News @ M-Media

Blog

  • နိုက်ဂျီးရီးယား၏ တိုက်ခိုက်မှုအတွင်း ဘိုကိုဟရမ်ခေါင်းဆောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရ

    နိုက်ဂျီးရီးယား၏ တိုက်ခိုက်မှုအတွင်း ဘိုကိုဟရမ်ခေါင်းဆောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရ

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    nigeria

    – နိုင်ဂျီးရီးယားက မိမိတို့ စစ်လေယာဉ်များမှာ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘိုကိုဟရမ်စစ်သွေးကြွများအား တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် အကြီးတန်းတာဝန်ရှိသူ အများအပြားကို သတ်ပစ်နိုင်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သူမှာလည်း ထိုတိုက်ခိုက်မှုအတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားလိုက်သည်။

    ဘော်နိုပြည်နယ် ဆမ်ဘီဆာသစ်တောအတွင်း ဘိုကိုဟရမ်အဖွဲ့ ခြေကုပ်ယူထားသော တာယီကျေးရွာကို ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဒဏ်ရာရသွားသည့် ခေါင်းဆောင်မှာ အဘူဘာကာ ရှီကူ ဖြစ်သည်ဟု နိုက်ဂျီးရီးယား စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆာနီ ကူကာရှီကာ အွတ်စ်မန်းက ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်၏ ထိုပြောကြားချက်နှင့် ပတ်သက်၍ ဘိုကိုဟရမ်အဖွဲ့က မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။ ရှီကူမှာ ၂၀၀၉ ခုနှစ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သူဖြစ်သည်။

    Ref : Presstv

  • ရခိုင်အရေး အကူအညီပေးနိုင်မည့်အတွက် ကျေနပ်မိသည်ဟု ကိုဖီအန်နန်ပြော

    ရခိုင်အရေး အကူအညီပေးနိုင်မည့်အတွက် ကျေနပ်မိသည်ဟု ကိုဖီအန်နန်ပြော

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    Kofi

    – ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ အကြံပေးကော်မရှင်မှာ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ကာ ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကူညီပံ့ပိုးပေးနိုင်မယ့်အတွက် မိမိအနေနဲ့ ကျေနပ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်က ပြောကြားလိုက်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီအကြံပေးကော်မရှင်ကို မြန်မာနိုင်ငံသား ၆ ဦး နိုင်ငံတကာမှ ထိပ်တန်းပုဂ္ဂိုလ် ၃ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဥက္ကဌအဖြစ် နိုဘယ်ဆုရှင် ကိုဖီအန်နန်က ဆောင်ရွက်မှာဖြစ်ပါတယ်။

    အဲဒီကော်မရှင်ဟာ ပထမဆုံးအနေနဲ့ ပြည်နယ်အတွင်း ပြည်သူအားလုံးရဲ့ အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို အဆိုပြုနိုင်ဖို့အတွက် ရခိုင်ပြည်နယ်က နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ ကော်မရှင်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေ၊ အခြေခံဝန်ဆောင်မှုများ ရရှိရေး၊ အခြေခံအခွင့်အရေးများ ရရှိရေးနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ လုံခြုံရေး စတာတွေကို ထည့်သွင်းစဉ်စားမှာဖြစ်တယ်လို့ သိရပါတယ်။

    ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာနဲ့ အကြံပြုချက်တွေကိုတော့ ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ မြန်မာအစိုးရကို တင်ပြရမှာ ဖြစ်ပါတယ်။

    kofi 2

    ကိုဖီအန်နန်ကတော့ ဒီလို ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

    “ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ဖို့ နိုင်ငံတော်အဆင့် ကြိုးပမ်းအားထုတ်မှုမှာ ပံ့ပိုးပေးရတဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ခေါင်းဆောင်တွေ၊ ရခိုင်ပြည်သူတွေရဲ့အသံတွေကို ကျွန်တော် နားထောင်သွားမှာဖြစ်ပြီး၊ အားလုံးအတွက် ပိုမိုလုံခြုံပြီး၊ သာယာဝပြောတဲ့ အနာဂတ်ကို ဆောင်ကျဉ်းပေးနိုင်ရေး ပြည်နယ်နဲ့ ဗဟိုအစိုးရအဆင့် အာဏာပိုင်တွေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ကိုဖီအန်နန်က ပြောကြားခဲ့ပါတယ်။

