News @ M-Media

Blog

  • တာလီဘန်က အမျိုးသမီးများကို ဖိနှိပ်မှု မွတ်စလင်ကမ္ဘာက ပိုမိုအာရုံစိုက်သင့်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီးပြော

    တာလီဘန်က အမျိုးသမီးများကို ဖိနှိပ်မှု မွတ်စလင်ကမ္ဘာက ပိုမိုအာရုံစိုက်သင့်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီးပြော

    စက်တင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -တာလီဘန်လက်အောက် အာဖဂန်အမျိုးသမီးတွေ ဖိနှိပ်ခံရမှု ပြဿနာကို မွတ်စလင်ကမ္ဘာက အလေးထား မဖြေရှင်းတဲ့အတွက် ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီး ဘီလာ၀ါလ် ဘူတို ဇာဒါရီက ၀ေဖန်ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လက အာဏာရပြီးနောက်ပိုင်း တာလီဘန်အဖွဲ့ဟာ အာဖဂန်အမျိုးသမီးတွေအပေါ် ကန့်သတ်ဖိနှိပ်မှုတွေ ပိုမိုပြုလုပ်လာခဲ့ပြီး စာသင်ကြားခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

    နိုင်ငံတကာက အာဖဂန်အမျိုးသမီးတွေအတွက် အသံထွက်ပေးနေပြီး၊ ဒီကိစ္စကို ကမ္ဘာ့မွတ်စလင်လူ့အဖွဲ့အစည်းကလည်း အထူးအလေးထားသင့်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီး ဇာဒါရီက ထောက်ပြခဲ့ပါတယ်။

    “အမျိုးသမီးအခွင့်အရေးကို အစ္စလာမ်က ပထမဆုံး ပေးခဲ့တာပါ။ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေ ပါ၀င်နိုင်ဖို့နဲ့ အမျိုးသမီးတွေ ပညာသင်ကြားနိုင်ဖို့ အခွင့်အရေးကို အစ္စလာမ်သာသနာက အာမခံပေးထားတာ ဖြစ်ပါတယ်”

    အာဖဂန်နစ္စတန်သာမကဘဲ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အာမခံပေးတာထက်ပိုပြီး ကာကွယ်ပေးတာမျိုးကို မျှော်လင့်တယ်လို့ သူကဆိုပါတယ်။

    ဇာဒါရီရဲ့ မိခင် ဘီနာဇီ ဘူတိုဟာ ပါကစ္စတန်ရဲ့ ပထမဆုံး၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူပါ။

    အမျိုးသမီးတွေကို မဖိနှိပ်ဘူးဆိုတဲ့ ကတိက၀တ်ကို တာလီဘန်က စောင့်ထိန်းမလားဆိုတာ နိုင်ငံတကာနဲ့အတူ ပါကစ္စတန်က စောင့်ကြည့်နေတယ်လို့လည်း ဇာဒါရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News

  • မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားမှုအစီအစဥ် ဂျပန်ရပ်ဆိုင်းမည်

    မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားမှုအစီအစဥ် ဂျပန်ရပ်ဆိုင်းမည်

    စက်တင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -မြန်မာစစ်တပ်က တပ်ဖွဲ့၀င်တွေကို နောက်ထပ် လေ့ကျင့်သင်ကြားပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူ Takeshi Aoki က ပြောကြားလိုက်ပါတယ်။

    လူထုအပေါ် ဖိနှိပ်အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်တွေကို အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက် လေ့ကျင့်သင်ကြားပေးမှုအတွက် ဂျပန်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ၀ေဖန်နေကြတာပါ။

    ဂျပန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပြီး လက်ရှိမှာ အရာရှိ ၂ ဦးနဲ့ ဗိုလ်လောင်း ၉ ဦးကို လေ့ကျင့်သင်ကြားပေးနေပါတယ်။

    “လက်ရှိလုပ်ဆောင်နေတဲ့ စစ်ဖက်ဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ Takeshi Aoki က ပြောပါတယ်။

    ဇူလိုင်လအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တာက အခုလိုဆုံးဖြတ်ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    ဂျပန်က လေ့ကျင့်သင်ကြားပေးလိုက်တဲ့ စည်သည်အချို့ဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတို့အတွင်း စစ်တပ်က ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေမှာ ပါ၀င်ခဲ့တယ်လို့ Human Rights Watch နဲ့ Justice For Myanmar က မြေပြင်အချက်အလက်တွေကို ကိုးကားပြီး မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: HRW

  • အစ္စရေးထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ် ယူအအေအီး ၀ယ်ယူမည်

    စက်တင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -အစ္စရေးထံကနေ လေကြောင်းရန် ကာကွယ်ရေးစနစ် ၀ယ်ယူဖို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က စီစဥ်နေပါတယ်။

