News @ M-Media

Blog

  • သင်္ဃန်းကျွန်း ရဲစခန်းမှုးနှင့် လဝက အရာရှိကို လူတစု မှ ဝတ္တရားနှောက်ယှက် ဖိအားပေးခဲ့

    သင်္ဃန်းကျွန်း ရဲစခန်းမှုးနှင့် လဝက အရာရှိကို လူတစု မှ ဝတ္တရားနှောက်ယှက် ဖိအားပေးခဲ့

    သြဂုတ် ၈ ၊ ၂၀၁၆
    M-Media
    .
    သင်္ဃန်းကျွန်း ရဲစခန်းက စခန်းမှုနှင့် လဝက အရာရှိ ကို လူတစု မှ ဝတ္တရားနှောက်ယှက် ဖိအားပေးခဲ့တဲ့ ဗီဒီယို ဖိုင်တခုကို အမည်မဖော်လိုတဲ့ CJ တစ်ဦးက M-Media ကို ပေးပို့လာပါတယ်။
    .
    ပြီးခဲ့တဲ့ ဇူလိုင်လက သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်မှာ ခိုက်ရန်ဖြစ်ပွားတဲ့ ကိစ္စကို အခြေခံပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂဆိုတဲ့ အဖွဲ့နဲ့ အမျိုးသား လှုပ်ရှားသူများဟု ဆိုသူများရဲ့ လှုံဆော်ရေးသားမှုတွေ၊ ဖိအားပေးမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း သြဂုတ်လ ၅ ရက်နေ့က အဆိုပါရပ်ကွက်မှ လူ ၂၀ ကျော်ကို ဧည့်စာရင်း စစ်သည့် ဟုဆိုက ဝင်ရောက်စစ်ဆေးပြီး ခံဝန်လက်မှတ်ထိုးပြီး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
    .
    နောက်နေ့မနက်မှာတော့ အဆိုပါ လူ ၂၀ ကျော်ကို ပြန်လည်ခေါ်ယူပြီး သင်္ဃန်းကျွန်းမြို့နယ် တရားရုံးဘေးက ပြည်သူ့ ၀န်ဆောင်မှုရုံး ထိန်းသိမ်းထားတာ ၂ ရက်ရှိခဲ့ပြီး ဒီကနေ့ မနက်မှာတော့ တရားရုံးတင် ရုံးထုတ်မှာ ဖြစ်ကြောင်း  ဒေသခံ မသီတာ က VOA က မေးမြန်းတဲ့ သတင်းမှာ ပြောပြပါတယ်။ ဘာစွဲချက်နဲ့ တရားရုံးတင်မယ်ဆိုတာ ကိုတော့ ဘယ်သူကိုမှ မေးလို့ မရကြောင်း သူမက ပြောပြပါတယ်။
    .
    သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ်  ဦးနေဘုန်းလတ်က တော့ သင်္ဃန်းကျွန်းမြို့နယ်မှာ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုတဲ့ အဖွဲ့ကနေ ဘာသာရေးအဓိက ရုန်းဖြစ်အောင် စည်းရုံးလှုံဆော်နေတာကြောင့် အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေကြောင်းပြောကြားခဲ့ကြောင်း VOA သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

  • ကိုဆိုဗိုအတွက် ပထမဆုံး အားကစားဆုတံဆိပ်ကို အိုလံပစ်တွင် ဂျူဒိုအားကစားမယ် ရယူပေး

    ကိုဆိုဗိုအတွက် ပထမဆုံး အားကစားဆုတံဆိပ်ကို အိုလံပစ်တွင် ဂျူဒိုအားကစားမယ် ရယူပေး

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    kosovo

    – ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင် ကျင်းပပြုလုပ်နေသည့် အိုလံပစ်ပြိုင်ပွဲတွင် ကိုဆိုဗို ဂျူဒို အမျိုးသမီးကစားသမားမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအတွက် ပထမဆုံး အားကစားဆုတံဆိပ်လည်း ဖြစ်သည်။

