News @ M-Media

Blog

  • အင်္ဂါဂြိုဟ်တွင် ရောင်စဥ်အလင်းတန်းသစ်တစ်ခုကို ယူအေအီး တွေ့ရှိ

    အင်္ဂါဂြိုဟ်တွင် ရောင်စဥ်အလင်းတန်းသစ်တစ်ခုကို ယူအေအီး တွေ့ရှိ

    စက်တင်ဘာ ၄၊ ၂၀၂၂
    M-Media

    ကမ္ဘာ့မြောက်ဖျားတွင် တွေ့ရသည့် Aurora အလင်းတန်း

    -အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက လွှတ်တင်ထားတဲ့ အင်္ဂါဂြိုဟ် လေ့လာစူးစမ်းရေးယာဥ်ဟာ အင်္ဂါဂြိုဟ်မှာ ‘အော်ရော်ရာ’ (Aurora) လို့ခေါ်တဲ့ ပရိုတွန်ရောင်စဥ်အလင်းတန်း ပုံစံသစ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

    ဒီတွေ့ရှိချက်ကြောင့် အင်္ဂါြဂိုဟ်ရဲ့ လေထုအကြောင်းကို ပိုမို အသေးစိတ်ကျကျ နားလည်အောင် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

    ယူအေအီးဟာ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး စီမံကိန်း (EMM) အဖြစ် ဂြိုဟ်တုတစ်လုံးကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ အင်္ဂါဂြိုဟ်ဆီ ပို့လွှတ်ပြီး လေထုကို စောင့်ကြည့် လေ့လာနေခဲ့တာပါ။

    အခုတွေ့ရှိခဲ့တဲ့ ပရိုတွန် ရောင်စဥ်အလင်းတန်းကို ပိုမို အသေးစိတ် နားလည်နိုင်ဖို့အတွက် EMM ဟာ အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ အင်္ဂါဂြိုဟ်လေထု လေ့လာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    “အင်္ဂါဂြိုဟ်ရဲ့ နေ့ကာလတွေမှာ ပရိုတွန် ရောင်စဥ်တန်းတွေ ဘယ်လို ပေါ်ပေါက်လာလဲဆိုတာနဲ့ပတ်သက်ပြီး နာဆာရဲ့ အရင်က လေ့လာထားချက်တွေ၊ ရှုမြင်ပုံတွေမှာ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က နောက်ထပ် ပုံစံသစ်တစ်ခုကို ထည့်ပေးလိုက်တာပါ” လို့ EMM ရဲ့ သိပ္ပံဆိုင်ရာ အကြီးအကဲ ဟီဆာ အလ်-မာထရူရှီက ပြောပါတယ်။

    အင်္ဂါဂြိုဟ်ရဲ့ လေထုနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ နားမလည်နိုင်တာ အများအပြား ရှိနေသေးပြီး အခုတွေ့ရှိချက်ကြောင့် သုတေသန နယ်ပယ်သစ်တွေကို ဖြန့်ကျက် လုပ်ဆောင်လာနိုင်လိမ့်မယ်လို့လည်း အလ်-မာထရူရှီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နေရောင်ခြည်နဲ့ လေထုက အမှုန်တွေ ထိတွေ့တဲ့အခါမှာ အော်ရော်ရာလိုခေါ်တဲ့ လှပတဲ့ ရောင်စဥ်အလင်းတန်းတွေ ထွက်ပေါ်လေ့ရှိပြီး ကမ္ဘာမှာဆိုရင် မြောက်၀င်ရိုးစွန်းနဲ့ နီးကပ်တဲ့ ဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။

    Ref: Arab News

  • အိန္ဒိယ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော တပ်တော်၀င်

    အိန္ဒိယ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော တပ်တော်၀င်

    စက်တင်ဘာ ၃၊ ၂၀၂၂
    M-Media

    -INS Vikrant လို့ အမည်ပေးထားတဲ့ အိန္ဒိယရဲ့ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘောရဲ့ တပ်တော်၀င်အခမ်းအနားကို မနေ့က ကျင်းပခဲ့ပါတယ်။

    ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျတဲ့ ဒီသင်္ဘောကို နိုင်ငံတောင်ပိုင်းက ကိုချင် သင်္ဘောကျင်းမှာ တည်ဆောက်တာဖြစ်ပါတယ်။ ဒီဇိုင်းဆွဲမှုနဲ့ တည်ဆောက်မှုကာလ စုစုပေါင်း ၁၈ နှစ် ကြာခဲ့ပါတယ်။

