News @ M-Media

Blog

  • နိုင်ငံတကာပညာရေးတွင် ယူအေအီး၏ အခန်းကဏ္ဍကို ယူနက်စကို ချီးကျူး

    နိုင်ငံတကာပညာရေးတွင် ယူအေအီး၏ အခန်းကဏ္ဍကို ယူနက်စကို ချီးကျူး

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    unesco
    ယူနက်စကိုအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာ အိုင်ရီနာ ဘိုကိုဗာ

    – နိုင်ငံတကာ ပညာရေးကဏ္ဍတွင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုများအတွက် ယူနက်စကိုအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာဖြစ်သူ အိုင်ရီနာ ဘိုကိုဗာက ချီးကျူးပြောဆိုလိုက်သည်။

    ကျောင်းဆရာများ၏ ထိထိရောက်ရောက်ပညာသင်ကြားနိုင်စွမ်း မြှင့်တင်ရေးအတွက် ‘ထူးခြားသည့် ကျင့်သုံးမှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ ဟမ်ဒန် ဘင် ရာရှစ် အလ်-မက်ခ်တွမ်ဆု’ နှင့်ပတ်သက်၍ အိုကိုဗာက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုဆုမှာ စွမ်းဆောင်ရည် ထူးခြားကောင်းမွန်သည့် ကျောင်းဆရာများကို အသိအမှတ်ပြုကာ၊ ပညာရေးဆိုင်ရာ အသင်းအဖွဲ့များတွင် အလွန်ကောင်းမွန်သည့် ကျင့်သုံးမှုများကို ဖြစ်ထွန်းစေသည်ဟု ဆိုသည်။

    ထို့ပြင် ဖက်ဒရယ်အမျိုးသားကောင်စီ (FNC) ၏ ဥက္ကဌ ဒေါက်တာ အမလ် အဗ္ဗဒူလာ အလ်-ကူဘိုင်စီကိုလည်း သူမ၏ ပြည်သူလူထုအတွက် လှုပ်ရှားမှုနှင့် လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လွှတ်တော်ရေးရာကဏ္ဍများတွင် အားထုတ်မှုများ အတွက်လည်း ချီးကျူးခဲ့သည်။

    အာရပ်ဒေသအတွင်း ပထမဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဌ ဖြစ်လာမှုအတွက် မိမိအနေဖြင့် ကူဘိုင်စီကို လေးစားအားကျမိကြောင်း၊ သူမမှာ မိမိတို့ ယူနက်စကိုအတွက်လည်း ကြီးကျယ်သည့် မိတ်ဆွေတစ်ဦးဖြစ်ပြီး အာရပ်ဒေသတွင်လည်း ထင်ရှားသည့် ပုဂ္ဂိုလ်ကျော်များမှ တစ်ဦးဖြစ်ကြောင်း ဘိုကိုဗာက ထပ်လောင်းပြောကြားခဲ့သည်။

    ဘိုကိုဗာနှင့် အလ်ကူဘေစီတို့သည် ပဲရစ်မြို့တွင် တွေ့ဆုံခဲ့ပြီး အကြမ်းဖက်ဝါဒနှင့် သမိုင်းဝင် အမွေအနှစ်များကို အကြမ်းဖက်သမားများက ဖျက်ဆီးမှုများအား တန်ပြန်တိုက်ခိုက်ရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ ဒုက္ခသည်းအရေး၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ဘိုကိုဗာမှာ ဒီဇင်ဘာလတွင် ဒူဘိုင်းရှိ လွှတ်တော်၌ ကျင်းပမည့် အမျိုးသမီး လွှတ်တော်ဥက္ကဌများ၏ ထိပ်သီးအစည်းဝေးကို တက်ရောက်မည်ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းဝေးမှာ အာရပ်နိုင်ငံတစ်ခုတွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ပြီး ယူအေအီး၏ မူဝါဒများ ချမှတ်ခြင်း၊ ပြည်သူလူထုများအား တိုက်တွန်းအားပေးခြင်း၊ ကမ္ဘာ့ရေးရာများတွင် ပါဝင်ဆောက်ရွကခြင်း စသည်တို့နှင့်ပတ်သက်၍ FNC ၏ အခန်းကဏ္ဍကို ဆွေးနွေးသွားမည်ဖြစ်သည်။

