News @ M-Media

Blog

  • မန်ယူအသင်း ယခင်ကဲ့သို့ပြန်ဖြစ်ရန် အချိန်လိုသည်ဟု မော်ရင်ဟိုပြော

    မန်ယူအသင်း ယခင်ကဲ့သို့ပြန်ဖြစ်ရန် အချိန်လိုသည်ဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    man-u

    – မန်ယူအသင်း ယခင်ကဲ့သို့ အသင်းကြီးတစ်သင်း ပြန်ဖြစ်လာရန်အတွက် အချိန်လိုအပ်သည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ရာသီအစ အဖွင့်လှခဲ့သော်လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်း ၃ ပွဲဆက်ရှုံးခဲ့သည့် မန်ယူကြောင့် မော်ရင်ဟိုမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။ ယခုလတွင် စတုတ်၊ လီဗာပူးလ်၊ ဖီနာဘာချီ၊ ချယ်ဆီး၊ မန်စီးတီးတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး မန်ယူအတွက် အစမ်းသပ်ခံရမည့်ကာလလည်း ဖြစ်နေသည်။

    မော်ရင်ဟိုကမူ ကစားသမားများထံမှ ယခုထက် ပိုမိုကောင်းမွန်မှုကို မမြင်တွေ့ရမချင်း အရာအားလုံးကို မပြောနိုင်ဟု ဆိုသည်။

    “ကျွန်တော် အချိန်လိုတယ်။ ကစားသမားတွေကလည်း ကစားဖို့လိုပါတယ်။ သူတို့ဆီကနေ ထူးခြားတဲ့ အခြေအနေမျိုးတွေ မြင်ရဖို့ လိုအပ်ပါတယ်။ သူတိုနဲ့ပတ်သက်ပြီး ကျွန်တော် ပိုပြီး နားလည်ဖို့လည်း လိုပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အကြမ်းဖက်မှုမှာ အစ္စလာမ်နှင့် မဆိုင်သောကြောင့် ‘အစ္စလာမ့်မစ်’ ဆိုသည့် အသုံးအနှုန်းကို မသုံးခြင်းဟု အိုဘားမားပြော

    အကြမ်းဖက်မှုမှာ အစ္စလာမ်နှင့် မဆိုင်သောကြောင့် ‘အစ္စလာမ့်မစ်’ ဆိုသည့် အသုံးအနှုန်းကို မသုံးခြင်းဟု အိုဘားမားပြော

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    cnn

    – မွတ်စလင်အမည်ခံ အကြမ်းသမားတွေကို သူတို့ ကိုးကွယ်တဲ့ ဘာသာတရားနဲ့တွဲပြီး ‘အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ’ ‘အစ္စလာမ့်မစ် အကြမ်းဖက်သမား’ ဆိုပြီး မိမိအနေနဲ့ မသုံးနှုန်းတာဟာ သူတို့ရဲ့လုပ်ရပ်က အစ္စလာမ်နဲ့ ဘာမှ မဆိုင်လို့ဖြစ်တယ်လို့ အမေရိသမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။

    ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ အမေရိကန်စစ်တပ်က ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိခင်တွေနဲ့ပတ်သက်ပြီး ကြည့်ရှုစောင့်ရှောက်မှုတွေ ပြုလုပ်နေတဲ့ Gold Star Mother အဖွဲ့က မိခင်တစ်ဦး မေးမြန်းမှုမှာ အိုဘားမားက ဒီလိုဖြစ်ကြားလိုက်တာပါ။

    အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲအတွင်းမှာ သားဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ တီနာ ဟူချင်ဆိုတဲ့ အမျိုးသမီးက အိုဘားမားအနေနဲ့ ဘာ့ကြောင့် အစ္စလာမ့်မစ်အကြမ်းဖက်သမားဆိုတဲ့ အသုံးအနှုန်းကို မသုံးတာလည်းဆိုတာကို မေးမြန်းခဲ့တာဖြစ်ပြီး၊ အိုဘားမားကတော့ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့အမည်ကို အလွဲသုံးစားလုပ်နေကြတာ ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

    “အလ်-ကိုင်းဒါးနဲ့ IS တို့လို အကြမ်းဖက်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှုတွေအတွက် ဆင်ခြေပေးဖို့ အစ္စလာမ်သာသနာကို ပုံဖျက်နေတာ၊ တစ်လွဲသုံးနေတာလို့ ကျွန်တော်တို့ ရှုမြင်တယ်ဆိုတာကို ထပ်လောင်း ပြောကြားပါရစေ။ ဒီလူတွေဟာ ကလေးတွေ၊ မွတ်စလင်တွေကို သတ်ဖြတ်နေသလို၊ လိင်ကျွန်တွေအဖြစ်လည်း အသုံးပြုနေကြတာပါ။ သူတို့လုပ်နေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဘာသာတရားနဲ့ တန်းညှိလို့ကို မရပါဘူး” လို့ အိုဘားမားက ဆိုပါတယ်။

    နောက်ပြီး မိမိအနေနဲ့ ဒီကိစ္စတွေကို ပြောဆိုရာမှာ ဘီလီယံနဲ့ချီတဲ့အစ္စလာမ်ဘာသာဝင်တွေဟာ ဒီလူသတ်သမားအုပ်စုနဲ့ အတူတူပဲဆိုတဲ့ ပုံစံမျိုး ဖြစ်မသွားအောင် ဂရုစိုက်ရတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒီပြဿနာတွေကို ပြောဆိုရာမှာ ကျွန်တော် သတိထားတာက ဒီလူသတ်သမားတွေနဲ့ ကျွန်တော်တို့နိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ ငြိမ်းချမ်းစွာနေထိုင်နေတဲ့၊ တာဝန်ယူမှုရှိတဲ့ ဘီလီယံနဲ့ချီတဲ့ မွတ်စလင်တွေဟာ အတူတူပဲဆိုတဲ့ ပုံစံမျိုး ဖြစ်မသွားစေဖို့ပါပဲ။ ကျွန်တော်တို့တိုင်းပြည်က မွတ်စလင်တွေဟာ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တွေ၊ ကျောင်းဆရာတွေ၊ အိမ်နီးချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ပုံစံမျိုးနဲ့ ကျွန်တော်တို့ရဲ့ လက်ရုံးတစ်ဆူအဖြစ် ရှိနေကြပါတယ်”