    SPYDER လို့ အမည်ပေးထားတဲ့ ရွေ့လျား လေကြောင်းရန် ကာကွယ်ရေးစနစ် ဖြစ်ပြီး အစ္စရေးကလည်း ရောင်းဖို့ သဘောတူထားပါတယ်။

    ဒီသဘောတူညီချက်ဟာ ယူအေအီးနဲ့ အစ္စရေးတို့အကြား ဆက်ဆံရေး ပိုကောင်းလာတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

    အခုနှစ်အစောပိုင်းမှာ ယီမင်က ဟူသီသူပုန်တွေရဲ့ ဒရုန်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒီလိုအနေအထားမျိုးကို ကာကွယ်နိုင်ရေး SPYDER စနစ်ကို ၀ယ်ယူတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

    ဘယ်နှစ်ခု၀ယ်ယူသလဲ၊ ယူအေအီးကို ဒီစနစ်တွေ ရောက်ပြီလား စတဲ့ အသေးစိတ်အချက်အလက်တွေကို မသိရပါဘူး။ SPYDER လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ ပုံမှန်ကားတွေမှာ တပ်ဆင်နိုင်ပြီး တာတိုကနေ တာ၀ေးပစ်မှတ်တွေအထိ ကာကွယ်နိုင်ပါတယ်။

    ယူအေအီးဟာ အမေရိကန်ဆီက THAAD နဲ့ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ၀ယ်ယူထားပေမယ့် ဒီစနစ်တွေဟာ အရမ်းနိမ့်တဲ့ ဒုံံးကျည်တွေ၊ ဒရုန်းတွေကို ကာကွယ်နိုင်စွမ်း မရှိပါဘူး။

    Ref: Reuters

  • မလေးရိုးရာ ယဥ်ကျေးမှုများ တိမ်ကောပျောက်ကွယ်လာတဲ့ ထိုင်းတောင်ပိုင်းဒေသ

    မလေးရိုးရာ ယဥ်ကျေးမှုများ တိမ်ကောပျောက်ကွယ်လာတဲ့ ထိုင်းတောင်ပိုင်းဒေသ

    စက်တင်ဘာ ၂၃၊ ၂၀၂၂
    M-Media

    -မလေးလူမျိုးတွေရဲ့ ဒေသဖြစ်တဲ့ ထိုင်းတောင်ပိုင်းမှာ မလေးရိုးရာ ယဥ်ကျေးမှုအမှတ်သညာတွေ တိမ်ကောလာတာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ဒေသတွင်း အဖွဲ့အစည်းတွေက ထုတ်ပြောလာကြပါတယ်။

    ပတ္တာနီ၊ ယာလာ၊ နာရာသီ၀ပ်တို့ ပါ၀င်တဲ့ ထိုင်းတောင်ပိုင်းဟာ ပတ္တာနီ ဘုရင့်နိုင်ငံလို့ ထင်ရှားတဲ့ မလေးအင်ပါယာ နယ်မြေတွေပါ။ ထိုင်းဘုရင်တွေရဲ့ ကျူးကျော်မှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ၁၇၈၆ ခုနှစ်မှာ ဒီမလေးဒေသတွေကို ထိုင်းဘုရင် ပထမမြောက် ရာမက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

    ခေတ်အဆက်ဆက် ထိုင်းအစိုးရတွေက ထိုင်းယဥ်ကျေးမှူ လွှမ်းမိုးအောင် ကြိုးပမ်းတာ၊ လူငယ်တွေက ရိုးရာယဥ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရမှန်း မသိနားမလည်တာတွေကြောင့် ထိုင်းတောင်ပိုင်းမှာ မလေးလူမျိုးတွေရဲ့ အမှတ်သညာတွေ တစ်ဖြည်းဖြည်း တိမ်ကောလာပါတယ်။

    ပတ္တာနီသမိုင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Patani Civilization Art Heritage Organisation) က ဒေသတွင်းမှာ အတွေ့ရနည်းလာတဲ့ မလေးရိုးရာ ဖက်ရှင်တွေ၊ ရိုးရာအိမ်တွေနဲ့ အသုံးအဆောက်ပစ္စည်းတွေ၊ အဲဒါတွေကို ဖန်တီးထုတ်လုပ်တဲ့ အတတ်ပညာတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေပါတယ်။

    “ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှု အမှတ်သညာတွေ တိမ်ကောရတဲ့ အကြောင်းအရင်း အများအပြားရှိပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ မကြိုးစားဘူးဆိုရင် သိပ်မကြာခင် ပျောက်ကွယ်သွားနိုင်ပါတယ်”

    “အခုလက်ရှိ ဒီအမွေအနှစ်တွေက ရှိနေသေးတယ်။ မလေးရိုးရာ ဓားမြှောင်နဲ့ ဓားအိမ်လုပ်တဲ့ အတတ်ပညာမျိုး၊ အခြား မလေးဗိသုကာပညာမျိုးတွေကို သင်ယူလေ့လာပြီး ပြန့်ပွားအောင် လုပ်သွားရမှာပါ” လို့ အဖွဲ့တာ၀န်ရှိသူ နူကမ် ကူ ရှမ်ရှူဒင်က ပြောပါတယ်။

