News @ M-Media

Blog

  • ပါလက်စတိုင်းဒေသ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၅)

    ပါလက်စတိုင်းဒေသ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၅)

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ဂါဇာကမ်းမြှောင် ခန်ယူနစ်မြို့မှ မြင်ကွင်း)

    ဂါဇာတွင် အပစ်ရပ်ရေးရရန် နီးစပ်လာ
    ————–
    ဂါဇာအပစ်ရပ်ရေး စာပိုဒ် ၁၈ ပိုဒ်ပါတဲ့ စာချုပ်မှာ ၁၄ ပိုဒ်နဲ့ ပတ်သက်ပြီး ဟားမက်စ်နဲ့ အစ္စရေးတို့အကြား အပြည့်အ၀ သဘောတူညီချက် ရထားတယ်လို့ အမေရိကန်ဖက်က ထုတ်ပြန်လာပါတယ်။ ဂါဇာက ‘ဖီလာဒဲလ်ဖီး’ အကူအညီပေးရေးလမ်းကြောင်းမှာ အစ္စရေးတပ်တွေ မရှိရေး၊ အစ္စရေးက နှစ်ပေါင်းများစွာ ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပါလက်စတိုင်းထောင်ချီကို လွှတ်ပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲနေတာကြောင့် ဆက်လက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    အစ္စရေးကို ဘေးဖယ်ထားဖို့ ဓားစားခံမိသားစုများ တောင်းဆို
    —————
    ဓားစားခံတွေ လွှတ်ပေးရေးကိစ္စမှာ အစ္စရေးကတစ်ဆင့်မဟုတ်ဘဲ ဟားမက်စ်နဲ့ တိုက်ရိုက် ညှိနှိုင်းဖို့ အမေရိကန် ဓားစားခံတွေရဲ့ မိသားစု၀င်တွေက အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အစ္စရေးပြည်သူတွေကလည်း အပစ်ရပ်ပြီး ဓားစားခံတွေ လွတ်မြောက်ရေး ဟားမက်စ်နဲ့ လက်တွေ့ကျကျ ညှိနှိုင်းဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နေတန်ယာဟုအစိုးရကို ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

    Al-Aqsa Martyrs ဆေးရုံ၀င်းထဲက စစ်ရှောင်တွေ အသတ်ခံရ
    ————-
    ဂါဇာကမ်းမြှောင် Al-Aqsa Martyrs ဆေးရုံ၀င်းထဲက စစ်ရှောင်တွေ ခိုလှုံနေတဲ့ တဲတွေကို အစ္စရေးက စက်တင်ဘာ ၅ ရက်နေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့သတ်ဖြတ်မှုကို ခံရသူ အရေအတွက်ဟာ ၁၁ လအတွင်း ၄၁၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    အနောက်ဖက်ကမ်းတွင် အသက်ခံရသူ ၄၀ အထိ ရှိလာ
    —————
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ သြဂုတ် ၂၈ ရက်နေ့စတင်ပြီး အစ္စရေးကလုပ်ဆောင်တဲ့ စီးနင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၀ အထိ ရှိလာပါပြီ။ အသတ်ခံရသူ အများစုဟာ လူငယ်လူရွယ်တွေဖြစ်ပါတယ်။


