News @ M-Media

Blog

  • ၃ ပွဲဆက်နိုင်သော်လည်း ထူးခြားသည့်ခံစားမှု မရှိဟု မော်ရင်ဟိုဆို

    ၃ ပွဲဆက်နိုင်သော်လည်း ထူးခြားသည့်ခံစားမှု မရှိဟု မော်ရင်ဟိုဆို

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    morinho-3

    – တစ်ပတ်အတွင်း ပြိုင်ပွဲအားလုံးတွင် ၃ ပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း မိမိအနေဖြင့် ထူးထူးခြားခြား ကျေနပ်မှုမျိုး မရှိဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က Zorya အသင်းနှင့် ကစားခဲ့သည့် ယူရိုပါ အုပ်စုဒုတိယပွဲစဉ်တွင် မန်ယူမှာ အီဗရာဟီမိုဗစ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး EFL Cup တွင် နော့သက်တမ်တောင်း၊ ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးတို့ပြီးနောက် တစ်ပတ်အတွင်း ပြိုင်ပွဲပေါင်းစုံတွင် ၃ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း မော်ရင်ဟိုကမူ အသင်း၏ ရလဒ်ကောင်းမွန်မှုအတွက် ထူးထူးခြားခြား မခံစားရဟု ဆိုသည်။

    “တစ်ပတ်မှာ ၃ ပွဲစလုံးရှုံးတယ်။ နောက်တစ်ပတ်ကျတော့ ၃ ပွဲစလုံးနိုင်တယ်။ ၃ ပွဲစလုံးရှုံးတဲ့အတွက် ကျွန်တော် စိတ်မပျက်သလို၊ ၃ ပွဲစလုံးနိုင်တဲ့အတွက်လည်း ကျွန်တော် ထူးထူးခြားခြား မပျော်ရွှင်ပါဘူး။ လာမယ့် တနင်္ဂနွေ (စတုတ်နှင့်ပွဲ) က အခုအချိန်မှာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအရာ ဖြစ်နေပါတယ်” ဟု မော်ရင်ဟိုက BT Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • မိမိ၏ဗီတိုကို ဆီးနိတ်ကပယ်ချမှု အမှားတစ်ခုဖြစ်သည်ဟု အိုဘားမားပြော

    မိမိ၏ဗီတိုကို ဆီးနိတ်ကပယ်ချမှု အမှားတစ်ခုဖြစ်သည်ဟု အိုဘားမားပြော

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    veto

    – ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသွားခဲ့သူများ၏ မိသားစုများက ဆော်ဒီအာရေဗျအား တရားစွဲဆိုမှုကို ခွင့်ပြုထားသည့် ဥပဒေမူကြမ်းအား ဗီတိုဖြင့် ပယ်ချမှုကို အထက်လွှတ်တော်က ထိုဗီတိုအား တန်ပြန်ပယ်ချခြင်းမှာ အစိုးရအတွက် အမှားတစ်ခု ဖြစ်သည်ဟု သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။

    အဆိုပါဗီတိုကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှ တန်ပြန်ပယ်ချခဲ့ခြင်းဖြစ်ပြီး အိုဘားမားကမူ ထိုဆောင်ရွက်မှုက ‘နိုင်ငံရေးအရ ထိုးနှက်မှု’ ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့များနှင့် အကျိုးစီးပွားတို့ ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုသည်။

    “အချုပ်အခြာအဏာအရ ကင်းလွတ်ခွင့် (sovereign immunity) အယူအဆကို ကျွန်တော်တို့ ဖယ်ရှားမယ်ဆိုရင်၊ ကျွန်တော်တို့ကိုယ်တိုင် အပြန်အလှန်ဆုံးရှုံးမှုတွေထဲ အကြုံးဝင်သွားမယ်ဆိုတာ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ့ စစ်သား၊ စစ်သမီးတွေ မြင်လာနိုင်ပါတယ်” ဟု CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ဆော်ဒီအား တရားစွဲဆိုရန် ခွင့်ပြုထားသည့် အဆိုပါ ဥပဒေမူကြမ်းမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်သူများကို ဆော်ဒီက ထောက်ပံ့ပေးသည်ဟု စွပ်စွဲထားသည်။ အိုဘားမားက ထိုမူကြမ်းအားဖယ်ရှားမှုနှင့်ပတ်သက်၍ ကြားနာရာတွင် ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးက အကြမ်းဖက်ဝဒါကို ထောက်ပံ့သူများဆိုင်ရာ တရားမျှတရေး အက်ဥပဒေ (ustice Against Sponsors of Terrorism Act) ကို ထောက်ခံသည်ဟု မဲပေးခဲ့ကြသည်။