    ကော်မရှင်ရဲ့ အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာ သာလှရွှေ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအအကြံပေးပုဂ္ဂိုလ်ဟောင်း လက်ဘနွန်နိုင်ငံသား မစ္စတာ ဂါဆန်ဆလမ်၊ ကုလသမဂ္ဂ HIV,AIDS ဆိုင်ရာ အစီအစဉ်(UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ်နဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး ဟောင်း မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်၊ ငြိမ်းချမ်းမေတ္တာ အဖွဲ့ (မြန်မာနိုင်ငံ) တည်ထောင်သူ တစ်ဦးဖြစ်ပြီး အမြုတေအဖွဲ့ဝင် ဦးအေးလွင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း အဖွဲ့ဝင် သားဖွားမီးယပ်ပညာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌနဲ့ ရခိုင်အမျိုးသမီးများအသင်း ဒုဥက္ကဋ္ဌ ဒေါ်စောခင်တင့်တို့ ပါဝင်ပြီး ပထမဆုံး အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    Ref: kofiannanfoundation.org

  • ဆီးရီးယားရှိ ရုရှားနှင့် အစိုးရလေယာဉ်များကို ပစ်ချရန် အဆင်သင့်ရှိနေဟု ကန် သတိပေး

    ဆီးရီးယားရှိ ရုရှားနှင့် အစိုးရလေယာဉ်များကို ပစ်ချရန် အဆင်သင့်ရှိနေဟု ကန် သတိပေး

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    jet

    – ဆီးရီးယားနှင့် ရုရှားတို့၏ လေယာဉ်များက ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင်ရှိသည့် မိမိတို့၏ စစ်ရေးအကြံပေးများအား ခြိမ်းခြောက်နေသည်ဟု အမေရိကန်က ပြောကြားလိုက်ပြီး ယင်းလေယာဉ်များကို ပစ်ချရန် အဆင်သင့်ရှိနေသည်ဟု သတိပေးလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်တိုက်လေယာဉ်များမှာ ဆီးရီးယားအစိုးရ၏ တိုက်လေယာဉ်များကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်တွင် ဆီးရီးယားတိုက်လေယာဉ်များ ပြန်လည်ထွက်ခွာသွားသောကြောင့် ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ခဲ့ပေ။

    ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဂျက်ဖ် ဒါးဗစ်က ကာဒ့်တပ်ဖွဲ့ဝင်များနှင့် မိမိတို့အကြံပေးများ အလုပ်တွဲလုပ်နေသည့် ဒေသကို ဆီးရီးယားအစိုးရလေယာဉ်များက ဗုံးကြဲခဲ့ပြီးနောက် အမေရိကန် စစ်ရေးအကြံပေးများကို ကာကွယ်ရန်အတွက် ဆီးရီးယားလေယာဉ်များကို ကြားဖြတ်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။

    ဆီးရီးယားရှိ အမေရိကန်၏ စစ်ရေးအကြံပေးဆိုသည်မှာ အမေရိကန် အထူးတပ်ဖွဲ့ဝင်များကို ရည်ညွှန်းသုံးနှုန်းခြင်းဖြစ်သည်။

    ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်ကမူ မိမိတို့အနေဖြင့် မိမိတို့အဖွဲ့ကို ကာကွယ်ရန်အတွက် လိုအပ်သည်များအားလုံးကို လုပ်ဆောင်သွားမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး၊ ရုရှားက ထိုကဲ့သို့အလုပ်မျိုး ဆောင်ရွက်ပါကလည်း မိမိတို့က ပြန်လည်တိုက်ခိုက်သွားမည်ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

    “သူတို့ အမေရိကန်တပ်ဖွဲ့တွေကို ခြိမ်းခြောက်ရင် ကျွန်တော်တို့မှာ ကာကွယ်ခွင့်ရှိပါတယ်”

    Ref : Presstv

  • အီတလီတွင် ငလျင်လှုပ်၊ အပျက်အဆီးများပြား

    အီတလီတွင် ငလျင်လှုပ်၊ အပျက်အဆီးများပြား

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    italy

    – အီတလီနိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်းသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကာ အဆောက်အဦးများ အကြီးအကျယ် ပျက်ဆီးခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

    အမ်ဘရီယာဒေသရှိ နော်စီယာမြို့အနီးကို ဗဟိုပြုကာ ယနေ့မနက် ဒေသစံတော်ချိန် ၃ နာရီ ခွဲအချိန်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၆.၂ မဂ္ဂနီကျုရှိသည်။ ငလျင်ကြောင့် ရွာပေါင်း ဒါဇင်နှင့်ချီ ပျက်ဆီးခဲ့ပြီး၊ အထပ်မြင့်အဆောက်အဦးအများအပြားလည်း ပြိုကျပျက်ဆီးခဲ့သည်။

    အီတလီ ပြည်သူ့ကာကွယ်ရေးအအေဂျင်စီကမူ အဆိုပါငလျင်မှာ ပြင်းထန်သည်ဟု ပြောကြားခဲ့သည်။ ကနဦးငလျင် လှုပ်ခဲ့ပြီးနောက်ပိုင်း ပြင်းအား ၅.၅ မဂ္ဂနီကျုရှိသည့် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

