News @ M-Media
Blog
  • အာဆင်ဝင်းဂါး အင်္ဂလန်နည်းပြ ဖြစ်မည်မဟုတ်ဟု တပည့်ဟောင်းပြော
    အာဆင်ဝင်းဂါး အင်္ဂလန်နည်းပြ ဖြစ်မည်မဟုတ်ဟု တပည့်ဟောင်းပြော
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    winger-2
    – အာဆင်နယ်အသင်း၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးမှာ အသင်းအား စွန့်ခွါကာ အင်္ဂလန်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်တော့မည်ဆိုသည့် သတင်းများမှာ အမှန်တကယ် ဖြစ်မလာနိုင်ဟု ၀င်းဂါး၏ တပည့်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ရောဘက် ပီရက်စ်က ပြောကြားလိုက်သည်။
    ၎င်း၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်တွင် ပြည့်မည်ဖြစ်ပြီး ၎င်း၏ နောက်ဆုံးနှစ်ဖြစ်မည်ဟုလည်းကောင်း၊ မကြာသေးမီက အင်္ဂလနည်းပြရာထူးမှ နှုတ်ထွက်သွားသည့် ဆမ်အလာဒိုက်စ်၏ နေရာကို ဆက်ခံမည်ဟုလည်းကောင်း သတင်းများထွက်ပေါ်နေသည်။
    သို့သော် အာဆင်ဝင်းဂါးလက်အောက်တွင် အဓိကကစားသမားအနေဖြင့် ကစားခဲ့ဖူးသည့် ပီရက်စ်ကမူ ၀င်းဂါးအနေဖြင့် နိုင်ငံအသင်းနည်းပြအဖြစ် သင့်တော်မည်မဟုတ်ဟု ဆိုသည်။
    “သူ အာဆင်နယ်မှာ ဆက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းက သူ့ကို လိုချင်တယ်ဆိုတာကလည်း ဟုတ်ပါတယ်။ ဒါက ကျွန်တော့အမြင်ပါ။ သူဟာ မနက်တိုင်း ဘောလုံးကွင်းထဲမှာ ရှိတာကို သဘောကျတယ်။ ကလပ်အသင်းတစ်သင်းနဲ့ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်တာဟာ တကယ်တော့ မတူပါဘူး” ဟု ပီရက်စ်က ပြောကြားခဲ့သည်။
    Ref: Goal
  • မန္တလေးဓမ္မာရုံတွင် အသံချဲ့စက်ပလပ် ဆွဲဖြုတ်သူအား ထောင် ၃ လချ
    မန္တလေးဓမ္မာရုံတွင် အသံချဲ့စက်ပလပ် ဆွဲဖြုတ်သူအား ထောင် ၃ လချ
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    nether
    – မန္တလေးတွင် ဓမ္မာရုံထဲသို့ ၀င်ရောက်၍ အသံချဲ့စက်ကြိုး ဆွဲဖြုတ်ခဲ့သည့် ဟော်လန်နိုင်ငံသားကို ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်သည်ဟု သိရသည်။
    အသက် ၃၀ အရွယ်ရှိ ကလက်စ် ဟဂ်ျတီမာဖြစ်ပြီး ဘာသာရေးအဆိုင်ရာ စုဝေးမှုကို နှောက်ယှက်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်းမှာ စက်တင်ဘာ ၂၃ ရက်နေ့က မန္တလေးမြို့ရှိ ၎င်းတည်းခိုရာ ဟိုတယ်အနီး ဓမ္မာရုံတွင် တရားစာများ အသံချဲ့စက်ဖြင့် ဖွင့်လှစ်ထားမှုမှာ ၎င်း အိပ်စက်မှုကို အနှောက်အယှက်ဖြစ်သည်ဟုဆိုကာ ဓမ္မာရုံအတွင်းသို့ ၀င်ရောက်၍ အသံချဲ့စက်ကြိုးအား ဖြုတ်ခဲ့ခြင်းဖြစ်သည်။
