News @ M-Media

Blog

  • အစားအစာထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာဆုတစ်ခုကို ဒူဘိုင်းမှ အစိုးရ၀န်ထမ်းတစ်ဦး ရရှိ

    အစားအစာထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာဆုတစ်ခုကို ဒူဘိုင်းမှ အစိုးရ၀န်ထမ်းတစ်ဦး ရရှိ

    သြဂုတ် ၁၀၊ ၂၀၁၆
    M-Media

    dubai

    – ၂၀၁၆ ခုနှစ်၏ စားနပ်ရိက္ခာကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာဦးဆောင်မှုဆုကို ယူအေအီးနိုင်ငံ ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့ အစားအစာထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ခါလစ် မိုဟာမက် အလ်-အာဝါဒီ ရရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံတကာ အစားအစာ စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော International Association for Food Protection (IAFP) အဖွဲ့က ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်ပြီး၊ အလ်-အာဝါဒီမှာ အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြီးခဲ့သည်တစ်ပတ်က ပြုလုပ်ခဲ့သော အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ၌ ထိုဆုကို တက်ရောက် ရယူခဲ့သည်။ IAFP အဖွဲ့က ထိုကဲ့သို့ ညီလာခံကို ပြုလုပ်နေသည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    ဒူဘိုင်းမြို့တွင် စားနိပ်ရိက္ခာ ဘေးကင်းရေးစနစ် ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာ၌ ထိရောက်သည့်အခန်းကဏ္ဍမှ ဦးဆောင်နိုင်သည့်အပေါ် အသိအမှတ်ပြုသောအားဖြင့် အလ်အာဝါဒီမှာ ထိုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

    အလ်အာဝါဒီသည် ထိုဆုကိုလက်ခံရရှိသည့် အရှေ့အလယ်ပိုင်းမှ ပထမဆုံး အစိုးရ၀န်ထမ်းတစ်ဦး ဖြစ်ပြီး ထိုဆုက ဒူဘိုင်း၏ လူနေမှုအဆင့်အတန်း ကောင်းမွန်မှု၊ ဖွံ့ဖြိုးမှုနှင့် တီထွင်နိုင်စွမ်းရှိမှုတို့ကို ထင်အပ်ခြင်းလည်းဖြစ်သည်။

    အလ်-အာဝါဒီကမူ အဆိုပါဂုဏ်ပြုဆုမှာ နောက်ထပ်စီမံကိန်းများ ထပ်မံလုပ်ဆောင်နိုင်ရန် တွန်းအားပေးမည့် အရာတစ်ခုဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

    Ref; IINA

  • မွတ်စလင်သူရဲကောင်းများကို ဂါရ၀ပြုကာ ညီညွတ်မှုကို ပြသလိုက်တဲ့ အမေရိကန်ပြည်သူများ

    မွတ်စလင်သူရဲကောင်းများကို ဂါရ၀ပြုကာ ညီညွတ်မှုကို ပြသလိုက်တဲ့ အမေရိကန်ပြည်သူများ

    သြဂုတ် ၁၀၊ ၂၀၁၆
    M-Media

    – ဒေါ်နယ်ထရမ့်က တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြတဲ့ မွတ်စလင်သူရဲကောင်းမိသားစုအပေါ် ဝေဖန်မှုကို ဆန့်ကျင်ကာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ကိုလိုရာဒိုက ပြည်သူတွေဟာ ကျဆုံးသွားခဲ့တဲ့ မွတ်စလင်စစ်သားတွေကို စစ်သချိင်္ုင်းမှာ သွားရောက် ဂါရ၀ပြုခဲ့တယ်လို့ သိရပါတယ်။

    ထရမ့်ဟာ လာမယ့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ပြီး အီရတ်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အမေရိကန် မွတ်စလင်စစ်ဗိုလ် ဟူမေယွန်ခန်းရဲ့ မိသားစုကို ပြီးခဲ့တဲ့တစ်ပတ်မှာ စော်ကားပြောဆိုခဲ့တာဖြစ်ပါတယ်။

