News @ M-Media

Blog

  • ပါလက်စတိုင်းအလံကို ကွင်းလုံးပြည့်လွှင့်ထူကာ တစ်သားတည်းရှိကြောင်း ပြသလိုက်တဲ့ စကော့တလန်ပြည်သူများ

    ပါလက်စတိုင်းအလံကို ကွင်းလုံးပြည့်လွှင့်ထူကာ တစ်သားတည်းရှိကြောင်း ပြသလိုက်တဲ့ စကော့တလန်ပြည်သူများ

    သြဂုတ် ၁၈၊ ၂၀၁၆
    M-Media

    pal 1

    – အစ္စရေးရဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်ပြီး ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ စတော့တလန်ပြည်သူတွေဟာ သူတို့နိုင်ငံက ကလပ်အသင်းတစ်ခုနဲ့ အစ္စရေးကလပ်အသင်းတစ်ခု ကစားတဲ့ပွဲမှာ ပါလက်စတိုင်းအလံတွေကို ကွင်းလုံးပြည့် လွှင့်ထူခဲ့ကြပါတယ်။

    Celtics အသင်းနဲ့ အစ္စရေးက Hapoel Beer Sheva တို့ရဲ့ ယမန်နေ့က ချန်ပီယံလိဂ် ခြေစစ်ပွဲမှာဖြစ်ပြီး ပွဲမစခင်မှာ ‘ပါလက်စတိုင်း မဟာမိတ်’ (Palestine Alliance) ဆိုတဲ့ အဖွဲ့တစ်ခုက ပါလက်စတိုင်းအလံတွေနဲ့ ၁၉၄၈ ခုနှစ် ဂျူးတွေက ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန်က စတင်ပြီး ပါလက်စတိုင်းတွေ ခံစားခဲ့ရတဲ့ ဒုက္ခသည်သုက္ခတွေကို ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေကို ဝေငှခဲ့ကြပါတယ်။

     

    ပါလက်စတိုင်းတွေနဲ့ တစ်သားရှိကြောင်း ပြသဖို့ ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုကို လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြိုတင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ ‘ပါလက်စတိုင်းအတွက်၊ ဆဲလ်တစ်အတွက်၊ တရားမျှတမှုအတွက် အလံလွှင့်ထူရအောင်’ ဆိုတဲ့ Facebook Group မှာ လူပေါင်း ၈၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

    ပြီးတော့ အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်မှု၊ ပါလက်စတိုင်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ မရပ်သမျှ ကာလပတ်လုံးမှာ အစ္စရေးသပိတ်မှောက်ရေး လှုပ်ရှားမှုဖြစ်တဲ့ Boycott, Divestment and Sanctions (BDS) မှာ ပါဝင်ဖို့လည်း ဒီအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး ‘အစ္စရေးရဲ့ ခွဲခြားဆက်ဆံမှု၊ ကျူးကျော်အိမ်ယာတွေဆောက်ပြီး ကိုလိုနီပြုမှု၊ ပါလက်စတိုင်းပြည်သူတွေကို မရေမတွက်နိုင်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဆန့်ကျင်ရေး မိမိတို့ရဲ့ ဒီမိုကရေစီနည်းကျ အခွင့်အရေးကို အသုံးပြုဖို့’ လည်း ဆော်သြခဲ့ပါတယ်။

    ဥရောပဘောလုံးအဖွဲ့ချုပ် UEFA အနေနဲ့ အစ္စရေးနဲ့ သူတို့ရဲ့ ပေါ်လစီတွေကိုလည်း လက်မခံဖို့ ဒီ Facebook အဖွဲ့က တိုက်တွန်းခဲ့ပါသေးတယ်။ap 2

    ဂလက်စဂိုမှာကစားခဲ့တဲ့ ဒီပွဲမှာ ပါလက်စတိုင်းအလံတွေ ယူဆောင်မလာဖို့ ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပေမယ့်လည်း စကော့တလန်ပြည်သူတွေကတော့ လက်ခံခြင်း မရှိပါဘူး။

    ဆဲလ်တစ်ပရိတ်သတ်တွေဟာ ပါလက်စတိုင်းအလံတွေကို ဝှေ့ယှမ်းပြီး ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတာဟာ ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်ကလည်း အိုက်စလန်က KR Reykjavik ကလပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာလည်း ဒီလို ပါလက်စတိုင်းအလံတွေကို လွှင့်ထူခဲ့ကြပြီး ယူအီးအက်ဖ်အေက ဘောလုံးပွဲမှာ နိုင်ငံရေး ဖော်ပြချက်တွေကို မပြုလုပ်ရဘူးဆိုတဲ့ စည်းကမ်းကို ချိုးဖောက်တဲ့အတွက်ကြောင့် ဒဏ်ငွေ ၁ ၈၀၀၀ ကျော် ရိုက်ခဲ့ပါတယ်။

