News @ M-Media
Blog
  • ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း
    ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း
    သြဂုတ် ၂၂ ၊ ၂၀၁၆
    M-Media
    . 13912645_1738741033031057_4847724356149838692_n
    ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဖြစ်ပွားနေသည့် ရေဘေး ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ စုစုပေါင်း ကျပ်သိန်း (၅၀၀) ဖိုး ကယ်ဆယ်ေ၇း ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
    .
    သြဂုတ်လ ၁၈  နေ့က ဧရာဝတီတိုင်း ဝန်ကြိးချူပ်အား အဆိုပါ အလှူ သိန်း(၅၀၀) လှူဒါန်း အခမ်းအနားဖြင့် ပေးအပ်လှူ ဒါန်း ခဲ့ပြီး အဆိုပါသိန်း(၅၀၀) ဖိုး အလှူပစ္စည်းများကို ရေဘေး သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ ဝန်ကြီးချူပ် မန်းဂျော်နီထံ ညှိနှိုင်းခွင့်တောင်းခဲ့ရာ ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ခံအလှူ အဖွဲ့များက အောက်ခြေထိ သွားရောက်လှူဒါန်းလျက် ရှိကြောင်းသိရသည်။
    .
    ထိုသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့မှ တာဝန်ရှိသူတဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ
    ” သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ညောင်တုံး၊ ကျောင်းကုန်း၊ ကျုံပျော် တမြို့နယ်ကို အကြမ်းဖျဉ်း သိန်း (၅၀) စီ ပုသိမ်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာတွေအတွက် သိန်း (၂၀၀) လှူဖို့ ရာထားကြောင်း၊ လှူတာအားလုံးကိုတော့ တာဝန်ရှိသူ အုပ်ချူပ်ရေး အာဏာပိုင်တွေရဲ့ ပေးတဲ့ သတင်းအချက်အလက်များဖြင့်သာ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေသည့် နေရာများ နှင့် ကယ်ဆယ်ေ၇းပစ္စည်း အရေးပေါ်လိုအပ်သည့် ရွာများကို ဦးစားပေးပြီးလှူဒါန်းခဲ့ကြောင်း၊  လူမျိုးမရွေးဘာသာမရွေး ဒုက္ခရောက်သူ အားလုံးကို လှုဒါန်းခဲ့တာဖြစ်ကြောင်း ” ရှင်းပြခဲ့ပါသည်။
    14095865_1477082892308582_4217725371839600194_n
    14079642_1477086268974911_7168275872971367819_n
    14068312_1474673869216151_6516755875620318511_n
  • ဘာသာရေးဆရာများ မှတ်ပုံတင်ရေး လုပ်ဆောင်ရန် စင်ကာပူမွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း
    ဘာသာရေးဆရာများ မှတ်ပုံတင်ရေး လုပ်ဆောင်ရန် စင်ကာပူမွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း
    သြဂုတ် ၂၂၊ ၂၀၁၆
    M-Media
    sing
    စင်ကာပူ၏ မွတ်စလင်ရေးရာဝန်ကြီး ယကွဘ် အီဘရာဟင်
    – စင်ကာပူနိုင်ငံသားအချို့အား အစွန်းရောက်စေသည့် အစွန်းရောက်အယူအဆများ အင်တာနက်တွင် ပြန်နှံ့လာခဲ့ပြီးနောက် စင်ကာပူရှိ ဘာသာရေးဆရာအားလုံးကို မှတ်ပုံတင်ရန်အတွက် စင်ကာပူမွတ်စလင်ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်ဟု သိရသည်။
