News @ M-Media

Blog

  • အာဖဂန်အစိုးရနှင့် စစ်သွေးကြွအဖွဲ့တစ်ခု ငြိမ်းချမ်းရေး သဘောတူညီချက်ရ

    အာဖဂန်အစိုးရနှင့် စစ်သွေးကြွအဖွဲ့တစ်ခု ငြိမ်းချမ်းရေး သဘောတူညီချက်ရ

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    afghan

    – ကာလကြာရှည်စွာ ညှိနှိုင်းဆွေးနွေးပြီးနောက် အာဖဂန်နစ္စတန်အစိုးရမှာ စစ်သွေးကြွအဖွဲ့တစ်ခုနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး သမိုင်းဝင် ငြိမ်းချမ်းရေးဆောင်ရွက်မှုလည်း ဖြစ်ခဲ့သည်။

    တာလီဘန်အဖွဲ့ပြီးနောက် နိုင်ငံတွင် ဒုတိယအကြီးဆုံး စစ်သွေးကြွအုပ်စုဖြစ်သော Hizb-i-Islami အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီခဲ့ခြင်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ဂူလ်ဘူဒင် ဟက်မတ္တယာကို နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာစေရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

    “အာဖဂန်အစိုးရရဲ့ High Peace Concil (HPC) နဲ့ Hizb-i-Islami အုပ်စုကြား ၂ နှစ်ကြာ ဆွေးနွေးညှိနှိုင်းပြီးမှ ကျွန်မတို့ အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးတွေအားလုံး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ” ဟု HPC ဒုတိယအကြီးအကဲ ဟာဘီဘာ ဆိုရာဘီက ကဘူးလ်မြို့တွင် ယမန်နေ့ကပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

    အဆိုပါစာချုပ်ကို လုပ်ထုံးလုပ်နည်းအတိုင်း အာဖဂန်သမ္မတ အက်ရှရက်ဖ် ဂါနီနှင့် အသက် ၆၉ နှစ်အရွယ် ဂူလ်ဘူဒင် ဟက်မတ္တယာတို့က လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ ယင်းကဲ့သို့ဆောင်ရွက်ရန် အစိုးရဘက်ကသော်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့ဘက်ကသော်လည်းကောင်း အချိန်စာရင်း ထုတ်ပြန်ခြင်း မရှိသေးချေ။

    ၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်၏ ကျူးကျော်မှုကို အာဖန်က ပျောက်ကြားစစ်ဖြင့် တိုက်ခိုက်ရာတွင် တပ်မှူးဖြစ်ခဲ့သော ဂူလ်ဘူဒင် ဟက်မတ္တယာမှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း ကဘူးလ်မြို့၌ လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သော စစ်သွေးကြွအဖွဲ့တစ်ခုကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

    ထို့နာက် ၂၀၀၁ ခုနှစ် World Trade Center အား တာလီဘန်တို့ အကြမ်းဖက်မှုနောက်ပိုင်းအလ်ကိုင်းဒါး၊ တာလီဘန်တို့နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဂူလ်ဘူဒင် ဟက်မတ္တယာကို အမေရိကန်က အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့သောကြာင့် ၎င်းမှာ တိမ်းရှောင်နေခဲ့ရသည်။

    ယခုကဲ့သို့ ဂူလ်ဘူဒင် ဟက်မတ္တယာ ဦးဆောင်သည့် စစ်သွေးကြွအဖွဲ့နှင့် ငြိမ်းချမ်းရေး ရယူနိုင်မှုမှာ အာဖဂန်အစိုးရ၏ အောင်မြင်မှုတစ်ခုလည်းဖြစ်ပြီး ၎င်းတို့ထက်ပို၍ အင်အားတောင့်တင်းသည့် တာလီဘန်တိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ရှင်သန်လာရန် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။

    Ref : Presstv

  • ၆ နှစ်အရွယ် ကလေးငယ်ကပေးသော လူသားဆန်မှု သင်ခန်းစာ

    ၆ နှစ်အရွယ် ကလေးငယ်ကပေးသော လူသားဆန်မှု သင်ခန်းစာ

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    alex
    အဲလက်စ်

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုကျ ပျက်ဆီးရာကနေ ကယ်ထုတ်ခဲ့ရတဲ့ ကလေးငယ်လေး လူနာတင်ယာဉ်ပေါ်မှာ သွေးသံရဲရဲနဲ့ တိတ်ဆိတ်သြအံ့စွာ ထိုင်နေတဲ့ ဓာတ်ပုံကို လူတိုင်း မှတ်မိကြမှာပါ။