    အိုဘားမားအနေနဲ့ အကြမ်းဖက်သမားတွေကို အစ္စလာမ့်မစ်အကြမ်းဖက်သမားလို့ မသုံးနှုန်းတာနဲ့ပတ်သက်ပြီး ရီပက်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

    Ref : Realclearpolitic

  • ကုန်သွယ်မှု- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၈)

    ကုန်သွယ်မှု- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၈)

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    route-1

    – ကုန်သွယ်မှုဟာ အစ္စလာမ်သာသနာနဲ့ ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေပြီး တမန်တော်မုဟမ္မဒ်သခင် ကိုယ်တိုင်နဲ့ သူ့ရဲ့ နောက်လိုက်သာဝကကြီးတွေထဲက အများစုဟာ ကုန်သည်တွေဖြစ်ကြပါတယ်။ အစောပိုင်းမွတ်စလင်တွေရဲ့ နေ့စဉ်ဘ၀မှာ ဒီကုန်သွယ်မှုဟာ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာကြောင့် စာချုပ်ခြင်း၊ ကုန်ပစ္စည်းဖလှယ်ခြင်း၊ ကာလရှည်ချေးငှားခြင်းနဲ့ ဈေးကွက်ဖော်ဆောင်ခြင်း စတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေကိုလည်း မွတ်စလင်က အစောဆုံး သတ်မှတ်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

    ကုန်သည်မျိုးစုံ၊ ကုန်ပစ္စည်းမျိုးစုံ ပြည့်နှက်နေတဲ့ အစ္စလာမ့်အင်ပါယာကြီးဟာ ကြီးမားကျယ်ပြန့်တဲ့ ကုန်သွယ်ရေးကွန်ယက်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ရွှေ၊ ရွှေဖြူနဲ့ ဆားတွေလို ကုန်စည်တွေဟာ အင်ပါယာရဲ့ မြောက်ဖက်ကနေ အရှေ့ဖက်အထိ၊ အာဖရိက ဆဟာရဒေသကနေ မော်ရိုကို၊ စပိန်နဲ့ ပြင်သစ်တို့အထိ ရောက်ရှိကြပြီး ဂရိနဲ့ တူရကီ၊ အီဂျစ်၊ ဆီးရီးယားတို့ကိုလည်း ဒီကုန်ပစ္စည်းတွေက အနည်းငယ် ရောက်ရှိကြပါတယ်။ (၁၄ ရာစုက ငွေကြေးအဖြစ် အသုံးပြုခဲ့တဲ့) ကောင်ရီအခွံ (Cowrie shell) ဟာ မော်လ်ဒိုက်ကျွန်းကနေ အနောက်အာဖရိကအထိ ပြန့်ခဲ့ပါတယ်။ အိုးခွက်၊ စက္ကူ၊ ငွေစက္ကူတွေဟာ တရုတ်ပြည်ကနေ အနောက်တိုင်းကို ရောက်ခဲ့တာဖြစ်ပေမယ့် ကိုင်ရိုမှာ လူကြိုက်များမှု မရှိခဲ့ပါဘူး။ ကုန်စည်တွေဟာ ခရီးသွားတွေ၊ ဘုရင်တွေ၊ စော်ဘွားတွေ၊ ပညာတတ်တွေ၊ ဘုရားဖူးတွေနဲ့အတူ စီဆင်းခဲ့ပါတယ်။

    ပိုးလမ်းမကြီးဖြတ်သွားတဲ့ဒေသဟာ မွတ်စလင်တွေရဲ့ စီးပွားရေးအတွက် အချက်အချာနေရာ ဖြစ်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကတော့ မြေထဲပင်လယ်ရဲ့ အာဖရိကနဲ့ ဥရောပ ကမ်းခြေတွေအထိ ရောက်ရှိပါတယ်။ စပိန်နိုင်ငံတောင်ပိုင်းက မာလာဂါဆိပ်ကမ်းဟာ ကုန်သွယ်ရေး အချက်အချာနေရာ ဖြစ်ခဲ့ပြီး အထူးသဖြင့် ဂျီနိုအာ (Genoa) လို ကုန်သည်တိုင်းပြည်လို့ တင်စားခေါ်ဝေါ်ရတဲ့ အီတလီနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက ကုန်သည်တွေ စုဝေးရာနေရာ ဖြစ်ပါတယ်။ အီတလီသားတွေဟာ ဥရောပဘက် ကုန်သွယ်မှုကို လွှမ်းမိုးထားတာကြောင့်  အစ်ဗနေ့ ဘာတူတာ (Ibn Battuta) ဟာ အန်နာတိုလီယာ (Anatolia) ကို ဂျီနိုအာက သင်္ဘော တစ်စီးနဲ့ လိုက်ပါသွားခဲ့ပါတယ်။ သူက “ခရစ်ယာန်တွေဟာ ကျွန်တော်တို့ကို တော်တော်လေး ဂုဏ်ပေးဆက်ဆံပြီး သွားလာတာတွေအတွက် ကျွန်တော်တို့ဆီကနေ ပိုက်ဆံ မယူပါဘူး” လို့ ရေးသားခဲ့ပါတယ်။ မာလာဂါရဲ့ လူစည်ကားတဲ့ ဆိပ်ကမ်းတွေမှာ ကုန်သည်တွေဟာ ပိုးထည်၊ လက်နက်၊ ကျောက်သံပတ္တမြား၊ အထက်တန်းစား ကျွေထည်မြေထည်တွေကနေ စပိန်နိုင်ငံက အရသာရှိလှတဲ့ သစ်သီးဝလံတွေအထိ ကမ္ဘာတစ်ဝှမ်းက ကုန်ပစ္စည်းတွေကို ဖလှယ်ကြပါတယ်။

