News @ M-Media

Blog

  • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    စက်တင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    .
    Identity Card for National Verification

    (NVC) နှင့် ပတ်သတ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
    .
    M-Media- အရင်ဆုံး NVC ဆိုတာ ဘယ်လိုလူတွေကို ထုတ်ပေးလို့ရလည်းဆိုတာ ရှင်းပြပေးပါလား။
    .
    ဦးခင်မောင်ချို- ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ်-၁၃ (၁) အရ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူတွေကိုသာ အပိုဒ်-၁၃(၄) အရ ယာယီသက်သေခံ လတ်မှတ်သစ်တစ်ခု (NVC) ထုတ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် အားလုံးဟာ ယာယီသက်သေခံလတ်မှတ် ကိုင်ဆောင်ထားတဲ့သူတွေ မဟုတ်ကြတဲ့အတွက် သူတို့ကို အစုလိုက် အပြုံလိုက် NVC တွေ ထုတ်ပေးဖို့ မလိုအပ်ပါဘူး။
    .
    M-Media-  နိုင်ငံသားအထောက်အထား တင်ပြနိုင်မှု အားနည်းရင်ရော ဘယ်လိုလုပ်လို့ရနိုင်မလဲ။
    .
    ဦးခင်မောင်ချို- အထောက်အထားတင်ပြနိုင်မှု အားနည်းရင် (ဒါမှမဟုတ်) မည်သည့်နိုင်ငံသား အမျိုးအစားမှာ အကျုံးဝင်ကြောင်း အတည်ပြုဖို့ ဒိဟဖြစ်နေရင် (ဒါမှမဟုတ်) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အကျုံးမဝင်ဘူး (သို့) NVC ကိုင်ဆောင်သူတွေထဲကမှ လျှောက်ထားလာရင် လျှောက်ထားသူ (အလွှာရှင်) ရဲ့ ဆန္ဒအလျှောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားဖို့ ညွှန်ပြပါလိမ့်မယ်။ (ပုဒ်မ -၆၅။    ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့ကို လျှောက်ထားနိုင်သည်) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ပေးဖို့ လိုအပ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင်ငံသားအမျိုးအစားအလိုက် ထုတ်ပေးဖို့မှလည်း အချိန်ယူဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် အလွှာရှင်ဟာ အချိန်ကာလကြာမြင့်နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသွားနိုင်ပါတယ်။
    .
    M-Media- မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံသားဖြစ်ဖို့အတွက် နည်းလမ်းတွေရော ဘယ်လိုမျိုးတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို-     မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်အများစုဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၀၊ ၁၉၇၄ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၁၄၅(ခ) နဲ့ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ရပ်က ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေကို အသိအမှတ်ပြု အတည်ပြုထားပြီးတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆ ကလည်း ထပ်မံအတည်ပြုထားပါတယ်။
    နောက်ပြီး ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ-၁၄ တွင် “ဥပဒေ ပြဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေတစ်ရပ်ရပ်ဖြင့် ရုပ်သိမ်းရင် (က) ရုပ်သိမ်းခြင်း ခံရသော ပြဌာန်းချက်ရဲ့ အာဏာသက်ရောက်ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေ ပြဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။(ခ) ရုပ်သိမ်းခြင်းခံရသော ပြဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို မထိခိုက်စေရ” လို့ ပြဌာန်းထားပါတယ်။ အဲ့ဒီအခွင့်အရေးတွေဟာ ဒီနေ့တိုင် တည်မြဲနေတဲ့အတွက် ဒီဥပဒေအရ အစ္စလာမ်ဘာသာဝင် အများအပြားဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေ ဖြစ်ကြပါတယ်။