    ရွှေတံဆိပ်ဆု ရရှိခဲ့သူမှာ အသက် ၂၅ နှစ်အတွင် မာဂျီလင်ဒါ ကဲလ်မန်ဒီဖြစ်ပြီး ၅၂ ကီလိုတန်း နောက်ဆုံးဗိုလ်လုပွဲတွင် အီတလီမှ အိုဒက်တာ ဂူဖရီဒါကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရီယိုအိုလံပစ်မှာ ကိုဆိုဗိုနိုင်ငံအတွက် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲဖြစ်ပြီး ကဲလ်မန်ဒီ၏ ဆုတံဆိပ်မှာလည်း နိုင်ငံ၏ ပထမဆုံး အားကစားဆုတံဆိပ်လည်း ဖြစ်သည်။

    ဗိုလ်လုပွဲပြီးနောက် ကဲလ်မန်ဒီမှာ မျက်ရည်လည်ရွဲဖြင့် ပရိတ်သတ်များထံ သွားရောက်ကာ အောင်ပွဲခံခဲ့သည်။

    “ကိုဆိုဗိုဟာ စစ်ပွဲတွေကိုသာ ဖြတ်ကျော်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံမဟုတ်ဘူးဆိုတာ ကျွန်မ အမြဲတမ်း ကမ္ဘာကြီးကို ပြသချင်ခဲ့တာပါ” ဟု ကဲလ်မန်ဒီက ပြောကြားခဲ့ပြီး နောက်မျိုးဆက်ကလည်း မိမိကို အားကျစေချင်သည်ဟု ဆိုသည်။

    “စစ်ပွဲကနေ ရုန်းထွက်လာခဲ့ရပေမယ့် အောင်မြင်မှုတစ်ခုခုကို လိုချင်ရင် ရနိုင်တဲ့အစွမ်း ကျွန်မတို့မှာရှိတယ်ဆိုတာကို လူငယ်တွေကို ကျွန်မက သက်သေပြလိုက်တာပါပ။ သေးငယ်ပြီး ဆင်းရဲတဲ့နိုင်ငံက လာပေမယ့် သူတို့ အိုလံပစ်ချန်ပီယံဖြစ်ချင်ရင် သူတို့ တကယ်ဖြစ်လာနိုင်ပါတယ်”

    ဆားဘီးယားစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခါးစီးခံခဲ့ရပြီးနောက် ကိုဆိုဗိုမှာ ၂၀၀၈ ခုနှစ်တွင် ခွဲထွက်နိုင်ခဲ့ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    Ref : abc

  • ခရစ်ယာန်များကို ကာကွယ်ပေးရန် နိုက်ဂျီးရီးယားမွတ်စလင်အဖွဲ့တစ်ခုက နိုင်ငံအတွင်းရှိ မွတ်စလင်များကို တိုက်တွန်း

    ခရစ်ယာန်များကို ကာကွယ်ပေးရန် နိုက်ဂျီးရီးယားမွတ်စလင်အဖွဲ့တစ်ခုက နိုင်ငံအတွင်းရှိ မွတ်စလင်များကို တိုက်တွန်း

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    nigeria 3

    – ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ခံထားရတဲ့ ခရစ်ယာန်တွေကို နိုင်ငံအတွင်းက မွတ်စလင်တွေအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးကြဖို့ နိုက်ဂျီးရေးယားက ထိပ်တန်း မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Mulim Rights Concern (MURIC) က တိုက်တွန်းဆော်သြလိုက်ပါတယ်။

    မကြာသေးမီကမှ ဘိုကိုဟရမ်ရဲ့ ခေါင်းဆောင်သစ်ဖြစ်လာတဲ့ အလ်-ဘာရ်နာဝီက သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ သူတို့ အဖွဲ့ဟာ ခရစ်ယာန်ဘုရားကျောင်းတွေကို တိုက်ခိုက်ကာ၊ ခရစ်ယာန်တွေကို သတ်ဖြတ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