    အိန္ဒိယဟာ စစ်ရေးအသုံးစားရိတ်မှာ ကမ္ဘာ့ တတိယမြောက် အများဆုံးနိုင်ငံပါ။ ရန်ဖက် ပါကစ္စတန်နဲ့ နယ်မြေအငြင်းပွားတဲ့ ပြဿနာကနေ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်၊ တရုတ်တို့နဲ့ ရေတပ်အင်အား ပခုံးချင်း ယှဥ်နိုင်ရေးကို ပိုပြီး အလေးပေးလာပါတယ်။

    INS Vikrant ကို ရေချနိုင်မှုကြောင့် ဗျူဟာမြောက် စစ်သင်္ဘောတွေ အောင်မြင်စွာ တည်ဆောက်အသုံးပြုနိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါ၀င်လာတာ ဖြစ်ပါတယ်။

    နည်းပညာနယ်ပယ်နဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုမှာ ကိုယ့်အားကိုယ်ကိုးနိုင်ရေး အိန္ဒိယရဲ့ ကြိုးပမ်းမှာ INS Vikrant လေယာဥ်တင်သင်္ဘောက သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်နိုင်တာဖြစ်တယ်လို့ တပ်တော်၀င်ပွဲ အခမ်းအနားမှာ ၀န်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

    Ref: Washintong Post

  • ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတဟောင်း ကိုလံဘိုကို ပြန်ရောက်လာ

    ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတဟောင်း ကိုလံဘိုကို ပြန်ရောက်လာ

    စက်တင်ဘာ ၃၊ ၂၀၂၂
    M-Media

    -ပြည်သူလူထုရဲ့ ဆန္ဒပြမှုကြောင့် တိုင်းပြည်ကနေ ထွက်ပြေးသွားရတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ဒီကနေ့မနက်ပိုင်းမှာ တိုင်းပြည်ကို ပြန်ရောက်လာပါတယ်။

    သီရိလင်္ကာအစိုးရ ၀န်ကြီးတစ်ချို့ ဂိုတာဘာယာကို သွားကြိုခဲ့တယ်လို့လည်း သတင်းထွက်ပါတယ်။

    ရာဂျာပက်ဆာမိသားစုဟာ တိုင်းပြည်ကို ၁၀ စုနှစ်ချီ အုပ်စိုးခဲ့ပြီး၊ မူ၀ါဒအမှားတွေ၊ ခြစားမှုတွေ၊ ဖိနှိပ်ချုပ်ခြယ်မှုတွေကြောင့် သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်ခဲ့ပြီး ဒေ၀ါလီ ခံခဲ့ရပါတယ်။

    ပြည်သူလူထုကလည်း အာဏာချုပ်ကိုင်ထားတဲ့ ရာဂျာပက်ဆာ မိသားစုကို အကြီးအကျယ် ဆန္ဒပြခဲ့ပြီး ၀န်ကြီးချုပ်နဲ့ သမ္မတနေအိမ်တွေကို ၀င်ရောက်စီးနင်းတဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

    ဂိုတာဘာယာဟာ ဇူလိုင်လက စစ်လေယာဥ်နဲ့ မော်လ်ဒိုက်ကို ထွက်ပြေးခဲ့ပြီး အဲဒီကမှ စင်ကာပူ၊ အဲဒီနောက် ထိုင်းကို သွားရောက်ခိုလှုံခဲ့တာပါ။ ဒီကနေ့မနက်မှာတော့ စင်ကာပူလေကြောင်းလိုင်းနဲ့ ကိုလံဘိုကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

    လက်ရှိသီရိလင်္ကာသမ္မတ ၀စ်ကရီမီဆင်ဟီဟာ ဂိုတာဘာယာရဲ့ မဟာမိတ်ဖြစ်ပြီး ကိုလံဘိုမှာ ဂိုတာဘာယာနေထိုင်ဖို့ အိမ်တစ်လုံး စီစဥ်ပေးထားပါတယ်။

    ဂိုတာဘာယာ ဒီလို မြန်မြန်ဆန်ဆန် ပြန်ရောက်လာမယ်လို့ သီရိလင်္ကာ နိုင်ငံရေးအသိုင်းအ၀ိုင်းက မျှော်လင့်မထားခဲ့ပါဘူး။ နိုင်ငံရေးမှာ ဂိုတာဘာယာနဲ့ သူ့ရဲ့ မိသားစု ပြန်လည်ပါ၀င်လာမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ လူထုရဲ့ ဆန့်ကျင်မှုတွေ မြင့်တက်လာနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ပါတယ်။

