News @ M-Media

Blog

  • အိန္ဒိယ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော တပ်တော်၀င်

    အိန္ဒိယ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော တပ်တော်၀င်

    စက်တင်ဘာ ၃၊ ၂၀၂၂
    M-Media

    -INS Vikrant လို့ အမည်ပေးထားတဲ့ အိန္ဒိယရဲ့ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘောရဲ့ တပ်တော်၀င်အခမ်းအနားကို မနေ့က ကျင်းပခဲ့ပါတယ်။

    ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျတဲ့ ဒီသင်္ဘောကို နိုင်ငံတောင်ပိုင်းက ကိုချင် သင်္ဘောကျင်းမှာ တည်ဆောက်တာဖြစ်ပါတယ်။ ဒီဇိုင်းဆွဲမှုနဲ့ တည်ဆောက်မှုကာလ စုစုပေါင်း ၁၈ နှစ် ကြာခဲ့ပါတယ်။

    အိန္ဒိယဟာ စစ်ရေးအသုံးစားရိတ်မှာ ကမ္ဘာ့ တတိယမြောက် အများဆုံးနိုင်ငံပါ။ ရန်ဖက် ပါကစ္စတန်နဲ့ နယ်မြေအငြင်းပွားတဲ့ ပြဿနာကနေ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်၊ တရုတ်တို့နဲ့ ရေတပ်အင်အား ပခုံးချင်း ယှဥ်နိုင်ရေးကို ပိုပြီး အလေးပေးလာပါတယ်။

    INS Vikrant ကို ရေချနိုင်မှုကြောင့် ဗျူဟာမြောက် စစ်သင်္ဘောတွေ အောင်မြင်စွာ တည်ဆောက်အသုံးပြုနိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါ၀င်လာတာ ဖြစ်ပါတယ်။

    နည်းပညာနယ်ပယ်နဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုမှာ ကိုယ့်အားကိုယ်ကိုးနိုင်ရေး အိန္ဒိယရဲ့ ကြိုးပမ်းမှာ INS Vikrant လေယာဥ်တင်သင်္ဘောက သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်နိုင်တာဖြစ်တယ်လို့ တပ်တော်၀င်ပွဲ အခမ်းအနားမှာ ၀န်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

    Ref: Washintong Post

  • ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတဟောင်း ကိုလံဘိုကို ပြန်ရောက်လာ

    ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတဟောင်း ကိုလံဘိုကို ပြန်ရောက်လာ

    စက်တင်ဘာ ၃၊ ၂၀၂၂
    M-Media

    -ပြည်သူလူထုရဲ့ ဆန္ဒပြမှုကြောင့် တိုင်းပြည်ကနေ ထွက်ပြေးသွားရတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ဒီကနေ့မနက်ပိုင်းမှာ တိုင်းပြည်ကို ပြန်ရောက်လာပါတယ်။

    သီရိလင်္ကာအစိုးရ ၀န်ကြီးတစ်ချို့ ဂိုတာဘာယာကို သွားကြိုခဲ့တယ်လို့လည်း သတင်းထွက်ပါတယ်။

    ရာဂျာပက်ဆာမိသားစုဟာ တိုင်းပြည်ကို ၁၀ စုနှစ်ချီ အုပ်စိုးခဲ့ပြီး၊ မူ၀ါဒအမှားတွေ၊ ခြစားမှုတွေ၊ ဖိနှိပ်ချုပ်ခြယ်မှုတွေကြောင့် သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်ခဲ့ပြီး ဒေ၀ါလီ ခံခဲ့ရပါတယ်။

    ပြည်သူလူထုကလည်း အာဏာချုပ်ကိုင်ထားတဲ့ ရာဂျာပက်ဆာ မိသားစုကို အကြီးအကျယ် ဆန္ဒပြခဲ့ပြီး ၀န်ကြီးချုပ်နဲ့ သမ္မတနေအိမ်တွေကို ၀င်ရောက်စီးနင်းတဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

    ဂိုတာဘာယာဟာ ဇူလိုင်လက စစ်လေယာဥ်နဲ့ မော်လ်ဒိုက်ကို ထွက်ပြေးခဲ့ပြီး အဲဒီကမှ စင်ကာပူ၊ အဲဒီနောက် ထိုင်းကို သွားရောက်ခိုလှုံခဲ့တာပါ။ ဒီကနေ့မနက်မှာတော့ စင်ကာပူလေကြောင်းလိုင်းနဲ့ ကိုလံဘိုကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

    လက်ရှိသီရိလင်္ကာသမ္မတ ၀စ်ကရီမီဆင်ဟီဟာ ဂိုတာဘာယာရဲ့ မဟာမိတ်ဖြစ်ပြီး ကိုလံဘိုမှာ ဂိုတာဘာယာနေထိုင်ဖို့ အိမ်တစ်လုံး စီစဥ်ပေးထားပါတယ်။