    Ref : IINA

  • ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော

    ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    pogba

    – မိမိ၏ ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို မိမိအနေဖြင့် နားလည်ပြီး၊ အသင်းအတွက် အမြဲတမ်း ရေကုန်ရေခန်း ပေးဆပ်နေသည်ဟု မန်ယူအသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။

    ပေါ့ဘာမှာ ယမန်နေ့က နယ်သာလန်အသင်းအား ပြင်သစ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို အဝေးကန်ချက်ဖြင့် သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ကလပ်နှင့် နိုင်ငံအသင်းတို့တွင် ခြေစွမ်းကောင်းများ မပြသနိုင်မှုအတွက် ပေါ့ဘာမှာ ဝေဖန်ခံနေရသည်။

    “ကျွန်တော် ပြင်သစ်အသင်းအတွက် ကစားတာဖြစ်ပြီး အဲဒီအသင်းက ပေါ့ဘာတစ်ယောက်တည်းနဲ့ ကစားတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးကောင်းတစ်ယောက်ကောင်းအကြောင်း ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် အသင်းအတွက် ကစားတယ်၊ အမြဲတမ်း ရေကုန်ရေခမ်းကစားပေးတာပါ” ဟု ပေါ့ဘာက Canal+ သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဝေဖန်မှုများ ခံနေရသော်လည်း ပွဲများတွင်သာ အာရုံစိုက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကမူ ပေါ့ဘာအား ဝေဖန်မှုမှာ မဖြစ်သင့်သော်လည်း ဘောလုံးလောကမှာ ထိုကဲ့သို့ပင်ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    Ref : Goal

  • နိုင်ငံတကာ ဟာလာလ်ညီလာခံကို ခရိုးအေးရှားတွင် ကျင်းပမည်

    နိုင်ငံတကာ ဟာလာလ်ညီလာခံကို ခရိုးအေးရှားတွင် ကျင်းပမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    croatia

    – နိုင်ငံတကာ ဟာလာလ်လုပ်ငန်းဆိုင်ရာ ထိပ်သီးညီလာခံတစ်ခုကို လာမည့်လတွင် ကျရောက်မည့် ကမ္ဘာ့ဟာလာလ်နေ့ (World Halal Day) ၌ ခရိုအေးရှားနိုင်ငံရှိ အိုပါတီဂျာမြို့တွင် ကျင်းပရန်ရှိနေသည်ဟု သိရသည်။

    အဆိုပါညီလာခံ၌ ကမ္ဘာ့ထင်ရှားသော ဟာလာလ်လုပ်ငန်းများ၊ ထုတ်လုပ်ဖြန့်ချီသူများ၊ ၀န်ဆောင်သူများ၊ စားသုံးသူများနှင့် ဈေးဆိုင်လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် သုတေသနအဖွဲ့များ၊ သံရုံးများ၊ အစိုးရဌာနများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ရှိနေသည်။

    နိုဝင်ဘာ ၂ ရက်မှ ၄ ရက်ထိ ကျင်းပမည့် အဆိုပါညီလာခံ၏ ရည်ရွယ်ချက်မှာ အတွေ့အကြုံများ ဖလှယ်ရန်၊ ခရိုအေးရှားနိုင်ငံနှင့် ဒေသတွင်းကို ကမ္ဘာလှည့်ခရီးသွားများ တောင်းဆိုသည့် ဟာလာလ်စံချိန်စံညွှန်းများ ဖြည့်ဆည်းပေးနိုင်သည့် နေရာသစ်အဖြစ် မိတ်ဆက်အသိပေးရန် ဖြစ်သည်။

    ဟာလာလ်ဈေးကွက်၊ ဟာလာလ်ခရီးသွားလာရေး၊ ဟာလာလ် အစားအသောက်၊ ဟာလာလ် အဟာရ၊ အစ္စလာမ့် ဘဏ်လ်ုငန်း၊ ဘဏ္ဍာရေးလုပ်ငန်းတို့နှင့်ပတ်သက်၍ အသိပညာပေးရန် ရည်ရွယ်သည့် ကမ္ဘာ့ဟာလာလ်နေ့ ကျင်းပမှုမှာ ယခုနှစ်တွင် ၃ ကြိမ်မြောက် ဖြစ်မည်ဖြစ်ပြီး ယခင် ၂ ကြိမ်ကို စင်ကာပူနှင့် အိန္ဒိယတို့တွင် ကျင်းပခဲ့သည်။