  • အိန္ဒိယအခွန်ဌာန လူရွေးပွဲတွင် ပြင်းထန်သည့် စစ်ဆေးမှုကြောင့် ၁၂ ဦး သေဆုံး

    အိန္ဒိယအခွန်ဌာန လူရွေးပွဲတွင် ပြင်းထန်သည့် စစ်ဆေးမှုကြောင့် ၁၂ ဦး သေဆုံး

    စက်တင်ဘာ ၃၊ ၂၀၂၄
    M-Media

    -အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျ့ခ်ဟန်းပြည်နယ်က အခွန်ဌာန ၀န်ထမ်းခေါ်ယူမှုလူရွေးပွဲ ကြံ့ခိုင်မှုစစ်ဆေးရာမှာ ပြင်းထန်လှတာကြောင့် လူငယ် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ပြည်နယ်အခွန်ဌာန အောက်ခြေအဆင့်၀န်ထမ်းနေရာ ၅၈၃ နေရာအတွက် လူခေါ်ယူမှုမှာ လူပေါင်း ၅ သိန်းလောက် လျှောက်ထားခဲ့ကြတာပါ။ လူတွေ့ကြံ့ခိုင်မှုစစ်ဆေးရာမှာ ၁၀ ကီလိုမီတာ ပြေးခိုင်းခဲ့တာကြောင့် မောဟိုက်ကာ ၂ ပတ်အတွင်း လူငယ် ၁၂ ဦး သေဆုံးခဲ့ပါတယ်။

    လက်ရှိမှာ လူခေါ်ယူမှုကို ဆိုင်းငံ့ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အိန္ဒိယမှာ အလုပ်လက်မဲ့ ဦးရေ အလွန်များပြားတာကြောင့် အစိုးရအလုပ်ခေါ်ယူမှုတွေမှာ လူတွေ အများအပြား စုပြုံလျှောက်ထားလေ့ရှိပြီး၊ အလုပ်ရရေးအတွက် လာဘ်ငွေအမြောက်အများ ပေးရတဲ့ အဖြစ်အပျက်မျိုးတွေလည်း ရှိပါတယ်။

    ဂျာ့ခ်ဟန်းပြည်နယ်ဟာ အိန္ဒိယနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ အလုပ်လက်မဲ့အများဆုံး ပြည်နယ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    Ref: AFP

  • သမ္မတသေဆုံးခဲ့သည့် ရဟတ်ယာဥ်ပျက်ကျမှု တွေ့ရှိချက်ကို အီရန် ထုတ်ပြန်

    သမ္မတသေဆုံးခဲ့သည့် ရဟတ်ယာဥ်ပျက်ကျမှု တွေ့ရှိချက်ကို အီရန် ထုတ်ပြန်

    စက်တင်ဘာ ၃၊ ၂၀၂၄
    M-Media

    -သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့တဲ့ မေလက ရဟတ်ယာဥ်ပျက်ကျမှုဟာ ရာသီဥတု ဆိုး၀ါးမှုကြောင့် ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိချက်ကို အခြေခံပြီး အီရန်အစိုးရက စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ဒီပျက်ကျမှုမှာ သမ္မတ ရိုင်စီ၊ နိုင်ငံခြားရေး၀န်ကြီး အမီရ် အဘ်ဒိုလာဟင်တို့အပါအ၀င် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    အဇာဘိုင်ဂျန်နဲ့ ကပ်နေတဲ့ အီရန်အနောက်မြောက်ပိုင်းဒေသမှာ ရုတ်တရတ် မြူတွေဆိုင်းလာရာကနေ ရာသီဥတုဆိုးရွားကာ ရဟတ်ယာဥ်ကို မထိန်းနိုင်တာကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လေယာဥ်ကို တိုက်ခိုက်ခံရတာ၊ စက်ပစ္စည်းချို့ယွင်းတာလို ကိစ္စမျိုး မရှိခဲ့ဘူးလို့လည်း အီရန်အစိုးရ ပြောပါတယ်။ ရိုင်စီသေဆုံးမှုဟာ အီရန်နဲ့ အစ္စရေးတို့အကြား တင်းမာမှု အမြင့်ဆုံးရောက်နေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    Ref: CNN

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃)

    စက်တင်ဘာ ၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အနောက်ဖက်ကမ်းက တူလ်ကရင်မြို့မြင်ကွင်း)

    ပေါင်မု့န်တန်းစီနေသူတွေ အသတ်ခံရ
    ——————
    ဂါဇာကမ်းမြှောင် ဂျာဘာလီယာ ဒုက္ခသည်စခန်း စစ်ရှောင်တွေ ခိုလှုံနေတဲ့ ကုလစာသင်ကျောင်းရှေ့က ပေါင်မုန့်ဆိုင်တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပါတယ်။

