News @ M-Media

Blog

  • အာဖဂန်တွင် လူ ၆ သန်း အငတ်ဘေးဆိုက်မည့် အန္တရာယ် ရှိနေ

    အာဖဂန်တွင် လူ ၆ သန်း အငတ်ဘေးဆိုက်မည့် အန္တရာယ် ရှိနေ

    သြဂုတ် ၃၀၊ ၂၀၂၂
    M-Media

    -အကြပ်အတည်းပေါင်းစုံ ဖြစ်ပေါ်နေတဲ့ အာဖဂန်နစ္စတန်မှာ လူ ၆ သန်းလောက် အငတ်ဘေးဆိုက်မယ့်အန္တရာယ်ရှိနေတယ်လို့ ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင် ဂရီဖစ်က သတိပေးလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လ တာလီဘန်တွေ ပြန်သိမ်းပြီးနောက်ပိုင်း အာဖဂန်မှာ စီးပွားပျက်မှု၊ ဘဏ္ဍာရေးပြဿနာစတာတွေ ပိုဆိုးလာခဲ့ပြီး ရာသီဥတု ဖောက်ပြန်မှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေက အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

    ဒီပြဿနာတွေကို ကျော်လွှားနိုင်ရေး လာမယ့်လတွေအတွင်း အာဖဂန်ပြည်သူတွေဟာ ကန်ဒေါ်လာ သန်း ၇၇၀ လောက် လိုအပ်နေတယ်လို့ မနေ့က လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ ဂရီဖစ်က ပြောကြားခဲ့ပါတယ်။

    တာလီဘန်တက်လာပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီတွေ ရပ်ဆိုင်းလိုက်မှုကိုလည်း သူက ၀ေဖန်ခဲ့ပါတယ်။

    “ဆင်းရဲတွင်း ပိုနက်လာတယ်။ လူဦးရေးက ကြီးထွားနေတယ်။ အုပ်ချုပ်သူ အာဏာရှင်တွေမှာလည်း အနာဂတ်အတွက် ရင်းနှီးဖို့ ဘက်ဂျက်မရှိဘူး။ ဖွံ့ဖြိုးရေးအကူအညီတွေ လိုအပ်နေတယ်ဆိုတာ သိပ်ကို ထင်ရှားပါတယ်”

    အာဂန်ပြည်သူ ၃၉ သန်းမှာ ထက်၀က်ကျော်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး၊ ၆ သန်းလောက်က အငတ်ဘေးဆိုက်မယ့် အန္တရာယ် ကြုံတွေ့နေရပါတယ်။

    ကလေးငယ်တစ်သန်းကျော်ဟာ အသက်သေဆုံးနိုင်တဲ့ အာဟာရချို့တဲ့မှုမျိုး ခံစားနေရပြီး သေသေချာချာ ကုသမှုမပေးနိုင်ရင် အသက်ဆုံးရှုံးမယ့်အန္တရာယ်မျိုး ရှိနိုင်တယ်လို့လည်း ဂရီဖစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံတကာက အကူအညီပေးရာမှာ တာလီဘန်တွေက ပူးပေါင်းဖို့ လိုအပ်နေပြီး လက်ရှိ တာလီဘန်ရဲ့ အဟန့်အတားတွေက အကူအညီတွေကို နှောင့်နှေးစေတယ်လို့ ကုလ လူသားချင်း စနာထောက်ထားမှုဆိုင်ရာ အကြီးအကဲက ထောက်ပြပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်တွင် မိုးကြီးရေလွှမ်းမှုကြောင့် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    ပါကစ္စတန်တွင် မိုးကြီးရေလွှမ်းမှုကြောင့် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    သြဂုတ် ၂၈၊ ၂၀၂၂
    M-Media

    -ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်လာခဲ့ပြီး နိုင်ငံတကာက ၀ိုင်းကူညီ ထောက်ပံ့ပေးကြဖို့ ပါစ္စတန်အစိုးရက တောင်းဆိုထားပါတယ်။

    -ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်လာခဲ့ပြီး နိုင်ငံတကာက ၀ိုင်းကူညီ ထောက်ပံ့ပေးကြဖို့ ပါစ္စတန်အစိုးရက တောင်းဆိုထားပါတယ်။

    ရေကြီးမှုဒဏ်ကို ခံရတဲ့ပြည်သူ ၃၃ သန်းလောက်ရှိပြီး ဒါဟာ တိုင်းပြည်လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းပါ။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်က သိန်းချီရှိပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်သွန်ခွါပြည်နယ်နဲ့ အနောက်တောင်ပိုင်းက ဆင်းပြည်နယ်တို့ဟာ ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၁၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၀၃၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    ပါကစ္စတန်ပြည်ထဲရေး၀န်ကြီးဌာန တာ၀န်ရှိသူ ဆလ်မန်ဆူဖီက တိုင်းပြည်ဟာ စီးပွားရေးပြဿနာတွေကို ကြုံရတဲ့အချိန် အခုလို သဘာ၀ဘေးဒဏ်ပါ ခံစားနေရပြီး လုပ်နိုင်သလောက် လုပ်ထားပေးတယ်လို့ ပြောပါတယ်။