    “အဲဒီညက ကျွန်တော် အရမ်း ပင်ပန်းနေပြီး အဲဒီဆူသံကြောင့် နိုးလာခဲ့ပါတယ်။ ကျွန်တော် တော်တော်လေး စိတ်တိုသွားပြီး ကလေးတွေက သီးချင်းဖွင့်ထားတယ်လို့ ထင်တာပါ။ ပလပ်ဆွဲမဖြုတ်ခင် အသံတိုးဖို့ ကျွန်တော် ပြောခဲ့ပါသေးတယ်။ သူတို့ နားမလည်တာကြောင့် ကျွန်တော် ပလပ်ဆွဲဖြုတ်ခဲ့တာပါ” ဟု အဆိုပါ နယ်သာလန်နိုင်ငံသားက ပြောကြားခဲ့သည်။
    ၎င်းအား ထောင်ဒဏ် ၃ လ ချမှတ်သည့်အမိန့်ကို ဖတ်ကြားခဲ့ပြီးနောက် မစ္စတာ ဟဂ်ျတီမာမှာ ငိုကြွေးခဲ့သည်။ ထောင်ဒဏ်အပြင် မြန်မာနိုင်ငံ၏ ဥပဒေ၊ ထုံးတမ်းဓလေ့များကို လိုက်နာရမည်ဟု သတ်မှတ်ထားသည့် ၎င်း၏ ပြည်ဝင်ခွင့်ဗီဇာ ဖောက်ဖျက်မှုအတွက်လည်း ကန်ဒေါ်လာ ၈၀ နှင့် ညီမျှသည့် မြန်မာငွေကျပ်ပေးဆောင်ရန် ဒဏ်တပ်ခဲ့သည်။
    ရှေ့နေဖြစ်သူ ဦးလှကိုကမူ ထိုပြစ်ဒဏ်ချမှတ်မှုတွင် အယူခံဝင်သွားမည်ဖြစ်ပြီး နယ်သာလန် သံရုံးကလည်း မစ္စတာ ဟဂ်ျတီမာ လွတ်မြောက်ရေး တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့ကို နိုင်ငံတော်၏ တရားဝင်ဘာသာတရားများအဖြစ် သတ်မှတ်ထားပြီး၊ ဘာသာတရားအားလုံးနှင့် ဘာသာဝင်အားလုံးအား ဥပဒေ၏ ရှေ့မှောက်တွင် တန်းတူခံစားခွင့် ရှိသည်ဟု သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ဗုဒ္ဓဘာသာအား စော်ကားမှုများကိုသာ အရေးယူလေ့ရှိပြီး၊ အခြားသော ဘာသာတရားများ အထူးသဖြင့် အစ္စလာမ်ဘာသာပေါ် ပြောင်းပြောင်းတင်းတင်း စော်ကားပုတ်ခတ် တိုက်ခိုက်မှုများကို လစ်လျူရှုထားသည်။
    Ref : nytimes
  • ဘိုင်ယန်အား ဝေဖန်မှုမှာ တရားမဲ့သည်ဟု မူလာပြော
    ဘိုင်ယန်အား ဝေဖန်မှုမှာ တရားမဲ့သည်ဟု မူလာပြော
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    muller
    – လတ်တလော ရလဒ်ဆိုးဝါးမှုများအတွက် အသင်းအား ဝေဖန်မှုများမှာ တရားမျှတမှုမရှိဟု ဘိုင်ယန်မြူးနစ်၏ ပါရင့်ကစားသမား သောမတ်စ် မူလာက ပြောကြားလိုက်သည်။
    နည်းပြသစ် အန်ဆယ်လော့တီလက်ထက်တွင် ဘိုင်ယန်မှာ ပြိုင်ပွဲအားလုံးတွင် ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ်ပွဲတွင် အက်သလက်တီကိုအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဘွန်ဒစ်လီဂါတွင်လည်း အိမ်ကွင်းတွင် ၁ ဂိုးစီ သရေကျခဲ့သည်။
    မူလာက ထိုရလဒ်ဆိုးရွားမှုများအတွက် တုန့်ပြန်မှုများမှာ လွန်ကျူးနေသည်ဟု ဆိုသည်။
    “ဘိုင်ယန်မှာ နည်းပြသစ်နဲ့ ကျွန်တော်တို့ ပထမ ၈ ပွဲကို နိုင်အောင် ကစားနိုင်ခဲ့ပါတယ်။ ၂ ပွဲလောက် ဆက်တိုက်မနိုင်တာနဲ့ နေလို့ကို မရတော့ပါဘူး။ ကျွန်တော်တို့မှာ တက်ကြွမှု မရှိဘူးလို့ မခံစားရပါဘူး” ဟု မူလာက ပြောကြားခဲ့သည်။
    အန်ဆယ်လော့တီမှာ ပက်ဂွါဒီယိုလာနှင့်ယှဉ်ပါက လျော့တိလျော့ရဲဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး မူလာကမူ ထိုမှတ်ချက်မှာ အခြေအမြစ်မရှိဟု ဆိုသည်။
