News @ M-Media

Blog

  • မြန်မာစစ်ကောင်စီကို ရှုတ်ချရင်း ပြီးဆုံးသွားတဲ့ အာဆီယံ အစည်းအ၀ေး

    မြန်မာစစ်ကောင်စီကို ရှုတ်ချရင်း ပြီးဆုံးသွားတဲ့ အာဆီယံ အစည်းအ၀ေး

    သြဂုတ် ၆၊ ၂၀၂၂
    M-Media

    -အာဆီယံ သဘောတူညီချက်ကို အကောင်အထည်မဖော်တဲ့ စစ်ကောင်စီကို ‘အလွန်အမင်း စိတ်ပျက်တယ်’ လို့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးက ထုတ်ပြန်ပါတယ်။

    အခုသီတင်းပတ် အစပိုင်းက စတင်ကျင်းခဲ့တဲ့ ဒီအစည်းအ၀ေးကို စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး တက်ရောက်ခွင့် မရပါဘူး။

    အစည်းအ၀ေးနောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မြန်မာစစ်ကောင်စီက သဘောတူထားတဲ့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်တဲ့အတွက် အလွန်အမင်း စိတ်ပျက်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး တိုးတက်မှု ရှိ၊ မရှိကို စောင့်ကြည်မှာဖြစ်ပြီး၊ လာမယ့်နို၀င်ဘာမှာ လုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ ဆုံးတ်ဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။

    “မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေး ပြဿနာ တာရှည်နေတာ၊ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာတွေအတွက်လည်း စိုးရိမ်မိပါတယ်”

    ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ရင် မြန်မာ့အရေး ကိုင်တွယ်ဖို့အတွက် နောက်တစ်နည်း စဥ်းစားသွားမယ်လို့ အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က အစည်းအ၀ေး အဖွင့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာစစ်တပ်က ရိုဟင်ဂျာများကို ရှင်းလင်းသည့် အထောက်ထားသစ်များကို ရိုက်တာသတင်းဌာနက ဖော်ပြ

    မြန်မာစစ်တပ်က ရိုဟင်ဂျာများကို ရှင်းလင်းသည့် အထောက်ထားသစ်များကို ရိုက်တာသတင်းဌာနက ဖော်ပြ

    သြဂုတ် ၅၊ ၂၀၂၂
    M-Media

    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းဖို့ မြန်မာစစ်တပ်က နှစ်နဲ့ချီ စီစဥ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ရိုက်တာသတင်းဌာနက ထပ်မံ ဖော်ထုတ်လိုက်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ မှတ်တမ်းမှတ်ရာ ထောင်ချီကို စစ်ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူတွေ ရယူနိုင်ခဲ့ပြီး တစ်ချို့ကို ရိုက်တာသတင်းဌာနထံ မျှ၀ေခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မြန်မာစစ်တပ်ရဲ့ တပ်တွင်း စာရွက်စာတမ်းတွေ၊ လေ့ကျင်ရေး လက်စွဲစာအုပ်၊ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ အသုံးပြုတဲ့ ပါ၀ါပွိုင့်ဖိုင် စတာတွေ ပါ၀င်ပါတယ်။

    ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းနိုင်ရေး မြန်မာစစ်တပ်ရဲ့ အစီအစဥ်ချမှတ်မှု၊ တပ်မှူးတွေရဲ့ လျှို့၀ှက် အစည်းအ၀ေး ဆွေးနွေးဆုံးဖြတ်ချက်တွေ၊ ရိုဟင်ဂျာတွေကို မကောင်းဆိုး၀ါးအဖြစ် စနစ်တကျ ပုံဖော်မှုတာ၊ ရိုဟင်ဂျာရှင်းလင်းရေးမှာ ပါ၀င်နိုင်ဖို့ ပြည်သူ့စစ်ဖွဲ့စည်းတာ၊ အမျိုးသားရေး ဘုန်းကြီးတွေက ဒီကိစ္စမှာ ပူးပေါင်းပါ၀င်ခဲ့တာ စတာတွေကို ဒီအထောက်အထားတွေမှာ တွေ့ခဲ့ရပါတယ်။

    ဒီအထောက်အထားတွေကို အကျိုးအမြတ်မယူတဲ့ အဖွဲ့ Commission for International Justice and Accountability (CIJA) က ပြီးခဲ့တဲ့လေးနှစ် လုံးလုံး လျှို့၀ှက် စုံစမ်းစုဆောင်းခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဆို အရေးယူနိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပြီး ရရှိတဲ့ မှတ်တမ်းတွေဟာ စာမျက်နှာ ၂၅၀၀၀ စာ ရှိပါတယ်။

