ်းတည်ငြိမ်မှုကိုရော တည်ဆောက်လို့ ရနိုင်ပါဦးမလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
.
ဖြစ်စဉ်အကျဉ်းကို ပြန်ပြောရရင် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်း ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသုံးခု တစ်ပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခံရတာနဲ့ အစပြုပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ဝင် ၉ ယောက်ကျဆုံး၊ ၅ ယောက်ဒါဏ်ရာရ၊ တစ်ယောက် ပျောက်ဆုံးပါတယ်။ လက်နက်ငယ် အလက် ၁၀၀ ကျော်နဲ့ ကျည်ဆံ အတောင့် နှစ်သောင်းကျော် ဆုံးရှုံးခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဘက်က ၈ ယောက်သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းဆီးရမိပါတယ်။ ဒီကိန်းဂဏန်းကိုကြည့်ရင် ကြီးမားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ခေါ်နိုင်ပါတယ်။
.
အဲဒီလို ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ် စဉ် ဖြစ်ဖြစ်ချင်း နေ့မှာ ကိုပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး လုပ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက် သမားတွေ ကို နှိမ်နင်းရာမှာ တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြားပါတယ်။ အဓိပ္ပါယ်ကတော့ သူက အကြမ်းဖက်လို့ ကိုယ်က ပြန်အကြမ်းဖက်ရတယ် ဆိုတာမျိုး ဥပဒေမဲ့၊ တရားလက်လွန် မတုန့်ပြန်မိဖို့ သတိပေးတာပါ။ အဲဒီနောက် ညဘက်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြည်သူတွေကိုရော၊ နိုင်ငံတကာ မိသားစုတွေကိုပါ အသိပေးပါတယ်။ ဖြစ်စဉ် စဖြစ်ဖြစ်ချင်းမှာကိုပဲ အကြမ်းဖက် သမားတွေကို နှိမ်နင်းဖို့၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေ ပြန်ရဖို့နဲ့ နယ်မြေ တည်ငြိမ်အေးချမ်းဖို့ တပ်မတော်က အကောင်အထည် ဖော် ဆောင် ရွက်ပါတယ်။
.
အစိုးရဘက်ကတော့ ပြန်ကြားရေးဝန်ကြီးကို ဦးဆောင်စေပြီး အခြား ၀န်ကြီး၊ ဒုဝန်ကြီးတွေပါတဲ့ အဖွဲ့နဲ့အတူ ရခိုင်ပြည်နယ်ကို စေလွှတ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ ဖြစ်ရပ်မှန်ကို သိရှိဖို့နဲ့ ပြသနာကို ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခအသွင် ပြောင်းမသွားအောင် အချိန်မီ တားဆီးနိုင် ဖို့ပါ။ နေပြည်တော်မှာလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေဟာ ဘင်္ဂ လားဒေ့ရှ် သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေ ရှင်းပြ၊ မြန် မာနိုင်ငံက ဒီ ပြသနာကို ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကူအညီပေးဖို့ ဆွေးနွေး ညှိနှိုင်းပါတယ်။
.
ပြောရရင် အခုတစ်ကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း အစိုးရနဲ့ တပ်မတော်ဘက်က လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ စနစ်ကျပြီး ကောင်းမွန် တာ တွေ့ ရပါတယ်။ အရင် စစ်အစိုးရလက်ထက်တွေတုန်းကတော့ အခုလို ပြသနာ ကြုံရချိန် အင်အားအလွန်အကျွံသုံးပြီး တုန့်ပြန်တာ၊ တန်ပြန် အကြမ်းဖက်တာတွေကြောင့် ရခိုင်ပြည်နယ်ဘက်က မူဆလင်တွေ တစ်ဖက်နိုင်ငံထဲ အလုံးအရင်းနဲ့ ၀င်ပြေးတဲ့ ပြသနာမျိုးကြုံခဲ့ရဘူးသလို၊ ပြသနာတွေလည်း ပိုမိုရှုတ်ထွေးတဲ့ အခြေ အနေ ရောက်ခဲ့ဖူးပါတယ်။
.
