News @ M-Media

Blog

  • ရခိုင်လုံခြုံရေး အခြေအနေ သတိထား ကိုင်တွယ်ဖို့ ကန်နဲ့ ကုလတိုက်တွန်း

    ရခိုင်လုံခြုံရေး အခြေအနေ သတိထား ကိုင်တွယ်ဖို့ ကန်နဲ့ ကုလတိုက်တွန်း

    VOA (မြန်မာပိုင်း)
    .ac874325-e82d-4bfa-995f-1410c2b3cd26_w987_r1_s
    ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စအပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒီကိစ္စကို ပွင့်လင်း မြင်သာစွာနဲ့ ဥပဒေအရ ကိုင်တွယ် ဖြေရှင်းဖို့ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Vijay Nambiar က တိုက်တွန်းပါတယ်။ ဒါ့အပြင် ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေတဲ့ကိစ္စကိုလည်း အထူး စိုးရိမ်မိကြောင်း Mr. Nambiar က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
    .
    မြန်မာအစိုးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မောင်တော်မြို့နယ်အတွင်းက ကင်းစခန်း (၃) ခုကို အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ပြစ်တင် ရှုတ်ချလိုက်ပြီး အခုလို ဖြစ်သွားခဲ့တဲ့အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ပြောခွင့်ရအမျိုးသမီး Katina Adams က ပြောပါတယ်။
    .
    “ရခိုင်ပြည်နယ်မြောက်ပိုင်း အောက်တိုဘာ ၉ ရက်နေ့က နယ်စပ်စခန်း ၃ ခု တိုက်ခိုက်ခံရမှုကို အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုံ့ချပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက ဆက်သွယ်ခဲ့ပြီး တကယ် ဖြစ်ရပ်မှန်အကြောင်း အသိနိုင်ဖို့ နောက်ထပ် အချက်အလက်တွေ စုဆောင်းနေချိန်မှာ အခြေအနေကို နီးနီးကပ်ကပ် လေ့လာ စောင့်ကြည့်နေပါတယ်။ ဖြစ်ရပ်ကို တိတိကျကျ ထင်သာ မြင်သာနဲ့ တရားဥပဒေအရ စုံစမ်း စစ်ဆေးပြီး တိုက်ခိုက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း တိုက်တွန်းပါတယ်။ တချိန်ထဲမှာပဲ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ကိုလည်း မေတ္တာရပ်ခံသလို နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သွားစေဖို့ အုပ်စု အားလုံးတို့ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ မြန်မာအစိုးရနဲ့ အမေရိကန်က ဆက်လက် ကူညီ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။”
    .
    ဒီကိစ္စကို ပွင့်လင်း မြင်သာစွာ အသေအချာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက်လည်း မြန်မာအစိုးရကို တောင်းဆိုထားကြောင်း Katina Adams က ဆက်ပြောပါတယ်။
    .
    “ဒီဖြစ်ရပ်ကို ထိထိရောက်ရောက်နဲ့ ထင်သာ မြင်သာရှိစွာ စုံစမ်း စစ်ဆေးဖို့အပြင် အဲဒီ ဒေသရှိ လူတွေရဲ့ အခွင့်အရေးတွေနဲ့ ဘေး အန္တရာယ် ကင်းရှင်းရေးအတွက် ကာကွယ် စောင့်ရှောက်ပေးဖို့ကိုလည်း ကျမတို့ တိုက်တွန်းပါတယ်။ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး ရခိုင်ပြည်နယ်အတွင်း အုပ်စု အားလုံးတို့ကို ကိုယ်စားပြုတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်းနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန်ကို သိရှိနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးပြီး နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားရလေအောင် အုပ်စု အားလုံးတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။”
    .
    ရခိုင်ပြည်နယ်အတွင်း နယ်ခြားစောင့် ကင်းစခန်း (၃) ခုကို အမည်မသိ လက်နက်ကိုင် အုပ်စုတွေရဲ့ ၀င်ရောက် တိုက်ခိုက်ခြင်း ခံလိုက်ရတဲ့အပေါ် အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကြံပေးပုဂ္ဂိုလ် Vijay Nambiar က အောက်တိုဘာလ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
    .
    Eri Kaneko ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရအမျိုးသမီး ဖြစ်ပါတယ်။ သူက မစ္စတာ Nambiar ရဲ့ ကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
    .