    CIJA မှာ ဘော့စနီးယား၊ ရ၀မ်ဒါနဲ့ ကမ္ဘောဒီးယားတို့မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာတွေကို ကျွမ်းကျင်တဲ့ ရှေ့နေတွေ ပါ၀င်ပါတယ်။

    CIJA က ရရှိတဲ့ မြန်မာစစ်တပ်ရဲ့ စာရွက်စာတမ်းတွေမှာ တစ်ခြားဒေသတွေက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မြန်မာစစ်တပ်က စနစ်တကျ လုပ်ဆောင်နေတဲ့ ကျူးလွန်မှု အထောက်အထားတစ်ချို့လည်း ပါ၀င်ပါတယ်။

    “လူတွေကို အစုလိုက်အပြုံလိုက် ရှင်းလင်းဖို့ ရည်ရွယ်ချက် ရှိနေတယ်ဆိုတာ ဒီမှတ်တမ်းတွေထဲမှာပါတဲ့ အချက်တိုင်းက ညွှန်ပြနေပါတယ်” လို့ CIJA ဘုတ်အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ စတီဖင် ရက်ပ်က ပြောပါတယ်။

    ရက်ပ်ဟာ စစ်ရာဇ၀တ်မှုဆိုင်ရာတွေကို လေ့လာဖော်ထုတ်နေတဲ့ အမေရိကန် သံတမန်ဟောင်းဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် စစ်တပ်က ရိုဟင်ဂျာတွေကို နောက်တစ်ကြိမ် သတ်ဖြတ်မောင်းထုတ်မှု မဖြစ်ခင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ရိုဟင်ဂျာတွေများလာကြောင်း၊ ဗုဒ္ဓဘာသာ၀င်တွေအနေနဲ့ ကိုယ့်နေရာမှာပဲ ကိုယ်နေဖို့ လိုအပ်ကြောင်း မှာကြားခဲ့တာကိုလည်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

    ရိုဟင်ဂျာတွေကို ရှင်းလင်းရေးမှာ အမျိုးသားရေးဘုန်းကြီးတွေလည်း ပူးပေါင်းပါ၀င်ခဲ့တာကို အချက်အလက်တွေက ညွှန်ပြနေပါတယ်။

    ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်က ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ အဖွဲ့၀င်တွေ ရခိုင်မြောက်ပိုင်းကို သွားရောက်ကာ အမျိုးသားရေးဘုန်းကြီးတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဘုန်းကြီးတွေက ‘ခိုး၀င်ဘင်္ဂါလီတွေက တိုင်းရင်းသားတွေကို သတ်ဖြတ်ပြီး’ နယ်မြေလုဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့တာကို CIJA ရရှိတဲ့ စာရွက်စာတမ်းတစ်ခုမှာ တွေ့ရပါတယ်။ ဘုန်းကြီးတစ်ပါးဆိုရင် တစ်ခုခုလုပ်ဖို့ လိုအပ်နေတယ်လို့ပါ ပြောခဲ့ပါတယ်။

    စစ်တပ်နဲ့ အမျိုးသားရေးဘုန်းကြီးတွေ ပူးပေါင်းပြီး ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းခဲ့တာကို မှတ်တမ်းတွေမှာ တွေ့ရပြီး ဒါကို အမည်မဖော်လိုတဲ့ မြန်မာစစ်တပ် တာ၀န်ရှိသူဟောင်းနှစ်ဦးက အတည်ပြုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို ရှင်းလင်းတဲ့ကိစ္စမှာ ပါ၀င်ပတ်သက်ခဲ့သူတွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၀င်ဟောင်းတွေ၊ လွှတ်တော်အမတ်တစ်ဦး၊ ဒေသခံ ရခိုင်လူမျိုးတွေ၊ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့၀င်ဟောင်း စုစုပေါင်း တစ်ဒါဇင်ကျော်လောက်ကို တွေ့ဆုံမေးမြန်းကာ CIJA က ရရှိတဲ့ မှတ်တမ်းတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထည့်သွင်းရေးသားထားပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မပြုခဲ့ဘူးလို့ ဆိုပါတယ်။

    Ref: Reuters

  • မြန်မာစစ်ခေါင်းဆောင်များကို ကိုင်တွယ်နိုင်ရေး အာဆီယံက ဗျူဟာပြောင်းမည်

    မြန်မာစစ်ခေါင်းဆောင်များကို ကိုင်တွယ်နိုင်ရေး အာဆီယံက ဗျူဟာပြောင်းမည်

    သြဂုတ် ၄၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသူတွေကို ဆက်လက် သတ်ဖြတ်နေအုံးမယ်ဆိုရင် သဘောတူညီချက် ၅ ချက် ဗျူဟာကို ပြောင်းရလိမ့်မယ်လို့ အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

