သြဂုတ် ၁၆၊ ၂၀၁၆
M-Media
သတင်း- မိုးစက်
.
ရန်ကုန်။ ။ ဧရာဝတီတိုင်း ဒေသရှိ သာပေါင်းမြို့နှင့် ပဲခူးတိုင်း မိုးညို မြို့နယ်များရှိ ရေဘေးသင့် ပြည်သူများကို လူမျိုးဘာသာ မခွဲခြားဘဲ ရန်ကုန်အခြေစိုက် ပရဟိတ ကူညီရေးအဖွဲ့ဖြစ်တဲ့ Myanmar Islamic Youth Foundation (MIYF) မှ သွားရောက် ကူညီခဲ့ကြောင်း သိရပါတယ်။
.
အဆိုပါ အဖွဲ့သည် ယာယီကယ်ဆယ်ရေးစခန်း မှ ရေဘေးသင့်ပြည်သူများအား ဆန်၊အိတ်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ပေါင်မုန့်၊ မဆလာ၊ ဓါတ်ဆား၊ ငါးသေတ္တာ၊ အသင့်စား လက်ဖက် အကြော်စုံ၊ သောက်ရေသန့် တို့ကို အလျဉ်းသင့်သလို ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။
.
“ကျွန်တော်တို့ လှူတယ်ဆိုတာ လူမျိုးဘာသာ မရှိပါဘူး။ ရွာက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ တကယ်လိုအပ်နေတဲ့လူတွေကို လိုသလို ခွဲခြမ်းပြီး လှူဒါန်းခဲ့တာပါ” MIYF အဖွဲ့ မှ အတွင်းရေးမှူးက ပြောပါတယ်။
.
MIYF အဖွဲ့ သည် သာပေါင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ၃၅ သိန်းကျော်၊ မိုးညိုမှ ရေဘေးသင့်ပြည်သူများအတွက် ၂၅ သိန်းကျော် လှူဒါန်းခဲ့ပြီးလည်း ဖြစ်ကြောင်း သိရှိရပါတယ်။
.
အလှူငွေများမှာလည်း အဖွဲ့ဝင်များ လစဉ်ကြေးများ အပြင်၊ ရေဘေးအတွက် ပြင်ပမှ သီးသန့် လှူဒါန်းငွေများလည်း ရရှိခဲ့ကြောင်း ဆိုပါတယ်။
.
” ကျွန်တော်တို့ အစ္စလာမ်သာသာနာရဲ့ အဆုံးအမမှာ လူတွေရဲ့ အသက်ကို ကယ်ဖို့၊ တန်ဖိုးထားဖို့လည်း ဆိုထားပါတယ်။ ကျွန်တော်တို့ အခုလုပ်နေရတဲ့ ရည်ရွယ်ချက်တွေကလည်း ဘာသာတရားရဲ့ အဆုံးအမတွေကို လိုက်နာပြီးတော့ လူသားချင်း စာနာစိတ်နဲ့ ကူညီနေတာ ဖြစ်ပါတယ်” လို့ MIYF အဖွဲ့ မှ အတွင်းရေးမှူးက လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရှင်းပြပါတယ်။
.
Myanmar Islamic Youth Foundation ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ကစတင်ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးအန္တရယ်များ၊ ပညာရေးအတွက် လိုအပ်ချက်ရှိသော နေရာများကို အဓိက လိုက်လံကူညီနေသော အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
.