    နိုင်းမြစ်ဝှမ်းပေါ်မှာရှိပြီး မြေထဲပင်လယ်ထဲ ထိုးထွက်နေတဲ့ အလက်ဇန်ဒရီးယားကလည်း အဓိကဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဥရောပကနေ အာရှအရှေ့ပိုင်းအထိ ကျယ်ပြန့်တဲ့ စပိုက်ကုန်သွယ်ရေးလမ်းမကြီး (Spice Route) ပေါ်မှာရှိတဲ့ ဒီမြို့ဟာ အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီနဲ့ နိုင်းမြစ်ကျောတစ်လျှောက်က ရောက်လာတဲ့ ကုန်စည်ပစ္စည်းတွေ ဥရောပကိုဝင်ရောက်ရာ ဂိတ်ဝလည်းဖြစ်ပါတယ်။ ဒီမြို့မှာ ဆိပ်ကမ်းနှစ်ခုရှိပြီး အနောက်ဖက်မှာ မွတ်စလင်တို့ရဲ့ ဆိပ်ကမ်းဖြစ်ကာ၊ အရှေ့ဘက်ကတော့ ခရစ်ယာန်တွေရဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။ အဲဒီဆိပ်ကမ်းနှစ်ခုကို ဖာရို (Pharos) လို့ခေါ်တဲ့ ကျွန်းလေးတစ်ခု ခြားထားပြီး ဒီကျွန်းလေးမှာရှိတဲ့ မီးပြတိုက်ကြီးကလည်း အဲဒီအချိန်တုန်းက ကမ္ဘာ့အံ့ချီးဖွယ်ရာ အဆောက်အဦးတစ်ခု ဖြစ်ခဲ့ပါတယ်။

    car
    တူရကီနိုင်ငံရှိ ကာရာဗန်ဆရီ ပရဟိတ ဖောင်ဒေးရှင်းတစ်ခု၏ အကျွင်းအကျန်တစ်ချို့

    အဲဒီ ကုန်သည်လမ်းကြောင်းတစ်လျှောက်က ခေတ္တရပ်နားရာနေရာတွေမှာ ကာရာဗန်ဆရီ (Caravansaries) လို့ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲပေးတဲ့အဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ ပရဟိတအဖွဲ့တစ်ခုလည်းဖြစ်ပြီး ကုန်သွယ်တွေကို နေရာထိုင်ခင်း၊ စားစရာသောက်စရာတွေကို ၃ ရက် အခမဲ့ပေးကာ တစ်ခါတစ်ရံမှာ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေတစ်လျှောက် ကီလိုမီတာ ၃၀ အကွာတိုင်းမှာရှိတဲ့ ရပ်နားစခန်းတွေမှာလည်း သွားရောက်ပြီး ၀န်ဆောင်မှုတွေ ပေးလေ့ရှိပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကုန်စည်သေတ္တာပေါင်းစုံကို သယ်ဆောင်လာတဲ့ ကုန်သည်တွေဟာ သူတို့နဲ့အတူ အစ္စလာမ်သာသနာကိုလည်း သယ်ဆောင်ဖြန့်ဖြူးခဲ့ပါတယ်။ ၈ ရာစုမှာ အခု ကန်တုံဒေသ (Canton) လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ ဂွမ်ဇူ (Guangzhou) ကမ်းရိုးတန်းအထိ မွတ်စလင်တွေနဲ့ ဂျူးကုန်သည်တွေဟာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ မွတ်စလင်ကုန်သည်တွေဟာ အာဖရိကအထိ ၀င်ရောက်သွားလာခဲ့ပြီး အစ္စလာမ်သာသနာကို ဆဟာရတစ်ဝှမ်းမှာ မိတ်ဆက်ပေးခဲ့သူကတော့ ဘာရ်ဘာရ်ကုန်သည်တွေ (BerBer) ဖြစ်ပါတယ်။ ပင်လယ်နီ၊ အဲဒီကနေတစ်ဆင့် နိုင်းမြစ်နဲ့ ဆက်သွယ်နေတဲ့ ကုန်သွယ်လမ်းကြောင်းတည်ရှိရာ အာဖရိကအရှေ့မြောက်ဖက်က ခြေသလုံးအိမ်တိုင်လူမျိုးစုတွေ အားလုံးဟာ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဖြစ်လာခဲ့ကြပါတယ်။

    အစ္စလာမ်ကမ္ဘာက အချို့ဒေသတွေဟာ ကုန်သွယ်စီးပွားရေးဆောင်ရွက်ရာမှာ အရေးပါတဲ့နေရာတွေ ဖြစ်လာတာကြာင့် လူ့အဖွဲ့အစည်းတွေကလည်း မြင့်မားတိုးတက်ခဲ့ပါတယ်။ တူနီးရှားကာ အလ်-ကွေရာဝမ် (Al-Qayrawan) ဒေသ၊ မော်ရိုကိုက စီဂျီလ်မာဆာ (Sijilmasa) ဒေသတွေအကြောင်းကို ၁၀ ရာစု ကမ္ဘာလှည့်ခရီးသွားဖြစ်တဲ့ အစ်ဗနေ့ ဟောင်ကဲလ် (Ibn Hawqal) က သူ့ရဲ့ Book of the Routes of the Kingdoms (ဘုရင့်နိုင်ငံများဆီသို့သွားရာကျမ်း) ဆိုတဲ့ စာအုပ်ထဲမှာ အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