    .
    M-Media-  အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနေကြတာကိုရော ဆရာ ဘာများပြောချင်ပါသလဲ။
    .
    ဦးခင်မောင်ချို-     သွေးနှောဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သတ်ပြီးတော့ ဒီအသုံးအနှုန်းဟာ နိုင်ငံသား ဥပဒေ၊ နည်းဥပဒေတွေမှာ မပါဝင်တဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက် တစ်စုံတစ်ရာ မရှိပဲနဲ့ သွေးနှော လို့ ခေါ်ဝေါ် သုံးနေကြတာဟာ တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ ဥပဒေတစ်ရပ် ပြဌာန်းဖို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့် အသီးသီး ရှိပါတယ်။ ညွှန်ကြားချက် အမိန့်တွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို မကျော်လွန်နိုင်ပါဘူး။ အဲ့ဒီတော့ အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနှုန်းနေခြင်းဟာ ဥပဒေနဲ့ မညီညွှတ်ပါဘူး။
    .
    M-Media-  ဘာသာရေးအရ ခွဲခြားဆက်ဆံခံနေရတာတွေလည်း ရှိနေတယ်၊ အဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါလဲ။
    .
    ဦးခင်မောင်ချို-     အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေဟာ ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် ဘွဲ့လတ်မှတ် မထုတ်ယူနိုင်သူတွေ အများအပြား ရှိနေပါတယ်။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်သင်ရှေ့နေတွေ၊ အထက်တန်းရှေ့နေတွေ လိုင်စင်လျှောက်ရာမှာလည်း အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေလည်း သတ်မှတ်ချက်တွေ ပြည့်စုံပါလျှက်နဲ့ နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေတက်ဖို့ ဝင်ခွင့်မရကြပါဘူး။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရူံးမှုတွေလည်း များပြားနေပါတယ်။ ဘာသာရေးအရ ခွဲခြားရာ ရောက်နေတဲ့အတွက် အခုလုပ်ရပ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်။
    .
    M-Media-  နိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရကရော ဘယ်လို တာဝန်အပိုင်းတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၇၄ အရ မြန်မာနိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေန့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေကပဲ တည်ဆဲဥပဒေတွေနဲ့အညီ အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေဟာ နိုင်ငံတော်အစိုးရကို တာဝန်ခံပေးပြီး မြန်မာနိုင်ငံသား လုပ်ငန်းရပ်တွေကို အကောင်အထည်ဖော်ရပါတယ်။ ပုဒ်မ-၇၀(ခ) အရ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာ အပြီးအပြတ် ဖြစ်ပါတယ်။
    .
    M-Media-  ဆရာ့အနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိပေမယ့်လည်း ဒီဥပဒေဟာ တည်ဆဲဖြစ်နေတဲ့အတွက် ဒီဥပဒေအရသာ ဆုံးဖြတ်လို့ ရပါမယ်။ နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်မှာ အစ္စလာမ်ဘာသာဝင်တွေကို တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစစ်ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံ လိုပါတယ်။