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ကြည့်ရင် အကြမ်းဖက်တိုက်ခိုက်သူတွေဟာ လက်နက်အပြည့်စုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့လိုမျိုးကို ဓား၊ လှံ၊ ဂျင်ဂလိတွေလို အိမ်လုပ်လက်နက်တွေကိုပဲ အသုံးပြုပြီး အရဲစွန့်တိုက်ခိုက်တာကို ကြည့်ခြင်း အားဖြင့် ပြင်ပ နိုင်ငံတကာတွေရဲ့ စွက်ဖက်မှု၊ ကူညီထောက်ပံ့မှု ဘာတစ်ခုမှ ရှိမနေဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒါဟာ တည်ဆဲ အစိုးရကို အကြမ်းဖက် ပုန်ကန်တိုက်ခိုက်မှု တစ်ခုပါပဲ။ ပုန်ကန်မှု ဖြစ်လာရတဲ့ အကြောင်းရင်းခံလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ဖိနှိပ်မှုတွေ ရှိပြီး မခံမရပ်နိုင်ဖြစ်လို့၊ ဒါမှမဟုတ် သွေး ထိုးလှုံ့ဆော်မှု ရှိလို့ စသဖြင့်ပါ။
.
တကယ်တော့ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းကြားကနေ အခုလို ပြသ နာမျိုး ပေါ်ပေါက်လာနိုင်တယ် ဆိုတာ နိုင်ငံရေးသုတေသီ တစ်ချို့ နဲ့ နိုင်ငံရေး အကဲခတ် တစ်ချို့ ခန့်မှန်းပြောဆိုနေခဲ့တာ ကြာပါပြီ။ ရခိုင်ပြည်နယ်ထဲက ဒီ မူဆလင် အသိုင်းအ၀ိုင်း ဟာ နေရာကျဉ်းကျဉ်းလေး ထဲမှာ ချောင်ပိတ်ထား သလို ဖြစ်နေတာ၊ ဆင်းရဲတာ၊ ပညာမဲ့တာ၊ စဉ်းစားဆင်ခြင်ဥာဏ် အားနည်း တာ၊ မြန်မာ့လူမှုအသိုင်းအ၀ိုင်းနဲ့ အဆက်အသွယ် မရှိသလောက်ဖြစ် တာ၊ ဒေသ ထဲမှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ လွှမ်းမိုးနေတာ စတဲ့အ ချက်တွေကြောင့် တနေ့နေ့ ခုလို ပြသနာမျိုး ပေါ်ပေါက်လာနိုင်တယ်ဆိုပြီး ကြိုတင် သုံးသပ်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
.
ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှု ဖြစ်စဉ်ကြီးကတော့ ဖြစ်ပြီးသွားပါပြီ။ အမေရိကန်လို၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလိုမျိုးက မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေပုံတွေကို ထောက်ခံ အားပေးကြပါတယ်။ တစ်ပြိုင်နက်တည်း ပြသနာရဲ့ မူရင်း ဇစ်မြစ်ကို ဖော်ထုတ် အဖြေရှာ၊ ဖြေရှင်းဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။ အခု ပြသနာမှာ အကြမ်းဖက်သမားတွေကို နှိမ်နင်းလိုက်ရုံ၊ လက်နက်တွေ ပြန်လည် သိမ်းဆည်းလောက်ရုံနဲ့ ပြီးမသွားပါဘူး။ မူရင်း ပြသနာ ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။ တကယ်တော့ ပြသနာတွေကို ခုလို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်သမားတွေ အလွန်မှားယွင်းပါတယ်။ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာပြီး ရခိုင်ပြည်နယ်က ပြသနာတွေကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဖို့ ကြိုးစားနေချိန် ခုလို အကြမ်းဖက်မှု လုပ်ခဲ့ကြလို့ပါပဲ။
.