    ငလျင်ဒဏ်အဆိုးဆုံး ခံစားခဲ့ရသည့်မြို့များမှာ အကူမိုလီ၊ ပိုစတာ၊ အာရ်ကွာတာ ဒဲလ် ထရွန်တိုတို့ဖြစ်ကြသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒုတိယမြောက်ကမ္ဘာကို တွေ့တော့မှာလား

    ဒုတိယမြောက်ကမ္ဘာကို တွေ့တော့မှာလား

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    star
    ဂြိုဟ်သစ်တည်ရှိရာ Proxima Centauri ကြယ်

    – ကမ္ဘာကြီးတည်ရှိရာ နေအဖွဲ့အစည်းနဲ့ အနီးဆုံးမှာရှိနေတဲ့ ကြယ်ကို လှည့်ပတ်နေပြီး သက်ရှိတွေ ရှင်သန်နေထိုင်လို့ ရနိုင်တယ်လို့ ယုံကြည်ရတဲ့ ကမ္ဘာသစ်တစ်ခုအကြောင်းကို ဥရောပ နက္ခတ္တဗေဒ ပညာရှင်တွေက မနက်ဖြန်မှာ ကြေငြာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

    ဥရောပတောင်ပိုင်း စူစမ်းလေ့လာရေးဌာန ESO က ဒီကမ္ဘာသစ်ကို တွေ့ရှိခဲ့တယ်ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက သတင်းထွက်ခဲ့ပေမယ့် ကောလဟာလအဆင့်မှာသာ ရှိခဲ့ပြီး မနေ့ကမှ ESO က အတည်ပြုခဲ့တာဖြစ်ပါတယ်။

    အဲဒီဂြိုဟ်ဟာ မိမိတို့အနေအဖွဲ့အစည်းကနေ အလင်းနှစ် ၄.၂ နှစ်လောက် သွားရမယ့် Proxima Centauri ကြယ်ကို လှည့်ပတ်နေတာဖြစ်ပြီး ကြယ်နဲ့ ဂြိုဟ်ရဲ့ အကွာအဝေးအရ သက်ရှိတွေရှင်သန်နိုင်တဲ့ ‘သမဇုန်’ မျိုးမှာ တည်ရှိတာ ဖြစ်နိုင်တယ်လို့ ESO က အမည်ဖော်လိုသူတစ်ယောက်က ဂျာမနီ အပတ်စဉ် Der Spiegel ဂျာနယ်ကို ပြောကြားခဲ့ပါတယ်။

    အဲဒီဂြိုဟ်ကို လူသားတွေရဲ့ သက်တမ်းအတွင်းမှာ သွားရောက်နိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အမည်မပေးရသေးဘဲ မနက်ဖြန် ESO က လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ် သိရမှာဖြစ်ပါတယ်။

    “အမည်မပေးရသေးတဲ့ ဒီဂြိုဟ်ဟာ ကမ္ဘာနဲ့ တူတယ်လို့ယုံကြည်ရပြီး Proxima Centauri ကြယ်ကို လှည့်ပတ်နေတဲ့ အကွာအဝေးအရ သက်ရှိတွေဖြစ်တည်ဖို့အတွက် အရေးပါတဲ့ လိုအပ်ချက်ဖြစ်တဲ့ ရေရှိနိုင်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာလိုမျိုး ဒုတိယဂြိုဟ်တစ်လုံးကို ဒီလောက်နီးကပ်တဲ့အကွာဝေးမှာ အရင်က ရှာမတွေ့ခဲ့ဖူးပါဘူး” လို့ အဲဒီ အမည်မဖော်လိုတဲ့ ရင်းမြစ်က ဆိုပါတယ်။

    ကမ္ဘာလို ဂြိုဟ်တွေကို ရှာဖွေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာဆာက ၂၀၀၉ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Kepler Spacecraft အာကာသယာဉ်ဟာ လက်ရှိအချိန်အထိ ဂြိုဟ်ပေါင်း ၄၀၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး အဲဒီအထဲက ကမ္ဘာနဲ့တူနိုင်တယ်လို့ ယုံကြည်ရတဲ့ ဂြိုဟ်အရေအတွက်ကတော့ ၂၁၆ လုံး ရှိပါတယ်။

    ဒါပေမယ့် အခု ESO ကတွေ့ရှိခဲ့တဲ့ ဂြိုဟ်လောက် မနီးဘဲ အလင်းနှစ် ထောင်ချီသွားရောက်ရတဲ့ နေရာမျိုးမှာ ရှိခဲ့တာဖြ စ်ပါတယ်။

    Ref: The Sun