    အိုမရန်လို့ခေါ်တဲ့ အဲဒီကလေးငယ်လေးရဲ့ အဖြစ်အပျက်ဟာ ဆီးရီးယားနိုင်ငံက ကလေးငယ်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခသည်တွေကို မီးမောင်းထိုးပြနေတာဖြစ်ပြီး သူ့ကို အကြောင်းပြုလို့ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေကလည်း ဆီးရီးယားက ကလေးငယ်လေးတွေရဲ့ဘ၀ကို ဂရုဏာ သက်ခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ထိပ်သီးအစည်းဝေး (Leaders Summit on Refugees) မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အိုမရန်လေးရဲ့ အဖြစ်အပျက်ကို တွေ့ပြီးနောက်ပိုင်းမှာ နယူးယောက်မြို့ဆင်ခြေဖုံးက အသက် ၆ နှစ်အရွယ် အဲလက်စ် ရေးသားခဲ့တဲ့စာကို ဖတ်ပြခဲ့ပါတယ်။

    omran
    အိုမရန်

    ဒီနေ့ကမ္ဘာကြီးမှာ ပျောက်ဆုံးနေတဲ့ လူသားဝါဒ အပြည့်အ၀ပါတဲ့ အဲလက်စ်လေးရဲ့စာက တက်ရောက်လာသူ အားလုံးရဲ့ရင်ကို ထိမှန်စေခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ ‘နေထိုင်တဲ့ နေရာဌာန၊ ပုံပန်းသဏ္ဍာန်၊ ယုံကြည်သက်ဝင်မှု စတာတွေအပေါ် အခြေခံပြီး မကောင်းမြင်ဖို့၊ သံသမျက်စိနဲ့ကြည်ဖို့၊ ကြောက်ရွံ့ဖို့ သင်ကြားပေးခြင်း မခံရေသးတဲ့ ကလေးငယ်က ပြသတဲ့ ဒီလူသားဆန်မှု – ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုတွေနဲ့အတူ သူနေထိုင်ကြီးပြင်းရသလို တစ်ခြားသူတွေကိုလည်း ဒီလို နေထိုင်ကြီးပြင်းစေရမယ်ဆိုတဲ့ စိတ်ထားမျိုး ရှိမှုတွေဟာ မိမိတို့အားလုံး အဲလက်စ်ဆီက သင်ယူရမယ့် သန်ခင်းစာတွေပဲ ဖြစ်ပါတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အတုယူ လေးစားအားကျဖွယ်ကောင်းတဲ့ စာလေးကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    ချစ်လှစွာသော သမ္မတကြီး အိုဘားမားခင်ဗျာ –

    ဆီးရီးယားမှာ လူနာတင်ယာဉ်ပေါ် ချီပြီး အပို့ခံရတဲ့ ကောင်လေးကို မှတ်မိပါသလား။ သူ့ကို သွားခေါ်ပြီး သားအိမ်ကို ခေါ်လာပေးပါ။ ကားလမ်းမှာပဲဖြစ်ဖြစ်၊ လမ်းကြားလေးထဲမှာပဲဖြစ်ဖြစ် ကားတွေရပ်ပြီး သမ္မတကြီးတို့ကို အလံတွေ၊ ပန်းတွေ၊ ဘောလုံးတွေနဲ့ သားတို့ စောင့်ကြိုနေမှာပါ။ သားလေ – သူ့ကို မိသားစုလေးတစ်ခု ပေးချင်ပါတယ်။ သူက သားရဲ့ ညီအစ်ကိုပေါ့။ သားညီမလေး ကက်သရင်းက သူ့အတွက် လိပ်ပြာလေးတွေ၊ ပိုးစုန်းကြူးလေးတွေ ဖမ်းပေးမယ်။ ကျောင်းမှာလည်း ဆီးရီးယားက သားသူငယ်ချင်း အိုမာရ်နဲ့ သား သူ့ကို မိတ်ဆက်ပေးမှာပါ။ သားတို့ အတူတူ ကစားကြမယ်။ မွေးနေ့ပွဲတွေတက်ဖို့လည်း သူ့ကို သားဖိတ်မယ်။ သူ့ဆီကနေလည်း ဘာသာစကားကို သားသင်မယ်။ ဂျပန်က သားသူငယ်ချင်း အေအိုတိုကို သင်ပေးသလိုမျိုး အင်္ဂလိပ်စာကိုလည်း သားတို့ သူ့ကို သင်ပေးမှာပါ။

