News @ M-Media
Blog
  • ပေါက်ကွဲမှုကြောင့် လောက်ကိုင်တွင် လုံခြုံရေးတိုးမြှင့်
    ပေါက်ကွဲမှုကြောင့် လောက်ကိုင်တွင် လုံခြုံရေးတိုးမြှင့်
    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media
    lak
    – ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ရှိ နေအိမ်တစ်အိမ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရစစ်တပ်မှာ မြို့တွင်း လုံခြုံရေးကို တိုးမြှင့်ချထားလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
    ကြာသာပတေးနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆိုပါအိမ်မှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ဟောင်း ဦးပယ်ဆောက်ချိန်၏ နေအိမ်ဖြစ်ပြီး၊ သွားရောက်စစ်ဆေးရာတွင် RPG ဒုံးသီးအပိုင်းအစများကို တွေ့ခဲ့ရသည်။
    နောက်ပိုင်း ထပ်မံစုံစမ်းစစ်ဆေးမှုများအရ လောက်ကိုင်မြို့ အနောက်မြာက်ဖက် ၁.၆ ကီလိုမီတာမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ၁၀၇ မမ ဒုံးပစ်လောင်ချာနှင့်သက်ဆိုင်သည့် အစိတ်အပိုင်းများကို တွေ့ခဲ့သည်။
    လောင်ကိုင်မြို့ အနောက်မြောက်ဖက် ၃.၂ ကီလိုမီတာအကွာတွင်ရှိသည့် တောင်ကုန်းတစ်ခုတွင်လည်း သံသယဖြစ်ဖွယ် အိတ်တစ်ခုအတွင်းမှ ညကြည့်မှန်ဘီလူး၊ ၁၀၇ မမ ဒုံးပစ်လောင်ချာများ၊ ဒုံးသီးများနှင့် လက်ပစ်ဗုံးများနှင့် အချို့သော ဒုံးသီးများကို ၀ိုင်ယာကြိုး၊ Timer တို့ဖြင့် ချိတ်ဆက်ထားသည်ကိုလည်း တွေ့ခဲ့ရသည်။
    ပြီးခဲသည့်နှစ် ဖေဖော်ဝါရီလက အမျိုးသား ဒီမိုကရေစီ မာဟာမိတ်တပ်မတော် MNDAA နှင့် မြန်မာအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကိုးကန့်ဒေသအား စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
    Ref : Xinhua
  • ကက်ရှ်မီးယားတွင် အိန္ဒိယစစ်စခန်းတစ်ခု တိုက်ခိုက်ခံရ
    ကက်ရှ်မီးယားတွင် အိန္ဒိယစစ်စခန်းတစ်ခု တိုက်ခိုက်ခံရ
    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media
    kas
    – အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသရှိ အိန္ဒိယစစ်စခန်းတစ်ခု၌ ယနေ့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း စစ်သား ၁၇ ဦးနှင့် သူပုန်ဟု ယူဆရသူ ၄ ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယ မြောက်ပိုင်းစစ်ဌာနချုပ်က ပြောကြားလိုက်သည်။
    ကက်ရှ်မီးယားမြို့တော် ဆရီနာဂါ၏ အနောက်ဖက် ကီလိုမီတာ ၁၀၀ ရှိ ယူရီဒေသတွင် တိုက်ခိုက်ရေးသမားများက နယ်စပ်နှင့်ကပ်နေသည့် စစ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ထိုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး သရဲဘောကြောင်သည့် အကြမ်းဖက်တိုက်ခိုက်မှုဟု ကင်ပွန်းတပ်ခဲ့သည်။
    ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ရာဂ်ျနသ်ဆင်းကလည်း တိုက်ခိုက်မှုအကြောင်းကို ထိုဒေသရှိ စစ်တပ်၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီး ရုရှားနှင့် အမေရိကန်သို့ သွားရောက်ရန် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