  • အီရတ်တွင် အမေရိကန်က စစ်အင်အား ထပ်တိုး

    အီရတ်တွင် အမေရိကန်က စစ်အင်အား ထပ်တိုး

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    ira

    – IS အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် မူဆိုးလ်မြို့အား ပြန်လည်သိမ်းယူရေး အီရတ်စစ်တပ်က အကြီးစား ထိုးစစ်ဆင်ရန် ဆောင်ရွက်နေစဉ် အမေရိကန်စစ်သား ၄၀၀ ကျော်ကို အီရတ်တွင် ထပ်တိုးချထားလိုက်သည်ဟု သိရသည်။

    အီရတ်စစ်တပ်မှာ မဟာမိတ်ဖြစ်သော Popular Mobilization တပ်ဖွဲ့များမှ စေတနာ့ဝန်ထမ်း စစ်သားများနှင့်အတူ စုပေါင်း၍ အဆိုပါထိုးစစ်ကို ဆင်နွှဲမည်ဖြစ်ပြီး၊ အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂျွန်ဒိုရီယန်က အီရတ်တွင် ချထားသည့် အမေရိကန်စစ်သားအရေအတွက်မှာ ၄၀၀၀ မှ ပြီးခဲ့သည့်တစ်ပတ်တွင် ၄၄၆၀ အထိ တိုးလာသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိုဆူးလ်မြို့၌ လက်ရှိတွင် IS စစ်သွေးကြွ ၃၀၀၀ မှ ၄၅၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ မည်သူက အမာခံစစ်သွေးကြွများဆိုသည်ကို ပြောဆိုရန် ခက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သော်လည်း အဆိုပါ ထိုးစစ်တွင် အမေရိကန်တပ်ဖွဲ့များက မည်သည့်ကဏ္ဍမှ ပါဝင်မည်ဆိုသည့်အကြောင်းကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

    မိုဆူးလ်မြို့မှာ အိုင်အက်စ်အကြမ်းဖက်သမားများ အီရတ်တွင် အကြီးစားထိုးစစ်ဆင်ခဲ့သည့် ၂၀၁၄ ဇွန်လတွင် ၎င်းတို့လက်ထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

    Ref : Presstv

  • နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းကို စင်ကာပူဝန်ကြီးချုပ် ချီးကျူး

    နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းကို စင်ကာပူဝန်ကြီးချုပ် ချီးကျူး

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    buddhist

    – ဗုဒ္ဓဘာသာ ခေါင်းဆောင်များမှာ လူမျိုးစုံ၊ ဘာသာစုံရှိသော စင်ကာပူ၏ လူ့အဖွဲ့အစည်းအကြောင်းကို နားလည်ပြီး၊ ပြည်သူလူထုအား အလုပ်အကျွေးပြုရမည်ဟု ခိုင်မာသော စိတ်ဆန္ဒ ရှိသောကြောင့် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းမှာ ကြီးပွားတိုးတက်လာခြင်းဖြစ်သည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်သည်။

    Kong Meng San Phor Kark See ဘုန်းကြီးကျောင်းတွင် ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည့် စင်ကာပူ ဗုဒ္ဓဘာသာကောလိပ် (BCS) ၏ အဆောင်အသစ် ဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်းမှ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း၏ တိုင်းပြည်အပေါ် ပေးဆပ်မှုများကိုလည်း ချီးကျူးခဲ့သည်။

    “စင်ကာပူမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဘုန်းကြီးကျောင်းတွေဟာ ဆင်းရဲချို့တဲ့သူတွေကို ကူညီကြတယ်။ အစားအသောက်တွေ လှူဒါန်းဝေငှကြတယ်။ ပညာတော်သင်တွေ၊ တက္ကသိုလ်ထောက်ပံ့ကြေးတွေ ပေးကြတယ်။ ဆေးခန်းတွေ၊ ကျောက်ကပ်ဆေးတဲ့စင်တာတွေလည်း ဖွင့်ပေးကြပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းမှာ မသန်စွမ်းအသင်းအဖွဲ့များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး စင်တာများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များအတွက် အကြံဉာဏ်ပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးနေကြသည်ဟု လီရှန်လွန်းက ဆိုသည်။

    ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းမှာ စင်ကာပူတွင် အကြီးမားဆုံး ဘာသာရေးလူ့အဖွဲ့အစည်းဖြစ်ပြီး လူမျိုး၊ ဘာသာအားလုံးနှင့် ဆက်သွယ်ဆောင်ရွက်ကာ ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ဘာသာပေါင်းစုံချစ်ကျည်ရေးအဖွဲ့တစ်ခုဖြစ်သည့် Inter-Racial and Religious Confidence Circles တွင်လည်း ပါဝင်ဆောင်ရွက်နေကြောင်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

    ယခု အဆောင်သစ်ဖွင့်ပွဲမှာ ကောလိပ်၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေပြီး၊ အဆောင်အသစ်ကို သင်ကြားရေး၊ သုတေသနလုပ်ငန်း၊ ရုံးခန်း၊ အိပ်ဆောင်နှင့် အခြားသော ရည်ရွယ်ချက်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။