    သူ့လိုမျိုး အင်မတန်ကြင်နာတတ်တဲ့ အဲလက်စ်ဆိုတဲ့ သူ့ရဲ့ ညီလေးတစ်ယောက်ရှိတယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပေးပါနော်။ သူ အရုပ်တွေလည်း ယူလာစရာမလိုပါဘူး။ သူမှာ အရုပ်မရှိရင်လည်း ညီမလေး ကက်သရင်းက အပြာရောင် အစင်းကြောင်းအင်္ကျီလေး ၀တ်ထားတဲ့ အဖြူရောင် ယုန်ရုပ်ကလေး ပေးမှာပါ။ သား စက်ဘီးကိုလည်း သူ့ကို ပေးစီးမယ်။ စက်ဘီးစီးတတ်အောင်လည်း သား သင်ပေးမယ်။ သင်္ချာမှာ အပေါင်း၊ အနှုတ်တွေကိုလည်း သားသင်ပေးမယ်။ ကက်သရင်းက သူ့ရဲ့ အစိမ်းရောင် ပင်ဂွင်းရုပ် နှုတ်ခမ်းဆိုးဆေးရဲ့ အမွှေးနံ့ကိုလည်း သူကို့ မွှေးခိုင်းလိမ့်မယ်။ သူ့က အဲဒါကို သားကိုတောင် ပေးကိုင်တာ မဟုတ်ပါဘူး။

    ကျေးဇူးတင်ပါတယ်။ သမ္မတကြီးသူ့ကိုခေါ်လာမယ့်အချိန်ကို သား မစောင့်နိုင်တော့ဘူး။

    အဲလက်စ်
    အသက် ၆ နှစ်

    Ref: Whitehouse

    let

    let-2

    let-3

  • သူ့အမည်နဲ့ ဓါတ်ပုံသုံးပြီး လုပ်ကြံသတင်း ဖန်တီးသူများကို တရားစွဲဖို့ လုပ်ဆောင်မည်ဟု ဦးကိုနီကြေညာ

    သူ့အမည်နဲ့ ဓါတ်ပုံသုံးပြီး လုပ်ကြံသတင်း ဖန်တီးသူများကို တရားစွဲဖို့ လုပ်ဆောင်မည်ဟု ဦးကိုနီကြေညာ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၆
    M-Media
    သီဟ
    ko-ni
    ဘာသာရေး နိုင်ငံရေး အကဲဆတ်တဲ့ ကိစ္စ ရပ်များတွင် သူအမည်နှင့် ဓါတ်ပုံများ အသုံးပြုပြိး မမှန်ကန်သည့် လုပ်ကြံသတင်းများ ဖန်တီးဖြန့်ဝေနေသူတွေကို တရားဥပဒေကြောင်း အရ အရေးယူပြုလုပ်နိုင်ဖို့ ဆောင်ရွက်တော့မှာဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက ၄င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားထားပါတယ်။

    ၂၀၁၆ မတ် ၁ ရက်နေ့တွင်  မြန်မာ့ရိုးရာ သင်္ကြန်ကို ၂၀၁၇ ခုနှစ်၌ စတင်ဖျက်သိမ်းမည်ဟု ရှေ့နေဦးကိုနီက ပြောဆိုခဲ့ကြောင်း ဒီမိုကရက်တစ်ဗမာ့အသံ လိုဂို အသုံးပြုထားသည့် အကောင့်တခုတွင် ဖော်ပြထားမှုနှင့် ပတ်သတ်၍ ၄င်းအနေဖြင့် လုံးဝ မပြောဆိုခဲ့ကြောင်းနှင့် ဘာသာရေး ပဋိပက္ခ ဖန်တီးလိုခြင်း သက်သက်သာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ရပါသေးတယ်။