    ဖနွမ်းပင်မြို့မှာ လုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ ဟွန်ဆန်က ဒီလို ပြောကြားလိုက်တာပါ။ ဒီအစည်းအ၀ေးကို စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီး တက်ရောက်ခွင့် မရပါဘူး။

    အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံက မူ ၅ ချက် ချမှတ်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်က သဘောတူခဲ့ပေမယ့် အခုအချိန်အထိ အကောင်အထည်ဖော်မှု မရှိပါဘူး။

    အဖွဲ့၀င်နိုင်ငံတွေ ဖြစ်ချင်တဲ့အတိုင်း သဘောတူညီချက် ၅ ရပ် အကောင်အထည်မပေါ်လာပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့နေရာမှာတော့ တိုးတက်မှုတွေ ရှိတယ်လို့ ဟွန်ဆန်က ပြောပါတယ်။

    ဒါပေမယ့် ဖမ်းထားတဲ့အကျဥ်းသားတွေကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အတွက် အခြေအနေက သိသိသာသာ ပြောင်းလဲသွားပြီး ငြိမ်းချမ်းရေး မဆောင်ရွက်နိုင်ခင် ပိုဆိုးဖို့ ရှိနေတယ်လို့ ဟွန်ဆန်က ထည့်သွင်း သတိပေးခဲ့ပါတယ်။

    “အကျဥ်းသားတွေကို ဆက်သတ်နေအုံးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍနဲ့ သဘောတူညီချက် ၅ ရပ်ကို ပြန်စဥ်းစားရတော့မှာပါ”

    အာဆီယံအဖွဲ့မှာ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့ အပါအ၀င် တစ်ချို့နိုင်ငံတွေက စစ်ကောင်စီကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ခေတ်မီမြို့သစ်တွင် အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး ဆော်ဒီ လျှောက်ထား

    ခေတ်မီမြို့သစ်တွင် အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး ဆော်ဒီ လျှောက်ထား

    သြဂုတ် ၄၊ ၂၀၂၂
    M-Media

    -၂၀၂၉ ခုနှစ်မှာလုပ်မယ့် ဆောင်းရာသီ အာရှအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံက အာရှ အိုလံပစ်ကောင်စီ (OCA) ထံ လျှောက်ထားလိုက်ပါတယ်။

    ၂၀၃၀ ဘက်စုံဖွံ့ဖြိုးရေး ရည်မှန်းချက်မှာ ပါ၀င်တဲ့ ခေတ်မီမြို့သစ် နီအွန် (NEOM) မှာ ကျင်းပနိုင်ဖို့ ဆော်ဒီက စီစဥ်နေတာဖြစ်ပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း သဘူးက်ဒေသမှာရှိတဲ့ တောင်ပေါမြို့ နီအွန်ကို ကမ္ဘာလှည့်ခရီးသွား အချက်အခြာနေရာ ဖြစ်လာအောင် ဆော်ဒီက ရည်ရွယ်တည်ဆောက်နေတာပါ။

    ဆော်ဒီ အိုလံပစ်ကော်မတီအကြီးအကဲ မင်းသား အဘ်ဒူလ်အဇစ်က ဆော်ဒီရဲ့ ကြွယ်၀တဲ့ သဘာ၀အမွေအနှစ်တွေကို အာရှအိုလံပစ်မိသားစု၀င်တွေထံ မျှ၀ေခံစားစေလိုတဲ့အတွက် ပြိုင်ပွဲကျင်းပဖို့ လျှောက်ထားရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

    ၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး၊ ၂၀၂၉ ခုနှစ်အတွက် အိမ်ရှင်ရွေးချယ်မှုကို အာရှအိုလံပစ်ကောင်စီက အခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: Saudi Gazette

    (ဓာတ်ပုံ – နီအွန်မြို့ဒီဇိုင်း)