    “အမည်မသိလူတွေနဲ့ အုပ်စုတွေက နယ်ခြားစောင့် တပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပေါ်ကို အောက်တိုဘာလ ၉ ရက်နေ့က ညတွင်းချင်း တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကြောင့်မို့လို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နေရာ (၃) ခုမှာ တပ်ဖွဲ့ဝင်တွေအပြင် ဒေသခံ အရပ်သားတွေပါ သေဆုံးတဲ့အတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Nambiar က ထုတ်ပြန်ပါတယ်။ ဒါကြောင့် ဒေသခံ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီးတော့ ဘာသာခြား အုပ်စုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုကြဖို့ အခြေအနေ ပိုဆိုးရွားလာအောင် မလုပ်ကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လုံခြုံရေးတပ်တွေအနေနဲ့ မြန်မြန်ထက်ထက်နဲ့ ဥပဒေအရ ဒီကိစ္စကို တုန့်ပြန်ဖို့ လိုအပ်တာကို အထူးအကြံပေး အနေနဲ့ နားလည် သဘောပေါက်ပေမယ့် တချိန်ထဲမှာပဲ သတိထား ကိုင်တွယ်ပြီး အပြစ်မဲ့ အရပ်သားတွေ သေဆုံးမှု၊ အိမ်ယာပစ္စည်းတွေ ဖျက်ဆီးခံရမှု၊ ဒေသခံတွေအပေါ် နှောင့်ယှက် ဟန့်တားမှုတွေကို ရှောင်ကြဉ်ဖို့လည်း အထူးအကြံပေးပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။”
    .
    အလားတူပဲ ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်ပြီး အခြေအနေတွေ တင်းမာလာနေတဲ့အပေါ် အထူး စိုးရိမ်ကြောင်းလည်း မစ္စတာ Nambiar က နောက်ထပ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ Eri Kaneko က ပြောပါတယ်။
    .
    အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ကင်းစခန်း (၃) ကို ၀င်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးတဲ့ နောက်တနေ့မှာ မောင်တောမြို့နယ်၊ မြို့သူကြီး ကျေးရွာအနီးမှာ အကြမ်းဖက် စီးနင်းတိုက်သူတွေ ရောက်ရှိနေကြာင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေက သတင်းရရှိတဲ့အတွက် ရောက်သွားတာမှာ အဲဒီ ကျေးရွာထဲက လူ ၂၀ ခန့်က တုတ်၊ ဓား ၊ လက်နက်တွေနဲ့ တိုက်ခိုက်တာကြောင့် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်ခဲ့တာမှာ ၀င်ရောက် တိုက်ခိုက်သူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ကျန်လူတွေကတော့ ထွက်ပြေးသွားကြကြောင်းနဲ့ သူတို့ထံက လက်လုပ်သေနတ်နဲ့ ကျည်ဆံတချို့ သိမ်းဆည်း ရမိလိုက်ကြောင်း ၊ တချိန်ထဲမှာပဲ မောင်တောမြို့နယ်၊ ပြောင်းပစ်ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို အကြမ်းဖက် ဆီးနင်းတိုက်ခိုက်သူ အင်အား ၃၀၀ လောက်က ၀ိုင်းဝန်းတိုက်ခိုက်တဲ့အတွက် တပ်မတော်ဘက်က ပြန်လည် ပစ်ခတ်မှာတာ အကြမ်းဖက် တိုက်ခိုက်သူတွေဖက်က တဦး သေဆုံးပြီး တပ်မတော်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
    .
    မောင်တောမြို့နယ်အတွင်းက ကျေးရွာတချို့ကို တပ်မတော်က ၀င်ရောက် ရှင်းလင်းစဉ် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီး ရမိထားကြောင်း ဖမ်းဆီးထားသူတချို့ရဲ့ ပုံနဲ့တကွ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
    .
    ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေ သိရှိနိုင်ဖို့အတွက်နဲ့ တည်ငြိမ်အေးချမ်းမှုရှိရေး ရှင်းလင်း ပြောကြားဖို့အတွက် အောက်တိုဘာလ ၁၁ ရက်ကနေ့ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘလာ ၁၁ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဆရာတော်တွေ၊ အစ္စလာမ်ဘာသာရေး အဖွဲ့တွေ၊ စစ်တွေမြို့က မြို့မိ မြို့ဖတွေ၊ ဌာနဆိုင်ရာက ၀န်ထမ်းတွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။
    .
    ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်စခန်း (၃) တိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ကြသူတွေရဲ့ မိသားစုတွေအတွက် ဥရောပသမဂ္ဂအနေနဲ့ ၀မ်းနည်းကြောင်းနဲ့ ဒီကိစ္စကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
    .
    အလားတူပဲ နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စိုးရမ် ပူပန်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက်လည်း နိုင်ငံတကာ အစိုးရထံတွေ တောင်းဆို ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