    MURIC က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘိုကိုဟရမ်ရဲ့ ဒီလိုခြိမ်းခြောက်မှုဟာ စက်ဆုပ်ဖွယ်ကောင်းပြီး၊ အင်မတန် ယုတ်မာတဲ့ စိတ်ထားမျိုးက ထွက်ပေါ်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ကာ မွတ်စလင်တွေအနေနဲ့ ခရစ်ယာန်တွေကို ကာကွယ်စောင့်ရှောက်သွားပြီး နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ပြသသွားရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    “အစ္စလာမ်သာသနာက ချစ်ခြင်းမေတ္တာကို သွန်သင်တာပါ။ အမုန်းတရားကို မဟုတ်ပါဘူး။ အစ္စလာမ်က ရှင်သင်ခြင်းကို ပေးတာပါ။ သေခြင်းတရားကို မဟုတ်ပါဘူး။ အစ္စလာမ်က တည်ဆောက်ပေးတာပါ။ ဖျက်ဆီးတာမဟုတ်ပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ်က မွတ်စလင်တွေ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် တရားမဲ့သတ်ဖြတ်တာမျိုးကိုတော့ ပိတ်ပင်ထားပါတယ်။ အပြစ်မဲ့သူတစ်ဦးကို သတ်ဖြတ်တာ လူသားအားလုံးကို သတ်ဖြတ်တာဖြစ်တယ်လို့လည်း သွန်သင်ထားပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    နောက်ပြီး ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့ဟာ အစ္စလာမ်ရဲ့ သင်ကြားမှုအစစ်အမှန်ကို ပုံဖျက်တာသာဖြစ်တယ်လို့လည်း MURIC က ပြောကြားခဲ့ပါတယ်။

    “သာသနာမှာ အတင်းအဓမ္မစနစ် မရှိစေရလို့ ကုရ်အာန်က ပြဌာန်းထားပါတယ်”

    နောက်ဆုံးမှာတော့ MURIC က မိမိတို့ မွတ်စလင်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကနေ ခရစ်ယာန်တွေကို ကာကွယ်သွားဖို့၊ ပြည်သူတွေအားလုံး စည်းစည်းလုံးလုံးရှိကြဖို့ ဆော်သြခဲ့ပါတယ်။

    “ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ ခွင့်မပြုဘဲ ခရစ်ယာန်တွေနဲ့အတူ ရှိနေတယ်ဆိုတာကို နိုင်ငံအတွင်းမှာရှိတဲ့ မွတ်စလင်တွေက ပြသဖို့ မိမိတို့အဖွဲ့က တိုက်တွန်းပါတယ်။ ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ မိမိတို့ မွတ်စလင်တွေအနေနဲ့ ခရစ်ယာန်အိမ်နီးချင်းတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီနည်းလမ်းနဲ့ပဲ နိုက်ဂျီးရီးယားကို စုစည်းစေမှာဖြစ်ပါတယ်”

    Ref : IINA

  • သင်္ကန်းကျွန်းမှာ ဘာသာရေး အဓိကရုန်းဖြစ်အောင် လုပ်ဆောင်မှုရှိနေဟု လွှတ်တော်အမတ် ပြော

    သင်္ကန်းကျွန်းမှာ ဘာသာရေး အဓိကရုန်းဖြစ်အောင် လုပ်ဆောင်မှုရှိနေဟု လွှတ်တော်အမတ် ပြော