    ကိုလိုရာဒိုက ပြည်သူ အယောက် ၃၀ လောက်ဟာ ထရမ့်ရဲ့ ဒီမှတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ Fort Logan အမျိုသားသုဿန်ကို သွားရောက်ပြီး မွတ်စလင်သူရဲကောင်းတွေကို ဂါရ၀ပြုခဲ့တာပါ။

    “ကျွန်တော်တို့ ရရှိခံစားနေရတဲ့အရာတစ်ခုဟာ ‘လွတ်လပ်ခြင်း’ ဖြစ်ပြီး အဲဒီလွတ်လပ်ခြင်းဟာ ဒီသူရဲကောင်းတွေကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဒီတာဝန်ကို ဂုဏ်ယူစွာ ထမ်းဆောင်ခဲ့ကြသူတွေပါ” လို့ သွားရောက်ဂါရ၀ပြုသူတွေက တစ်ဦးဖြစ်တဲ့ ဂျွန်နီ နီလ်ဆင်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး မိမိနဲ့ လူမျိုး၊ ကိုးကွယ်တဲ့ဘာသာမတူတဲ့သူတွေကို အထူးအလေးထားပြီး ဂါရ၀ပြုခဲ့တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

    မွတ်စလင်တွေအပါအ၀င် တိုင်းပြည်အတွင်း အသက်စွန့်ခဲ့ကြတဲ့ သူတွေကို ဒီလိုသွားရောက်ဂါရ၀ပြုလာအောင် လှုံ့ဆော်ပေးခဲ့သူကတော့ ကိုလိုရာဒိုက မိုက် ဆက်ဇ်တန်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးပါပဲ။ သူက လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိုင်းပြည်ရဲ့ သူရဲကောင်းတွေကို ကျေးဇူးတင်ကြဖို့ အမေရိကန်ပြည်သူတွေကို တိုက်တွန်းခဲ့တာပါ။

    “ခင်ဗျားနဲ့ မတူညီတဲ့လူတစ်ယောက်ရဲ့ အုတ်ဂူကို အမေရိကန်တစ်ယောက်အဖြစ်သဘောထားပြီး သွားရောက်ဂါရပြုလိုက်ပါ” လို့ ဆက်ဇ်တန်က ပြောကြားခဲ့ပါတယ်။

    ဆက်ဇ်တန်က ဗိုလ်ကြီးဟူမေယွန်ခန်းရဲ့ ဖခင် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကြောင့် ဒီလို အတွေးရခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဗိုလ်ကြီးဟူမေယွန်ခန်းဟာ ၂၀၀၄ ခုနှစ် အီရတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သူတို့ရဲ့ စစ်စခန်းဂိတ်ပေါက်အနီးမှာ သံသယဖြစ်ဖွယ် ကားတစ်စီး ကပ်လာတာကြောင့် သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ၀ပ်နေဖို့ပြောက သူကိုယ်တိုင် သွားရောက်စစ်ဆေးစဉ်အတွင်း ကားဗုံးပေါက်ကွဲ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

    ထရမ့်က ဗိုလ်ကြီးဟူမေယွန်ခန်းရဲ့ မိဘတွေကို စော်ကားပြောဆိုမှုကို သမ္မတအိုဘားမာ၊ ရီပက်ဘလစ်ကန်ပါတီက ထိပ်တန်း တာဝန်ရှိသူတွေအပါအ၀င်၊ ထင်ရှားကျော်ကြားသူများ၊ အမေရိကန်ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

    နောက်ပိုင်းမှာ အမေရိကန်ပြည်သူတော်တော်များများဟာ အမေရိကန် အာလင်တန်အမျိုးသားသုဿန်မှာ မြှုပ်နှံထားတဲ့ ဗိုလ်ကြီးရဲ့ အုပ်ဂူမှာ သွားရောက်ဂါရ၀ပြုခဲ့ကြပါတယ်။