    ရှမ်ရှူဒင်နဲ့ ထိုင်းနိုင်ငံက မလေးကိုယ်စားလှယ် ၇ ဦးတို့ဟာ မလေးရှားမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် နိုင်ငံတကာ မလေးရိုးရာယဥ်ကျေးမှု ပြပွဲကို တက်ရောက်ပြီး ထိုင်းတောင်းပိုင်းက မလေးရိုးရာ အမွေအနှစ်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။

    Ref: The Star

  • ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ နောက်တစ်ဆင့် တက်လာနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်

    ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ နောက်တစ်ဆင့် တက်လာနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်

    စက်တင်ဘာ ၂၃၊ ၂၀၂၂
    M-Media

    -ဘင်္လားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်းဖြစ် အဆင့်မြင့် ကုန်တင်သင်္ဘောကို ယူကေနိုင်ငံဆီ ပထမဆုံးအကြိမ် တင်ပို့ရောင်းချခဲ့ပြီး ပင်လယ်ကူးသင်္ဘောတွေ တင်ပို့ရေးလုပ်ငန်းကို နောက်တစ်ဆင့် ချဲ့ထွင်လာနိုင်ပါတယ်။

    ၃၆၄ ပေအရှည်၊ ၅၄ ပေအကျယ်ရှိပြီး ကုန်တန်ချိန်ပေါင်း ၆၁၀၀ တင်ဆောင်နိုင်တဲ့ အဲဒီသင်္ဘောဟာ ဘင်္လားဒေ့ရှ် ပြည်တွင်းမှာ ထုတ်လုပ်ဖူးတဲ့ အကြီးဆုံး သင်္ဘောပါ။

    မြင်းကောင်ရေ ၄၁၃၀ ရှိတဲ့ အင်ဂျင်တပ်ထားပြီး တစ်နာရီကို ရေမိုင် ၁၂ မိုင်ခွဲအထိ ခုတ်မောင်းနိုင်ပါတယ်။ ယူကေဆီ သင်္ဘောလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို အခုတစ်ပတ်အစောပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    “၂၀၀၈ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံကို သင်္ဘော ပထမဆုံးတင်ပို့တယ်။ အခု ယူကေကို တင်ပို့ရောင်းချနိုင်တာပေါ့။ ယူကေက ဘင်္လားဒေ့ရှ်ဆီကနေ သင်္ဘော၀ယ်တာ ဒါပထမဆုံးပါ” လို့ သင်္ဘောတည်ဆောက်တဲ့ ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီ Ananda Group ရဲ့ အမှုဆောင်ဒါရိုက်တာ တာရစ်ကူ အစ္စလာမ်က ပြောပါတယ်။

    ဒီသင်္ဘောကို ဘက်စုံ အသုံးပြုနိုင်ပြီး၊ ကုန်တင်မယ်ဆိုရင်လည်း နျူကလီးယား စွန့်ပစ်ပစ္စည်းကလွဲရင် ကျန်တဲ့ပစ္စည်းအားလုံးကို တင်ဆောင်နိုင်ပါတယ်။

    “ရေခဲမြစ်ထဲမှာလည်း သင်္ဘောကို မောင်းလို့ရတယ်။ ၄ ပေအထူလောက်ရှိတဲ့ ရေခဲအလွှာကို အသာလေးခွဲပြီး သွားနိုင်ပါတယ်။ ကပ္ပတိန်ရဲ့ ညွှန်ကြားချက်မလိုဘဲ အလိုအလျောက် မောင်းနှင်စနစ်နဲ့ ၁၆ နာရီအထိ မောင်းနိုင်ပါတယ်” လို့ တာရစ်ကူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘင်္လားဒေ့ရှ်ဟာ စက်မှုခေတ်သစ်ရဲ့ အစောပိုင်းကာလကတည်းက သင်္ဘောတည်ဆောက်ရေးလုပ်ငန်း အခြေတည်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီလုပ်ငန်းဟာ ပိုမိုကြီးထွားဖြစ်ထွန်းလာပြီး ကမ္ဘာတစ်၀ှမ်း တင်ပို့ရောင်းချနိုင်တဲ့ အနေအထားအထိ ဖြစ်လာပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီပေါင်း ၂၀၀ ကျော် ရှိနေပြီး ဒီလုပ်ငန်းကနေ ရရှိတဲ့ နိုင်ငံ့၀င်ငွေဟာ တစ်နှစ်ကို တာကာ ဘီလီယံ ၁၅၀ လောက် ရှိနေပါတယ်။

    Ref: TBS News