ဒီအတွက် ကျန် ဘင်္ဂလီ-ရိုဟင်ဂျာ မူဆလင် အသိုင်းအ၀ိုင်းဟာ အခု အကြမ်းဖက် သမားတွေနဲ့ အကြမ်းဖက် လုပ်ရပ်ကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့က အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အလားတူ ရခိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော် ဘက်ကလည်း အကြမ်းဖက်မှု ပြသနာ တစ်ခုတည်းကို မကြည့်ပဲ အကြမ်းဖက် မှု ပြသနာ ဖြစ်ပွားရာဇစ်မြစ်ကို နားလည်သဘောပေါက်အောင် ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ ဒါမှသာ အကြမ်းဖက်မှုတွေ မုန်းတီးမှုတွေ ချုပ်ငြိမ်းတဲ့၊ အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ် ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
.
VOA မှ ကူးယူဖော်ပြပါသည်။
http://burmese.voanews.com/a/violent-attack-in-maungdaw-rakhine-sithu-aung-myint/3554263.html
Blog
-
မြန်မာ-ရှီအာ မွတ်စလင်မ် မိသားစု ရန်ကုန် ဆေးရုံကြီးတွင် အာဟာရ လှူဒါန်းပြီး စုပေါင်း သန့်ရှင်းရေးလုပ်
အောက်တိုဘာ ၁၆၊ ၂၀၁၆
M-Media
မိုးစက်
ရန်ကုန်။ ။ မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြုလုပ်သည့် အာရှုရာနေ့အထိမ်းအမှတ် အာဟာရဒါနပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း ကို အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံး အထူးပြုလူနာဆောင် တွင် ပြုလုပ်ခဲ့ပါတယ်။နှလုံးလူနာဆောင်တစ်ခုလုံးရှိ လူနာများကို ဆန်ပြုတ်အာဟာရပြုခဲ့ပြီး လူနာများအတွက် လိုအပ်သည့် ပစ္စည်းများကိုလည်း ပေးအပ် ခဲ့ကြပါတယ်။ ဆေးရုံအနီးတစ်ဝိုက်ကိုလည်း မြန်မာရှီအာမွတ်စလင်မ် မိသားစုများမှ စုပေါင်းပြီး သန့်ရှင်းရေးလည်း ပြုလုပ်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ ကိုးကွယ်တာကသာ အစ္စလာမ်ဘာသာဖြစ်နေပေမယ့် ကိုယ်မွေးဖွားလာရာတိုင်းပြည် ကိုယ်ရှင်သန်လာရာတိုင်းပြည် ကလူ့မှုအဖွဲ့အစည်းအသိုင်းအဝန်းနဲ့အတူ သဟဇာတဖြစ်အောင် နေနေတယ်ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်ပြီး တမန်တော်မြတ်ကြီး မိန့်ဆိုထားတာရှိပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတစ်ယောက်က ဗိုက်ဆာပြီး ဗိုက်ဟောင်းလောင်းနဲ့ နေနေရရင် အဲ့ဒါကိုသိပြီး မကူညီတဲ့သူက မွတ်စလင်မဟုတ်ဘူးဆိုပြီး မိန့်ခဲ့ဖူးပါတယ်။ အဲ့ဒီအသိတွေက ကျွန်တော်တို့ကို အာဟာရတွေများမျာ လှူဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်” မြန်မာရှီအာ မွတ်စလင်မ် မိသားစုမှ ကိုမျိုးမင်းက အာဟာရပြုလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ဆိုခဲ့ပါတယ်။အဆိုပါအဖွဲ့မှ ၎င်းလှူဒါန်းမှုများအပြင် အာရှုရာနေ့အထိမ်းအမှတ် အလှူအဖြစ် သွေးလှူဒါန်းခြင်းနှင့် မိဘမဲ့ဂေဟာသို့ သွားရောက်ပြီး ကလေးများအား ပစ္စည်းများ လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာရှီအာမွတ်စလင်မ် မိသားစုအဖွဲ့မှ စုပေါင်းပြီး ပညာရေးပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သတ်ပြီး ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်းနှင့် ပညာတတ်လူငယ်များ ပေါ်ထွက်လာဖို့ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ရေရှည်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သိရပါတယ်။