    ယမန်နေ့ကပွဲမှာတော့ ဆဲလ်တစ်အသင်းက ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    Ref: middleeasteye.net

  • ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကော်မရှင်ဖွဲ့မည်

    ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကော်မရှင်ဖွဲ့မည်

    Photo- Zin Linn/asiancorrespondent.com
    Photo- Zin Linn/asiancorrespondent.com

    စစ်တွေ၊ သြဂုတ် ၁၇ ရက် ။ ။ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာ လူ့အသိုက်အ၀န်းနှစ်ခုကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ပြည်ထောင်စုဝန်ကြီး ဦးရဲအောင်၏ သြဂုတ်လ ၁၆ ရက် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြောကြားချက်များအရ သိရသည်။
    .
    ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် နောက်ဆက်တွဲ ပြဿနာများအတွက် နိုင်ငံတကာမှ ပြစ်တင်ပြောဆိုမှုများ ရှိနေမှုအပေါ် အမြင်ရှင်းလင်းစေရန်အတွက် ကော်မရှင် ဖွဲ့နိုင်ရန် ဒေသခံများ၏ သဘောထားကို နယ်စပ်ရေးရာ လုံခြုံရေး ပြည်ထောင်စုဝန်ကြီး ဦးရဲအောင်နှင့် အဖွဲ့က ရယူခဲ့ကြသည်။
    .
    “ဝန်ကြီးပြောသွားတာကတော့ နောက်လာမယ့် အချိန်တွေမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းနဲ့ အစ္စလမ်ဘာသာ လူ့အဖွဲ့အစည်းတွေ အတူယှဉ်တွဲနေထိုင်ရေးအတွက် လုပ်သွားမယ်။ ဒါကို ဘက်မလိုက်တဲ့ နိုင်ငံတကာက ပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းပြီးတော့ နိုင်ငံတကာကိုချပြမယ်။ မြန်မာနိုင်ငံဟာ အစ္စလမ် ဘာသာဝင်တွေကို လူ့အခွင့်အရေး ချိုးဖောက်နေပါတယ်လို့ မြင့်နေတာကို ကျွန်တော်တို့ဘက်က လူ့အခွင့်အရေး ချိုးဖောက်နေတာ မဟုတ်ကြောင်းကို ချပြဖို့အတွက် ကော်မရှင် ဖွဲ့ပြီးတော့ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆိုပြီးတော့ ပြောသွားခဲ့ပါတယ်။” ဟု ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ် အတွင်းရေးမှူး ဦးထွန်းနေဝင်းကပြောသည်။
    .
    ပြည်ထောင်စုဝန်ကြီး ဦးရဲအောင် ဦးဆောင်သော အဖွဲ့သည် သြဂုတ်လ ၁၆ ရက်က မြောက်ဦးမြို့နယ်ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက တက်ရောက်ခဲ့သည်။
    .
    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    http://mizzimaburmese.com/article/17064

  • လကမ္ဘာအနီးမှာ အာကာသစခန်းတစ်ခုဆောက်မယ့် နာဆာ

    လကမ္ဘာအနီးမှာ အာကာသစခန်းတစ်ခုဆောက်မယ့် နာဆာ

    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media

    habitat
    အာကာသစခန်း မြေပြင်ပုံတူတစ်ခု

    – အမေရိကန်က အာကာသ စူးစမ်းလေ့လာရေးဌာန နာဆာဟာ အင်္ဂါဂြိုဟ်သွားဖို့နဲ့ စကြာဝဠာကြီးကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ သူတို့ရဲ့ စီမံကိန်းမှာ အရေးပါတဲ့အဆင့် ဖြစ်လာမယ့် အစီအစဉ်တစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

    ဒါကတော့ လအနီးမှာ အာကာသစခန်းတစ်ခုဆောက်ပြီး အာကာသယာဉ်မှူးတွေကို ထားဖို့ပါပဲ။ Next Space Technologies for Exploration Partnerships-2 (NextSTEP-2) လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းဟာ ယူရို ၆၅ သန်းလောက် ကုန်ကျမှာဖြစ်ပြီး အာကာသ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

    အဲဒီ အာကာသစခန်းရဲ့ မျှော်လင့်ချက်ကတော့ အင်္ဂါဂြိုဟ်သွားမယ့် ခရီးစဉ်အတွက် စမ်းသပ်ရာနေရာဖြစ်လာမယ့် လကမ္ဘာအနီးက အာကာကခရီးစဉ်တွေကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီအာကာသစခန်းကို မြေပြင်မှာ ပုံတူလုပ်မှာဖြစ်ပြီး စခန်းရဲ့ ဒီဇိုင်းနဲ့ အာကာသထဲရောက်သွားတဲ့အခါ ဘယ်လိုကိုင်တွယ်လည်ပတ်မလဲ ဆိုတာကို စမ်းသပ်သွားမှာပါ။

