News @ M-Media

Blog

  • အဲလစ်ပိုတွင် နေ့စဉ် ၃ နာရီ အပစ်ရပ်ပေးမည်ဟု ရုရှားကြေငြာ

    အဲလစ်ပိုတွင် နေ့စဉ် ၃ နာရီ အပစ်ရပ်ပေးမည်ဟု ရုရှားကြေငြာ

    သြဂုတ် ၁၁၊ ၂၀၁၆
    M-Media

    al

    – ဆီးရီးယားအစိုးရတပ်နှင့် သူပုန်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည့် အဲလစ်ပိုမြို့တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြို့တွင်းသို့ ၀င်ရောက်နိုင်ရန်အတွက် ရုရှားစစ်တပ်က နေ့စဉ် ၃ နာရီကြာ အပစ်ရပ်ပေးမည်ဟု ကြေငြာခဲ့သည်။

    သူပုန်များ ထိန်းချုပ်ထားရာ ထိုမြို့အား အစိုးရတပ်များက ပိတ်ဆို့ထားမှုကို ပြီးခဲ့သည့်တစ်ပတ်က ဖောက်ထွက်ရင်း တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်ပြီး ဒေသခံပြည်သူများမှာလည်း မြို့တွင်းတွင် ပိတ်မိနေသည်။ ရုရှား၏ ယခုအပစ်ရပ်မှုမှာ နေ့စဉ် မနက် ၁၀ နာရီမှ နေ့လည့် ၁ နာရီအထိဖြစ်ပြီး ကြာသာပတေးနေ့ (ယနေ့) တွင် စတင်မည်ဖြစ်ကာ မြေပြင်တိုက်ခိုက်မှု၊ လေကြောင်းမှ တိုက်ခိုက်မှု၊ အမြောက်များဖြင့် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်သွားမည်ဟု ဆိုသည်။

    ကုလသမဂ္ဂကမူ တစ်ပတ်လျှင် ၄၈ နာရီ အပစ်ရပ်ပေးရန် စောစောပိုင်းက တောင်းဆိုခဲ့ပြီး ယခု တစ်နေ့ ၃ နာရီ အပစ်ရပ်ပေးမှုမှာ ပြည်သူများ၏ လိုအပ်ချက်များအတွက် မလုံလောက်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့သာ ၃ နာရီအပစ်ရပ်ရေးကမ်းလှမ်းရင် ခင်ဗျားတို့က ဒီ ၃ နာရီနဲ့ ဘာလုပ်လို့ရမှာလဲလို့ မေးလိမ့်မယ်။ ဒီအချိန်က လုံလောက်ပါ့မလား။ အကူအညီနည်းနည်းလေးပေးဖို့တောင် လုံလောက်ပါ့မလား” ဟု ကုလမှ ထိပ်တန်းတာဝန်ရှိသူ စတီဖင် အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • IS များ ဖယ်ခုံသို့ ရောက်ရှိနေခြင်းဆိုသည်မှာ ချဲ့ကားသတင်းသာ ဖြစ်ကြောင်း ကယန်း အမျိုးသားပါတီ ထုတ်ပြန်

    IS များ ဖယ်ခုံသို့ ရောက်ရှိနေခြင်းဆိုသည်မှာ ချဲ့ကားသတင်းသာ ဖြစ်ကြောင်း ကယန်း အမျိုးသားပါတီ ထုတ်ပြန်

    သြဂုတ်၊ ၁၀ ၊၂၀၁၆
    Hinthar Media မှ ကူးယူဖော်ပြသည်။
    . phal-khone
    ရန်ကုန်၊ သြဂုတ် ၁၀ ။ ။ ကမ္ဘာ့နိုင်ငံကြီးများတွင် အကြမ်းဖက်လုပ်ရပ်များကို အဓိက လုပ်ကိုင်နေသည့် အိုင်အက်စ်(IS) အဖွဲ့ဝင်များ မြန်မာနိုင်ငံရှိ ကယားပြည် နယ် ဖယ်ခုံမြို့နယ်အတွင်း သို့ ရောက်ရှိနေခြင်းဆိုသည်မှာ ချဲ့ကားသတင်းသာ ဖြစ်ကြောင်း ကယန်းအမျိုးသား ပါတီ KNP က ကြေညာချက်ထုတ်ပြန်လိုက်သည်။
    .
    ဖယ်ခုံမြို့နယ်အတွင်း အခြေစိုက်သည့် ကယန်း အမျိုးသားပါတီ၏ သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ပြည်သူများ ထိတ်လန့် ဖြစ်စေသည့် အရေးကြီးသည့် ညွှန်ကြားချက်များကို တိကျစွာ စိစစ် ထုတ်ပြန်သင့်သည်ဟု ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။

    ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက် ဘာသာရေးခေါင်းဆောင်များ မြန်မာပြည်သို့ ရောက် ရှိနေကြောင်း သတင်းရရှိမှုကြောင့် သတိရှိစေရန် အုပ်ချူပ်ရေးအဖွဲ့အဆင့်ဆင့်သို့ သြဂုတ် လ ၃ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားခဲ့သော်လည်း ညွှန်ကြားချက်များတွင် သတင်းချဲ့ကားမှုများ ပါဝင်နေသည်ဟု KNP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    .
    သြဂုတ်လ မလေးရှားနိုင်ငံအစိုးရသို့ အိုင်အက်စ် အဖွဲ့မှပေးပို့သည့် စာအတွင်း အရှေ့တောင်အာရှနိုင်ငံများရှိ ပစ်မှတ်ထားသော ထိပ်တန်းပုဂ္ဂိုလ် များတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ အမည်လည်း ပါဝင်လျက်ရှိကြောင်း မလေးရှားနိုင်ငံအခြေစိုက် သတင်းဌာနများတွင်ဖော်ပြထားသည်။
    .
    အလားတူ ယင်းသို့ အိုင်အက်စ် အဖွဲ့၏ ခြိမ်းခြောက်မှု သတင်းရရှိမှုကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော်အဆင့် အကြီးအကဲများ၏ လုံခြုံရေးကို အထူးဂရုပြု တိုးမြှင့်ထားကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

    မူရင်းသတင်း link =>http://tinyurl.com/jrss4mj

    13886465_1146280485444646_9218220696528434591_n
    ကြံခိုင်ရေးပါတီဝင် လွှတ်တော် အမတ်ဟောင်း ဦးလှဆွေ ထုတ်ဝေသည့် ဘူးလက်ဂျာနယ်၏ သတင်းဖော်ပြမှု
    wunna  moe and queen min ya
    ဖယ်ခုံသို့ IS များ ဝင်ကြောင်း သတင်းနှင့် နိုင်ငံသား မွတ်စလင်မ်များကို အထင်မြင်လွှဲမှားစေရန် ချိတ်ဆက်ရေးသား ဖော်ပြမှုများ

    .

  • ကနေဒါရှိ အစ္စလာမ့်အသိပညာပေး ရွေ့လျားအဖွဲ့ အောင်မြင်

    ကနေဒါရှိ အစ္စလာမ့်အသိပညာပေး ရွေ့လျားအဖွဲ့ အောင်မြင်

    သြဂုတ် ၁၀၊ ၂၀၁၆
    M-Media

    mobile uslim

    – ကနေဒါနိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါကို အဆုံးသတ်စေရန် ရည်ရွယ်ကာ အစ္စလာမ်နှင့်ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်နေ ရွေ့လျားမွတ်စလင်လူငယ်အဖွဲ့ Mobile Muslim Exhibition မှာ အောင်မြင်မှုများ ရရှိနေပြီး လက်ရှိ နိုင်ငံအလယ်ပိုင်း ရက်ဂျီနာမြို့သို့ ရောက်ရှိနေသည်ဟု သိရသည်။

    စေတနာ့ဝန်ထမ်း ဒါဇင်နှင့်ချီပါဝင်သည့် အဆိုပါအဖွဲ့မှာ ကနေဒါနိုင်ငံတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများတွင်း အစ္စလာမ်နှင့် ပတ်သက်သည့် အပြုသဘောဆောင်သော သတင်းစကားများ ရရှိနိုင်ရန်နှင့် ထင်မြင်ယူဆချက်အမှားများ ပပျောက်စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

    အဆိုပါအဖွဲ့၏ လှုပ်ရှားမှာ နိုင်ငံအရှေ့ပိုင်း နယူးဘရွန်စ်ဝစ်ပြည်နယ် စိန့်ဂျွန်မြို့မှ စတင်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၄၀ ကြာမြင်ခဲ့ပြီဖြစ်ပြီး နိုင်ငံ၏ နိုင်ငံအနောက်အစွန်းရှိ ဘရစ်တစ်ရှ် ကိုလံဘီယာပြည်နယ် ဗစ်တိုးရီးယားမြို့တွင် အဆုံးသတ်မည်ဖြစ်သည်။

    Mobile Muslim Exhibition အဖွဲ့မှ ရက်ဂျီနာဆိုင်ရာအဖွဲ့မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဇီရှန် အဟ်မဒ်က မိမိတို့အဖွဲ့မှာ မည်သူ့ကိုမဆို ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။

    “အစွန်းရောက်တွေက အစ္စလာမ်ကို အချိန်ကြာကြာ ပြန်ပေးဆွဲထားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ စစ်မှန်တဲ့မွတ်စလင်တွေဟာ စိတ်နှလုံးမှာ အေးချမ်းနေပြီး အဲဒီငြိမ်းချမ်းမှုကို ကျွန်တော်တို့ရဲ့ ကနေဒါပြည်သူတွေ၊ ပတ်ဝန်းကျင်ကသူတွေကို ဖြန့်ဝေပေးပါလိမ့်မယ်။ အားနာစရာမလိုဘဲ ကျွန်တော်တို့ကို အစ္စလာမ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ အစ္စလာမ်သာသနာနဲ့ အမျိုးသမီးကဏ္ဍ၊ ဂျီဟတ်အကြောင်း စတာတွေ မေးနိုင်ပါတယ်”