    စင်ကာပူမွတ်စလင်များကို ကူညီရန်နှင့် အရည်အချင်းမီ ဘာသာရေးဆရာများအဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက် မွတ်စလင်ခေါင်းဆောင်များမှာ ၂၀၀၅ ခုနှစ်က စတင်ခဲ့သည့် ‘ဘာသာရေးဆရာများ အသိအမှတ်ပြုရေး စီမံချက်’ (ARS) တွင် ဘာသာရေးဆရာများအားလုံးကို မှတ်ပုံတင်ရန် လိုလားနေခြင်းဖြစ်သည်။
    မွတ်စလင်လူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင် ၂၀ ခန့်မှာ မွတ်စလင်ရေးရာဝန်ကြီး ယာကွဘ် အီဘရာဟင်၊ သဘာဝပတ်ဝန်းကျင်နှင် ရေအရင်းအမြစ်ဝန်ကြီး မာဆာဂို့စ် ဇူလ်ကစ်လီတို့နှင့် သြဂုတ်လ ၂၀ ရက်နေ့က တံခါးပိတ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ လုပ်ရမည့် လုပ်ငန်းစဉ်အဖြစ် ပြုလုပ်ရေးရန် မွတ်စလင်ခေါင်းဆောင်များက တောင်းဆိုခဲ့သည်။
    ထို့ပြင် စီးပွားရေးနှင့် အကြမ်းဖက်ဝါဒ၏ခြိမ်းခြောက်မှု စသည့်အကြောင်းကိုလည်း ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။
    သြဂုတ်လ ၁၉ ရက်နေ့က စင်ကာပူအစိုးရမှာ မိမိတို့အနေဖြင့် ဆီးရီးယားသို့သွားရောက်ကာ IS အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းရန် စီစဉ်ထားသူ ၂ ဦးကို ထိန်းသိမ်းထားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
    ဇန်န၀ါရီလမှစ၍ စင်ကာပူမှာ အကြမ်းဖက်လုပ်ငန်းများနှင့် ဆက်နွယ်သည့် နိုင်ငံသား ၈ ဦးကို ပြည်တွင်းလုံခြုံရေး အက်ဥပဒေဖြင့် ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ထဲမှ အများစုမှာ နိုင်ငံရပ်ခြား တရားဟောဆရာများ၏ အစွန်းရောက် သင်ကြားမှုများကြောင့် အစွန်းရောက်ခဲ့ကြသူများဖြစ်သည်ဟု အစိုးရက ပြောကြားခဲ့သည်။
    စင်ကာပူ အစ္စလာမ်သာသာရေးရာကောင်စီ (Muis) ၏ အမှုဆောင်အကြီးအကဲ အဘ်ဒူလ် ရာဇတ် မာရီကာကမူ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် လူငယ်များ ဓမ္မရေးရာများ သင်ကြားရန် အရည်အချင်းပြည့်ဝသော ဆရာများ လိုအပ်သည်ဟု ပြောကြားခဲ့သည်။
    “လူငယ်တွေအနေနဲ့ ဘာသာရေးရာကိစ္စတွေကို အရည်အချင်းပြည့်ဝတဲ့သူတွေဆီကနေ လမ်းညွှန်မှု ရနိုင်စေဖို့ လူ့အဖွဲ့အစည်းမှာ အရေးပါလာပါပြီ” ဟု မာရီကာက ပြောကြားခဲ့သည်။
    စင်ကာပူမွတ်စလင်အမျိုးသမီအသင်း ဥက္ကဌ မဒမ် ရာဟာယူ မိုဟာမက်ကလည်း ထိုအယူအဆကို သဘောတူခဲ့ပြီး အကယ်၍ ဘာသာရေးဆရာများမှာ အသိအမှတ်ပြုလက်မှတ်များ ရထားပါက မိဘများအနေဖြင့် မဒ်ရာဆာ၊ အစ္စလာမ်သာသာရေးကျောင်းများသို့ ၎င်းတို့၏ကလေးများကို ပို့ဆောင်ရာတွင် ပို၍ ယုံကြည်မှု ရှိမည်ဟု ပြောကြားခဲ့သည်။
    လက်ရှိတွင် ARS ၌ မှတ်ပုံတင်ထားသည့် အစ္စလာမ်ဘာသာရေးဆရာ အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး ARS ကလည်း အသိအမှတ်ပြုလက်မှတ် ၁၇၀၀ ထုတ်ပေးထားသည်။