    “မဂ်ရဘ် (Maghreb- တူနီးရှား) မှာ အကြီးဆုံးမြို့ဖြစ်တဲ့ အလ်-ကွေရာဝမ်ဟာ ကုန်စည် ကူးသန်းရောင်းဝယ်မှုအပိုင်းမှာ အားလုံးထက် သာလွန်ပါတယ်။ ပြီးတော့ ချမ်းသာကြွယ်ဝတယ်။ လှပတဲ့ ဈေးတန်းတွေလည်း ရှိပါတယ်။ မဂ်ရဘ်က ပြည်နယ်တွေနဲ့ ဒေသတွေအားလုံးက ၀င်ငွေဟာ ဒီနာ သန်း ၇၀၀ နဲ့ ၈၀၀ ကြားမှာ ရှိတယ်လို့လည်း ပြည်သူ့ဘဏ္ဍာတိုက်ရဲ့ ငွေတိုက်စိုး အဘူလ်-အလ်ဟာဆာ (Abu al-Hasa) ရဲ့ ပြောကြားမှုကိုလည်း ကျွန်တာ် ကြားခဲ့ရပါတယ်”

    ကြွေရည်သုတ် ဖန်ထည်၊ မှန်ထည်ပစ္စည်းတွေ၊ ဒီဇိုင်းအလှ လယ်သာ၊ အုတ်ကြွတ်တွေ၊ မြေထည်တွေ၊ စာအုပ်၊ ကောဇော၊ ဆင်စွယ်ပန်းပုလက်ရာ၊ စာပန်းချီ၊ ဒမတ်စကတ်လုပ် ဓားအပါအ၀င် သတ္ထုထည်တွေ၊ ပန်းအိုးတွေ၊ ချည်ထည်တွေ၊ ပိုးထည်တွေ စတာတွေအပါအ၀င် အစ္စလာမ်ကမ္ဘာက ပစ္စည်းအများအပြားကို ဥရောပ၊ အာရှနဲ့ အာဖရိကတို့က တင်သွင်းခဲ့ကြပါတယ်။

    မွတ်စလင်တွေရဲ့ ချည်ထည်တွေ၊ သတ္တုပစ္စည်းတွေနဲ့ ဖန်ထည်တွေ၊ ဆပ်ပြာတွေဟာ အဲဒီအချိန်တုန်းက အရည်အသွေးကောင်းမွန်ပြီး ဈေးကောင်းရခဲ့ပါတယ်။ မမ်လုက်မင်းဆက် (Mamluk) လက်ထက်က ထွက်ရှိခဲ့တဲ့ ရွှေဆိုင်း၊ ကြွေရည်သုတ်မှန်ထည်တွေ၊ ဇိမ်ခံပစ္စည်းတွေကို ပင်လယ်နက်ရဲ့ မြောက်ဖက် ကမ်းခြေတွေနဲ့ ဥရောပက စကန်ဒီနေးဗီးယား၊ ဥရောပ မြောက်ပိုင်းနဲ့ ဟော်လန်က မက်စ်ထရစ်ခ်ျ ဒေသ (Maastricht) တွေမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

    ကန္တာရခရီးသည်

    trade

    Caravan လို့ခေါ်တဲ့ မွတ်စလင် ကန္တာရခရီးသည်တွေဟာ ကုန်စည်တွေ၊ တိရစ္ဆာန်တွေနဲ့အတူ စီတန်းကာ အလွန်ဝေးကွာတဲ့ ခရီးကို သွားကြတာဖြစ်ပြီး ကမ္ဘာ့ ဟိုဘက်အခြမ်း၊ ဒီဘက်အခြမ်းကို ရောက်ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘုရားဖူးဖို့ ဒါမှမဟုတ် ကုန်သွယ်ဖို့ဖြစ်ပြီး ကန္တာရခရီးနှင်ကြတဲ့ အဲဒီကုန်သည်တွေဟာ တရုတ်ပြည်လို ဝေးကွာတဲ့နေရာတွေကို ရောက်ခဲ့သလို၊ အိန္ဒိယ၊ ပါရှား၊ ဆီးရီးယားနဲ့ အီဂျစ်တို့အထိ ခြေဆန့်ခဲ့ကြပါတယ်။

    ကုလားအုပ်နဲ့ ခရီးသွားတဲ့ တစ်ချို့အုပ်စုတွေမှာ လူအရမ်းများပြီး တစ်ဦးတစ်ယောက်အနေနဲ့ သူ့နေရာက ထသွားလိုက်ရင် အဲဒီနေရာကို ပြန်ရှာလို့ မရတော့လောက်အာင် လူတွေ ပြည့်ကျပ်ခဲ့ပါတယ်။ အဲဒီ အုပ်စုတွေဟာ အစားသောက်တွေကို မိုးပြဲဒယ်ကြီးနဲ့ ချက်လေ့ရှိပြီး သူတို့ထက် ဆင်းရဲနိမ့်ပါးတဲ့ သူတွေကိုလည်း ရက်ရက်ရောရော ကျွေးလေ့ရှိကာ လမ်းမလျှောက်နိုင်တဲ့သူတွေအတွက် သူတို့ရဲ့ အစီးအနင်းတွေကို လှူဒါန်းကြပါသေးတယ်။