    ထို့ပြင် မိမိတို့အဖွဲ့မှာ မြို့ခံများ၏ နွေးထွေးစွာ ကြိုဆိုမှုကို ရရှိခဲ့သည့်အတွက် ကျေနပ်မိကြောင်း၊ မိမိနေထိုင်ရာဒေသကို ချစ်မြတ်နိုးခြင်းမှာ ဘာသာတရားတိုင်က သွန်သင်ထားသည့်ကိစ္စဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref; IINA

  • ဟီလာရီကလင်တန်၏ အသက်ကို ခြိမ်းခြောက်သည့် စကားများ ထရမ့်ပြော

    ဟီလာရီကလင်တန်၏ အသက်ကို ခြိမ်းခြောက်သည့် စကားများ ထရမ့်ပြော

    သြဂုတ် ၁၀၊ ၂၀၁၆
    M-Media

    trum

    – လာမည့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နယ်ထရမ့်က ၎င်း၏ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်အား လုပ်ကြံရန် သဘောသက်ရောက်သည့် မှတ်ချက်တစ်ခုကို ပြောကြားခဲ့ပြီး ၎င်း၏ မဲဆွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကမူ အဓိပ္ပါယ်ကောက်လွဲခြင်းသာဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    မြောက်ကယ်ရိုလိုင်းနားပြည်နယ် ၀ီလ်မင်တန်မြို့တွင် ယမန်နေ့က ပြောကြားခဲ့သည့်မိန့်ခွန်း၌ ထရမ့်က သေနတ်ရောင်းချမှု ကန့်သတ်ရေး ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် ကလင်တန် သမ္မတမဖြစ်စေရန် သေနတ်ကိုင်ဆောင်ခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူများက ရပ်တန့်ပစ်ရမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထရမ့်၏ ထိုမှတ်ချက်မှာ အဓိပ္ပါယ်နှစ်ခွ ထွက်ခဲ့ပြီး အမေရိကန်မီဒီယာများနှင့် ဆိုရှယ်မီဒီယာ အသုံးပြုသူများကမူ ထရမ့်၏ ထိုစကားမှာ ကလင်တန်အား လုပ်ကြံရေး အားပေးရာရောက်နေသည့်အတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    ထရမ့်၏ မဲဆွယ်ရေးအဖွဲ့ကမူ ချက်ခြင်းပင် ကြေငြာချက်ထုတ်ပြန်ကာ ထိုသို့ရေးသားမှုမှာ မီဒီယာများက မရိုးမသား ပြုလုပ်ခြင်းဖြစ်ပြီး ထရမ့်က သေနတ်ကိုင်ဆောင်ရေး တက်ကြွလှုပ်ရှားသူများ၏ အင်အားကောင်းသည့် မဲပေးခွင့်ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ကလင်တန်၏ မဲဆွယ်ရေးအဖွဲ့ မန်နေဂျာ ရော်ဘီ မွတ်ကမူ ထိုပြောစကားက အန္တရာယ်ရှိသည့် အသုံးအနှုန်းဖြစ်ပြီး အမေရိကန် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသူ တစ်ဦးအနေဖြင့် ထိုကဲ့သို့ အကြမ်းဖက်လိုသည့် စကားများကို မပြောသင့်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားရှိ အဲလစ်ပိုမြို့တွင် တိုက်ပွဲများ ပြင်းထန်

    ဆီးရီးယားရှိ အဲလစ်ပိုမြို့တွင် တိုက်ပွဲများ ပြင်းထန်

    သြဂုတ် ၁၀၊ ၂၀၁၆
    M-Media

    alepo

    – ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့အား သိမ်းပိုက်နိုင်ရေး အစိုးရတပ်နှင့် သူပုန်များအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ၎င်းတို့သိမ်းယူထားသည့် မြို့အစိတ်အပိုင်းကို အစိုးရတပ်က ပြန်ယူနိုင်ခဲ့သည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ဟု သူပုန်များက ပြောကြားခဲ့သည်။

    သူပုန်များမှာ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အစိုးရတပ်များ၏ ပိတ်ဆို့ထားမှုကို ဖောက်ထွက်ကာ အဲလစ်ပိုမြို့၏ အနီးအနားပတ်ဝန်းကျင်ဒေသများအား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး အစိုးရတပ်ဖွဲ့ကလည်း လက်လွှတ်ခဲ့ရသည့် နယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးစားလျက် ရှိနေသည်။

    တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးမှုလည်း ရှိနေပြီး ကုလသမဂ္ဂကမူ အရပ်သားများ ပိတ်မိနေမည်ကို စိုးရိမ်ရသည့် ထိုမြို့အတွင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ၀င်ရောက်ခွင့်ပေးရန် တိုက်တွန်းဆော်သြထားသည်။

    ၅ နှစ်တာ ကြာမြင့်ခဲ့သည့် ဆီးရီးယားပြည်တွင်စစ်ကြောင့် လူပေါင်း ၂၈၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာလည်း ယခုအချိန်အထိ မအောင်မြင်သေးပေ။

    Ref: Aljazeera