    လက်ရှိတွင် စစ်တပ်အကြီးကဲ ဒါလ်ဘီရ် ဆင်း ဆူဟဂ်နှင့် ကာကွယ်ရေးဝန်ကြီး မာနိုဟာရ် ပါရီကာရ်တို့မှာ ကက်ရှ်မီးယားသို့ သွားရောက်မည်ဖြစ်သည်။
    ကက်ရှ်မီးယားဒေသတွင် မတည်မငြိမ်ဖြစ်နေသည်မှာ ၂ လကျော် ကြာမြင့်နေပြီဖြစ်ပြီး နေ့စဉ် ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့ဆုံမှုများလည်း ရှိနေကာ ၂၀၁၀ နောက်ပိုင်း အဆိုးဝါးဆုံး မတည်ငြိမ်မှု ဖြစ်သည်။
    အိန္ဒိယ၏ အုပ်ချုပ်ထားမှုကို ဆန့်ကျင်သည့် ထိုအဖြစ်အပျက်အတွင်း အရပ်သား ၈၇ ဦး သေဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
    Ref: Aljazeera
  • ၀က်ဖို့ဒ်အရှုံးမှာ ဒိုင်နှင့် ကံတရားကြောင့်ဟု မော်ရင်ဟိုပြော
    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media
    mor
    – ၀က်ဖို့ဒ်အသင်းအား ရှုံးနိမ့်ခဲ့မှုမှာ ဒိုင်လူကြီး၏အမှားနှင့် ကံမကောင်းမှုတို့ကြောင့် ဖြစ်သည်ဟု မန်ယူနည်းပြ ဂျိုဆေး မော်ရင်ဟိုက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ကစားပုံ ပိုကောင်းသင့်သည်ဟုလည်း ဆိုသည်။
    ယနေ့တွင် ကစားခဲ့သည့် ထိုပွဲတွင် မန်ယူမှာ ဦးဆောင်ဂိုး အရင်ပေးခဲ့ရပြီးနောက် ရက်ရှ်ဖို့ဒ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့သော်လည်း နောက်ဆုံး ၇ မိနစ်တွင် ၂ ဂိုးထပ်ပေးရကာ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုရှုံးပွဲမှာ မန်ယူ၏ ၃ ပွဲဆက်အရှုံး ဖြစ်ပြီး မော်ရင်ဟိုကလည်း ၂၀၀၁-၀၂ ပေါ်တိုတွင် ကိုင်တွယ်ခဲ့သည့်နောက်ပိုင်း ပထမဆုံး ၃ ပွဲဆက်အရှုံးနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
    မော်ရင်ဟိုကမူ မိမိတို့မှာ ပထမပိုင်းတွင် ကစားပုံ မကောင်းခဲ့ဟု ဆိုသည်။
    “ပထမပိုင်း မိနစ် ၂၀၊ ၃၀ လောက် ကျွန်တော်တို့ ကစားပုံမကောင်းခဲ့ဘူး။ ကျွန်တော်တို့ ထိန်းချုပ်ရမယ့်အချိန်ပါ။ နောက်ပိုင်း ကျွန်တော်တို့ တိုးတက်ခဲ့တယ်။ လုပ်လည်း လုပ်နိုင်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ရဲ့ အမှားကတော့ ကျွန်တော် ဘာမှ လုပ်လို့မရပါဘူး။ သူတို့ တိုးတက်ဖို့အတွက် ကျွန်တော် ဘာမှ မလုပ်ပေးနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ဒုတိယပိုင်းတွင် မိမိတို့ ကစားပုံကောင်းခဲ့သော်လည်း ကံမကောင်းခဲ့ကြောင်း၊ ဒိုင်လူကြီးများကလည်း မှားယွင်းခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ယခုအရှုံးကြောင့် မန်ယူမှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ် ကွာဟသွားပြီ ဖြစ်သည်။
    Ref: Goal
  • သီရိလင်္ကာဘုရားပွဲတွင် ဆင်ကြောင့် လူတိုးရာမှ ၁ ဦးသေဆုံး
    သီရိလင်္ကာဘုရားပွဲတွင် ဆင်ကြောင့် လူတိုးရာမှ ၁ ဦးသေဆုံး
    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media
    ele