    Ref: denver.cbslocal.com

  • တရုတ်မှာ မိမိတို့ပိုင်နက်ကို ကျူးကျော်သည်ဟု ဂျပန်ပြော

    တရုတ်မှာ မိမိတို့ပိုင်နက်ကို ကျူးကျော်သည်ဟု ဂျပန်ပြော

    သြဂုတ် ၉၊ ၂၀၁၆
    M-Media

    japan 3

    – အရှေ့တရုတ်ပင်လယ်ပြင်ရှိ မိမိတို့ပိုင်ဆိုင်သည်ဟု ယူဆထားသည့် ပိုင်နက်အတွင်းကို တရုတ်က ကျူးကျော်ဝင်ရောက်လာခဲ့သည်ဟု ဂျပန်ဘက်က စွပ်စွဲပြောကြားလိုက်ပြီး ထိုကိစ္စအတွက် မိမိတို့မှာ တည်တည်ငြိမ်ငြိမ်ဖြင့် အသေအချာတုန့်ပြန်သွားမည်ဟု ဆိုသည်။

    ဂျပန်ကက်ဘိနက်အတွင်းရေးမှူး ယိုရှီဟီဒီ ဆူဂါက ယမန်နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အမေရိကန်ကဲ့သို့ နိုင်ငံရပ်ခြား အင်အားကြီးနိုင်ငံများ ပါဝင်လာနိုင်သည့် ထိုအငြင်းပွားမှုကို အရှိန်တက်အောင် မလုပ်ရန်လည်း တရုတ်ကို သတိပေးခဲ့သည်။

    နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားနေသည့် ရေပိုင်နက်ထဲသို့ တရုတ်သင်္ဘော ၁၄ စီးမှာ ပြီးခဲ့သည့် သီတင်းပတ်က ၀င်ရောက်ခဲ့ပြီး လက်ရှိတွင် ၁၂ စီး ကျန်ရှိနေကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အပါအ၀င် မိမိတို့၏ အဖွဲ့အစည်းအများအပြားမှာ အခြေအနေအား ရင်ဆိုင်ဆောင်ရွက်နေပြီး ထိုဒေသအတွင်း ကင်းလှည့်မှုများကို တိုးမြှင့်ဆောင်ရွက်နေကြာင်း ဆူဂါက ထပ်လောင်း ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များအတွက် ဂျပန်မှာ ယခုနောက်ပိုင်းတွင် ဆန့်ကျင်ကန့်ကွက်မှု အများအပြား ပြုလုပ်ခဲ့ပြီး ကမ်းလွန်ဓာတ်ငွေ့တူးဖော်မှုလုပ်ငန်းတွင် တရုတ်က ရေဒါတပ်ဆင်မှုအတွက်လည်း သောကြာနေ့တွင် ဂျပန်က ကန့်ကွက်ခဲ့သည်။

    Ref; Presstv

  • ပါကစ္စတန်ရှိ ဘာသာပေါင်းစုံညီလာခံတွင် သည်းခံနိုင်စွမ်းမြင့်မားရေးအတွက် ပညာရေးမြှင့်တင်ရန် ဆွေးနွေး

    ပါကစ္စတန်ရှိ ဘာသာပေါင်းစုံညီလာခံတွင် သည်းခံနိုင်စွမ်းမြင့်မားရေးအတွက် ပညာရေးမြှင့်တင်ရန် ဆွေးနွေး

    သြဂုတ် ၉၊ ၂၀၁၆
    M-Media

    pes

    – ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါရ်မြို့တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နိုင်ငံတကာ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် သည်းခံမှုဆိုင်ရာ ညီလာခံတစ်ခုကို ကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ပညာရှင်များက ပိုမိုကောင်းမွန်ပြီး ငြိမ်းချမ်းသည့် ကမ္ဘာကြီး ပေါ်ပေါက်လာရေးအတွက် အဆင့်မြင့်ပညာ အသင်းအဖွဲ့များက အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အလေးထား ပြောကြားခဲ့သည်။