    Ref: Straitstimes
  • ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့် ဓာတ်ပုံ ၅ ခု
    ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့် ဓာတ်ပုံ ၅ ခု
    သြဂုတ် ၂၂၊ ၂၀၁၆
    M-Media
    – ကမ္ဘာသမိုင်းတစ်လျှောက်လုံးမှာ နယ်မြေလုစစ်ပွဲတွေ၊ လူမျိုးစုတိုက်ပွဲတွေ၊ ခရူးစိတ်ဘာသာရေးစစ်ပွဲတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်တွေ ဖြစ်ခဲ့ကြ၊ ဖြစ်နေကြတုန်းပါပဲ။
    အာဏာ၊ စည်းစိမ် မက်မောသူတွေကြောင့် ဒီလိုစစ်ပွဲတွေဖြစ်လာတိုင်း တစ်ကယ်တမ်းနစ်နာဆုံးရှုံး၊ သေကြေပျက်ဆီးခဲ့ရတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်။ နောက်ပြီး အငတ်ဘေး၊ သဘာဝဘေးအန္တရာယ် စတဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အဖြစ်အပျက်တွေကလည်း ကမ္ဘာလူထားထုကို အထိနာစေခဲ့တာ သမိုင်းမှာ အထင်အရှားရှိနေပါတယ်။
    နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အဲဒီစစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကမ္ဘာတစ်ခုလုံးက စက္ကန့်မလပ် သိရှိနိုင်ပြီး သူတို့ရဲ့ ဒုက္ခတွေကို မျှဝေခံစားနိုင်နေပြီဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်ကနေ အခုအချိန်အထိ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ၊ သဘ၀ဘေးအန္တရာယ်တွေကနေ ကမ္ဘာကြီးကို တုန်လှုပ်အခြောက်အခြားဆုံး ဖြစ်ခဲ့ရတဲ့ ပုံရိပ် ၅ ခုကို M-Media ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
    ၁။ အိုမရန် ဒက်နစ်ရှ်
    a
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့က အသက် ၅ နှစ်အရွယ် အိုမရန် ဒက်နစ်ရှ် ဆီးရီးယားအစိုးရရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး သွေးအလိမ်းလိမ်း၊ ဖုံအလိမ်းလိမ်းနဲ့ လူနာတင်ယာဉ်ထဲမှာ ထိုင်နေတဲ့ ဒီပုံဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့ပါတယ်။
    ဒီပုံကို ရိုက်ကူးခဲ့သူ ဓာတ်ပုံဂျာနယ်လစ် မဟ်မွဒ် ရက်စ်လန်က အိုမရန်ကို သူ့ရဲ့ ညီအစ်ကို မောင်နှမတွေ၊ မိဘတွေနဲ့ အတူ ဗုံးဒဏ်ကြောင့် ပျက်ဆီးနေတဲ့ နေအိမ်အဆောက်အဦးကနေ ကယ်ထုတ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ (နောက်ပိုင်းမှာ ဒဏ်ရာကြောင့် အိုမရန်ရဲ့ အစ်ကိုဖြစ်သူ သေဆုံးခဲ့ပါတယ်)
    အာဆတ်ဦးဆောင်တဲ့ အစိုးရတပ်၊ အတိုက်အခံသူပုန်တွေ၊ IS အကြမ်းဖက်အဖွဲ့နဲ့ ကမ္ဘာ့အင်အင်အားကြီးနိုင်ငံတွေ ပါဝင်ပြီး မရပ်တန့်နိုင်သေးတဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်းမှာ ဆီးရီးယား ကလေးငယ်တွေရဲ့ ဒုက္ခသုက္ခတွေကို မီးမောင်းထိုးပြခဲ့တဲ့ အဒီပုံရိပ်ဟာ ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပဲ ပြန့်နှံသွားခဲ့ပြီး စုပ်တစ်သပ်သပ်ဖြစ်ခဲ့ရပါတယ်။