    – သီရိလင်္ကာနိုင်ငံတောင်ပိုင်းရှိ ဘုရားကျောင်းတစ်ခုတွင်ရှိသော ဆင်များ ခိုက်ရန်ဖြစ်ရာမှ လူအုပ်ကြီး တိုးဝှေ့မှု ဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူတစ်ဒါဇင် ဒဏ်ရာရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ကိုလံဘိုတောင်ဘက်မှ မိုင် ၆၀ အကွာ ရတနာပူရမြို့ရှိ ဟိန္ဒူဘုရားကျောင်းတွင် ပြုလုပ်ခဲ့သော ဘုရားပွဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆင်ထိန်းသမားတစ်ဦးက အဆိုပါ ဆင်နှစ်ကောင်ကို ချွန်းဖြင့်ပေါက်၍ တစ်နေရာစီခွဲရာ နာကျင်စွာဖြင့် ထွက်ပြေးခဲ့ရာမှ လူအုပ်ကြီးက ကြောက်လန့်ခဲ့ခြင်းဖြစ်သည်။
    “ဆင်က ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါဘူး၊ သူ့ဘာသာ ဆင်ထိန်းလက်ကနေ ထွက်ပြေးဖို့ကြိုးစားရင်း လူတွေက လန့်ပြီး ထွက်ပြေးကြတာပါ” ဟု ဒေသတွင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
    ယင်း မတော်တဆမှုကြောင့် အသက် ၆၀ အရွယ်ရှိ အမျိုးသမီးတစ်ဦး နှလုံးရောဂါဖြင့် သေဆုံးခဲ့ပြီး အခြားလူတစ်ဒါဇင်ခန့်မှာလည်းပြေးလွှားရာ၍ ဒဏ်ရာအချို့ ရရှိခဲ့သဖြင့် ဆေးရုံတင်ခဲ့ရသည်။
    တာဝန်ရှိသူများမှာ နောက်ပိုင်းတွင် အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ခဲ့သည်။ သီရိလင်္ကာတွင် ဆင်ကို မြင့်မြတ်သည့် တိရစ္ဆာန်အဖြစ် မှတ်ယူပြီး ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ပွဲတော်များတွင် ဆင်များဖြင့် လှည့်လည်မှုများ ပြုလုပ်လေ့ရှိသည်။
    နိုင်ငံအတွင်းရှိ ဆင်ကောင်ရေမှာလည်း လွန်ခဲ့သည့် ၅ နှစ်က ၇၃၇၉ ကောင် ရှိရာမှ ယခုတွင် ၆၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး လယ်သမားများက တောများကို ခုတ်ထွင် ရှင်းလင်းခြင်းကြောင့် ဖြစ်သည်။
    Ref : Channelnewsasia
  • IGCSE O-Level ဘာသာစုံ ဂုဏ်ထူးရှင်  မမေသဇင်ဝင်း နှင့် တွေ့ဆုံခြင်း
    IGCSE O-Level ဘာသာစုံ ဂုဏ်ထူးရှင် မမေသဇင်ဝင်း နှင့် တွေ့ဆုံခြင်း
    စက်တင်ဘာ ၁၈ ၊ ၂၀၁၆
    M-Media
    သီဟ တွေ့ဆုံမေးမြန်းသည်။
    may-thazinwin2
    M-Media- ညီမလေးရဲ့ အကြောင်း မိတ်ဆက်ပေးပါအုံး။
    .
    ဖြေ။    ။ သမီးနာမည်က မမေသဇင်ဝင်း(ခ) Heena ပါရှင်၊
    .
    မိဘတွေက ဟာဂျီ ဦးဌေးဝင်း ၊ ဟာဂျီမ ဒေါ်ဆွေဆွေမြင့်ပါ။
    .
    သမီးက မြန်မာပြည်မှာပဲ မွေးဖွား ကြီးပြင်းခဲ့တာပါ။
    .
    အသက် ၁၄ နှစ် မှာ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်လာခဲ့ပါတယ်။
    .
    M-Media-  ညီမလေးရဲ့ ငယ်ငယ်က တက်ရောက်ခဲ့တဲ့ ပညာရေးအခြေအနေကို ပြောပြပေးပါဦး။
    .
    ဖြေ။    ။  ငယ်ငယ်က မူကြိုကနေ ငါးတန်းအထိ PISM မှာ တက်ခဲ့ပါတယ်။ ငါးတန်းကနေ ၈ တန်းထိ (Grade 5 ကနေ Grade 8 အထိ) က Horizon International School မှာ တက်ပါတယ်။ Horizon က Grade 8 အောင်ပြီးမှ မလေးရှားကိုထွက်ပြိး ဆက်ပြီး  ကျောင်းတက်ခဲ့တာပါ။
    .
    M-Media-  IGCSE O-Level မှာ ၈ ဘာသာ ဖြေတဲ့ အထဲမှ ဘာသာစုံ ဂုဏ်ထူးထွက်တယ်လို့ သိရတယ်။
    .