    http://burmese.voanews.com/a/un-rakhine-/3547015.html

  • ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အစ္စလာမ် ဘာသာရေး အဖွဲ့များ သီးခြားစီတွေ့ဆုံ

    ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အစ္စလာမ် ဘာသာရေး အဖွဲ့များ သီးခြားစီတွေ့ဆုံ

    စစ်တွေ အောက်တိုဘာ ၁၁
    14581558_990168191111047_8104855138053499606_n
    ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ရှိ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် ယနေ့ ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံသည်။

    တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အောက်တိုဘာ ၉ ရက် ကဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ဥပဒေနှင့် အညီ ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေး ချမ်းရေးအတွက် အလေးထား ဆောင်ရွက်နေကြောင်း၊ အမြန်ပြီး ပြတ်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

    ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ရခိုင်ပြည်နယ် အရေးသည် ပြည်ထောင်စု အရေးသာဖြစ်ကြောင်း၊ သေချာဖြေရှင်းနိုင်ခြင်းက နိုင်ငံပုံရိပ်ကောင်း အဖြစ်ခံယူကြောင်း ပြောကြားသည်။
    14680768_990168184444381_3366064121131083203_n
    ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ က ယခုလုပ်ရပ်ကို အကြမ်းဖက် လုပ်ရပ်အဖြစ် ရှုမြင်မှု၊ မိမိတို့ လုံခြုံရေးကို အဓိက ထား တိုက်ခိုက်ခြင်းဖြစ်သဖြင့် ပြည်သူများ စိုးရိမ်သောကဖြစ်နေမှု၊ ပါတီများအနေဖြင့် လက်တွဲဆောင်ရွက်လိုမှု၊ ယခုထက် ပိုမိုဆိုးရွားစွာ မဖြစ်စေရန် ရေရှည်စီမံဆောင်ရွက် ပေးစေလိုမှု တို့ကို ပြောကြားသည်။

    ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသာထွန်းလှက နယ်မြေ အတွင်း ခိုးဝင်သူများအား ခေတ်အဆက်ဆက်တွေ့ရမှု၊ ထို့ပြင် ခေတ်အဆက်ဆက် ပြဿနာ ဖန်တီးနေ မှုများ၊ အနောက်ဖက် နယ်စပ် လုံခြုံရေးကို ခြိမ်းခြောက်နေမှု၊ စီးပွားရေး၊ လူမှုရေးအဖက်ဖက်က လွှမ်းမိုးဆောင်ရွက်နေမှု၊ တိုင်းရင်းသား ကျေးရွာ များတွင် လုံခြုံရေးအပြည့်ထားပေးရန် လိုအပ်မှု၊ မိမိတို့ပါတီက ပူးပေါင်း ဆောင်ရွက်လိုမှု တို့ကို ပြောကြားသည်။

    14650066_990168301111036_3401434282273057260_n
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် အလုပ်အမှုဆောင် ဦးအောင်ပန်းသာက ယခုကဲ့သို့ စခန်းသုံးခုကို တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ သေချာစဉ်းစားရန်လိုပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကိုသေချာ စိစစ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
    ရခိုင်မျိုးချစ်ပါတီ ပြည်နယ်အထွေထွေ အတွင်းရေးမှူး ဦးမောင်သန်းက ပညာရေး၊ ကျန်းမာရေးဝန် ထမ်းများအတွက် မည်သို့ဆောင်ရွက်မည်နှင့် ဤဒေသရှိ ပြည်သူများကို စောင့်ရှောက်ပေးရန် လိုအပ်မှုတို့ကို ပြောကြားသည်။