    သြဂုတ် ၈ ၊ ၂၀၁၆
    VOA (မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။ )
    .0962D79B-FDF6-42A8-A112-C7D44FB8B9F3_w987_r1_s
    သင်္ဃန်းကျွန်းမြို့နယ်မှာ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုတဲ့ အဖွဲ့ကနေ ဘာသာရေးအဓိက ရုန်းဖြစ်အောင် စည်းရုံးလှုံဆော်နေတာကြောင့် အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေကြောင်း သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ သင်္ဃန်းကျွန်း တိုးချဲ့ရပ်ကွက်မှာ မျိုးချစ်အဖွဲ့တွေဆိုပြီး သံဃာတချို့နဲ့ လူအုပ်စုတစုက မနေ့ညက ခြိမ်းခြောက်မှုတွေရှိနေတာကြောင့် အခြားဘာသာဝင်တွေအနေနဲ့ စိုးရိမ်ထိန့်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။
    .
    ပြီးခဲ့တဲ့ ဇူလိုင်လက သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်မှာ ဘာသာခြားလူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ပွားတဲ့ ကိစ္စကို အခြေခံပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂဆိုတဲ့ အဖွဲ့တခုကနေ ဘာသာရေးအဓိကရုန်း ပုံစံမျိုးဖြစ်အောင် ဖန်တီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ NLD သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။
    .
    “အဓိကတော့ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုပြီးတော့ ပြောတာခင်ဗျ။
    .
    မေး။ ။ ဟုတ်ကဲ့ အဲဒါကို ဘယ်လိုဆက်ပြီးတော့ ကိုင်တွယ်ဖို့ရှိမလဲ။
    .
    ဖြေ။ ။ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာတော့ အစိုးရကို မေးရမှာပဲခင်ဗျ။ အမှန်တော့ အဲဒီရပ်ကွက်က အဲလိုပဲ ကျနော်တို့ သင်္ဃန်းကျွန်းမှာလာပြီးတော့ ဘာသာရေး လှုံ့ဆော်မှုတွေ လုပ်နေတာ ၂ ခါ ၊ ၃ ခါ လောက်ရှိပြီ။”
    .
    ဇူလိုင်လကဖြစ်ခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုမှာ ပတ်သက်သူကို ရဲဘက်က ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဒီအတောအတွင်း အခင်းဖြစ်ပွားချိန်မှာ ၀င်ရောက်တားဆီးခဲ့တာကြောင့် ဓါးဒဏ်ရာရခဲ့တဲ့ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၄)ရက်နေ့က အဆုပ်ရောင်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အခြေခံပြီး သံဃာတချို့နဲ့ လူအုပ်တချို့က သင်္ဃန်းကျွန်း တိုးချဲ့ရပ်ကွက်ဘက်မှာနေထိုင်တဲ့ အခြား အစ္စလာမ်ဘာသာဝင်တွေအပေါ် ခြိမ်းခြောက်မှုတွေရှိခဲ့တာကြောင့် အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်နေကြောင်း ဒေသခံ မသီတာကပြောပါတယ်။
    .
    မနေ့ညကဖြစ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက စတင်မေးမြန်းရာမှာ-
    .
    “အခုဘာတွေဖြစ်နေသလဲဆိုတော့ ဖြစ်တဲ့ ရပ်ကွက် ၃ ရပ်မှာပေါ့နော် ၉၆၉ အဖွဲ့တွေက အစ္စလာမ်ဘာသာဝင်တွေကို မီးရှို့မယ် ၊ ဘာညာပေါ့နော် ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တော့ အစ္စလာမ်ဘာသာဝင်တွေ ရပ်ကွက်ထဲမှာ မနေရဲဘဲနဲ့ အ၀တ်အစားထုတ်ကလေးတွေ ထုတ်ပြီးတော့ တိမ်းရှောင်နေရတယ်။ ရဲတွေကလည်း ခဏရှောင်နေဖို့ပဲပြောတာပေါ့နော်။ အခု ကျမတို့ကျတော့ ဖမ်းထားတဲ့လူတွေရဲ့အရှေ့မှာပဲ ကျမတို့ စောင့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုလည်း အန္တရာယ်ပြုမှာဆိုပြီး ကျမတို့ ၄-၅၀ ယောက်ပေါ့နော်ဒီ ၂၄ ယောက်ကို ညဘက်ကို ထိုင်စောင့်နေတယ်။
    .
    မေး။ ။သူတို့ကို အခု ဘယ်မှာ ထိန်းသိမ်းထားတာလဲရှင့်။
    .
    ဖြေ။ ။ ထိန်းသိမ်းထားတာက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးဘေးက ပြည်သူ့ဝန်ဆောင်မှုရုံး အဲဒီအထဲမှာ
    .
    မေး။ ။ ဟုတ်ကဲ့ ၉၆၉ က ဘယ်တုန်းက အဲဒီလို ခြိမ်းခြောက်တာလဲရှင့်။
    .
    ဖြေ။ ။စဖြစ်တဲ့ညကပေါ့နော်။ ကြာသပတေးညက လာစစ်တာဘုန်းကြီးတွေ မပါဘူး။ အဲဒီ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ကျမတို့ မသိတဲ့လူတွေနဲ့ လာစစ်တယ်။ အဲဒီ ရပ်ကွက်ရုံးကို ခေါ်သွားတော့မှ ဘုန်းကြီးတွေနဲ့ နောက်လူတွေကိုပါ သွားတွေ့တယ်။
    .