    ထိုကဲ့သို့ အိုဘားမား၏ ဗီတိုကို တန်ပြန်ပယ်ချခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သမ္မတ အိုဘားမားနှင့် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်များထဲမှ တစ်ဦးဖြစ်သော ဆော်ဒီတို့အား ထိုးနှက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။

    ၉/၁၁ တိုက်ခိုက်မှုကို ဆောင်ရွက်သူ ၁၉ ဦးတွင် ၁၅ ဦးမှာ ဆော်ဒီနိုင်ငံသားများဖြစ်ကြပြီး ထိခိုက်သေဆုံးသွားသူများ၏ မိသားစုများကမူ ထိုကိစ္စအတွက် ဆော်ဒီအစိုးရအား အမေရိကန်တရားရုံးများတွင် တရားစွဲခွင့်ရရန် နှစ်ပေါင်းများစွာ လှုံ့ဆော်လာခဲ့ခြင်းဖြစ်သည်။

    ဆော်ဒီကမူ လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ပြောဆိုထာပြီး ထိုမူကြမ်းကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းဖွံ့ဖြိုးရေး ရုရှားက ဒေါ်လာ ၄ သန်း ထောက်ပံ့မည်

    ပါလက်စတိုင်းဖွံ့ဖြိုးရေး ရုရှားက ဒေါ်လာ ၄ သန်း ထောက်ပံ့မည်

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    pa-rs

    – ဘက်သလီဟမ်မြို့ရှိ အဓိက လမ်းမကြီးဖြစ်သော Star Street နှင့် Manger ရင်ပြင်တို့အား ပြန်လည်ပြင်ဆင်ရန်အတွက် ရုရှားအစိုးရက ကန်ဒေါ်လာ ၄ သန်းထောက်ပံ့မည့် သဘောတူညီချက်ကို ပါလက်စတိုင်းဆိုင်ရာ ရုရှားသံအမတ် ရူဒါကော့ဗ်နှင့် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယာ့ဒ် အလ်-မာလီကီတို့က အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါနေရာနှစ်ခုမှာ ဘက်သလီဟမ်တွင် ခရီးသွားများ စိတ်ဝင်စားရာ နေရာများဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုပြီး ရုရှား၏ ထိုထောက်ပံ့မှုအတွက် ပါလက်စတိုင်းနိုင်ငံနှင့် ပါလက်စတိုင်းပြည်သူများ၏ ကိုယ်စား ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    ရုရှားသံအမတ် ရူဒါကော့ဗ်က ရုရှားမှာ ပါလက်စတိုင်းအတွက် စဉ်ဆက်မပြတ် နိုင်ငံရေးအထောက်ပံ့ကူညီမှုများနှင့်အတူ
    ပါလက်စတိုင်းပြည်သူများ တိုးတက်ဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေမည့် အဆောက်အဦးများ ဆောက်လုပ်ရေးအတွက် စီးပွားရေးဆိုင်ရာ အထောက်အပံ့များကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပြဿနာအတွက် မိမိတို့၏ ရပ်တည်ချက်မှာ မြဲမြံစွာ ရှိနေပြီး အရှေ့ဂျေရုစလင်ကို မြိုကတော်အဖြစ်ထား၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိုလည်း ရုရှားက ထောက်ခံကြောင်း ရူဒါကော့ဗ်က ထပ်လောင်း ပြောကြားခဲ့သည်။

    Ref : IINA

  • အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းက အစ္စလာမ်အကြောင်း အသိပညာပေးမည်

    အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းက အစ္စလာမ်အကြောင်း အသိပညာပေးမည်