    သူတို့သွားတဲ့နေရာတိုင်းကို သိုးတွေ၊ ဆိတ်တွေ ယူဆောင်သွားလေ့ရှိပြီး ဒီတိရစ္ဆာန်တွေကနေ နို့ကို သောက်သုံးကြပါတယ်။ ကုလားအုတ်ရဲ့ နို့နဲ့ အသားတွေက သူတို့အဟာရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သလို၊ ခြောက်သွားတဲ့ အရိုးတွေကလည်း ချမ်းအေးတဲ့ ညဘက်တွေမှာ မီးဖိုဖို့ အသုံးဝင်ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ သူတို့ယူဆောင်လာတဲ့ ဂျုံမှုန့် ဆား၊ ရေတို့နဲ့ ပေါင်မုန့်အကြမ်း၊ အချောတွေကို လုပ်စားကြပါတယ်။ သောက်ရေကိုတော့ ဆိတ်သားရေ၊ ကျွဲသားရေတွေနဲ့လုပ်ထားတဲ့ အိတ်တွေနဲ့ ယူဆောင်ကြပါတယ်။ ရေရှိတဲ့နေရာတွေကတော့ သူတို့ရဲ့ စခန်းချရာနေရာတွေပါ။ သဲကန္တရာအတွင်း နေ့ဘက်မှာ အလွန်ပူပြင်းတာကြောင့် ညဘက်တွေက သူတို့ ခရီးနှင်ရာ အချိန်ဖြစ်ပြီး မီးတုတ်တွေက မီးရောင်တွေကြောင့် ကန္တာရခရီးသည်တွေရဲ့ သွားရာ လမ်းတစ်လျှောက်ဟာ နေ့ခင်းဘက်လို လင်းလက်တောက်ပနေပါတော့တယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • မိမိကိုယ်ကို ဟစ်တလာနဲ့ ခိုင်းနှိုင်း ကိုယ်ရည်သွေးလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ

    မိမိကိုယ်ကို ဟစ်တလာနဲ့ ခိုင်းနှိုင်း ကိုယ်ရည်သွေးလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    duter-te

    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက သူ့ရဲ့ မူးယစ်နှိမ်နင်းမှုအတွင်း လူအများအပြား သတ်ဖြတ်တာကို ဟစ်တလာကာ ဂျူးလူမျိုးတွေကို သတ်ဖြတ်တာနဲ့ ခိုင်းနှိုင်းပြောဆိုလိုက်ပြီး ပျော်ပျော်ကြီး ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

    “ဟစ်တလာက ဂျူး ၃ သန်းကို သတ်ခဲ့တယ်။ တိုင်းပြည်မှာ ဆေးစွဲနေသူ ၃ သန်း ရှိမယ်ဆိုရင် ကျွန်တော် သူတို့ကို ပျော်ပျော်ကြီး သတ်ပစ်မှာပါ” လို့ ဒီနေ့မနက် ဗီယက်နမ်ကနေ ဒါဗာအိုမြို့ကို ပြန်လာတဲ့အချိန် ဒူတာတေးက ပြောကြားလိုက်တာပါ။

    နောက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ “ဂျာမနီမှာ ဟစ်တလာလိုလူမျိုးရှိရင် ဖိလစ်ပိုင်မှာလည်း ရှိမှာပါ” လို့လည်း ကိုယ်ရည်သွေးခဲ့ပါတယ်။

    ဟစ်တလာ သတ်ဖြတ်တဲ့လူတွေဟာ အပြစ်မဲ့သူတွေဖြစ်ပြီး မိမိ သတ်ဖြတ်တဲ့သူတွေအားလုံးဟာ ရာဇ၀တ်ကောင်တွေဖြစ်ကြောင်း၊ အဲဒီလို သတ်ဖြတ်ခြင်းက တိုင်းပြည်မှာရှိနေတဲ့ မူးယစ်ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ကာ နောက်မျိုးဆက်ကို ဆုံးရှုံးမှုကနေ ကာကွယ်နိုင်မယ်လို့လည်း ဒူတာတေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇွန်လ ၃၀ ရက်နေ့ အာဏာရပြီးနောက်ပိုင်း ဒူတာတေး စတင်ခဲ့တဲ့ မူးယစ်စစ်ပွဲမှာ အခုအချိန်အထိ လူပေါင်း ၃၅၀၀ ကျော်လောက် သေဆုံးခဲ့ပြီး၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကက်သလစ်အသင်းတော်နဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း သူ့ရဲ့ အဲဒီလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    ဒူတာတေးဟာ အမေရိကန်သမ္မတကို ဆဲရေးတိုင်းထွာခဲ့သလို၊ ဥရောပ သမဂ္ဂကိုလည်း အခုတစ်ပတ်အတွင်းမှာပဲ လက်ခလယ်ထောင်ပြကာ ဆဲရေးခဲ့ပါတယ်။ နောက်ပြီး လူ့အခွင့်အရေးကို ဂရုမစိုက်ဘူးလို့ ပြောထားသူလည်း ဖြစ်ပါတယ်။

    Ref : Aljazeera

  • ညောင်မြစ်တူးရအုံးမည့် မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍ

    ညောင်မြစ်တူးရအုံးမည့် မြန်မာ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍ

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    jade-2

    – ၁၉ ရာစု တရုတ်ဧကရာဇ်ဘုရင်မ ကျီယီနှင့် သူမ အဆက်အနွယ်ဖြစ်သော ခေတ်သစ်တရုတ်ပြည်သူများ အမြတ်တနိုး စွဲလမ်းတန်ဖိုးထားကြသည့် ကျောက်စိမ်းများက မြန်မာနိုင်ငံမှလာသည်။ အရည်အသွေးကောင်းမွန်မှုကြောင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းများမှာ ‘ကျောက်စိမ်းတကာတို့၏ ထွဋ်ခေါင်’ ဟု အမည်တွင်ပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး၊ ဈေးကွက်အ၀င်ဆုံး ဖြစ်သည်။