    အဆိုပါ ကောလိပ်မှာ ပထမဆုံး အသုတ်ကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ၇၀ ကို ဗုဒ္ဓဘာသာရေးရာ လေ့လာမှုဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ပေးအပ်နိုင်ခဲ့ကာ ၁၁ ဦးကို မဟာဘွဲ့ ပေးအပ်နိုင်ခဲ့သည်။ ထိုကောလိပ်မှ ထွက်သွားသည့် ကျောင်းသားများတွင် ဒေါက်တာဘွဲ့အတွက် လေ့လာသူများ၊ ဘုန်းကြီးကျောင်းများတွင် စာသင်ပြနေသူများ၊ စီမံခန့်ခွဲရေးအပိုင်းတွင် တာဝန်ယူသူများ၊ အခြားသော ကောလိပ်များတွင် စာပြနေသူများလည်း ရှိနေသည်။

    Ref: Channelnewsaisa

  • ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ရုံးချိန်းတစ်ရက်တည်းနှင့် ထောင်ချခံရ

    ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ရုံးချိန်းတစ်ရက်တည်းနှင့် ထောင်ချခံရ

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    cam

    – ကမ္ဘောဒီးယားနိုင်ငံမှ ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမားကို ယမန်နေ့က ပထမဆုံး ရုံးချိန်းကြားနားမှုအတွင်းမှာပင် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    ကမ္ဘောဒီးယား မျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ခေါင်းဆောင် Kem Sokha ဆိုသူဖြစ်ပြီး ထောင်ဒဏ် ၅ လ ချမှတ်ခဲ့ခြင်းဖြစ်ကာ လူ့အခွင့်အရေးအဖွဲ့များကမူ သက်တမ်းကြာရှည်စွာ အုပ်ချုပ်နေသည့် ၀န်ကြီးချုပ် ဟွန်ဆန်အနေဖြင့် ၂၀၁၈ ရွေးကောက်ပွဲအမီ အတိုက်အခံများကို အားအင်ချည့်နဲ့အောင် ကြိုးပမ်းအားထုတ်မှုသာ ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

    “တရားရုံးက အသက် ၆၃ နှစ်အရွယ်ရှိတဲ့ Kem Sokha ကို ထောင် ငါးလ ကျခံဖို့ အမိန့်ချလိုက်ပါတယ်” ဟု တရားသူကြီး Keo Mony က ပြောကြားခဲ့သည်။

    အဆိုပါနိုင်ငံရေးသမားမှာ သမ္မတဟွန်ဆန်၏ အချိန်မရွေးဖမ်းဆီးမည်ဟု ကြိမ်းဝါးမှုကြောင့် CNRP ရုံးချုပ်တွင် လအနည်းငယ် ပုန်းရှောင်နေခဲ့ပြီး၊ ပါတီရုံးခန်းအပြင်ဘက်၌ စုဝေးနေသေ ထောက်ခံသူရာပေါင်းများစွာ ကို စကားပြောရန် သောကြာနေ့က ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီး ထောင်ချခံခဲ့ရခြင်းဖြစ်သည်။

    ၎င်းကမူ ထိုကဲ့သို့ တစ်ရက်တည်းကြားနာကာ အမိန့်ချမှတ်မှုကို ဆန့်ကျင်ခဲ့ပြီး မိမိ၏ နိုင်ငံရေးသမားဘ၀ကို အဆုံးသတ်ရန် အစိုးရက ကြိုးစားနေသည်ဟုလည်း ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကမူ ထိုလုပ်ရပ်မှာ ၂၀၁၈ ခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာရေးကို အဟန့်အတားဖြစ်နိုင်သည့် ကမ္ဘောဒီးယားအစိုးရ၏ အကြမ်းဖက်မှုများမှ နောက်ဆုံး ပေါ်ထွက်လာသည့် အဖြစ်အပျက်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် အတိုက်အခံလွှတ်တော်အမတ် ၂ ဦးမှာလည်း ထောင်ချခံထားရပြီး အနည်းဆုံး ၁၀ ဦးမှာ တရားစွဲဆိုခြင်း ခံထားရသည်။ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူနှင့် လူ့အခွင့်အရေး ဆောင်ရွက်သူ စုစုပေါင်း ၂၀ ကျော်မှာ အစိုးရ၏ ဥပဒေကြောင်းအရ တရားစွဲဆိုမှုကို ခံခဲ့ရသည်။