    ၂။ အလန် ကာရ်ဒီ
    b
    ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကြောင့် ပြည်သူတွေဟာ နေ့စဉ်လိုလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းလုံခြုံတဲ့ဆီကို ရွှေ့ပြောင်းခိုလှုံနေရပါတယ်။ အဲဒီလို ခိုလှုံရတဲ့ ခရီးစဉ်ကလည်း ပန်းခင်းတဲ့လမ်းမျိုး မဟုတ်ဘဲ အသက်ဆံဖျားထားကာ သွားရောက်ရတာဖြစ်ပါတယ်။
    အဲဒီလိုစွန့်စားရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်တွေလည်း ဒုနဲ့ဒေးပါပဲ။
    အဲဒီထဲကမှ ဆီးရီးယားကနေ တူရကီကို ထွက်ပြေးကာ ဥရောပမှာ ခိုလှုံ့ဖို့ကြိုးစားရင်း မြေထဲပင်လယ်မှာ မိသားစုနဲ့အတူ ရေနစ်သေဆုံးခဲ့ရတဲ့ ၃ နှစ်အရွယ် အလန်ကာရ်ဒီလေးရဲ့ ပုံရိပ်ဟာလည်း ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။
    လှေနစ်သေဆုံးပြီး တူရကီက ဘိုဒရမ်ကမ်းခြေမှာ မှောက်ရက်ကလေး လာတင်နေတဲ့ ကာရ်ဒီလေးရဲ့ပုံကို Dogan News Agency သတင်းဌာနက ဓာတ်ပုံဆရာ နီလူဖာရ် ဒီမီရ်က ရိုက်ကူးခဲ့တာပါ။
    ၂၀၁၅ ခုနှစ် စင်တင်ဘာ ၂ ရက်နေ့ အွန်လိုင်းစာမျက်နှာမှာ လွှင့်တင်တင်ခြင်းပဲ ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒီပုံဟာ စစ်ဖြစ်နေတဲ့ ဆီးရီးယားကနေ မြေထဲပင်လယ်ကိုဖြတ်ကာ ဥရောပကို ခိုလှုံဖို့ကြိုးစားကြတဲ့ ဆီးရီးယားဒုက္ခသည်တွေရဲ့ ထိခိုက်ခံစားရမှုကို ထိထိရောက်ရောက် ဖော်ပြနိုင်ခဲ့ပါတယ်။
    ဒီနောက်ပိုင်းမှာ ဥရောပနိုင်ငံတွေက ဆီးရီးယား ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးဖို့ နယ်စပ်တွေကို ဖွင့်ပေးခဲ့ကြပါတယ်။
    ၃။ The vulture and the little girl
    c
    ‘လင်းတနှင့် မိန်းကလေးငယ်’ လို့ အဓိပ္ပါယ်ရတဲ့ ဒီပုံကို ၁၉၉၃ ခုနှစ်မှာ ဆူဒန်နိုင်ငံက အေယွဒ်ဆိုတဲ့ ရွာလေးမှာ ဂျာနယ်လစ် ကီဗင်ကာရ်တာရ်က ရိုက်ကူးခဲ့တာပါ။
    အငတ်ဘေးဆိုက်နေတဲ့ ဆူဒန်မှာ အဟာရချို့တဲ့နေတဲ့ မိန်းကလေးငယ်တစ်ဦးက အနီးနားမှာရှိတဲ့ ကုလရဲ့ စားနိပ်ရိက္ခာထောက်ပံ့ရေးစင်တာကို ကြိုးစား သွားရောက်နေတဲ့အချိန် လင်းတတစ်ကောင်က သေဆုံးသွားရင် အသင့်စားဖို့ စောင့်နေတဲ့ ပုံရိပ်ဖြစ်ပြီး ၁၉၉၃ ခုနှစ် မတ်လ ၂၆ ရက်နေ့ New York Times သတင်းစာမှာ ဖော်ပြလိုက်တဲ့အချိန်မှာတော့ ကမ္ဘာ့လူ့အဖွဲ့အစည်းကို ရှော့ဖြစ်သွားစေခဲ့ပါတယ်။
    ကာရ်တာရ်ကတော့ လင်းတက ဒီအကွာအဝေးကို ရောက်လာဖို့အတွက် သူ မိနစ် ၂၀ လောက်စောင့်ကာ ရိုက်ကူးခဲ့ရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုဖော်ပြမှုအတွက် ဝေဖန်ခံရမှုအနည်းငယ်တော့ ရှိခဲ့ပါတယ်။
    ကာရ်တာရ်ဟာ ဒီဓာတ်ပုံကြောင့် ၁၉၉၄ ခုနှစ် ပူလစ်ဇာဆု ရရှိခဲ့ပြီး အဲဒီနှစ်မှာပဲ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။
    ၄။ ကင်မ် ပူခ်ျ ( Kim Phuc)