    တရုတ်နိုင်ငံ ဧကရာဇ်နန်းတော်ကြီး ခမ်းနားကြီးကျယ်မှုက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသနှင့် လုံးဝ ကွဲပြားခြားနားသည်။ အဆိုပါ မိုင်းတွင်များတွင် ရေမဆေးကျောက် ရှာဖွေသူများ၏ ဘ၀က အလွန် ပင်ပန်းဆင်းရဲသည်။ ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းထွက်ရာဒေသရှိ တောင်တန်းများပေါ်တွင် လုပ်ကွက်ရထားသည့် ကုမ္ပဏီများက စွန့်ပစ်ထားသော မြေစာပုံများတွင် ၎င်းတို့က ကျောက်စိမ်းများ တွေ့လိုတွေ့ငြား ရှကြသည်။ ကံကောင်းထောက်မ၍ တွေ့ပါက ကုန်သည်များ၊ ကျောက်သမားများကို ပြန်ရောင်းကြသည်။

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းနှင့်ပတ်သက်၍ လေ့လာစမ်းစစ်မှု ပြုလုပ်ခဲ့သော Global Witness အဖွဲ့မှ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ ဖားကန့်မှထွက်သော ကျောက်စိမ်းအများစုအတွက် တိုင်းပြည်မှ အခွန်မရဘဲ တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ရောက်ရှိသွားသည်ဟု ဖော်ပြထားသည်။ တစ်နှစ်တစ်နှစ် မြန်မာနိုင်မှ တရုတ်နိုင်ငံသို့ မှောင်ခိုထွက်သွားနေသည့် ကျောက်စိမ်း တန်ဖိုးကို Global Witness မှ စုံစမ်းထုတ်ပြန်ခဲ့သည့် ထိုအစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိသော်လည်း ကန်ဒေါ်လာ ၃၁ ဘီလီယံခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

    ထိုပမာဏက မြန်မာနိုင်ငံ ဂျီဒီပီ၏ တစ်ဝက်ရှိပြီး ကျန်းမာရေးကဏ္ဍအတွက် အစိုးရကချပေးသည့် အသုံးစားရိတ်ထက် ၄၆ ဆ များလေသည်။ ၂၀၁၄ ခုနှစ်တွင်ပြုလုပ်သည့် ကျောက်မြတ်ရတနာပြပွဲတွင် ပြသသည့် ကျောက်စိမ်းတုံးများမှ တစ်တုံးမှာ ကြမ်းခင်းဈေးပင် ယူရိုသန်း ၆၀ ရသည်ဟု တရားဝင်ထုတ်ပြန်မှုမရှိသည့် ရင်းမြစ်တစ်ခု ဆိုသည်။

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းကဏ္ဍကို နိုင်ငံတကာမှ စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ဇွန်လတွင် ကျောက်စိမ်း ကုန်သွယ်သူ အုပ်စုတစ်စုက ယခင်အစိုးရမှ အကြီးတန်းအရာရှိများမှာ စီးပွားရေးလုပ်ငန်းများရှင်လျှို့ဝှက်ဆက်သွယ်ကာ ကန်ဒေါ်လာ သန်းနှင့်ချီရယူခဲ့သည်ဟု ကျောက်စိမ်းကုန်သည် အုပ်စုတစ်စုက စွပ်စွဲခဲ့သည်။ အစိုးရက ထိုကိစ္စအတွက် စုံစမ်းစဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခင်ရေတပ်ဗိုလ်ချုပ်နှင့် ၀န်ကြီးတစ်ဦးအပါအ၀င် အစိုးရအရာရှိများမှာ ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ကြေငြာခဲ့သည်။ Global Witness မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဂျူမန် ကဘ်ဘာက အဆိုပါ ကျောက်စိမ်းကဏ္ဍမှာ လက်ရှိအချိန်အထိ ‘လျှို့ဝှက်ချက်များ’ ရှိနေဆဲဖြစ်ပြီး ‘ခြစားမှု မရှိတော့ဟု ပြောဆိုယုံမျှဖြင့် မလုံလောက်’ ဟု ဝေဖန်ခဲ့လေသည်။

    ကျောက်စိမ်းစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသည့် KIC Group မှ ဥက္ကဌဖြစ်ဦး အစိုးရအား စောဒကတက်ခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ကိုကျော်ကျော်ဦးက အာဏာပိုင်းများအနေဖြင့် ကြည့်ရှုရန် ဆန္ဒရှိပါက မိမိတွင်ပင် အထောက်အထားများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ငွေတွေဘယ်လိုပေးခဲ့ရတယ်ဆိုတာကို အသေးစိတ်ရေးသားထားတဲ့ ဖြတ်ပိုင်းတွေ ကျွန်တော့်ဆီမှာပဲ အထပ်လိုက်ရှိပါတယ်။ ဒီငွေတွေ ဘယ်လိုသုံးလဲဆိုတာကို အသေးစိတ်ကို စစ်ဆေးရင် ဘယ်လောက် မသမာမှုတွေ ရှိနေလဲဆိုတာကို တွေ့မှာပါ”

    ထိုဖြတ်ပိုင်းများက နိုင်ငံရေးသမားများ၊ စက်မှုလုပ်ငန်းရှင်များက ကျောက်စိမ်းမှရသည့် ၀င်ငွေများကို ရရှိနေသည်ဟု ပြသနေသည်။