    ခရိုးအေးရှားတွင်ပြုလုပ်မည့် နိုင်ငံတကာ ဟာလာလ်ညီလာခံကို တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ မောရေးရှပ်စ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုးရီးယားတို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။

    လက်ရှိတွင် ခရိုအေးရှားနိုင်ငံ၌ ဟာလာလ်အသိအမှတ်ပြု လက်မှတ်များကို အစားသောက်များအတွက်သာ ထုတ်ပေးပြီး၊ အလှကုန်နှင့် ဆေးဝါးလုပ်ငန်းတို့တွင်လည်း ဟာလာလ်အသိအမှတ်ပြုလက်မှတ် တောင်းဆိုမှုများ မြင့်မားလာခဲ့သည်။ ဟာလာလ်ထုတ်ကုန်များကို ကျန်းမာရေးနှင့် ညီညွှတ်ပြီး အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များအဖြစ် မွတ်စလင်မဟုတ်သော စားသုံးသူများကလည်း အသိအမှတ်ပြုလက်ခံကြသည်။

    Ref : IINA

  • ရခိုင်ရှိ နယ်ခြားစောင့် ကင်းစခန်းများ တိုက်ခိုက်ခံရမှု မူးယစ်မှောင်ခို ကိစ္စနှင့် ဆက်စပ်နိုင်

    ရခိုင်ရှိ နယ်ခြားစောင့် ကင်းစခန်းများ တိုက်ခိုက်ခံရမှု မူးယစ်မှောင်ခို ကိစ္စနှင့် ဆက်စပ်နိုင်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    office

    – ရခိုင်ပြည်နယ်က နယ်ခြားစောင့် ကင်းစခန်းတွေ တိုက်ခိုက်ခံရမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မူးယစ်မှောင်ခိုမှုနဲ့ ဆက်စပ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ Facebook စာမျက်နှာမှာ လွှင့်တင်ထားတဲ့ သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

    တနင်္ဂနွေနေ့ မနက်အစောပိုင်းက ရသေ့တောင်နဲ့ မောင်တော မြို့နယ်တွေမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားတဲ့ လူတစ်စုက နယ်ခြားစောင့် ကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ကာ၊ ၅ ဦး ဒဏ်ရာရရှိပြီး၊ တစ်ဦး ပျောက်ဆုံးနေပါတယ်။

    တိုက်ခိုက်မှုအတွင်းမှာ လက်နက်တွေလည်း ခိုးယူခံလိုက်ရပြီး လက်ရှိအချိနမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားပြီးပြီးချင်းမှာ RSO စစ်သွေးကြွအဖွဲ့က ဒီတိုက်ခိုက်မှုကို ဆောင်ရွက်တာဖြစ်တယ်လို့ Eleven Media အပါအ၀င် ပြည်တွင်းပြည်ပ မီဒီယာအချို့နဲ့ ရခိုင်ခေါင်းဆောင်အချို့က ပြောကြားခဲ့ပေမယ့် နိုင်ငံတော်အစိုးရက တနင်္ဂနွေနေ့ည ၇ နာရီမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မည်သည့် အဖွဲ့အစည်းက လုပ်တယ်ဆိုတာကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

    တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကလည်း ရိုဟင်ဂျာကိစ္စကို နိုင်ငံတကာ အာရုံစိုက်မှုပြန်ရအောင် အကွင်ဆင်ဖန်တီးတာလို့ ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအေးမောင်တို့က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီနေ့မနက်ပိုင်း နိုင်ငံတော်သမ္မတရုံးက အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ပြန်တဲ့ သတင်းမှာတော့ တိုက်ခိုက်မှုအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အာဏာပိုင်တွေက တိုက်ခိုက်မှုဟာ မူးယစ်မှောင်ခိုမှုနဲ့ ပတ်သက်ဖွယ်ရှိတယ်လို့ ပြောကြားကြောင်း ဖော်ပြထားပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေမှာ အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်မှုရှိနေတယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုအပြီး ရခိုင့်တပ်မတော် AA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်တတ်တဲ့အကျင့် ရှိတဲ့အတွက်ကြောင့် အခု ဒီကိစ္စဟာလည်း လှည့်ကွက်ဖြစ်နိုင်တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: facebook page of Myanmar President Office