    Ref : Bangkokpost

  • ဆမ်ဆောင်း Note 7 ကို ပိတ်ပင်သည့် လေကြောင်းလိုင်းများတွင် ထိုင်း ပါဝင်လာ

    ဆမ်ဆောင်း Note 7 ကို ပိတ်ပင်သည့် လေကြောင်းလိုင်းများတွင် ထိုင်း ပါဝင်လာ

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    bang

    – ဘတ္ထရီပြဿနာကြောင့် ပေါက်ကွဲမှုများရှိနေသည့် Samsung Galaxy Note 7 အား လေယာဉ်ပေါ်တွင် အသုံးပြုမှု ပိတ်ပင်သည့် လေကြောင်း လိုင်းများတွင် ယခုနောက်ဆုံးအဖြစ် ထိုင်းလေကြောင်းလိုင်း Thai Airways International (THAI) လည်း ပါဝင်လာသည်ဟု သိရသည်။

    လေကြောင်းလိုင်း၏ ဒုတိယ ဥက္ကဌဖြစ်သူ ပရာတာနာ ပတာနာဆီရီက မိမိတို့အနေဖြင့် အဆိုပါဖုန်းအား လေယာဉ်ပေါ်တွင် သုံးစွဲခြင်း သို့မဟုတ် အားသွင်းခြင်းမပြုရန်နှင့် စစ်ဆေးပြီးသော ခရီးဆောင်အိတ်များတွင်သာ ထည့်ထားရန် ခရီးသည်မျာအား အသိပေး တိုက်တွန်းထားသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီးတင်း ၂ ပတ်ကျော်က စတင်ရောင်းချခဲ့သည့် Samsung Galaxy Note 7 မှာ အားသွင်းစဉ် ပေါက်ကွဲမှုများ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဆမ်ဆောင်းမှာ အဆိုပါဖုန်းများကို ပြန်လည်သိမ်းယူခဲ့ပြီး ရောင်းချမှုကိုလည်း ရပ်နားထားခဲ့သည်။

    THAI လေကြောင်းလိုင်းကမူ အဆိုပါဖုန်းအား လေယာဉ်ပေါ်သို့ ယူဆောင်မိခဲ့ပြီးနောက် ပျက်ဆီးခြင်း၊ သာမန်ထက် အပူလွန်ကဲခြင်း လေယာဉ်ပေါ်တွင် ပျောက်ဆုံးခြင်း၊ ထိုင်ခုံများကြားတွင် ညပ်နေခြင်းတို့ ဖြစ်ပေါ်လာပါကလည်း လေယာဉ်အမှုထမ်းများကို သတိပေးရန် သတင်းထုတ်ပြန်ထားသည်။

    ပတာနာဆီရီကမူ ထိုကဲ့သို့ ပိတ်ပင်ရခြင်းမှာ မိမိတို့လေကြောင်းလိုင်းနှင့် ဥရောပ လေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေး အေဂျင်စီ၏ ဘေးအန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် Samsung Galaxy Note 7 ကို လေယာဉ်ပေါ်တွင် အသုံးမပြုရေး ဂျပန်နှင့် အမေရိကန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားပြီး၊ စင်ကာပူလေကြောင်းလိုင်း၊ Qantas၊ SAS၊ Etihad နှင့် Virgin Australia လေကြောင်းလိုင်းတို့ကလည်း လေယာဉ်ပေါ်တွင် အဆိုပါဖုန်း အသုံးပြုမှုကို ပိတ်ပင်ထားသည်။

    Ref: Bangkokpost