    ဒီပုံရိပ်ကတော့ ကွန်မြူနစ်နှိမ်နှင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဗီယက်နမ်ကို အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရမှုကို ဖော်ကျူးနေပါတယ်။
    တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံအနီးက ရွာလေးတစ်ရွာကို မြောက်ဗီယက်နမ်တပ်ဖွဲ့တွေက ဗုံးကြဲတာကြောင့် ကလေးငယ်တွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့ ဒီပုံကို AP သတင်းဌာနက ဓာတ်ပုံဆရာ နစ်အတ်က ၁၉၇၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
    New York Times က ဖော်ပြခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ မိန်းကလေးငယ်လေး ကင်မ် ပူခ်ျရဲ့ ၀စ်လစ်စလစ်အခြေအနေကြောင့် ဖော်ပြဖို့ စဉ်းစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ခွင့်ပြုခဲ့ပါတယ်။
    ဒီပုံဟာ ၁၉၇၂ ခုနှစ်အတွင် ‘ကမ္ဘာ့စာနယ်ဇင်းဓာတ်ပုံဆု’ ကို ရရှိခဲ့ပြီး နစ်အတ်ကလည်း ပူလစ်ဇာဆုကို အဲဒီနှစ်မှာ ရရှိခဲ့ပါတယ်။
    နောက်ပိုင်းမှာတော့ ကင်မ်ပူခ်ျက အဲဒီလို အသက်လုပြေးနေတဲ့အချိန်မှာ သူဟာ ‘အရမ်းပူတယ်၊ အရမ်းပူတယ်’ လို့ အော်နေတာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    ၅။။ နာဂါဆာကီ
    e
    သေဆုံးသွားတဲ့ ညီငယ်လေးကို အစ်ကိုဖြစ်သူက ကျောပိုးကာ သင်္ချီုင်းကိုယူလာတဲ့ ဒီဓာတ်ပုံဟာ ၁၉၄၅ ခုနှစ်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။
    အဲဒီပုံကို ဓာတ်ပုံဆရာ ဂျိုး အို ဒွန်နဲလ်က အမေရိကန် အနုမြူဗုံးကြဲချပြီး ရက်အနည်းငယ်အကြာမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ် ဒွန်နဲလ်ဟာ နာဂါဆာကီမှာရှိတဲ့ ပျက်ဆီးမှုတွေကို မှတ်တမ်းတင်ဖို့ အမေရိကန်စစ်တပ်က လွှတ်လိုက်တဲ့သူပါတယ်။
    သူနေခဲ့တဲ့ ၇ လလောက်အတွင်းမှာ အဲဒီလို ဆိုးဝါးတဲ့အခြေအနေတွေဟာ အဆုံးမသတ်ခဲ့ဘူးလို့လည်း ဒွန်နဲလ်က ဖွင့်ဟခဲ့ပါတယ်။
    ဒုတိယကမ္ဘာစစ်ပြီး ဒီဓာတ်ပုံကို ထုတ်ပြန်ခဲ့ရမှာတော့ လူတွေတော်တော်များများ ခြောက်ခြားခဲ့ရပါတယ်။
    ဓာတ်ပုံဆရာ ဒွန်နဲလ်ကတော့ ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
    “၁၀ နှစ်အရွယ်ကောင်လေးတစ်ယောက် လမ်းလျှောက်သွားနေတာ ကျွန်တော်မြင်ခဲ့ပြီး သူကလည်း ကလေးငယ်လေးတစ်ယောက်ကို ကျောပိုးထားပါတယ်။ အဲဒီနေ့တွေတုန်းက ဂျပန်မှာ ကလေးတွေဟာ သူတို့ညီတွေ၊ ညီမတွေနဲ့ ကစားတာမျိုးကို မြင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီကလေးကတော့ ထူးခြားနေပါတယ်။ သူဟာ ဒီနေရာ(သုသာန်) ကိုလာနေတာ အကြောင်းတစ်ခုခုရှိရမယ်လို့ ကျွန်တော်သိလိုက်ပါတယ်။ သူ့မှာ ဖိနပ်လည်းမပါဘူး။ မျက်နှာကလည်း တင်းမာနေတယ်။ သူ့ညီလေးကတော့ ကျောပိုးအိတ်မှာ ကလေးတွေ အိပ်ပျော်နေသလို ခေါင်းလန်နေပါတယ်။ သူအဲဒီနားမှာ လေး၊ ငါး၊ ဆယ်မိနစ်လောက် ရပ်နေပါတယ်”