    မေး။ ။ ဘုန်းကြီးတွေနဲ့ ဘာကြောင့်ပါလာပြီးတော့ သူတို့က အဲဒီမှာ မေးတာလဲရှင့်။
    .
    ဖြေ။ ။ဘာတွေမေးတာလဲဆိုတော့ ကျမတို့လူတွေကိုပေါ့နော် ဘယ်ကလာတာလဲ ဘင်္ဂါလီပုံစံမျိုးပေါ့အမရယ် ရခိုင်ပြည်ကလာတယ်ဆိုပြီးတော့ ရိုဟင်ဂျာဆိုပြီးတော့ စွတ်စွဲတာတို့ အဲလိုမျိုးစွတ်စွဲတယ်။ နောက်နေ့ လ၀က ကလည်း စစ်တဲ့အချိန်မှာ သူတို့က လ၀က ကလူကြီးကိုတောင် အဲဒီလိုမျိုး စကားများကြတယ်။ အဖြူကတ်တွေထုတ်ပေးတာတွေလေ အဲဒီကတ်တွေကို ဘာကြောင့် လွယ်လွယ်ကူကူထုတ်ပေးရမှာလဲ ဘာညာဆိုပြီးတော့ အဲဒီမှာ ဘုန်းကြီးတွေကပြောတယ်။
    .
    မေး။ ။ ပြောတော့ အဲဒီမှာ လ၀က အရာရှိတွေကရော သူတို့ကို ဘာပြန်ပြောလဲ။
    .
    ဖြေ။ ။ လ၀က အရာရှိတွေက သူတို့ကို ဘာပြန်ပြောလဲဆိုတော့ သူတို့နဲ့ စကားများတဲ့ ဗွီဒီယို ဖိုင်ကိုတော့ ကျမတို့လုပ်ထားတယ်။ သူတို့က အပြစ်မရှိတာကို ဘယ်လိုဖမ်းရမလဲ ဆိုပြီးတော့ လ၀က လူကြီးတယောက်က မေးတယ်။ သူတို့ကိုပြောတာပေါ့နော် အဲဒါကို သူတို့က ဒီလိုမျိုးဖြစ်နေတာကို ဘာကိုအပြစ်မရှိရမှာလဲဆိုပြီးတော့ ဒီလ၀က လူကြီးနဲ့ သူတို့နဲ့ စကားများကြတယ်။ အဲဒီအထဲမှာ
    .
    မေး။ ။ ထိန်းသိမ်းခံထားရတဲ့လူတွေကရော ဘုန်းကြီးတွေ စွပ်စွဲသလို ရခိုင်ပြည်နယ်က မဟုတ်ဘူးဆိုရင် သူတို့ဘယ်ကလာကြတဲ့ လူတွေလဲရှင့်။
    .
    ဖြေ။ ။ သူတို့က အခုလက်ရှိက သင်္ဃန်းကျွန်း မြို့နယ်မှာ မွေးပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်မှာပဲ ကြီးတဲ့လူတွေ အများဆုံးပါတယ်။ ဒီနေရာမှာမွေး ဒီမှာကြီးတာတွေ အဲဒီ မော်လမြိုင် က ကျောင်းသားတွေကျတော့ သထုံဘက်မှာနေတဲ့လူတွေ မော်လမြိုင်ဇာတိတွေ ၊ ထောက်ခံစာတွေလည်း မော်လမြိုင် ကပဲယူထားတာ ၂၀၁၅ ထောက်ခံစာတွေ ဒါတွေတောင်မှပဲ ယူလာတာ သူတို့တွေက။ သာကေတ ကတယောက်ပါတယ် သာကေတ ထောက်ခံစာနဲ့ နယ်တွေကတောင်မပါဘူး။
    .
    မေး။ ။ အခုလောလောဆယ် သူတို့ကို ဘာအမှုနဲ့ ထိန်းသိမ်းထားသလဲဆိုတာ အမတို့ သေချာမသိသေးဘူးလား။
    .
    ဖြေ။ ။ ကျမတို့က တနေကုန်လုံးကိုမေးနေတာ လာတဲလူတိုင်းကိုလည်းမေးတယ်၊ ရဲကိုလည်းမေးတယ်။ ဘာမှန်းကို သူတို့လည်းမသိဘူးတဲ့ မနက်ဖြန်ကိုတော့ တရားရုံးတင်မယ်တဲ့ အဲဒီလိုပဲ ပြောတယ်။”
    .
    ဒီအခြေအနေနဲ့ပတ်သက်လို့ တာဝန်ကျ သုဝဏ္ဏရဲစခန်းရဲ့ စခန်းမှုးသန်းစိုးကို ဆက်သွယ်မေးမြန်းရာမှာ-
    .
    “ဒီမှာ ကျနော်တို့ရဲတပ်ဖွဲ့ လုံခြုံရေးအပြည့်ရှိပါတယ်။ ဘာမှထူးခြားမှုမရှိပါဘူး။
    .
    မေး။ ။ ဟိုတနေ့က ထိန်းသိမ်းခံထားရတဲ့အစ္စလာမ်ဘာသာဝင်တွေ အခြေအနေကရော ဘယ်လိုရှိသလဲရှင့်။
    .
    ဖြေ။ ။ အဲဒါတော့ပြောလို့မရသေးဘူးအမ”
    .
    အခုလို သင်္ဃန်းကျွန်းမြို့နယ်မှာ ဆူပူမှုတွေဖြစ်အောင် အင်တာနက်တွေက နေတဆင့်လှုံဆော်နေတာတွေကိုလည်း သတိထားကြဖို့ ဦးနေဖုန်းလတ်က ပြောပါတယ်။
    .
    “သာမန်ပြောဆိုတဲ့ကိစ္စတွေကို အခြေခံပြီးတော့ ဘာသာရေးလှုံ့ဆော်ပေးနေတဲလူတွေက တမင်သတ်သတ် အပြင်မှာရော၊ အွန်လိုင်းမှာရော လိုက်ပြီးတော့ လှုံ့ဆော်နေတာတွေရှိနေတယ်ခင်ဗျ။ အပြင်မှာလိုက်ပြီးတော့ လှုံ့ဆော်နေတဲ့အဖွဲ့တွေကို ကျနော်တို့ တစုံတရာ အရေးယူဆောင်ရွက်မှုတွေလုပ်သင့်တယ် အစိုးရအနေနဲ့လေ။ ပြည်သူတွေအနေနဲ့ကတော့ အခြေအနေမှန်တဲ့အချက်အလက်တွေကိုသုံးပြီးတော့ အွန်လိုင်းပေါ်မှာ ဘာသာရေးလှုံ့ဆော်နေတာတွေကို ချင့်ချိန်ပြီး ကျနော်တို့စဉ်းစားသင့်တယ်ခင်ဗျာ။”
    .
    မျိုးစောင့်ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဇူလိုင်လက သံဃာ့မဟာနာယကအဖွဲ့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကလည်း ဘာသာတခုနဲ့တခုကြား၊ လူမျိုးတမျိုးနဲ့ တမျိုးကြားမှာ ပဋိပက္ခတွေဖြစ်ပွားအောင် အမုန်းစကားတွေ ဖြန့်ဝေတဲ့လှုပ်ရှားမှုတွေကို အစိုးရအနေနဲ့ ထိထိရောက်အရေးယူ ကိုင်တွယ်ဖြေရှင်းမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    .
    ဓါတ်ပုံအညွှန်း- သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်တွင်း သြဂုတ်လ (၄)ရက်နေ့ညက ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေစဉ် (ဓါတ်ပုံ- မသီတာ)