    ရွေးကောက်ပွဲ အနိုင်ရ အာဏာရ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်၏ ဥပဒေ ဆိုင်ရာ အကြံပေး ဖြစ်သည့် တရားလွှတ်တော်ရှေ့နေဦးကိုနီမှာ အစ္စလာမ်ဘာသာဝင်တဦးဖြစ်ပြီး NLD ဆန့်ကျင်ရေးအုပ်စုများ နှင့် အစ္စလာမ် မုန်းတီးဆန့်ကျင့်ရေး အုပ်စုများမှာ ၄င်းနှင့် ပတ်သက်ပြီး သတင်းအမှားများနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို ကို ကြိမ်ဖန်များစွာ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။

    ဦးကိုနီ၏ ထုတ်ပြန်ရေးသားချက် အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ ကျွန်တော်၏ အမည်ကိုဖြစ်စေ၊ ဓာတ်ပုံကိုဖြစ်စေ အသုံးပြု၍ လုပ်ကြံဖန်တီးထားသော မမှန်မကန်ဓာတ်ပုံများဖြင့် ဘာသာရေး၊ နိုင်ငံရေးအရ အကဲဆတ်သော အကြောင်းချင်းရာများအား ဖန်တီးမျှဝေနေသည်ကို ထပ်မံ၍ တွေ့ရှိနေရပါသည်။

    ၂။ ကျွန်တော့်အနေဖြင့် အကြိမ်ကြိမ်အခါခါ ရှင်းလင်းချက်ထုတ်ရန် မလွယ်ကူပါ။ အဓိပ္ပါယ်လည်း မရှိပါ။ ထို့အပြင် ယင်းကဲ့သို့သော အပြုအမူမှာ ရာဇဝတ်မှုလည်း မြောက်ပါသည်။

    ၃။ သို့ပါသောကြောင့် ဥပဒေကြောင်းအရ လိုအပ်သည့် အရေးယူမှုပြုလုပ်နိုင်ရန် ဆောင်ရွက်တော့မည် ဖြစ်သည်။

    ၄။ ထိုကဲ့သို့ လုပ်ကြံဖန်တီးထားသည့် ဓာတ်ပုံများနှင့် ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်တိုက်ခိုက်ထားသည့် ရိုင်းစိုင်းရင့်သီးသော စာများအား သက်သေခံအဖြစ် စုဆောင်းထားပြီး ဖြစ်ပါသည်။

    ကိုနီ
    (တရားလွှတ်တော်ရှေ့နေ)

  • ကိုလိုရာဒိုရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူတိုင်းအတွက် အစ္စလာမ့်ရေးရာ သင်ကြားပို့ချမှု ပြုလုပ်မည်

    ကိုလိုရာဒိုရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လူတိုင်းအတွက် အစ္စလာမ့်ရေးရာ သင်ကြားပို့ချမှု ပြုလုပ်မည်

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    colorado

    – အစ္စလာမ်၊ မွတ်စလင်တို့နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရေးအတွက် အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် လက်ဗ်လန်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ၄ ပတ်ကြာ အစ္စလာမ့်ရေးရာ သင်ကြားရေးအစီအစဉ်ကို ဆောင်ရွက်သွားမည်ဟု သိရသည်။

    First United Methodist Church ဘုရားကျောင်းဖြစ်ပြီး Introduction to Islam (အစ္စလာမ့်အကြောင်းမိတ်ဆက်) ဟု အမည်ပေးထားသည့် ထိုအစီအစဉ်မှာ စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကာ အပြန်အလှန်ဆွေးနွေးမှုများ၊ ဟောပြောတင်ပြမှုများ ပါဝင်မည်ဖြစ်သည်။

    “ကျွန်မတို့ တော်တော်များများက အစ္စလာမ် ဒါမှမဟုတ် မွတ်စလင်တွေရဲ့ ယဉ်ကျေးမှုအကြောင်း နားမလည်ကြပါဘူး” ဟု ထိုအစီအစဉ်ကို ဦးစီးကျင်းပသည့် ဆူး မူလင်က ဆိုပြီး နိုင်ငံအတွင်းရှိ အစ္စလာမ့်ရေးရာ အမွေအနှစ်များကို ဖယ်ရှားရန် ဆော်သြမှုများ ဖြစ်လာပြီးနောက် သိက္ခာတော်ရဆရာတော် စတီဗ် ဂွဒ်ဒီယာဦးဆောင်သည့် ဘုရားကျောင်းအဖွဲ့ဝင် ၇ ဦးက ထိုကဲ့သို့ အစ္စလာမ့်ရေးရာ သင်ကြားမှုအစီအစဉ်ကို ဆောင်ရွက်ရန် စိတ်ကူးရခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါအစီအစဉ်တွင် လူတိုင်း ပါဝင်ခွင့်ရမည်ဖြစ်ပြီး ကိုလိုရာဒိုတက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဌာနမှ ပါမောက္ခဖြစ်သူ အေအွန် ဟာဆန် အလီက အစ္စလာမ်ကြောင်း မိတ်ဆက် သင်ကြားမည်ဖြစ်သည်။ မူလင်ကမူ သင်ကြားမှုအတွင်း အစ္စလာမ်၊ မွတ်စလင်တို့နှင့်ပတ်သက်သည့် မေးခွန်းအများအပြားကို ဖြေရှင်းသွားမည်ဟုလည်း ဆိုသည်။