    ကျောင်းစိမ်းမှရရှိသည့် အကျိုးအမြတ် မဆိုစလောက်သာ ဒေသ၏ စီးပွားရေးအတွင်းသို့ စီးဝင်သည်။ ကမ္ဘာ့ဘဏ်၏အဆိုအရ ကျောက်စိမ်း အကြီးကျယ်တူးဖော်နေသည့် ကုမ္ပဏီက မြန်မာနိုင်ငံသားအမည်ဖြင့် တရုတ်ကုမ္ပဏီများဖြစ်ပြီး ၀ယ်သူအများစုက တရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံတို့မှ လာရောက်ကြသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်အထိ ကျောင်းစိမ်းအတွက် အကောက်ခွန်ဆိုသည် မရှိ။ ကျောက်ရိုင်းတုံး တင်ပို့မှုအတွက် လေဗီကြေး ၃၀ ရာခိုင်နှုန်းကို ပေးဆောင်ရန် ရှောင်ရှားသည့် နည်းလမ်းများလည်း ရှိနေသည်။ ထိုအခွန်ကို ရှောင်ရန်အတွက် ကျောက်မိုင်းများမှာ ၎င်းတို့ထံမှ ထွက်ရှိသည့် ကျောင်းစိမ်းများကို ကုမ္ပဏီများသို့ မရောင်းမီ မှတ်ပုံတင်သော်လည်း ဈေးကို အလွန်အမင်းချထားလေသည်။ ခြစားမှုရှိနေခြင်း၊ တိုင်းရင်းသားပဋိပက္ခ၊ ရန်မီးဝါဒတို့နှင့် ဆက်နွယ်သည့် အဆိုပါ ကျောက်စိမ်းစီးပွားရေးက ၀ရုန်သုန်းကားနိုင်သည့် မှောင်ခိုစီးပွားရေး ဖြစ်သည်ဟု Global Witness က ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မိုင်းတွင်းများမှ အခွန် ၆.၂ ဘီလီယံ ဆုံးရှုံးသည်ဟုလည်း ၎င်းတို့အဖွဲ့က ခန့်မှန်းတွက်ချက်သည်။

    “အာဏာပါဝါရှိတဲ့သူတွေက ကျန်တဲ့ပြည်သူတွကို မလိမ့်တပတ်လုပ်ပြီး မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ကျောက်စိမ်းတွေကို နှစ်ပေါင်းများစွာ အမြတ်ထုတ်ခဲ့ပါတယ်။ ဒီလို မရပ်တန့်နိုင်တဲ့ အမြတ်ထုတ်မှုတွေက ကြောက်စရာကောင်းတဲ့ မြေပြိုမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေကို ဖြစ်စေပါတယ်” ဟု ကဘ်ဘာက ပြောကြားခဲ့သည်။

    ၁၉၉၀ ပြည့်နှစ်များမှစ၍ တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးလာမှုနှင့်အတူ ကျောက်စိမ်းဝယ်လိုအားမှာလည်း မြင့်တက်လာသည်ဟု ကုလသမဂ္ဂ၏ ကုန်သွယ်ရေး ကိန်းဂဏန်းများက ဖော်ပြနေသည်။ ထို့ကြောင့် မြန်မာစစ်အာဏာရှင်များမှာ ကျောက်စိမ်းပေါကြွယ်ဝသော ဖားကန့်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံမှ သိမ်းယူရန် တွန်းအားဖြစ်စေခဲ့သည်။ ထိုသိမ်းယူနိုင်မှုတွင် စစ်ဖက်အကြီးအကဲများ အလွန်အမင်း အမြတ်ထွက်ခဲ့ပြီး ၎င်းတို့၏ အခွင့်ထူးများကို ဆွေမျိုးများ၊ ခရိုနီများနှင့် ဝေစားမျှစား လုပ်ခဲ့ကြသည်ဟု Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ကျောက်စိမ်းထုတ်လုပ်မှု မြင့်တက်လာသည်နှင့်အမျှ ခြစားမှုများ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုက်မှုများလည်း မြင့်တက်လာသည်။ ပြီးခဲ့သည့်နှစ်အတွင်းက မြေစာပုံပြိုကျမှုတစ်ခုအတွင်းမှာပင် ရေမဆေးကျောက်ရှာဖွေသူ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး တူးဖော်ရေးလုပ်ငန်းများကို ပိတ်ပစ်ရန် သတ္တုတွင်းဒုဝန်ကြီးက အဆိုပြုရသည်အထိ ဖြစ်ခဲ့လေသည်။ ဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများက ရေမဆေးကျောက် ရှာဖွေသူများ၏ ၃ ပုံ ၂ ပုံမှာ မိုင်းတွင်းများတွင် လွယ်လွယ်ကူကူရရှိနေသော ဆေးစွဲနေသည်ဟု ဆိုသည်။ နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်မှ ၂၀၁၁ ခုနှစ်တွင် အရပ်သားဦးဆောင်သည့် အစိုးရနှင့် အသွင်ကူးပြောင်းမှုကို စတင်ခဲ့သော်လည်း စစ်တပ်အရာရှိများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက်ကဲ့သို့ စစ်တပ်ကျောထောက်နောက်ခံပြု ကုမ္ပဏီများက ကုန်သွယ်မှုများ၊ လုပ်ပိုင်ခွင့်ခွဲဝေရေးလုပ်ငန်းစဉ်များကို ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက်မှာ ၂၀၀၈ ခုနှစ်ကတည်းက အမေရိကန်၏ ပိတ်ဆို့မှုကို ခံခဲ့ရသည်။

    မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လှုပ်ရှားမှု (MEITI) အရ ကျောက်စိမ်းကုမ္ပဏီများကို ပိုင်ဆိုင်မှု၏ နောက်ကွယ်တွင်ရှိနေသည့် အစုရှင်ယာရှင်များအား ထုတ်ဖော်ရေးနှင့် သတ္ထုတွင်းလုပ်ငန်းဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်းလဲရေးအတွက် စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ဆောင်ရွက်ရန် မြန်မာအစိုးရက သဘောတူခဲ့သည်။ မြန်မာ့ကျောက်မြတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(MGE) ကတော့ ကျောက်စိမ်းနှင့် ကျောက်မြတ်ရတနာ လုပ်ကွက်ပေါင်း ၃၀၀ ကျော်မှာ ယခုလအတွင်း သက်တမ်းကုန်မည်ဖြစ်ပြီး လုပ်ပိုင်ခွင့်အသစ်များကို ဇူလိုင်လတွင် ကြေငြာမည်ဟု ဆိုသည်။

    MGE မှ ကျောက်မြတ်ရတနာပြပွဲများကို စီစဉ်ကျင်းပပေးပြီး၊ ဥပဒေစည်းကမ်းများ ချမှတ်ခြင်း၊ ဖားကန့်အနီးရှိ အရေးပါသည့် ကျောက်စိမ်းလုပ်ကွက်ကြီးများတွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းများကိုလည်း ဆောင်ရွက်လေသည်။ EMG အပေါ်သက်ရောက်နေသည့် ပိတ်ဆို့မှုများ အပါအ၀င် မြန်မာနိုင်ငံအပေါ် ရှိနေသည့် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားပေးမည်ဟု နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ အိုဘားမား ပြောကြားမှုက စောင့်ကြည့်အဖွဲ့များကို လက်မှိုင်ကျစေလေသည်။

    ကျောက်စိမ်းလုပ်ငန်းတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားနေသည့် ကချင်ပြည်နယ်မှ NLD လွှတ်တော်အမတ် ဦးလှဆန်းက မကြာသေးမီကာလအတွင်း ပေါ်ထွက်လာခဲ့သည့် မသမာမှုများမှာ အပေါ်ယံသာဖြစ်သည်ဟု ဆိုသည်။

    “ကုမ္ပဏီတွေအချင်းချင်း ကတောက်ကဆဖြစ်ရင် ခြစားမှုအသေးစိတ်အချက်အလက်တွေကို ကြားရမှာဖြစ်ပြီး၊ ပြည်သူလူထုကလည်း သိရမှာပါ” ဟု ဦးလှဆန်းက ပြောကြားခဲ့သည်။

    (စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ ပါဝင်နေသော) MGE ၏ အဆက်အသွယ်များက လွှမ်းမိုးမှု၊ လုပ်ပိုင်ခွင့်များရှိနေသည်ဟု သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် Natural Resource Governance Institute အဖွဲ့မှ အကြံပေး မက်သယူး ဆော်လမွန်က ပြောကြားခဲ့သည်။

    “MEG ရဲ့ တာဝန်တွေက ဘာမှန်း ရေရေရာရာမသိရဘူးဗျ။ ဘာ့ကြောင့်လည်းဆိုတော့ မြန်မာကျောက်မြတ်ရတနာ ရောင်းဝယ်ရေး ဥပဒေလိုမျိုး အဓိကကျတဲ့ စာရွက်စာတမ်းမျိုး သူတို့ရဲ့ ဒိုမိန်းထဲမှာ မရှိဘူး။ နောက်ပြီး သူတို့ရဲ့ ဆောင်ရွက်မှုမျိုး၊ နှစ်ပတ်လည် အစီရင်ခံစာမျိုးလည်း မရှိဘူး”

    ထိုကိစ္စနှင့်ပတ်သက် MGE မှ တာဝန်ရှိသူများက မှတ်ချက်မပေးခဲ့။

    ပွင့်လင်းမြင်သာမှုရှိရေး လှုံ့ဆော်နေသည့် အဖွဲ့များ၏ နောက်ထပ် စိုးရိမ်မှုတစ်ခုက အများပြည်သူများ လေ့လာကြည့်ရှုနိုင်ခြင်းမရှိသည့် MGE မှ ဘဏ်အကောင့်များဖြစ်သည်။ EITI ၏ အစီရင်ခံစာတွင် MGE မှာ ကျောက်မြတ်ရတနာလုပ်ငန်းမှ အကျိုးမြတ် ထက်ဝက်ကျော် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထိုငွေစာရင်းများတွင် ထိန်းသိမ်းထားသည်ဟု ဖော်ပြခဲ့သည်။ မစ္စတာ ဆော်လမွန်ကတော့ ထိုပမာဏမှာ အလျှော့ပေါ့ဆုံး ခန့်မှန်းထားခြင်းဖြစ်ပြီး အမှန်ကတယ်ပမာဏမှာ ထိုထက် အဆပေါင်းများစွာ များပြားနိုင်ကာ သန်း ၆၅၀ ကျော်အထိရှိမည်ဟု ဆိုလေသည်။

    KIC Group မှာ ကိုကျော်ကျော်က တရုတ်နိုင်ငံမှ ၀ယ်လိုအားမြင့်တက်နေချိန်တွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ချက်များကို မဖြစ်မနေ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည်။

    “ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးဖို့လိုတယ်။ ဒါပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲ ဒီကိစ္စကို ကျွန်တော်တို့ လုပ်လို့မရပါဘူး။ သူတို့ ပူးပေါးပါဝင်မှ၊ ဒါကို ကူညီပေးမှ အခြေအနေတွေက ပြောင်းလဲမှာပါ”

    Ref: finicialtimess

    ( Financial Times မှ The dark shadow of Myanmar’s jade trade ဆောင်းပါးကို လေးမောင်က ဆီလျော်အောင်ြ
    ပန်ဆိုသည်။)