    http://burmese.voanews.com/a/myanmar-extreme-religious-group-/3454750.html

  • ဦးဝီရသူတို့ မမှန်မကန် ရေးသားမှုတွေ နေဘုန်းလတ် သတိပေး

    သြဂုတ် ၇ ၊ ၂၀၁၆
    M-Media
    Nay Bone Latt
    သင်္ဃန်းကျွန်းမြို့နယ်နှင့် ပတ်သက်၍ လှုံဆော်သတင်းများနှင့်ပတ်သက်ပြီး  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က သူရဲ့ Facebook အကောင့်မှ တဆင့် အောက်ပါအတိုင်း သတိပေးရေးသားထားတာကို တွေ့ရပါတယ်။

    ကျနော် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေဘုန်းလတ်ပါ။
    .
    ဝီရသူ၊ ဝီရမျိုးဆက်၊ ဝင်းကိုကိုလတ် စတဲ့ account တွေကနေ တင်နေတဲ့ သင်္ဃန်းကျွန်းမြို့နယ်နဲ့ ပတ်သက်သောကိစ္စတွေဟာ အမှန်တရားနဲ့ ကင်းကွာနေတဲ့အချက်အလက်တွေဖြစ်တဲ့ အတွက် ကိုယ်ပိုင်အသိတရားနဲ့ချင့်ချိန်ကြပါလို့ အားလုံးကို မေတ္တာရပ်ခံပါတယ်။

    13906752_1414981405185098_8523049598087580567_n

    ဦးဝီရသူ လှုံဆော်ရေးသားထားသည့် လင့်ခ်
    https://www.facebook.com/media/set/?set=a.895579300585579.1073742217.100004005531662&type=3