    “အဲဒီနောက်မှာ အဖြူရောင်မျက်နှာဖုံးစွပ်နဲ့ယောက်ျားတွေက သူ့နားကို ရောက်လာပြီး ကလေးကိုချီထားတဲ့ ကျောပိုးအိတ်ကြိုးကို ဖြည်ချလိုက်ပါတယ်။ အဲဒီအချိန်ကျမှ ကလေးငယ်လေးဟာ သေဆုံးနေတာဆိုတာ ကျွန်တော် သိလိုက်ရတာပါ။ လူကြီးတွေက ဒီကလေးလေးကို ချီကာ လူသေတွေမီးရှို့တဲ့ မီးပုံနားသွားပြီး ပစ်ထည့်လိုက်ပါတယ်။ အကြီးကောင်လေးကတော့ အဲဒီနေရာမှာပဲ မလှုပ်မယှက်ရပ်ပြီး မီးတောက်တွေကို ကြည်နေခဲ့ပါတယ်။ သူရဲ့နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် ကိုက်ထားတာဟာ သွေးတွေတောင် ထွက်လာပါတယ်။ မီးကတော့ တစ်မြေ့မြေ့လောင်ကျွမ်းနေပြီး နောက်ပိုင်းက ဒီကောင်လေးကလေဲ တိတ်ဆိတ်စွာနဲ့ပဲ ပြန်သွားခဲ့ပါတယ်”
    Ref: Dailypakistan.com
  • တူရကီမင်္ဂလာဆောင် အကြမ်းဖက်တိုက်ခိုက်သူမှာ ကလေး အသေခံဗုံးခွဲသမားဟု တူရကီပြော
    တူရကီမင်္ဂလာဆောင် အကြမ်းဖက်တိုက်ခိုက်သူမှာ ကလေး အသေခံဗုံးခွဲသမားဟု တူရကီပြော
    သြဂုတ် ၂၂၊ ၂၀၁၆
    M-Media
    turkey 3
    – တူရကီနိုင်ငံတွင် ယမန်နေ့ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၀ ကျော် သေဆုံးခဲ့သည့် မင်္ဂလာဆောင် အသေခံဗုံးခွဲမှုတွင် ကလေးငယ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု တူရကီက ပြောကြားလိုက်သည်။
    ဆီရီးယားနှင့်ကပ်နေသည့် နိုင်ငံအနောက်တောင်ပိုင်း ဂါဇီယန်တပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တူရကီသမ္မတ အာဒိုဂန်ကမူ ထိုတိုက်ခိုက်မှုမှာ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အသေခံ ဗုံးခွဲသူမှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးငယ်ဖြစ်သည်ဟုလည်း ဆိုသည်။
    သို့သော်လည်း အဆိုပါလူငယ်လေးက ဗုံးကို စနက်တံဖြုတ်ခဲ့သည်လား သို့မဟုတ် ၎င်းကိုယ်မှဗုံးကို အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့သည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။
    ဗုံးခွဲမှုအတွင်း စုစုပေါင်း ၅၁ ဦး သေဆုံးခဲ့ပြီ ၆၉ ဦး ဒဏ်ရာရခဲ့ကာ၊ ၁၇ ဦး၏ ဒဏ်ရာမှာ အလွန်ပြင်းထန်သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုမှာ တူရကီတွင် IS က ကလေးအသေခံဗုံးခွဲသမားအား ပထမဆုံးအသုံးပြုမှု ဖြစ်လာနိုင်သည်။
    Ref: Aljazeera
  • နည်းပြသစ်များ ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး၊ လီဗာပူးလ် သမိုင်းဝင်ရှုံးပွဲတွေ့ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂
    နည်းပြသစ်များ ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး၊ လီဗာပူးလ် သမိုင်းဝင်ရှုံးပွဲတွေ့ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂
    သြဂုတ် ၂၂၊ ၂၀၁၆
    M-Media
    epl 1