ဓါတ်ပုံ-MIYF Facebook Page
Blog
-
မွတ်စလင်မ်လူငယ် ပရဟိတ အဖွဲ့ (MIYF) မှ ရေဘေးသင့်သူများအတွက် သိန်း ၆၀ ဖိုး ပစ္စည်းများလှူ
-
ကွမ်တန်ဂြိုဟ်တုလွှတ်တင်ကာ အာကာသ သမိုင်းတွင် တရုတ်က မှတ်တိုင်သစ် စိုက်ထူ
သြဂုတ် ၁၆၊ ၂၀၁၆
M-Media– တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ကွမ်တန်ဆက်သွယ်ရေးဂြိုဟ်တုအား Long March-2D ဒုံးပျံကို အသုံးပြု၍ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆိုက်ဘာတိုက်ခိုက်မှုခေတ်ကို ကျော်လွှားနိုင်မည့် ပထမဆုံး ခြေလှမ်းလည်းဖြစ်သည်။
ဂိုဘီသဲကန္တာရရှိ ဂျီကွမ်း အာကာသစခန်းမှ သြဂုတ်လ ၁၆ ရက်နေ့ (ယနေ့) ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၀ တွင် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဂြိုဟ်မှာ ကီလိုဂရမ် ၆၀၀ ကျော်လေးကာ ဘီစီ ၅ ရာစု တရုတ်ဒဿနပညာရှင်၏ အမည်ကို အစွဲပြု၍ QUESS ဟု အမည်ပေးထားသည်။
ထိုဂြိုဟ်တုမှာ sun-synchronous ကမ္ဘာပတ်လမ်းကြောင်းမှနေ၍ မိနစ် ၉၀ တိုင်း ကမ္ဘာကို တစ်ကြိမ်ပတ်မည်ဖြစ်သည်။
“အခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုဟာ တရုတ်ကို လက်ရှိအိုင်တီကဏ္ဍရဲ့ နောက်လိုက်အဖြစ်ကနေ အနာဂတ် အိုင်တီကဏ္ဍ အောင်မြင်မှုတွေကို လမ်းပြပေးမယ့် ခေါင်းဆောင်တွေထဲက တစ်ယောက်အဖြစ် အသွင်ပြောင်းပေးမှာပါ” ဟု QUESS စီမံကိန်း၏ အင်ဂျင်နီယာချုပ်ဖြစ်သော ပန်ဂျီယံဝေက ပြာကြားခဲ့သည်။
အဆိုပါဂြိုဟ်တုဖြင့် ဆောင်ရွက်မည့် ဆက်သွယ်ရေးကွန်ယက်မှာ ကြားဖြတ်ဖမ်းယူ၍မရဘဲ၊ ကွမ်တန်နည်းပညာသုံး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာရေး အရေးပါမည်ဖြစ်သည်။
Ref: RT
-
ဂျော်ဒန်ရှိ ဒုက္ခသည်ကလေးများ ပညာသင်ကြားနိုင်ရေး ဂျာမန်ဘဏ် ကူညီ
သြဂုတ် ၁၆၊ ၂၀၁၆
M-Media– ဂျော်ဒန်နိုင်ငံ၏ ပညာရေးစနစ်အား အထောက်အကူဖြစ်စေရန်အတွက် ယူရို သန်း ၂၀ တန်ဖိုးရှိ ဘဏ္ဍာရေး သဘောတူညီချက်တစ်ခုကို ဂျော်ဒန် စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဂျာမနီဘဏ်တစ်ခုဖြစ်သော KfW Development Bank နှင့် ပြီးခဲ့သည့် တစ်ပတ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ယခုသဘောတူညီချက်မှာ ဂျော်ဒန်အစိုးရက နိုင်ငံအတွင်းရှိ ပညာရေးစနစ် မြှင့်တင်ပေးရန်အတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အဆိုပါဘဏ်အား တောင်းဆိုထားမှုကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်သည်။
အဆိုပါငွေများကို ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် နှစ်ချိန်ကျောင်းများ လုပ်ငန်းလည်ပတ်မှုအတွင်း လိုအပ်သော လစာငွေများ ပေးချရာတွင် အသုံးပြုမည်ဖြစ်ပြီး၊ ဂျော်ဒန်ရှိ ဆီးရီးယားဒုက္ခသည်ကလေးများ ပုံမှန်ပညာရေးသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအား အထောက်အပံ့တစ်ခု ဖြစ်စေမည်ဖြစ်သည်။
လက်ရှိပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် အခြားသော အလှူရှင်များမှ ငွေကြေးထည့်ဝင်မှုများနှင့်အတူ
ဒုက္ခသည်ကလေးငယ် ၁၉၀၀၀၀ ကို ပညာသင်ကြားနိုင်အောင် ဂျော်ဒန်က ပြုလုပ်ပေးထားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ပညာရေးကဏ္ဍတွင် ကျောင်းဆရာများနှင့် အုပ်ချုပ်ရေးဝန်ထမ်းနေရာများအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် ရှိနေသည်။Ref : IINA
-
နေးမာမှာ မက်ဆီကို မကျော်နိုင်သေးဟု ရီဗယ်ဒိုပြော
သြဂုတ် ၁၆၊ ၂၀၁၆