    လက်ရှိအသုံးပြုနေပြီး ကမ္ဘာပတ်လမ်းကြောင်းမှာရှိနတဲ့ နိုင်ငံတကာအာကသစခန်းလိုပဲ အခု လအနားမှာ တည်ဆောက်မယ့် ဒီအာကာသစခန်းဟာ အာကာသယာဉ်မှူးတွေရဲ့ ကွန်းခိုရာနေရာတင်မကဘဲ သုတေသနတွေပါ ပြုလုပ်နိုင်မယ့် နေရာတစ်ခုဖြစ်မယ်လို့ ဆိုပါတယ်။

    နာဆာကတော့ ဒီ အာကာသစခန်းရဲ့ ဒီဇိုင်းမှာ ပင်မယာဉ်နဲ့ ချိတ်ဆက်နိုင်စွမ်း၊ အသက်ရှင်ရပ်တည်ရေးစနစ်၊ ဓာတ်ရောင်ခြည် ကာကွယ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ ဘေးန္တရာယ်ကင်းရှင်းရေး နည်းပညာ၊ အာကာသယာဉ်မှူးတွေရဲ့ ကျန်မာရေးစောင့်ရှောက်မှုစနစ်တွေအပါအ၀င် ဆန်းပြားတဲ့ စနစ်တွေကို ပေါင်းစည်းအသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref : RT

  • DVB TV – ဘဝတူဆိုပေမယ့်

    ဒုက္ခသည်ချင်းတူပေမယ့် ပညာဆက်သင်ဖို့ အခွင့်အရေးချင်းမတူတဲ့ ရခိုင်ဒေသက ဘဝတွေအကြောင်းကို ရှုစားကြရမှာပါ။

    DVB TV မှ ကူးယူဖော်ပြပါသည်။

  • တူရကီအစိုးရက ထောင်ခါမည်

    တူရကီအစိုးရက ထောင်ခါမည်

    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media

    turkey

    – မအောင်မြင်သော အာဏာသိမ်းမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသူများအား နေရာပေးနိုင်ရန်အတွက် ဇူလိုင် ၁ ရက်နေ့ မနက်တိုင်ခင် ပြစ်မှုကျူးလွန်ထားသော အကျဉ်းသား ၃၈၀၀၀ ခန်ကို တူရကီက လွှတ်ပေးရန် ရှိနေသည်ဟု တရားရေးဝန်ကြီး ဘာကီရန် ဘော့ဒဂ်က ပြောကြားလိုက်သည်။

    ထိုကဲ့သို့ လွှတ်ပေးရန် ယနေ့တွင် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး လွှတ်ပေးမည့်သူများတွင် လူသတ်မှု၊ လိင်ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ရာဇ၀တ်မှု စသည်တို့ကို ကျူးလွန်သူများနှင့် ဇူလိုင် ၁၅ ရက်နေ့နောက်ပိုင်း ဖမ်းဆီးခံရသူများ မပါဝင်ဟု ဖော်ပြထားသည်။

    ထောင်ဒဏ် ၂ နှစ်နှင့်အောက် ကျခံနေရသူများအား လွှတ်ပေးမည်ဖြစ်ပြီး၊ ပြစ်ဒဏ်၏ ထက်ဝက်ကို ကျခံပြီးသူများကိုလည်း ခံဝန်ဖြင့် ပြန်လွှတ်မည်ဖြစ်သည်။

    ဘော့ဒဂ်ကမူ ထိုကဲ့သို့ အကျဉ်းသားများ လွှတ်ပေးမှုမှာ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ ခံဝန်ဖြင့်လွှတ်သောသူများမှလွဲ၍ ကျန်သူများ၏ ပြစ်မှုကျူးလွန်မှုများကို ပယ်ဖျက်မည်မဟုတ်ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဇူလိုင်လက မအောင်မြင်သည့် အာဏာသိမ်းမှုအပြီးတွင် တူရကီအစိုးရမှာ စစ်သားများ၊ ရဲများ၊ တရားသူကြီးများနှင့် ဂျာနယ်လစ် စုစုပေါင်း ၃၅၀၀၀ ခန့်ကို စစ်ဆေးရန်အတွက် ထိန်းသိမ်းထားပြီး၊ ၁၈၀၀၀ ကိုမူ ဖမ်းဆီးတရားစွဲဆိုထားသည်။

    Ref: Aljazeera