    ပါလက်စတိုင်း ကလေးတစ်ဦး စနိုက်ပါဖြင့် ပစ်ခံရ
    ——————
    အနောက်ဖက်ကမ်း တူလ်ကရင်မြို့မှာ အစ္စရေးစနိုက်ပါသမား လက်ချက်ကြောင့် ဒုက္ခသည်စခန်းက မိုဟာမက် ကာနန်ဆိုတဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူက ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စတင်တဲ့ အနောက်ဖက်ကမ်းက အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၀ ထက် မနည်း ရှိလာပြီ ဖြစ်ပါတယ်။

    အစ္စရေးပြည်သူများ ဆန္ဒပြမှု ပိုမိုအားကောင်းလာ
    —————
    ဂါဇာမှာအပစ်ရပ်ပြီး ဟားမက်စ်က ဖမ်းသွားတဲ့ သူတွေကို ကယ်တင်ဖို့ အစ္စရေးပြည်သူတွေရဲ့ ဆန္ဒပြမှုဟာ ပိုမိုအားကောင်းလာခဲ့ပြီး အစ္စရေးအစိုးရကလည်း ဆန္ဒပြသူတွေကို ပိုမိုဖမ်းဆီးမှုတွေ လုပ်ဆောင်လာပါတယ်။

    ဂျော်ဒန်ဘုရင်က အစ္စရေးကို ရှုတ်ချ
    —————
    အနောက်ဖက်ကမ်းမှာ အစ္စရေးက စီးနင်းတိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာတာကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက ထပ်မံရှုတ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera


  • စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂၊ ၂၀၂၄
    M-Media

    ထွက်ပြေး၀န်ကြီးချုပ် လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

    သြဂုတ်လ ၅ ရက်နေ့က နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာကို ပြန်လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုမှုတွေ ရှိလာပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး အခုလိုတောင်းဆိုမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ထိုင်းအစိုးရသစ် ယခုတစ်ပတ်အတွင်း ပေါ်လာမည်

    အစိုးရဖွဲ့ဖို့ လူရွေးထားပြီး အခုတစ်ပတ်အတွင်း ဘုရင်ရဲ့ သဘောတူညီချက် ရယူသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပေထုံတန် ရှင်နာ၀ပ်ထရာက ပြောပါတယ်။ လက်ရှိအိမ်စောင့်အစိုးရက နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေး၀န်ကြီးတွေ ပြန်ပါလာဖို့ ရှိပေမယ့် မျက်နှာသစ် ၀န်ကြီးနဲ့ ဒု၀န်ကြီး အနည်းဆုံး ၁၁ ဦး ပါလာမယ်လို့ ထိုင်းပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ပေထုံတန်ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့ ဒုတိယမြောက် အမျိုးသမီး၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။

    ဖိလစ်ပိုင်မုန်တိုင်း ၁၀ ဦးကျော်သေဆုံး

    ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်တာ ကြာမြင့်နေပြီဖြစ်တဲ့ မုန်တိုင်းရဲ့ နောက်ဆက်တွဲ မိုးကြီးပြီး၊ ရေလျှံမှုကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါတယ်။

    ပုပ်ရဟန်းမင်းကြီး၏ အာရှခရီးစဥ် စတင်

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အာရှဒေသ ၁၂ ရက်တာ ခရီးစဥ်ဟာ စက်တင်ဘာ ၂ ရက်နေ့မှာ စတင်ပါတယ်။ အင်ဒိုနီးရှား၊ ပါပူအာနယူးဂီနီ၊ တီမောလက်စ်တေနဲ့ စင်ကာပူတို့ကို လာရောက်မှာပါ။ ရဟန်းမင်းဖြစ်ပြီးနောက် အကြာဆုံး ပြည်ပခရီးစဥ် ဖြစ်လာမှာဖြစ်ပြီး မတူညီတဲ့ ဘာသာရေး၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref: CNA