    Ref: BBC

  • ဘုန်းကြီး၊ သီလရှင်ယောင်ဆောင်ထားသည့် စစ်ကောင်စီသူလျှိုများကို ထိုင်း ဖမ်းဆီး

    ဘုန်းကြီး၊ သီလရှင်ယောင်ဆောင်ထားသည့် စစ်ကောင်စီသူလျှိုများကို ထိုင်း ဖမ်းဆီး

    သြဂုတ် ၃၁၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံက လာဖွင့်ထားတဲ့ သဘာ၀ဓမ္မ တရားရိပ်သာကို ၀င်ရောက်စီးနင်း ဖမ်းဆီးမှုအတွင်း ဘုန်းကြီးနဲ့ သီလရှင်ပုံစံ ဟန်ဆောင်ထားတဲ့ စစ်ကောင်စီ သူလျှိုတွေကို တွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်နဲ့ သိပ်မ၀ေးတဲ့ မယ်ပမှာ တနင်္လာနေ့က စီးနင်းမှုအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ သီလရှင်တွေနဲ့ ဘုန်းကြီးတွေလည်း ပါ၀င်နေတာပါ။

    မဲဆောက်မှာ ရှိနေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့တွေအကြောင်း စုံစမ်း ထောက်လှမ်းဖို့အတွက် စစ်ကောင်စီက လွှတ်လိုက်တာလို့ စစ်ဆေးမေးမြန်းမှုမှာ သူတို့က ဖြေကြားခဲ့ပါတယ်။

    အဲဒီ ဘုန်းကြီးနဲ့ သီလရှင်တွေဟာ ဘန်ကောက်မြို့အထိ သွားရောက်ပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

    သဘာ၀ဓမ္မ တရားရိပ်သာဟာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်အခြေစိုက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလက မဲဆောက်မှာ ရိပ်သာခွဲ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    ရိပ်သာကို ဦးဆောင်နေတဲ့ ဘုန်းကြီးတွေဟာ စစ်ခေါင်းဆောင်တွေရဲ့ သြဇာခံဖြစ်တယ်လို့ နာမည်ကြီးပြီး၊ စစ်အာဏာရှင်စနစ်ဟာ ဗုဒ္ဓဘာသာ အတွက် ပိုပြီးစိတ်ချရတယ်ဆိုတဲ့ ဦးဆောင်ဆရာတော်တစ်ပါးရဲ့ အင်တာဗျူးဟာ အာဏာသိမ်းပြီး သိပ်မကြာခင် အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    Ref: Bangkok Post

  • ဆန်စျေးကျရေး ဘင်္လားဒေ့ရှ်က စီမံကိန်းချ ဆောင်ရွက်နေ

    ဆန်စျေးကျရေး ဘင်္လားဒေ့ရှ်က စီမံကိန်းချ ဆောင်ရွက်နေ

    သြဂုတ် ၃၀၊ ၂၀၂၂
    M-Media

    -ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာနဲ့ ရုရှားတို့ကနေ ဆန်နဲ့ ဂျုံတန်ချိန် သိန်းချီ တင်သွင်းဖို့ ဘင်္လားဒေ့ရှ်က စီစဥ်နေပါတယ်။

    တိုင်းပြည်မှာရှိနေတဲ့ အရန်ဆန်ပမာဏကို ဖြည့်တင်းဖို့နဲ့ ဆန်စျေးတက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    မြန်မာကနေ ဆန်တန်ချိန် ၂ သိန်း တင်သွင်းမှာဖြစ်ပြီး စစ်ကောင်စီ တာ၀န်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံ သဘောတူညီချက် ရယူခဲ့ပါတယ်။ ဗီယက်နမ်ကနေ တန်ချိန် ၂ သိန်း ၃ သောင်း၊ အန္ဒိယကနေ တန်ချိန် ၁ သိန်း ၀ယ်ယူဖို့ သဘောတူညီချက်လည်း ရတော့မှာ ဖြစ်ပါတယ်။

    လက်ရှိ ဘင်္လားဒေ့ရှ်မှာ ဆန်စျေးကြီးမြင့်နေပြီး ၀န်ကြီးချုပ် ရှိခ်ဟာဆီနာအစိုးရက ဆန်တွေကို စျေးချိုချိုနဲ့ ရောင်းပေးဖို့ စီစဥ်နေပါတယ်။

    အခုတင်သွင်းမယ့်ဆန်ကို နိုင်ငံတစ်၀ှမ်း စျေးတစ်မျိုးတည်းနဲ့ ဘင်္လားဒေ့ရှ်အစိုးရက ရောင်းမှာပါ။ ရုရှားထံကနေ ဂျုံတန်ချိန် ၅ သိန်း ၀ယ်ယူမှာဖြစ်ပြီး ဒါကိုလည်း စျေးသက်သက်သာသာနဲ့ ပြန်ရောင်းပေးမှာ ဖြစ်ပါတယ်။

    Ref: Arab News