    “သူ့ရဲ့ သဘာဝက အကျပ်အတည်းဆိုက်လာတဲ့အခါမှာ ကောင်းမွန်ပြီး၊ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူက အရမ်းတင်းကျပ်တာကို ခွင့်မပြုဘူးလေ”
    Ref: Goal
  • အိုအိုင်စီနှင့် တူရကီသတင်းဌာနတစ်ခု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်
    အိုအိုင်စီနှင့် တူရကီသတင်းဌာနတစ်ခု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    turkey-2
    – တူရကီ နိုင်ငံပိုင်သတင်းဌာနဖြစ်သော Anadolu အေဂျင်စီနှင့် အစ္စလာမ့်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့မှာ ယမန်နေ့က ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
    Anadolu သတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူနှင့် အယ်ဒီတာချုပ် မီတင် မူတာနိုဂလူနှင့် အိုအိုင်စီ သတင်းအချက်အလက်ဌာန ဒါရိုက်တာ မဟာ အကီလ်တို့က သတင်းဌာန၏ တူရကီရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူ ညီချက်တွင် အထွေအထွေ မိတ်ဖက်၊ သတင်းဖလှယ်မှု၊ အချက်အလက် ဖလှယ်မှုနှင့် အိုအိုင်စီနိုင်ငံများအတွင်း သတင်းပြန်နှံ့မှု စသည့် ကဏ္ဍများ ပါဝင်သည်။
    မူတာနိုဂလူကမူ Anadolu အေဂျင်စီက မွတ်စလင်ကမ္ဘာ၏သတင်းများ (Muslim World News) ကဏ္ဍဖြင့် တင်ဆက်မှုမှာ မိမိတို့အတွက် အရေးကြီးကြောင်း၊ မိမိတို့အဖွဲ့ကြားတွင် ထိုကဏ္ဍက လစ်ဟာမှုဖြစ်နေကြောင်း ပြောကြားခဲ့သည်။
    “ဒါ့ကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီအကြောင်းအရင်းကြောင့် ကျွန်တော်တို့ဟာ Muslim World News ကဏ္ဍကို ဖန်တီးခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ မွတ်စလင်နိုင်ငံအားလုံးနဲ့ ဆက်သွယ်မှုတွေကို ထူထောင်ချင်ပြီး၊ အဲဒီဆက်ဆံရေးတွေကိုလည်း ခိုင်မာအောင် ကြိုးစားနေတာကြောင့်ပါ”
    ထို့ပြင် မိမိတို့မှာ နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် ရုံးခွဲများရှိပြီး၊ နိုင်ငံ ၈၀ တွင် ကိုယ်စားလှယ်အဖွဲ့များ ရှိခြင်းကြောင့် မိမိတို့ နှစ်ဦးနှစ်ဖက် ရရှိခဲ့သည့် အဆိုပါသဘောတူညီချက်က အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်က မွတ်စလင်နိုင်ငံများအကြား ဆက်ဆံရေး ခိုင်မာစေရန်ဖြစ်ပြီး အိုအိုင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် အလွန်ပျော်ရွှင်မိကြောင်း မူတာနိုဂလူက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: aa.com
  • အမုန်းစကားများ မဖျက်သည့် Facebook ကို တရားစွဲရန် ဂျာမနီစဉ်းစားနေ