    ဂိုတာဘာယာ ဒီလို မြန်မြန်ဆန်ဆန် ပြန်ရောက်လာမယ်လို့ သီရိလင်္ကာ နိုင်ငံရေးအသိုင်းအ၀ိုင်းက မျှော်လင့်မထားခဲ့ပါဘူး။ နိုင်ငံရေးမှာ ဂိုတာဘာယာနဲ့ သူ့ရဲ့ မိသားစု ပြန်လည်ပါ၀င်လာမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ လူထုရဲ့ ဆန့်ကျင်မှုတွေ မြင့်တက်လာနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ပါတယ်။

    Ref: BBC

  • ဘုန်းကြီး၊ သီလရှင်ယောင်ဆောင်ထားသည့် စစ်ကောင်စီသူလျှိုများကို ထိုင်း ဖမ်းဆီး

    ဘုန်းကြီး၊ သီလရှင်ယောင်ဆောင်ထားသည့် စစ်ကောင်စီသူလျှိုများကို ထိုင်း ဖမ်းဆီး

    သြဂုတ် ၃၁၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံက လာဖွင့်ထားတဲ့ သဘာ၀ဓမ္မ တရားရိပ်သာကို ၀င်ရောက်စီးနင်း ဖမ်းဆီးမှုအတွင်း ဘုန်းကြီးနဲ့ သီလရှင်ပုံစံ ဟန်ဆောင်ထားတဲ့ စစ်ကောင်စီ သူလျှိုတွေကို တွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်နဲ့ သိပ်မ၀ေးတဲ့ မယ်ပမှာ တနင်္လာနေ့က စီးနင်းမှုအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ သီလရှင်တွေနဲ့ ဘုန်းကြီးတွေလည်း ပါ၀င်နေတာပါ။

    မဲဆောက်မှာ ရှိနေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့တွေအကြောင်း စုံစမ်း ထောက်လှမ်းဖို့အတွက် စစ်ကောင်စီက လွှတ်လိုက်တာလို့ စစ်ဆေးမေးမြန်းမှုမှာ သူတို့က ဖြေကြားခဲ့ပါတယ်။

    အဲဒီ ဘုန်းကြီးနဲ့ သီလရှင်တွေဟာ ဘန်ကောက်မြို့အထိ သွားရောက်ပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

    သဘာ၀ဓမ္မ တရားရိပ်သာဟာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်အခြေစိုက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလက မဲဆောက်မှာ ရိပ်သာခွဲ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    ရိပ်သာကို ဦးဆောင်နေတဲ့ ဘုန်းကြီးတွေဟာ စစ်ခေါင်းဆောင်တွေရဲ့ သြဇာခံဖြစ်တယ်လို့ နာမည်ကြီးပြီး၊ စစ်အာဏာရှင်စနစ်ဟာ ဗုဒ္ဓဘာသာ အတွက် ပိုပြီးစိတ်ချရတယ်ဆိုတဲ့ ဦးဆောင်ဆရာတော်တစ်ပါးရဲ့ အင်တာဗျူးဟာ အာဏာသိမ်းပြီး သိပ်မကြာခင် အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။

    Ref: Bangkok Post

  • ဆန်စျေးကျရေး ဘင်္လားဒေ့ရှ်က စီမံကိန်းချ ဆောင်ရွက်နေ

    ဆန်စျေးကျရေး ဘင်္လားဒေ့ရှ်က စီမံကိန်းချ ဆောင်ရွက်နေ

    သြဂုတ် ၃၀၊ ၂၀၂၂
    M-Media

    -ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာနဲ့ ရုရှားတို့ကနေ ဆန်နဲ့ ဂျုံတန်ချိန် သိန်းချီ တင်သွင်းဖို့ ဘင်္လားဒေ့ရှ်က စီစဥ်နေပါတယ်။

    တိုင်းပြည်မှာရှိနေတဲ့ အရန်ဆန်ပမာဏကို ဖြည့်တင်းဖို့နဲ့ ဆန်စျေးတက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    မြန်မာကနေ ဆန်တန်ချိန် ၂ သိန်း တင်သွင်းမှာဖြစ်ပြီး စစ်ကောင်စီ တာ၀န်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံ သဘောတူညီချက် ရယူခဲ့ပါတယ်။ ဗီယက်နမ်ကနေ တန်ချိန် ၂ သိန်း ၃ သောင်း၊ အန္ဒိယကနေ တန်ချိန် ၁ သိန်း ၀ယ်ယူဖို့ သဘောတူညီချက်လည်း ရတော့မှာ ဖြစ်ပါတယ်။

    လက်ရှိ ဘင်္လားဒေ့ရှ်မှာ ဆန်စျေးကြီးမြင့်နေပြီး ၀န်ကြီးချုပ် ရှိခ်ဟာဆီနာအစိုးရက ဆန်တွေကို စျေးချိုချိုနဲ့ ရောင်းပေးဖို့ စီစဥ်နေပါတယ်။