    လက်ရှိမှာ အမေရိကန်၊ ယူကေနဲ့ ယူအေအီးတို့က အကူအညီတွေ ပေးပို့ထားပါတယ်။

    Ref: BBC

  • ၂၀၂၀ စစ်ပွဲ အနိုင်ရနယ်မြေတစ်ခုကို အဇာဘိုင်ဂျန်က အပြည့်အ၀ ထိန်းချုပ်

    ၂၀၂၀ စစ်ပွဲ အနိုင်ရနယ်မြေတစ်ခုကို အဇာဘိုင်ဂျန်က အပြည့်အ၀ ထိန်းချုပ်

    သြဂုတ် ၂၇၊ ၂၀၂၂
    M-Media

    -၂၀၂၀ ခုနှစ် အာမေးနီးယားနဲ့စစ်ပွဲမှာ နိုင်ပြီး ပြန်ရခဲ့တဲ့ ဗျူဟာမြောက် မြို့တစ်မြို့ကို ထိန်းချုပ်လိုက်ပြီလို့ အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယက်ဗ်က သောကြာနေ့မှာ ကြေငြာပါတယ်။

    တစ်ချိန်က အာမေးနီးယားက ထိန်းချုပ်ထားတဲ့ နာဂေါ်နို-ကရာဘက်ခ် ဒေသနဲ့ အာမေးနီးယားနိုင်ငံတို့ ကြားမှာ တည်ရှိတဲ့ မဟာဗျူဟာမြောက် လာချင်မြို့ကို အာဇာဘိုင်ဂျန်တပ်တွေက သိမ်းလိုက်တာပါ။

    အဇာဘိုင်ဂျန်ပိုင်နက်ဖြစ်တဲ့ နာဂေါ်နို-ကရာဘက်ခ် ဒေသကို အာမေးနီးယားရဲ့ ထောက်ပံ့ပေးမှုနဲ့ ၁၉၉၄ ခုနှစ်ကစပြီး ခွဲထွက်ရေးသမားတွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

    ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်တဲ့ တစ်ကျော့ပြန်စစ်ပွဲမှာ အာဇာဘိုင်ဂျန်က အနိုင်ရခဲ့ပြီး နာဂေါ်နို-ကရာဘက်ခ်ဒေသကို ပြန်ပေးမယ်ဆိုတဲ့ အာမေးနီးယားရဲ့ ကတိက၀တ်နဲ့ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။

    နာဂေါ်နို-ကရာဘက်ခ် ဒေသအားလုံးနီးပါးကို စစ်ပွဲပြီးကတည်းက အာဇာဘိုင်ဂျန်က သိမ်းနိုင်ခဲ့ပေမယ့် ဗျူဟာကျတဲ့ လာချင်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမကထပြုတဲ့ ရုရှားတပ် ၂ ထောင်နီးပါးက စာချုပ်အတိုင်း ထိန်းချုပ်ထားတာပါ။

    သြဂုတ်လ ၂၆ ရက်နေ့မှာ ရုရှားတပ်တွေ ထွက်သွားခဲ့ပြီး အဇာဘိုင်ဂျန်တပ်တွေက အစားထိုး ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljzaeera

  • ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာဖွယ်ရှိ

    ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာဖွယ်ရှိ

    သြဂုတ် ၂၇၊ ၂၀၂၂
    M-Media

    -တရားရုံးချုပ်က အယူခံပယ်ချပြီးတဲ့နောက်ပိုင်း ထောင်ဒဏ် စတင်ကျခံနေရတဲ့ မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာဖွယ်ရှိတယ်လို့ မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    မဟာသီဟာ မလေးရှားရဲ့ အထင်ကရ သက်တော်ရှည်၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ နာဂျစ်နဲ့ သူ့ရဲ့ပါတီကို အံ့အားသင့်ဖွယ် ဖြုတ်ချနိုင်ခဲ့တာပါ။

    အဲ့ဒီနောက်ပိုင်း မဟာသီအစိုးရဟာ နာဂျစ်အစိုးရရဲ့ ခြစားမှုတွေ၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုတွေကို ဖော်ထုတ်ပြီး တရားစွဲဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပဲ နာဂျစ်ဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    လက်ရှိ နာဂျစ်တစ်ယောက် ထောင်ထဲမှာ ရှိနေပမယ့် ပြန်လွတ်လာနိုင်တယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ မဟာသီက ပြောပါတယ်။