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    church

    – အစ္စလာမ့်ရေးရာများနှင့် လူ့အဖွဲ့အစည်းအတွင်း အစ္စလာမ်၏ အခန်းကဏ္ဍကို ပြည်သူများ နားလည်သိရှိစေနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဆမ်မာဖီးလ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် အစ္စလာမ့်ရေးရာ ဆွေးနွေးတင်ပြမှုများ ပြုလုပ်မည်ဟု သိရသည်။

    Universalist Fellowship of Marion County (UUFMC) ဘုရားကျောင်းဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါအခမ်းအနားတွင် မှတ်တမ်းရုပ်ရှင်ပြသမှုများ၊ ဆွေးနွေးမှုများ ပါဝင်မည်ဖြစ်ကာ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မည် ဖြစ်သည်။

    အခမ်းအနားတွင် အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များအား ထောက်ပံ့ရန်အတွက် ရန်ပုံငွေလည်း ထည့်ဝင်နိုင်မည်ဖြစ်ပြီး အစ္စလာမ်ကမ္ဘာအကြောင်း ပိုမိုနားလည်စေရန်အတွက် အမေရိကန် စစ်တက္ကသိုလ်မှ ဒေါက်တာ မာ့ခ်ဒေးဗစ် ၀ဲလ်တန်က ဆွေးနွေးမှု နှစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။

    Ref : IINA

  • နှစ်ငါးဆယ်ကျော်အတွင်း အမေရိကန်က ကျူးဘားဆိုင်ရာ သံအမတ်ကို ပထမဆုံး ခန့်အပ်

    နှစ်ငါးဆယ်ကျော်အတွင်း အမေရိကန်က ကျူးဘားဆိုင်ရာ သံအမတ်ကို ပထမဆုံး ခန့်အပ်

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်က နှစ်ငါးဆယ်ကျော်အတွင်း ကျူးဘားဆိုင်ရာ ပထမဆုံး တရားဝင်သံအမတ်အဖြစ် ဂျက်ဖရီ ဒီလော်ရန်တစ်ကို ခန့်အပ်လိုက်သည်ဟု သိရသည်။

    “သံအမတ်တစ်ဦးခန့်အပ်လိုက်ခြင်းဟာ ကျွန်တော်တို့နှစ်နိုင်ငံကြား ပုံမှန်ထက်ပိုတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဆီ ခြေလှမ်း လှမ်းလိုက်တာလည်း ဖြစ်ပါတယ်။ သံအမတ်ထားရှိခြင်းက ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေအတွက် အရေးဆိုဖို့ ပိုလွယ်ကူစေမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ကျူးဘားအစိုးရနဲ့ မတူညီမှုတွေ ရှိနေရင်တောင် တစ်ယောက်နဲ့တစ်ယောက် ပိုမိုနက်ရှိုင်းစွာ နားလည်စေမှာပါ” ဟု သမ္မတ ဘာရက်အိုဘားမားက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

    အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ် ကက်စထရိုတို့မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက တွေ့ဆုံစဉ် မိမိတို့ နှစ်နိုင်ငံမှာ တင်းမာမှုများ ပြေလည်သွားပြီဟု ပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် သံတမန်ဆက်ဆံရေးကို အပြည့်အ၀ပြန်လည်ရရှိခဲ့သည်။

    အမေရိကန်နှင့် ကျူးဘားတို့မှာ ရာစုနှစ်တစ်ဝက်ကျော်ကြာ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့ရပြီးနောက် မထင်မှတ်ထားသည့် ပြေလည်မှုကို ရယူခဲ့ကြခြင်းဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် သမ္မတ အိုဘားမားမှာ ကျူးဘားသို့ သွားရောက်လည်ပတ်ခဲ့ပြီး ၁၉၆၂ ခုနှစ်ကတည်းက ပြုလုပ်ထားသည့် ပိတ်ဆို့မှုများထဲမှ အချို့ကိုလည်း ဖယ်ရှားပေးခဲ့သည်။

    ထို့ပြင် နှစ်နိုင်ငံ ရေကြောင်း၊ လေကြောင်း ခရီးစဉ်များကိုလည်း ပြန်လည်စတင်ခဲ့ကြသည်။

    Ref : Aljazeera