    ဆရာတော် ဂွဒ်ဒီယာက ကိုလိုရာဒိုရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးတည်ဆောက်ရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်က တစ်ခြားသူတွေရဲ့ ဘာသာတရားကို လေ့လာမှုထက်ကို ပိုပြီး မိတ်ဆွေဖွဲ့မှု၊ ပြည်သူတွေအကြား နက်နက်ရှိုင်းရှိုင်း နားလည်နိုင်မှုအတွက် ဖြစ်ပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းကို ပစ်ပယ်ထားလို့ မရပါဘူး။ ကိုလိုရာဒိုမြောက်ပိုင်းက သူတို့ဟာ ကျွန်တော်တို့ရဲ့အစိတ်အပိုင်းဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့သည်။

    ထိုသင်ကြားမှုနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်တွင် ဒေသအတွင်းမှာ ထင်ရှားသည့် အစ္စလာမ့်ဓမ္မပညာရှင်များ ပါဝင်မည်ဖြစ်သည်။

    Ref: Reporterherald

  • ဆန္ဒပြမှုများကြောင့် အမေရိကန်ရှိ ချာလော့တေးမြို့ကို အရေးပေါ်အခြေအနေ ကြေငြာ

    ဆန္ဒပြမှုများကြောင့် အမေရိကန်ရှိ ချာလော့တေးမြို့ကို အရေးပေါ်အခြေအနေ ကြေငြာ

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    charlotte

    – လူမည်းတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်မှုကို မကျေနပ်သောကြောင့် ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားနေသော ချာလော့တေးမြို့ကို အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်ဟု သိရသည်။

    အသက် ၄၃ နှစ်အရွက်ရှိ လူမည်းအမျိုးသား ကိသ်လာမွန့် စကော့ကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက် အင်္ဂါနေ့မှ စတင်ကာ အဆိုပါမြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သောကြောနေ့ကလည်း တူလ်ဆာမြို့တွင် ရဲတပ်ဖွဲ့က လူမည်းတစ်ဦးကို ပစ်သတ်မှု ဖြစ်ပွားခဲ့သေးသည်။

    ချာလော့တေး ဆန္ဒပြမှုအတွင်း ယမန်နေ့က ဆန္ဒပြသူတစ်ဦးမှာ သေနတ်ပစ်ခတ်ခံရမှုကြောင့် ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ကမူ အရပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ဆန္ဒပြမှုမှာ ဆိုးရွားလာပြီး အိုကလာဟိုးမားမြို့အထိပါ ဦးတည်လာခဲ့ပြီးနောက် ယနေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးက ချာလော့တေးမြို့အား အရေးပေါ်အခြေအနေ ကြေငြာခဲ့ခြင်းဖြစ်သည်။

    စကော့မှာ ၎င်း၏လက်ထဲမှ သေနတ်အား ချထားရန် မိမိတို့၏ အကြိမ်ကြိမ်တောင်းဆိုမှုကို လိုက်နာခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး မျက်မြင်သက်သေများကမူ စတော့မှာ စာအုပ်ကိုင်ထားခြင်းသာဖြစ်ပြီး မည်သည့်လက်နက်မှ မရှိဟု ဆိုသည်။

    ဆန္ဒပြမှုအတွင်း မီးရှို့ဖျက်ဆီးမှုများလည်းရှိခဲ့ပြီး အဝေးပြေးလမ်းမလည်း ပိတ်ပစ်ခဲ့ရကာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ပြည်သူ ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

    Ref: Aljazeera