M-Media– တိုက်စစ်မှူးနေးမာမှာ ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်လာခဲ့သော်လည်း ဘာစီလိုနာတွင် မက်ဆီကသာ အကောင်းဆုံးကစားသမားအဖြစ် ရှိနေသည်ဟု ဘရာဇီးလ်ကွင်းလယ်လူဟောင်း ရီဗယ်ဒိုက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း နေးမာမှာ ဘာစီလိုနာနှင့်အတူ လာလီဂါနှင့် ကိုပါဒီရေးဖလား ၂ လုံစလုံးအား ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဘာစီလိုနာ၊ ဘရာဇီးလ်တို့ဖြင့် လာလီဂါနှင့် ကမ္ဘာ့ ဖလားတို့ကို ရရှိခဲ့သည့် ရီဗယ်ဒိုကမူ နေးမာမှာ ဘာကာနည်းပြ လူးဝစ်အန်းရစ်လက်အောက်တွင် ကမ္ဘာ့ထိပ်တန်း ဘောလုံးသမားတစ်ဦး ဖြစ်လာမည်ဟု ထောက်ခံခဲ့သည်။
“ဘရာဇီးလ်နိုင်ငံသား တစ်ယောက်အနေနဲ့ပြောရရင် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နေးမာရဲ့ တိုးတက်မှုကို ကျွန်တော် တကယ့်ကို နှစ်သက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူ အောင်မြင်မှုရခဲ့သလို၊ လာမယ့်ဘောလုံးရာသီတွေကလည်း သူ့အတွက် ကောင်းမွန်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် လီယွန်နယ် မက်ဆီကသာ ကြယ်ပွင့်ကစားသမား၊ ဘာကာရဲ့ အကောင်းဆုံးသမားပါပဲ” ဟု ရီဗယ်ဒိုက ပြောကြားခဲ့သည်။
Ref: Goal
-
အစ္စရေးဆန့်ကျင်ရေးပိုစတာများ ဘတ်စ်ကားများတွင်ကပ်သည့် လှုပ်ရှားမှု ဆန်ဖရန်စစ္စကိုတွင် စတင်
သြဂုတ် ၁၆၊ ၂၀၁၆
M-Media– ပါလက်စတိုင်းပြည်သူများ၊ ၎င်းတို့ဒေသတို့နှင့်ပတ်သက်ပြီး အစ္စရေးမှ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအား မီးမောင်းထိုးပြသည့်အနေဖြင့် အမေရိကန်နှင့် နိုင်ငံတကာအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့တစ်ခုက ဆန်ဖရန်စစ္စကိုရှိ ဘတ်စ်ကားလိုင်းများတွင် အစ္စရေးဆန့်ကျင်ရေး ပိုစတာများကပ်သည့် လှုပ်ရှားမှုကို စတင်ခဲ့သည်ဟု သိရသည်။
Seattle Mideast Awareness Campaign (SeaMAC) အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုမှာ သီတင်းပတ် ၄ ပတ်တာ ကြာမြင့်မည်ဖြစ်သည်။
အဆိုပါ ကြော်ငြာများတွင် “ပါလက်စတိုင်းပြည်သူများ တန်းတူညီမျှ အခွင့်အရေးရသည်အထိ အစ္စရေးကို သပိတ်မှောက်ကြ” “အစ္စရေးရဲ့ သပိတ်မှောက်ဆန့်ကျင်ရေး ဥပဒေကို ရပ်တန့်ကြ” စသည့် ဆောင်ပုဒ်များ ပါဝင်သည်။
SeaMAC အဖွဲ့၏ တောင်းဆိုမှုများမှာ အနောက်ဖက်ကမ်းနှင့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ၊ အစ္စရေးရှိ ပါလက်စတိုင်းပြည်သူများကို အစ္စရေးက ရာဇ၀တ်မှုကျူးလွန်နေခြင်း ရပ်တန့်သွားစေရန် ရည်ရွယ်၍ အစ္စရေးကို သပိတ်မှောက်ရန်နှင့် အမေရိကန်အစိုးရက အစ္စရေးကို နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးကူညီများကို ဖြတ်တောက်ပစ်ရန် ဖြစ်သည်။
“အစ္စရေးကိုဝေဖန်တာဟာ ဂျူးလူမျိုးတွေကို ဝေဖန်တာ မဟုတ်ပါဘူး။ အစ္စရေးဆိုတာ နိုင်ငံတစ်နိုင်ငံပါ။ အခြားနိုင်ငံတွေလိုပဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ ဥပဒေဆိုင်ရာ စံသတ်မျတ်ချက်တွေကို လိုက်နာရမှာပါ။ ဘာသာတစ်ခု၊ လူမျိုးတစ်ခုက လူတွေကို အထူးအခွင့်ရေးပေးတာမျိုးဟာ လက်မခံနိုင်စရာပါပဲ” ဟု SeaMAC အဖွဲ့က ၎င်း၏ ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေးက ကျူးလွန်နေမှုများကို ကမ္ဘာကြီးကသိရှိစေရန်နှင့် ထိုကျူးလွန်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ ကမ္ဘာ့အဖွဲ့အစည်းတော်တော်များများမှာ အစ္စရေးဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေသည်။
Ref; IINA