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြည်နယ်ကော်မတီဝင် ဦးစိန်လှမောင် က မောင်တော ကမ်းနားတလျှောက် လုံခြုံရေး ဆောင်ရွက်ရန်လိုအပ်မှု၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က စီမံချက်ဖြင့် ဆောင်ရွက်ပေးစေလို ပါကြောင်း ပြောကြား သည်။

    ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေး ဆောင်ရွက်နေမှု၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူကို အချိန်နှင့်တပြေးညီ ချပြ ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိ ကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အားလုံးပူးပေါင်း ဆောင်ရွက်မည်ကိုသိရ၍ ၀မ်းမြောက် မှု၊ နိုင်ငံရေးကိစ္စ၊ အမျိုးသားရေးကိစ္စအဖြစ် ခံယူမှု၊ ပြည်သူ၊ အစိုးရ ညီညွတ်စွာ ပူးပေါင်းရန် လိုအပ်မှု၊ လုံခြုံရေးကိစ္စများကို အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုတို့ကို ပြောကြားခဲ့သည်။

    14717321_990168294444370_2181027540259463296_n

    ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း များမှ တာဝန်ခံများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ် ရေးမှူးများ၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (စစ်တွေ) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ က အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

    ထို့နောက် တက်ရောက်လာသည့် အဖွဲ့များက မိမိတို့အနေဖြင့် ထုတ်ပြန်ထား သည့် ဥပဒေများကို လိုက်နာ ရန် အသင့်ရှိကြောင်း၊ ယခုဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ အားပေးမှုလည်း မရှိကြောင်း၊ အစိုးရကို ပုန်ကန်သည့် မည်သည့်အဖွဲ့အစည်းကို မဆို လက်မခံကြောင်း၊ အကြမ်းဖက် မှုတွင်ပါဝင်သူများ ကိုလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း၊ ယခု အကြမ်းဖက် မှုများ မောင်တောတွင်ဖြစ်ပွားခဲ့သည်ကို သိရကြောင်း၊ ၂၀၁၂ ခုနှစ်က လည်း မောင်တောတွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ ပြီး အဆိုပါဖြစ်စဉ်ကြောင့် စစ်တွေ၊ ကျောက်တော် ၊ မြောက်ဦး ရှိ ပြည်သူများ မြေစာပင် ဖြစ်ခဲ့ရကြောင်း ပြောကြားသည်။

    MOI မှာ တဆင့် ကူးယူဖော်ပြပါသည်။

  • ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွက် ကုလက အထူးအစည်းအဝေး ကျင်းပမည်

    ပါလက်စတိုင်းအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွက် ကုလက အထူးအစည်းအဝေး ကျင်းပမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    unsc

    – အစ္စရေးအနေဖြင့် ပါလက်စတိုင်းပိုင်နက်များအား သိမ်းယူခြင်း၊ ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င် အခြေချအိမ်ယာများ တည်ဆောက်ခြင်းတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ယခုလနှောင်းပိုင်းတွင် အထူးဆွေးနွေးမှုနှစ်ခု ပြုလုပ်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    “ဒီပြဿနာအတွက် ပါလက်စတိုင်းဘက်က ခိုင်ခိုင်မာမာ ပြောကြားသွားမှာပါ။ အစ္စရေးက အရေးမလုပ်တဲ့ နိုင်ငံတကာက ရှုတ်ချကြောင်း ကြေငြာချက်တွေကို ကျွန်တော်တို့ ထပ်ပြီး လက်မခံတော့ပါဘူး။ အဲဒီကြေငြာချက်တွေက ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ဆိုတဲ့ အလားအလာတွေကို မှေးမှိန်စေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကိုသာ ပိုမြန်သွားစေတာပါ” ဟု ၀န်ကြီး အလ်-မာလီကီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အောက်တိုဘာ ၁၅ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အဆိုပါ အထူးအစည်းအဝေးများ၌ ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက ဆောက်လုပ်ထားသည့် တရားမ၀င်အခြေချအိမ်ယာများကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းသွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါအစည်းအဝေးတွင် အဓိကထားမည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ကနဦးဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီး၊ ပါလက်စတိုင်းတာဝန်ရှိသူများမှာ အီဂျစ်၊ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနိုင်ငံတို့နှင့်အတူ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။