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖြစ်တဲ့ ဒီတစ်ပတ်မှာတော့ နည်းပြသစ်နဲ့ ၃ သင်းစလုံး ရာနှုန်းပြည့်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး လက်ရှိချန်ပီယံနဲ့ အာဆင်နယ်တို့ကတော့ သရေကျသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ လက်စတာကို အနိုင်ယူနိုင်ခဲ့တဲ့ ဟားလ်စီးတီးကလည်း ဒီတစ်ပတ်မှာအနိုင်ရခဲ့ပြီး လီဗာပူးလ်ကတော့ သမိုင်းဝင်ရှုံးပွဲ တွေ့သွားခဲ့ပါတယ်။
    သောကြာနေ့မှာ အစောဆုံးကစားခဲ့တဲ့ မန်ယူတို့ အီဗရာဟီမိုဗစ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဆောက်သက်တမ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် တစ်ပွဲလုံးအသာရခဲ့တာတော့ မဟုတ်ပါဘူး။ ဆောက်သက်တမ်းဟာ ပထမပိုင်းမှာတင် အခွင့်အရေး ၂ ကြိမ်လောက်ရခဲ့ပြီး ဒုတိယပိုင်း အစမှာလည်း တာဒစ်ရဲ့ ခေါင်းတိုက်ဂိုး လူကျွံလို့ ဂိုးမရခဲ့တာပါ။ မန်ယူရဲ့ ဂိုးတွေကိုတော့ ၃၆ မိနစ်မှာ ရူနီရဲ့ ဖြတ်တင်ဘောကို အီဗရာဟီမိုဗစ်က အံ့ဖွယ်ခေါင်းတိုက်သွင်းယူခဲ့ပြီး ၅၂ မိနစ်မှာရတဲ့ ပင်နယ်တီကိုလည်း ၀င်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြးနဲ့ ပြောင်းလာတဲ့ ပေါ့ဘာ ဒီပွဲမှာ ပွဲထွက်ကစားခဲ့ပြီး မော်ရင်ဟိုက သူ့ရဲ့ခြေစွမ်းအတွက် ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
    ဂွါဒီယိုလာရဲ့ မန်စီးတီးကလည်း အဝေးကွင်းမှာ စတုတ်စီးတီးအသင်းကို အနိုင်ရဖို့ အခက်အခဲ မရှိခဲ့ပါဘူး။ ပထမပိုင်းမှာတင် အဂူရိုက ၂ ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်းမှာ နိုလီတိုက ၂ ဂိုးထပ်သွင်းကာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    epl 2
    epl 3
    ဘန်လေကွင်းမှာ ရှုံးခဲ့တဲ့ လီဗာပူးလ်ရဲ့အရှုံးကတော့ တော်တော်လေး အံ့သြစရာကောင်းခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်းနှုန်းကျော်၊ ဂိုးကန်သွင်းခွင့် ၂၆ ကြိမ် ဂိုးပေါက်တည့်မှု ၅ ကြိမ် ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘန်လေကို အရှုံးပေးခဲ့ရပါတယ်။ ပထမပိုင်း ၂ မိနစ်နဲ့ ၃၇ မိနစ်တွေမှာ ၂ ကြိမ်သာ ရခဲ့တဲ့ အိမ်ရှင်ရဲ့ ဂိုးသွင်းခွင့်တွေကို ဆမ် ဗိုက်စ်နဲ့ အန်ဒရီ ဂရေးတို့က အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာပါ။
    ep 4ပွဲစဉ် ၁ မှာ လက်စတာကို အနိုင်ရခဲ့တဲ့ ဟားလ်စီးတီး ဆွမ်ဆီးကိုအဝေးကွင်မှာ ၂ ဂိုးပြတ်နဲ့အနိုင်ယူကာ ရာနှုန်းပြည့်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ လက်ရှိချန်ပီယံနဲ့ သရေကျခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    မန်ယူ ၂-၀ ဆောက်သက်တမ်
    စတုတ် ၁-၄ မန်စီးတီး
    ဘန်လေ ၂-၀ လီဗာပူးလ်
    ဆွမ်ဆီး ၀-၂ ဟားလ်စီးတီး
    စပါး ၁-၀ ခရစ္စတယ်ပဲလေ့စ်
    လက်စတာ ၀-၀ အာဆင်နယ်
    ဆန်းဒါးလန်း ၁-၂ မစ်ဒယ်ဘရော့