    အခုတင်သွင်းမယ့်ဆန်ကို နိုင်ငံတစ်၀ှမ်း စျေးတစ်မျိုးတည်းနဲ့ ဘင်္လားဒေ့ရှ်အစိုးရက ရောင်းမှာပါ။ ရုရှားထံကနေ ဂျုံတန်ချိန် ၅ သိန်း ၀ယ်ယူမှာဖြစ်ပြီး ဒါကိုလည်း စျေးသက်သက်သာသာနဲ့ ပြန်ရောင်းပေးမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ဘရာဇီးလ်တွင် တိုင်းရင်းသားလူမျိုးစုတစ်ခု မျိုးတုန်းပျောက်ကွယ်

    ဘရာဇီးလ်တွင် တိုင်းရင်းသားလူမျိုးစုတစ်ခု မျိုးတုန်းပျောက်ကွယ်

    သြဂုတ် ၃၀၊ ၂၀၂၂
    M-Media

    -ဘရာဇီးလ်နိုင်ငံ အမေဇုန်တောနက်ထဲမှာ နေထိုင်တဲ့ ဌာနေမျိုးနွယ်စုတစ်ခုက တစ်ယောက်တည်းကျန်တဲ့သူတစ်ဦး သေဆုံးသွားခဲ့ပြီး ဒါဟာ လူမျိုးတစ်မျိုး မျိုးတုန်းပျောက်ကွယ်သွားတာလည်း ဖြစ်ပါတယ်။

    ‘တွင်းနက်လူသား’ လို့ အမည်ပေးထားတဲ့ အဲဒီအမျိုးသားကို ဘိုလီဗီယားနယ်စပ် ‘တာနာရူ’ တိုင်းရင်းသားဒေသက တဲတစ်လုံးထဲမှာ သြဂုတ်လ ၂၃ ရက်နေ့က သေဆုံးလျက် တွေ့ခဲ့ရတာပါ။

    သူ့လူမျိုးတွေဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ တရားမ၀င် သစ်ခုတ်တဲ့အဖွဲ့တွေ၊ သတ္တုတွင်းတူးတဲ့ အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံး သူတစ်ယောက်တည်း ကျန်ခဲ့ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ကာ တောထဲမှာပဲ နှစ်ပေါင်း ၃၀ လောက် ပုန်းရှောင်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

    သူ့တဲနားတစ်၀ိုက်မှာ သားကောင်တွေ မလာအောင်နဲ့ သူ၀င်ပုန်းနိုင်ဖို့ ကျင်းတွေ အများအပြားတူးတာကို အစွဲပြုပြီး ဒီအမည် တွင်ခဲ့တာပါ။ သူ့ရဲ့ အမည်အရင်းကို မသိရပါဘူး။

    “သူသေသွားတာဟာ သူ့လူမျိုးစုကို လူမျိုးတုန်းသတ်ဖြတ်မှု ပြီးမြောက်သွားတာလို့ ပြောလို့ရပါတယ်။ မြေနဲ့ ချမ်းသာကြွယ်၀မှုကို အာသာငမ်းငမ်း တက်မက်လိုချင်ကြတဲ့ ခရိုနီလုပ်ငန်းရှင်တွေက လူမျိုးစုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သုတ်သင်မှုပါပဲ” လို့ Survival International အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး တာ၀န်ရှိသူ ဖီအိုနာ ၀ပ်စတန်က ပြောပါတယ်။

    ဘရာဇီးလ်အာဏာပိုင်တွေက ဒီအမျိုးသား ဘာ့ကြောင့်သေဆုံးရတယ်ဆိုတာ မှတ်ချက်မပေးခဲ့ဘဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

    မကြာသေးခင်ကပြုလုပ်တဲ့ အစိုးရ စစ်တမ်းတွေအရ ဘရာဇီးလ်မှာ ဌာနေတိုင်းရင်းသား မျိုးနွယ်စုပေါင်း ၃၀၀ ကျော်ရှိပြီး လူဦးရေက ၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။ ဘရာဇီးလ်နိုင်ငံရဲ့ လူဦးရေဟာ စုစုပေါင်း ၂၁၂ သန်း ရှိတာပါ။

    အဲဒီမျိုးနွယ်စုတွေရဲ့ ထက်၀က်ကျော်လောက်က အမေဇုန်တောနက်ထဲမှာ နေထိုင်ကြပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် မလုပ်ကြပါဘူး။ တရားမ၀င် သစ်လုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ကြတဲ့ ခရိုနီ လုပ်ငန်းရှင်တွေကြောင့် ဌာနေလူမျိုးစုတွေရဲ့ နယ်မြေတွေ ဆုံးရှုံးနေသလို သတ်ဖြတ်မှုလည်း ခံနေရပါတယ်။

    လက်ရှိ လက်ယာစွန်းရောက်သမ္မတ ဘိုလ်ဆိုနာရိုဟာ သစ်တောခုတ်ထွင်မှုကို အားပေးကာ လုပ်ပိုင်ခွင့်တွေ ချပေးတာကြောင့် ဘရာဇီးလ်က ဌာနေတိုင်းရင်းသားတွေရဲ့ ရှင်သန်ရေးဟာ ပိုမို ခြိမ်းခြောက်ခံလာရပါတယ်။

    Ref: AFP