    ၁၉၆၇ ခုနှစ်နောက်ပိုင်းကတည်းက အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်လာခဲ့ပြီး လက်ရှိတွင် အဆိုပါအိမ်ယာပေါင်း ၂၃၀ ၌ နေထိုင်သူမှာ သန်းဝက်ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    နိုင်ငံတကာဥပဒေအရ ထိုအိမ်ယာများမှာ တရားမ၀င်ဘဲ ရပ်တန့်ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများကိုလည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိသည်သာမက တိုးချဲ့ဆောက်လုပ်မှုများပင် ပြုလုပ်ခဲ့သည်။ ထိုကိစ္စကြောင့် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပျက်ပြယ်ခဲ့ကြသည်။

    Ref: Press TV

  • ဂျပန်နှင့် ဆော်ဒီတို့ ဆက်ဆံရေး တိုးမြှင့်မည်

    ဂျပန်နှင့် ဆော်ဒီတို့ ဆက်ဆံရေး တိုးမြှင့်မည်

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    japan-2

    – ဂျပန်နိုင်ငံမှ ၀န်ကြီးများမှာ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က သွားရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ၀န်ကြီး ဟီရိုရှီဂျီ ဆီကိုနှင့် နိုင်ငံခြားရေးဝန်ကြီး ကင်တာရို ဆိုနိုရာတို့ ဖြစ်ကြပြီး အခြားကိုယ်စားလှယ်အဖွဲ့များလည်း ပါဝင်ကာ ဘုရင်ဆလ်မန်က အလ်-ယမာမာဟ်နန်းတော်တွင် လက်ခံတွေ့ဆုံခဲ့သည်။

    တွေ့ဆုံဆွေးနွေးမှုအတွင်း ဆော်ဒီနှင့် ဂျပန်နိုင်ငံကြား ဆက်ဆံရေး၊ နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးတို့အတွက် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲကို ဆော်ဒီဝန်ကြီးများ ဆော်ဒီဆိုင်ရာ ဂျပန်သံအမတ်ကြီး နိုရီဟီရို အိုကူဒါတို့လည်း တက်ရောက်ခဲ့ကြသည်။

    ကွန်ယက်ချိတ်ဆက်သည့် ကိရိယာများ နယ်ပယ်နှင့် ပြန်ဖြည့်ပြိုးမြဲစွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် ဂျပန်နှင့် ဆော်ဒီတို့မှာ သဘောတူညီခဲ့ကြသည်။ ရီယာ့ဒ်တွင် ပထမဆုံးပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဆော်ဒီ၏ အခြေခံအဆောက်အဦးများ ပြုလုပ်ပြောင်းလဲရေးတွင် ဂျပန်ကုမ္ပဏီများက အကူအညီပေးရန်နှင့် နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာလာစေရန် ဆွေးနွေးခဲ့ကြသည်ဟု ဆီကိုက ပြောကြားခဲ့သည်။

    ဆော်ဒီကုန်သည်ကြီးများကောင်စီ ဌာနချုပ်တွင် နှစ်နိုင်ငံရှိ စီးပွားရေးသမားများအကြား တွေ့ဆုံမှု၌ ဂျပန်နှင့် ဆော်ဒီတို့မှာ ပုဂ္ဂလိကကဏ္ဍတွင် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြုလုပ်သွားရန် သဘောတူခဲ့ကြသည်။

    Ref; IINA

  • မြန်မာ့ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရမှု နိုင်ငံရပ်ခြားထက် ပိုမိုဆိုးဝါးနေ

    မြန်မာ့ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခံရမှု နိုင်ငံရပ်ခြားထက် ပိုမိုဆိုးဝါးနေ

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    fisherman

    – ထိုင်းငါးဖမ်းလုပ်ငန်းများက အင်ဒိုနီးရှားနိုင်ငံတွင် ကျွန်ပြုခိုင်းစေမှုမှ လွတ်မြောက်လာသည့် မြန်မာ ရေလုပ်သား ၄ ဦးမှာ မြန်မာ့ငါးဖမ်းလုပ်ငန်းတွင် ထပ်မံ၍ ကျွန်ပြုခိုင်းစေခံခဲ့ရသည်ဟု သိရသည်။