    အမုန်းစကားများ မဖျက်သည့် Facebook ကို တရားစွဲရန် ဂျာမနီစဉ်းစားနေ
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    face
    – လူမျိုးရေးခွဲခြားမှု ပို့စ်များကို ဖျက်ပစ်ရန် ပျက်ကွက်ခဲ့သည့် Facebook နှင့် Twitter တို့မှာ ရာဇ၀တ်ကြောင်းအရ တာဝန်ခံရမည့် အန္တရာယ် ရှိနေသည်ဟု ဂျာမနီ တရားရေးဝန်ကြီး ဟီကို မက်စ်က ပြောကြားလိုက်သည်။
    ဂျာမနီတွင် အွန်လိုင်း အမုန်းစကားများ ပြန့်နှံမှုအတွက် စိုးရိမ်းစိတ်များ မြင့်တက်လာချိန်တွင် မက်စ်၏ ထိုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံတွင် ဆိုရှယ်မီဒီယာများမှာ နိုင်ငံအတွင်းရှိ ဒုက္ခသည်လူ့အဖွဲ့အစည်းကို တိုက်ခိုက်ရာနေရာများ ဖြစ်လာခဲ့ပြီး ၁၉၃၀ ပြည့်နှစ်က ဂျူးများအပေါ် နာဇီတို့၏ အမုန်းဖြန့်ဝေမှု အခြေအနေမျိုးနှင့် ဆင်တူနေသည်။
    အမုန်းတရားဖြန့်ဝေမှုနှင့် နာဇီဝါဒကို အားပေးအားမြှောက်ပြုမှုမှာ ဂျာမနီတွင် ရာဇ၀တ်မှုဖြစ်ပြီး Handelsblatt သတင်းစာနှင့် အင်တာဗျူးတွင် မစ္စတာ မက်စ်ကမူ လူငယ်ကာကွယ်ရေး စောင့်ကြည့်အဖွဲ့ဖြစ်သည့် Jugendschutz တို့ကဲ့သို့ အဖွဲ့များက စော်ကားသည့် မှတ်ချက်များအတွက် Facebook အား သတင်းပေးသည့်အခါတွင် ချက်ခြင်း ဖျက်ပေးသော်လည်း သာမန်လူများ သတင်းပို့သည့်အခါတွင် ၄၆ ရာခိုင်နှုန်းခန့်သာ ဖျက်ပေးကြောင်း၊ Twitter ကမူ ၁ ရာခိုင်နှုန်းသာ ဖျက်ပေးကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် ထိုကဲ့သို့ ရေးသားမှုများကို မဖျက်သည့်အတွက် ဆိုရှယ်မီဒီယာ ကုမ္ပဏီများမှာ ရာဇ၀တ်ကြောင်းအရ အရေးယူနိုင်ရေး မိမိတို့နိုင်ငံက စဉ်းစားနေသည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    “ဆိုရှယ်မီဒီယာမှာ အဲဒီလိုဓားတွေ သိပ်ထက်နေတယ်။ ကျွန်တော်တို့အနေနဲ့ ပြဌာန်းဥပဒေတွေအရ ဆောင်ရွက်စရာ မလိုဘူးဆိုတာကို သက်သေပြဖို့ သူတို့မှာ အချိန်ရှိပါသေးတယ်”
    ဂျာမနီတွင် အသုံးပြုသူ ၂၉ သန်းရှိသည့် Facebook ကမူ တရားမ၀င်သော ရေးသားမှုများကို မိမိတို့၏ ဖယ်ရှားမှုမှာ သိသာသည့် အခြေအနေမျိုးရှိသည်ဟု ပြောကြားခဲ့သည်။
    အမုန်စကားများ၊ လူမျိုးရေး ခွဲခြားစော်ကားမှု မှတ်ချက်များကို မဖယ်ရှားသည့် ကိစ္စနှင့်ပတ်သက်၍ ဂျာမနီအာဏာပိုင်များနှင့် Facebook အကြား ယခင်ကလည်း တင်းမာမှုများ ရှိခဲ့ပြီး ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်မှာ ပြီးခဲ့သည့်လက နယူးယောက်၌ Facebook တည်ထောင်သူ မာခ် ဇူကာဘာဂ့်နှင့် တွေ့ဆုံသည့်အချိန်ကလည်း Facebook ပေါ်တွင် အမုန်းစကားများ ပေါများနေမှုအတွက်လည်း သတိပေးခဲ့သည်။
    Ref: ft.com