    ဖြေ။    ။  Cambridge University မှ IGCSE စာမေးပေးပွဲကို ၂၀၁၆ ခုနှစ် မေလမှာ ၈ ဘာသာဝင်ရောက်ဖြေဆိုခဲ့တာ ၈ ဘာသာစလုံး ဘာသာစုံ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ အဲဒီထဲမှာ (၆) ဘာသာက A* နဲ့ ၂ ဘာသာက A ရပါတယ်။
    .
    M-Media-   A* နဲ့ A ကွာခြားပုံလေးတွေကို ရှင်းပြပေးပါလား ။
    .
    ဖြေ။    ။  အမှတ် ၈၀ ကနေ ၈၉ အထိ က A ဂုဏ်ထူးပါရှင့်။ အမှတ် ၉၀ အထက်ဆိုရင် A* ဂုဏ်ထူးဝင်တာပါရှင် ။
    .
    M-Media-  ဘာသာစုံ ဂုဏ်ထူးထွက်ဖို့ ဘယ်လိုမျိုး ကြိုးစားခဲ့တယ်ဆိုတာ ညီငယ် ညီမငယ်တွေ လေလာလို့ရအောင် မျှဝေပေးပါအုံး။
    .
    ဖြေ။    ။  ဘာသာစုံ ဂုဏ်ထူးထွက်ဖို့ စာတွေကို ဂရုတစိုက်သင်ယူတယ်။ ၁၀ နှစ်စာ မေးခွန်းဟောင်းတွေကို လေ့ကျင့်တယ်။ Text Book တွေ ကို နှိုက်နှိုက်ချွတ်ချွတ် ဖတ်တယ်။ Text Book  တွေထဲက အရေးကြီးတဲ့ Main Point တွေကို အတိုချူပ် Summary  ရေးပြီးတော့  အကြိမ်များစွာ Revision တွေ လုပ်တော့ စာတွေ မမေ့တော့ဘူး။ ခေါင်းထဲမှာ မှတ်မိနေတယ်။  IGCSE စာတွေက အလွတ်ကျက် တဲ့ ပုံစံနဲ့ ဖတ်လို့မရဘူး။ မေးခွန်းတွေကို အောင်မြင်စွာ ဖြေဆိုနိုင်ဖို့အတွက် စာတွေက ကျေညှက်ပြီး နားလည်နေ၇မယ်။ သူမေးခွန်းတွေ မှာ အဓိက က analytical Skills and Creativity Skills ကို Access လုပ်တာ ဖြစ်တဲ့အတွက် ဖြတ်ထိုး ဥာဏ်နဲ့ ဖြေဆိုနိုင်ဖို့အတွက် များများလေ့ကျင့်ကြပါမယ်။
    .
    M-Media-  ညီမလေးက အခု GCE O-Level မှာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးပြီဆိုတော့ အခုရော ဆက်ပြီး ပညာသင်ဖို့ ဘယ်လို ရွေးချယ်ခဲ့ပြီလဲ။
    .
    ဖြေ။    ။  သမီးက IGCSE O Level ပြီးတော့ IGCSE A Level ဆက်ပြီးဖြေပါမယ်။ A-Level ဖြေပြီးရင်တော့ သမီး Medical University ဆက်တက်ဖို့ ရည်ရွယ်ထားပါတယ်။ ဆရာဝန်ဖြစ်ချင်ပါတယ်။ သမီးက မလေးရှားမှာ ဆေးကျောင်း တက်ချင်ပေမယ့်  International Student တွေကို House ဆင်းဖို့ မပေးတဲ့အတွက် UK (သို့) US မှာ ဆက်တက်ဖို့ ကြိုးစားနေပါတယ်။
    .
    M-Media-  ဘဝမှာ အားကျ စံထားရတဲ့ ပုဂ္ဂိုလ် ရှိရင်ပြော ပြပေးပါအုံး။
    .
    ဖြေ။    ။  တမန်တော်မုဟမ္မဒ်က က သမီးအတွက် စံထားရတဲ့ ပုဂ္ဂိုလ်ပါ။ ဒုတိယ အနေနဲ့ကတော့ သမီးတို့ နိုင်ငံရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။
    .
    M-Media-  အနာဂတ် ရည်မှန်းချက်ကို ပြောပြပါဦး။
    .