    ‘Inter faith Harmony-Principles of Disagreement in Islam’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါညီလာခံမှာ ၃ ရက်တာ ကြာမြင့်ခဲ့ပြီး ဘာသာပေါင်းစုံလူ့အဖွဲ့အစည်းမှ ပညာရှင် ၃၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြကာ ပြည်သူ့နယ်ပယ်နှင့် နိုင်ငံရေးနယ်ပယ်တို့တွင် သည်းခံနိုင်စွမ်းမြင့်မားရေး အရေးကြီးပုံကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ယင်းညီလာခံကို ပက်ရှ်ဝါတက္ကသိုလ် အစ္စလာမ့်ရေးရာ လေ့လာမှုဌာန (UoP) နှင့် အစ်က္ကဘားလ် သုတေသနနှင့် ညှိနှိုင်းဆွေးနွေးရေးအသင်း IIRD တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တက်ရောက်သူများတွင် ပြည်တွင်းနှင့် နိုင်ငံရပ်ခြားမှ ကျောင်းဆရာများ ပညာရှင်များလည်း ပါဝင်ခဲ့သည်။

    ဘာသာရေးအသင်းအဖွဲ့များနှင့် ၎င်းတို့၏ပညာရှင်များအကြား ကွာဟနေမှုကို လျှော့ချရန် လိုအပ်ကြောင်း တက်ရောက်သည့်ကိုယ်စားလှယ်များက အလေးပေးဆွေးနွေးခဲ့ကာ ထိုကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် ခြားနားမှုများကို ကျဉ်းမြောင်းသွားစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားတတ်သည့် အလေ့အထတစ်ခုကို ဖြစ်ပေါ်လာနိုင်သည်ဟု မိမိတို့က ယုံကြည်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “အစ္စလာမ်ဟာ ငြိမ်းချမ်းရေးသာသနာပါ။ ဒီသာသနာဟာ လူသားတွေကြားထဲမှာ မေတ္တာတရားထားရှိဖို့သာ သွန်သင်တာ မဟုတ်ပါဘူး။ အဲဒီမေတ္တာတရားကို သက်ရှိတွေအားလုံးကို ဖြန့်ကျက်သွားဖို့အထိ သွန်သင်ပါတယ်” ဟု UoP ၏ ဒုတိယ ဥက္ကဌဖြစ်သူ ပရော်ဖက်ဆာ ရဆူလ် ဂျန်က ပြောကြားခဲ့သည်။

    Ref; IINA

  • တရုတ်-ပြင်သစ် နျူစီမံကိန်းကို တရုတ်ပြည်သူများ ကန့်ကွက်

    တရုတ်-ပြင်သစ် နျူစီမံကိန်းကို တရုတ်ပြည်သူများ ကန့်ကွက်

    သြဂုတ် ၉၊ ၂၀၁၆
    M-Media

    china 7

    – အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိသည့် တရုတ်-ပြင်သစ် နျူကလီးယားစီမံကိန်းကို ဆန့်ကျင်သောအနေဖြင့် တရုတ်နိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ Lianyungang တွင် ဒေသခံထောင်ပေါင်းများစွာက လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ထိုစီမံကိန်းမှာ နျူကလီးယားစွန့်ပစ်ပစ္စည်းသန့်စင်သည့် စက်ရုံဖြစ်ပြီး ရဲတပ်ဖွဲ့က သတိပေးခဲ့သော်လည်း ပြည်သူများမှာ အစိုးရရုံးများ၏ အရှေ့တွင် တနင်္လာနေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ်က ပြင်သစ်နျူကလီးယားလောင်စာလုပ်ငန်း Areva နှင့် တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်း (CNNC) တို့အကြား နျူကလီးယားပြန်လည်သန့်စင်ရေး စက်ရုံတစ်ခု တည်ဆောက်မည့် သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး တည်ဆောက်မည့်နေရာအား အတိအကျ သတ်မှတ်ထားခြင်းမရှိပေ။

    Lianyungang မြို့ ဒေသခံများကမူ ၎င်းတို့ဒေသအနီးတွင် ကြီးမားသော နျူဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်လျက်ရှိနေသောကြောင့် ယင်းစက်ရုံအနီး ထိုနျူစွန့်ပစ်ပစ္စည်း သန့်စင်စက်ရုံစီမံကိန်း ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ကြသည်။

    ဆန္ဒပြသူများမှာ အလံများလွှင့်၍၊ ကျွေးကြော်သံများကိုလည်း ကျွေးကျော်ခဲ့ကြပြီး ထိုနျူစီမံကိန်းက ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်မှုအတွက် စိုးရိမ်မိသည်ဟု ဆိုသည်။

    Ref : Presstv