-
မိခင်များ အ၀လွန်ပါက ကလေးများတွင် ကျန်းမာရေးထိခိုက်နိုင်
အောက်တိုဘာ ၁၆၊ ၂၀၁၆
M-Media– အ၀လွန်သည့် မိခင်များက မွေးဖွားလာသည့် ကလေးငယ်များမှာ ကြီးပြင်းလာသည့်အခါ ဦးနှောက်ပျက်စီးခြင်း သို့မဟုတ် လေဖြတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါများ ဖြစ်ပေါ်နိုင်သည်ဟု လန်ဒန်တွင်ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။
တွေ့ရှိချက်ကို ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး လေ့လာသူများကမူ အလွန်အမင်း အ၀လွန်ခြင်းက မိဘများ၊ ၎င်းတို့ ကလေးငယ်များ၏ ကျန်းမာရေးကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်သည်ဟု သတိပေးခဲ့သည်။
Lancet Diabetes and Endocrinology တွင် ဖော်ပြခဲ့သည့် လေ့လာချက် လေးခုအရ မိခင်အ၀လွန်ခြင်းကြောင့် ကလေးအသေမွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးဖိအားမြင့်တက်ခြင်း၊ ကလေးနှင့် မိခင်တွင် ဆီးချိုဖြစ်ခြင်း၊ မွေးဖွားရခက်ခြင်းတို့ ဖြစ်စေနိုင်သည်ဟုလည်း ဆိုသည်။
ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ်၌ အမျိုးသမီးများ အ၀လွန်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲအန္တရာယ်များသည် အလွန်ကြီးမားပြီး ကိုယ်ဝန်မဆောင်ခင်အချိန်၌ ပုံမှန်ကိုယ်အလေးချိန်ရှိရန် ချက်ခြင်းလုပ်ဆောင်သင့်ကြောင်း လေ့လာသူများက အကြံပြုခဲ့သည်။
ထို့ပြင် မိခင် အ၀လွန်ခြင်း၏ ရလဒ်ကြောင့် ၎င်းတို့၏ ရင်သွေးငယ်များမှာ လူမှုရေးဆိုင်ရာ စွမ်းရည်များ ယုတ်လျော့ခြင်း၊ စိတ်ရောဂါ သို့မဟုတ် အာရုံစူးစိုက်မှု ချို့ယွင်းသည့် စိတ်ကစဥ့်ကလျားဖြစ်မှု (ADHD) ရောဂါလည်း ဖြစ်စေနိုင်ပြီး အရွယ်ရောက်ချိန်တွင် ကင်ဆာဖြစ်နိုင်ချေကိုလည်း မြင့်မားစေသည်ဟု ဆိုသည်။
Ref : IINA
-
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် နိုင်ငံပေါင်း ၂၀၀ နီးပါး သဘောတူ
အောက်တိုဘာ ၁၆၊ ၂၀၁၆
M-Media– ကမ္ဘာကြီးပူနွေးလာမှုကို တုံ့ပြန်သည့်အနေဖြင့် ရေခဲသေတ္တာများနှင့် လေအေးပေးစက်များတွင် အသုံးပြုသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါသဘောတူညီချက်မှာ ‘အိုဇုန်းလွှာကို ပျက်စီးစေသည့် အရာဝတ္ထုများဆိုင်ရာ မွန်ထရီယယ်သဘောတူညီမှုအဖွဲ့’ က ရ၀မ်ဒါနိုင်ငံမြို့တော် ကီဂါလီတွင် ယမန်နေ့ကပြုလုပ်သော ၂၈ ကြိမ်မြောက် အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်သည်။