  • တောင်ကိုရီးယားတွင် အာရဘီဘာသာစကားဆိုင်ရာ နိုင်ငံတကာ ညီလာခံတစ်ခု ပြုလုပ်

    တောင်ကိုရီးယားတွင် အာရဘီဘာသာစကားဆိုင်ရာ နိုင်ငံတကာ ညီလာခံတစ်ခု ပြုလုပ်

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    korea

    – ကိုရီးယား အာရဘီဘာသာစကားနှင့် စာပေဆိုင်ရာအသင်း၏ စတုတ္ထမြောက် နိုင်ငံတကာ ညီလာခံကို ဆိုးလ်မြို့ရှိ Hankuk နိုင်ငံခြားဘာသာတက္ကသိုလ် (HUFS) တွင် စနေနေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Arabic Language & Literature Beyond Borders (နယ်စည်မခြား အာရဘီဘာသာစကားနှင့် စာပေ) ဆိုသည့် ခေါင်းစဉ်ဖြင့် အဆိုပါ ညီလာခံကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနှင့် အာရပ်နိုင်ငံများမှ ပညာရှင်များကို စုရုံးစေကာ နှစ်ဖက်ယဉ်ကျေးမှုများကို ပိုမိုနီးကပ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကိုရီးယား အာရဘီ ဘာသာစကားနှင့် စာပေဆိုင်ရာအသင်းက ပြောကြားခဲ့သည်။

    ညီလာခံကို တောင်ကိုရီးယားမှ အာရဘီဘာသာစကားနှင့် စာပေဆိုင်ရာ ပါမောက္ခများ၊ ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ၊ ဂျော်ဒန်၊ ဆူဒန်၊ ကာတာနှင့် အလ်ဂျီးရီးယားတို့မှ နာမည်ကျော် ပါမောက္ခ ၈ ဦးတို့ တက်ရောက်ခဲ့ကြသည်။

    ညီလာခံဖြစ်မြောက်ရေးအတွက် HUFS၊ တောင်ကိုရီးယားရှိ ကာတာ သံရုံး၊ ဆိုးလ်မြို့ရှိ ဆော်ဒီအာရေဗျ ယျဉ်ကျေးမှုအဖွဲ့နှင့် ကိုရီးယား-အာရပ်အသင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

    “ဒီ ပညာရပ်ဆိုင်ရာ ညီလာခံမှာ အာရဘီဘာသာစကားနဲ့ပတ်သက်တဲ့ အာရပ်ပညာရှင်တွေ၊ အာရဘီကို ဒုတိယဘာသာစကားအဖြစ် သင်ကြားပေးနေတဲ့ ပညာရှင်တွေဟာ ကိုရီးယားက အဲဒီကဏ္ဍမှာ ကျင်လည်နေတဲ့ ပညာရှင်တွေနဲ့အတူ အတွေ့အကြုံမျှဝေတာတွေလို အကျိုးကျေးဇူး တော်တော်များများ ဖြစ်ထွန်းပါတယ်” ဟု ဂျော်ဒန်ရှိ Al al-Bayt တက္ကသိုလ် အနုပညာ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဌာနမှ ဌာနမှူး ဟာဆန် အလ်-မာလ်ခ်က ပြောကြားခဲ့သည်။

    “အာရဘီ ဘာသာစကားသင်ကြားမှုကို ကိုရီယားမှာ HUFS က ၁၉၆၅ ခုနှစ်မှာ ပထမဆုံး စတင်ခဲ့တာပါ။ ရာစုနှစ်တစ်ဝက်လောက် ကြာမြင့်သွားပြီးတဲ့ အခုအချိန်မှာ အာရဘီဘာသာစကား သင်ကြားမှုဟာ အမွှေးအတောင်စုံတဲ့ ပညာရပ်တစ်ခု ဖြစ်နေပြီး၊ ဒီလို ပညာရပ်ပိုင်းဆိုင်ရာ ညီလာခံမျိုးအထိ ပြုလုပ်နိုင်တာကို တွေ့ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်”

    Ref: IINA