    ဖြေ။    ။  သမီးရဲ့ အနာဂတ်ရည်မှန်းချက်က နှလုံး ခွဲစိတ်ပါရဂူအထိ ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သမီးပညာတွေ အားလုံးသင်ပြီးသွားရင်တော့ အမိမြန်မာနိုင်ငံကို ပြန်လာပြီး အကျိုးပြုချင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဆင်းရဲဒုက္ခရောက်နေ သူတွေကို သမီးသင်ယူခဲ့တဲ့ ပညာတွေနဲ့ ပြန်လည် အကျိုးပြုချင်ပါတယ်။ သမီးဝါသနာပါတဲ့ ပရဟိတ အလုပ်တွေကို ဇောက်ချပြီး လုပ်ကိုင်ချင်ပါတယ်။ လူမျိုးဘာသာမရွေး ကုသပေးနိုင်တဲ့ ကုသိုလ်ဖြစ် ဆေးရုံ အသေးလေး တခုလောက် တည်ထောင်ချင်တဲ့ ရည်ရွယ်ချက်လည်းရှိပါတယ်။
    .
    M-Media-  မြန်မာမိန်းကလေးငယ်တစ်ယောက်အနေနဲ့ တခြားသော မြန်မာမိန်းကလေးငယ်တွေကိုရော ဘယ်လိုစကား လက်ဆောင်ပါးချင်ပါလဲ။
    .
    ဖြေ။    ။  သမီးအနေနဲ့ တခြား ညီအကိုမောင်နှမတွေကို စကားလက်ဆောင်ပါးချင်တာက ဘယ်လို ခေတ်ပညာတွေပဲ သင်သင် မိမိကိုးကွယ်ရာ ဘာသာတရားရဲ့ အဆုံးအမနဲ့ အညီ နေထိုင်ဖို့တိုက်တွန်းချင်ပါတယ်။ ကိုယ့်ဘဝတလျောက်လုံး ကြုံတွေ့ရမယ့်
    Challenges တွေဖြစ်တဲ့ စိန်ခေါ်မှုတွေကို စိတ်ဓါတ်မကျဘဲ Confidence အပြည့်အဝနဲ့ ရင်ဆိုင်စေချင်ပါတယ်။ ကိုယ်ပညာသင်ကြားနေ တဲ့ တလျောက်လုံးမှာ အဓိကနဲ့ သာမည ကို ခွဲခြားနိုင်ဖို့ လိုအပ်ပါတယ်။ တဆက်တည်းမှာဘဲ သမီးကို ယခုလို အောင်မြင်အောင် သင်ကြားပေးခဲ့တဲ့ ဘာသာရပ် အသီးသီးက ဆရာ/ဆရာမ အားလုံး နဲ့ တကွ သင်ဆရာ၊ မြင်ဆရာ အားလုံးနဲ့ မိဘ ၂ ပါးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင့်။
    .
    M-Media-  ဘာများ ထပ်ပြီး ဖြည့်စွက်ပြောချင်ပါသေးလဲ
    .
    ဖြေ။    ။  မလေးရှားမှာ ဆေးကျောင်းတက်တဲ့  International Student တွေကို House ဆင်းဖို့ ခွင့်မပြုပါဘူး။ တခြားသော အာဆီယံနိုင်ငံတွေ အနေနဲ့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆေးကျောင်းတက်တဲ့ သူတွေ ကျောင်းပြိးရင် House ဆင်းဖို့ ခွင့်ပြုပေးတယ်။  မြန်မာပြည်မှာတော့ စုံစမ်းရသလောက် ခွင့်မပြုဖို့ဘူးလို့ သိရတယ်။ ဒီအချက်ကလေး တခုကို ကူညီပြီး ဖြေရှင်းပေးစေ ချင်ပါတယ်။ တခြားသော အာဆီယံနိုင်ငံတွေလိုဘဲ အပြင်မှာဆေးကျောင်း တက်ပြိး ကျောင်းပြီးတဲ့သူတွေကို ပြည်တွင်းမှာ House ဆင်းဖို့ ခွင့်ပြုပေးရင် ပြည်ပမှာ ကျောင်းပြီးတဲ့သူတွေ အနေနဲ့လည်း ပြည်တွင်းမှာ ပြန်ပြီး တာဝန်ထမ်းဆောင်နိုင်ပြီး တိုင်းပြည်အတွက် အကျိုး ရှိနိုင်မှာပါ။
    .
    M-Media ကို ဆက်သွယ်ပြီး အင်တာဗျူးပေးတဲ့အတွက်  မမေသဇင်ဝင်း နဲ့ မိဘ၂ ပါးကို အထူးပဲ ကျေးဇူးတင်ပါတယ်။