သိပ္ပံပညာရှင်များက ကလိုရိုဖလူအိုရိုကာဘွန် (CFCs) ဓာတ်ငွေ့နှင့် အလားတူဓာတ်ငွေ့များသည် စထရက်တိုစဖီးယားဟုခေါ်သည့် လေထုအလွှာရှိ အိုဇုန်းလွှာကို ဖျက်စီးစေကြောင်း တွေ့ရှိပြီးနောက် ၁၉၈၇ ခုနှစ်တွင် မွန်ထရီယယ်သဘောတူညီချက်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကီဂါလီတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်မှာ စက်ရုံထွက် ဟိုက်ဒရိုဖလူအိုရိုကာဘွန် (HFCs) များ၊ ကမ္ဘာကြီးပူနွေးမှု မြင့်မားစေသည့် စက်မှုလုပ်ငန်းထွက် ဓာတ်ငွေ့များဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်ဖြည့်စွက်ရန် ဖြစ်သည်။
ယမန်နေ့က ရရှိခဲ့သည့် သဘောတူညီချက်အရ ဥရောပနိုင်ငံအများစုနှင့် အမေရိကန်တို့အပါအ၀င် ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ၎င်းတို့၏ HFCs များကို ၂၀၁၉ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းမှ ၂၀၃၆ ခုနှစတွင် ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ကတိပြုခဲ့ကြသည်။
အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ထိုဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၂၄ သို့မဟုတ် ၂၀၂၈ ခုနှစ်တွင် ရပ်တန့်မည်ဖြစ်သည်။
Ref : Presstv
-
ရုရှားနှင့် အိန္ဒိယတို့ ကာကွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုး
အောက်တိုဘာ ၁၆၊ ၂၀၁၆
M-Media– အိန္ဒိယနှင့် ရုရှားတို့သည် ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကာ ထိုဆောင်ရွက်မှုမှာ ကမ္ဘာ့မဟာမိတ်နိုင်ငံများဖြစ်မှုကို ပြန်လည်ပုံဖော်၍ အာဖဂန်နှင့် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့၏ အရေးပါမှုကို သက်ရောက်စနိုင်သည့် ပူးပေါင်းဆာင်ရွက်ရေး ခေတ်သစ်ကို ဖော်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
စာချုပ်များ လက်မှတ်ရေးထိုးပွဲကို အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ တက်ရောက်ခဲ့သည်။
သဘောတူညီချက်များထဲ အကြီးဆုံးမှာ ရုရှားနိုင်ငံပိုင်ရေနံလုပ်ငန်း Rosneft က အိန္ဒိယ၏ Essar ရေနံကုမ္ပဏီနှင့် အခြားလုပ်ငန်းစုများနှင့် လက်မှတ်ရေးထိုးမှုဖြစ်သည်။ အဆိုပါ ဒေါ်လာ ၁၂.၉ ဘီလီယံ သဘောတူညီချက်အရ Rosneft ကုမ္ပဏီသည် Essar နှင့် ၎င်းပိုင်ဆိုင်သည့် ဆိပ်ကမ်းလုပ်ငန်းများတွင် ရှယ်ယာများ ၀ယ်ယူသွားမည်ဖြစ်သည်။
အခြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုမှာ နျူကလီးယားနယ်ပယ်တွင် ဖြစ်ပြီး လက်ရှိတွင် ရုရှားမှာ တမီလ်နန်ဒူးပြည်နယ်ရှိ နျူဓာတ်အားပေးစက်ရုံတွင် တတိယနှင့် စတုတ္ထမြောက် နျူဓာတ်ပေါင်းဖိုများ စတင် ဆောက်လုပ်နေပြီဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာမည့် နှစ် ၂၀ အတွင်း အိန္ဒိယ၌ နျူဓာတ်ပေါင်းဖို တစ်ဒါဇင်ခန့် ဆောက်လုပ်သွားရန်လည်း ၎င်းတို့နှစ်နိုင်ငံက သဘောတူခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များလည်း ရရှိခဲ့ပြီး ပူတင်နှင့် မိုဒီ ၂ ဦးစလုံးကမူ အဆိုပါ သဘောတူညီချက်များက နိုင်ငံတကာအရေးကိစ္စများတွင် မိမိတို့နှစ်နိုင်ငံ၏ သဘောထားတူညီမှုကို ရောင်ပြန်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။
Ref : Presstv