    ကရင်ပြည်နယ်ရှိ မြ၀တီမြို့မှ ရေလုပ်သား ၄ ဦးဖြစ်ပြီး မွန်ပြည်နယ် အစင်ကျေးရွာတွင် သူငယ်ချင်းတစ်ဦးက အလုပ်ရှာပေးရာမှ ရွာသားတစ်ဦးပိုင်ဆိုင်သည့် ‘ခေတ်လူငယ်’ အမည်ရသော ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်ရခဲ့ကာ တစ်လလျှင် ကျပ်တစ်သိန်းရမည်ဟု သဘောတူခဲ့သည်။

    သို့သော်လည်း ဘင်္ဂလားပယ်လယ်အော်တွင် တစ်လခန့် လုပ်ကိုင်ခဲ့ပြီးနောက် မိမိတို့မှာ ပိတ်မိနေကာ နောက်ထပ်တစ်ကြိမ် လူကုန်ကူးခံရသည်ကို သိရှိခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

    “အင်ဒိုနီးရှားမှာထက် မြန်မာငါးဖမ်းလုပ်ငန်းမှာ ကျွန်တော်တို့ဟာ ပိုဆိုးရွားတဲ့အခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။ ရေလုပ်သားတွေကို လှေမောင်းသူတွေက အမြဲလိုလိုရိုက်နှက်တယ်။ တစ်နေ့ကို ၁၉ နာရီလောက် အတင်းအဓမ္မ အလုပ်ခိုင်းတယ်။ တစ်လလုံး တစ်ကြိမ်တောင် ရေမချိုးရပါဘူး။ ကျွန်တော်တို့တိုင်းပြည်က ငါးဖမ်းလုပ်သားတွေရဲ့ အခြေအနေဟာ နိုင်ငံခြားကထက် ပိုပြီး ဆိုးရွားနေတယ်ဆိုတာ အစိုးရကို သိစေချင်ပါတယ်” ဟု အင်ဒိုနီးရှားတွင် ၅ နှစ်ကြာ ကျွန်ပြုခံခဲ့ရသူ ကိုလှိုင်မင်းက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားတွင် ၈ နှစ်ကြာ ကျွန်ပြုခံခဲ့ရသည့် အခြား ငါးဖမ်းလုပ်သားတစ်ဦးဖြစ်သူ ကိုသန့်ဇင်ကလည်း ၎င်းမှာ စက်လှေမောင်းသူ၏လက်တွင် သေလုမြောပါး ရိုက်နှက်ခံရသည်ဟု ဆိုသည်။

    “ခြေထောက်ဖက်ပြီး တောင်းပန်တာတောင်မှ တုတ်ကြိုးအောင်ရိုက်ပြီးမှ ရပ်ပါတယ်” ဟု ကိုသန့်ဇင်ကဆိုပြီး ၎င်း၏ ကင်းတာဝန်ကိုယူမည့် အခြားသူတစ်ဦး အချိန်မီ မနိုးသည့်အတွက်ကြောင့် ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကိုလှိုင်မင်းက ‘လူကုန်ကူးမှုတိုက်ဖျက်ရေး သြစတေးလျ-အာရှ အစီအစဉ်’ မှ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောထံ သတင်းပေးပို့ခဲ့ပြီးနောက် အဆိုပါ ပြည်တွင်းကျွန်ပြုခံ ရေလုပ်သား ၄ ဦးကို လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ရေလုပ်သားများကမူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ကမ်းလွန်ပင်လယ်ပြင်များတွင် ၎င်းတို့ကဲ့သို့ ကျွန်ပြုခံရေလုပ်သား ရာနှင့်ချီ ရှိနေပြီး၊ အများစုမှာ ပွဲစားများ၏ ရောင်းစားမှုကို ခံခဲ့ရကြောင်း၊ ၎င်းတို့မှာ လုပ်ခလစာမရဘဲ ရုပ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုများကိုလည်း ခံနေရကြောင်း ပြောကြားခဲ့သည်။

    Ref: bangkokpost