    “ထောင်ကျနေရပေမယ့် ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နာဂျစ် ပြန်ထွက်လာဖို့ ရှိပါတယ်”

    နာဂျစ်ဟာ ထောင်ဒဏ်အပြင် မလေးရှားရင်းဂစ် သန်း ၂၁၀ လည်း ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

    မလေးရှားဟာ လာမယ့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ဖို့ရှိပြီး နာဂျစ်ရဲ့ ပါတီ UMNO က ပြန်အနိုင်ရဖို့ အလားအလာ များနေပါတယ်။ အစိုးရထောက်ခံချက်နဲ့ ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရင် နာဂျစ်ဟာ ပြန်လည် လွတ်မြောက်လာဖို့ ရှိနေပါတယ်၊

    လက်ရှိမှာတော့ ပြည်သူလူထုဟာ နာဂျစ်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးရေး ဘုရင်ထံ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ ကမ်ပိန်းတစ်ခုကို လုပ်ဆောင်နေပါတယ်။

    Ref: CNA

  • နှစ် ၅၀ အတွင်း အမျိုးသမီးများပါ၀င်မှု သိသိသာသာ မြင့်တက်လာသည့် ဒူဘိုင်းရဲတပ်ဖွဲ့

    နှစ် ၅၀ အတွင်း အမျိုးသမီးများပါ၀င်မှု သိသိသာသာ မြင့်တက်လာသည့် ဒူဘိုင်းရဲတပ်ဖွဲ့

    သြဂုတ် ၂၄၊ ၂၀၂၂
    M-Media

    -၁၉၆၀ ခုနှစ်က အမျိုးသမီးတပ်ဖွဲ့၀င် တစ်ဦးသာရှိခဲ့တဲ့ ဒူဘိုင်းရဲတပ်ဖွဲ့ဟာ ယနေ့အချိန်မှာတော့ ဌာနတိုင်းမှာ အမျိုးသမီး အရာရှိတွေ၊ တပ်ဖွဲ့၀င်တွေ အများအပြား ရှိနေပါပြီ။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရဲ့ ဒေသတစ်ခုဖြစ်တဲ့ ဒူဘိုင်းက ရဲတပ်ဖွဲ့ဟာ အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်လာနေပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ‘ဒူဘိုင်း ရဲတပ်ဖွဲ့ အမျိုးသမီးကောင်စီ’ ကို ဖွဲ့စည်းခဲ့ပြီး ရဲတပ်ဖွဲ့မှာ အမျိုးသမီးတွေရဲ့ ပါ၀င်မှု၊ လုပ်ငန်းခွင်ပျော်ရွှင်ရေး စတာတွေကို စဥ်ဆက်မပြတ် စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။

    ရဲဌာနမှာ အမျိုးသမီးတပ်ဖွဲ့၀င်တွေရဲ့ လုပ်ငန်းခွင် ပျော်ရွှင်မှုနှုန်းဟာ ၂၀၁၈ ခုနှစ်က ၈၈.၂ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၁ ခုနှစ်မှာ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

    ဒူဘိုင်းရဲတပ်ဖွဲ့ အမျိုးသမီးကောင်စီဟာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ကျား၊ မ တန်းတူညီမျှရေး၊ မတူကွဲပြားစွာ ညီညွတ်ရေး စတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်၀ှမ်းက ဆုတံဆိပ်တွေလည်း ရရှိထားပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဒူဘိုင်းရဲတပ်ဖွဲ့မှာ ပညာတော်သင်ဆုရတဲ့ အမျိုးသမီးတပ်ဖွဲ့၀င်အရေအတွက်ဟာ ၆၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

    ရာဇတ်မှုဆိုင်ရာ သိပ္ပံဌာန၊ ဇီ၀သိပ္ပံဌာန၊ ဆက်သွယ်ရေး၊ ဥပဒေနဲ့ နိုင်ငံရေး၊ ဉာဏ်ရည်တုနည်းပညာဌာန စတာတွေ အပါအ၀င် ဒူဘိုင်းရဲတပ်ဖွဲ့က နယ်ပယ် ၇၃ ခုမှာ အမျိုးသမီးတွေ တာ၀န်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။

    ၁၉၆၀ ခုနှစ် ဒူဘိုင်းရဲတပ်ဖွဲ့က ပထမဆုံးအမျိုးသမီးတပ်ဖွဲ့၀င်ရဲ့ အမည်ဟာ တိုဖာဟာ စလင်း ခါမစ် ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံရဲ့ အမျိုးသမီးများနေ့ဟာ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။

    Ref: Khaleej Times