  • မြန်မာပြည်သူများ ဒုက္ခရောက်နေချိန်တွင် အာဆီယံက ကြားနေ၀ါဒ မကျင့်သုံးသင့်တော့

    မြန်မာပြည်သူများ ဒုက္ခရောက်နေချိန်တွင် အာဆီယံက ကြားနေ၀ါဒ မကျင့်သုံးသင့်တော့

    သြဂုတ် ၁၊ ၂၀၂၂

    M-Media

    -အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတစ်၀ှမ်း ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့အချိန် အာဆီယံက မြန်မာကိစ္စကို ချဥ်းကပ်ရာမှာ ကြားနေ၀ါဒ ကျင့်သုံးတာမျိုး မလုပ်သင့်တော့ဘူးလို့ ဂျာကာတာပို့စ်ရဲ့ သြဂုတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ လွှင့်တင်ထားတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံတစ်၀ှမ်း ၂၁၁၄ ဦး သေဆုံးခဲ့ပါတယ်။ တရားလက်လွတ် ဖမ်းဆီးမှု၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စသဖြင့် စနစ်တကျ ကျူးလွန်နှိပ်စက်မှုလုပ်တဲ့ အထောက်အထားတွေကို တွေ့လာရပြီး ဒါတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်တယ်လို့ ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့တစ်ပတ်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦး အပါအ၀င် လူ ၄ ဦးကို သေဒဏ် စီရင်ခဲ့ပြီး နောက်ထပ် ဒီလိုလုပ်ဆောင်မယ့် အလားအလာလည်း ရှိနေပါတယ်။ လက်ရှိ စစ်ကောင်စီက သေဒဏ်ချမှတ်ထားသူ အရေအတွက်ဟာ ၇၂ ဦးရှိပြီး အဲဒီအထဲမှာ အရွယ်မရောက်သေးသူ ၂ ဦး ပါ၀င်ပါတယ်။

    ဒီလူတွေကို သေဒဏ်ချမှတ်မှုနဲ့ စီရင်မှုမှာ ဥပဒေရေးရာ မျှတတဲ့လုပ်ဆောင်ချက်တွေ မရှိဘူးလို့ ဂျကာတာပို့စ်က ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေက ဒီလိုရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့အချိန် အာဆီယံက ဘာမှ မလုပ်တာမျိုး၊ ကြားနေတာမျိုး မဖြစ်သင့်တော့ဘဲ ထိထိရောက်ရောက် လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

    သေဒဏ်စီရင်မှုကို ‘နိုင်ငံရေးလုပ်ကြံမှု’ လို့ ဆောင်းပါးမှာ သုံးနှုန်းထားပြီး ဒီလိုကိစ္စကို ‘ရှုတ်ချတယ်’ ဆိုတဲ့ စာမျိုးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်က ကြေငြာချက်ထုတ်တာဟာ မထိရောက်ဘူးလို့ ထောက်ပြထားပါတယ်။

    အကြမ်းဖက်မှု မပါတဲ့ CDM လှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲရာကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးကို ပရက်ဆိုခွန်က တော်လှန်ရေးတပ်ဖွဲ့တွေလည်း စစ်တပ်လို ကျူးလွန်တဲ့ဆိုတဲ့ သဘောမျိုး ပြောဆိုတာ၊ အာဆီယံဥက္ကဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီကို တရား၀င်တွေ့ကာ တရား၀င်အစိုးရလို အရောင်တင်ပေးပေမယ့်၊ အမျိုးသားညီညွတ်ရေးအစိုးရကို ခိုးကြောင်ခိုး၀ှက်တွေ့ဆုံတာတွေကိုလည်း ဆောင်းပါးမှာ ၀ေဖန်ထားပါတယ်။

    မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းရေး အာဆီယံဥက္ကဌ ကမ္ဘောဒီးယားက ဘာမှ မလုပ်ဆောင်သလို၊ အဖွဲ့၀င်နိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေက ၀ေဖန်တာကလွဲပြီး ထိထိရောက်ရောက် မကိုင်တွယ်တာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အတွေးမျိုး ရှိနေပြီလို့ ဆောင်းပါးက ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ဧပြီလမှာ အာဆီယံက သဘောတူညီချက် ၅ ချက်ကို သတ်မှတ်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူခဲ့ပေမယ် အကောင်အထည်ဖော်မှု မရှိပါဘူး။

    ဒီလိုကတိမတည်တာကို အာဆီယံအသိုင်းအ၀ိုင်းက ဘယ်လိုအရေးယူမှုမှ မလုပ်နိုင်တာ၊ အဖွဲ့၀င်နိုင်ငံတွေကြားထဲ သဘောထားကွဲလွဲပြီး တစ်ချိုနိုင်ငံတွေက စစ်ကောင်စီရဲ့ ကျူးလွန်မှုကို လစ်လျူရှုကာ ပ,စားပေးချင်တာတွေကိုလည်း ဆောင်းပါးမှာ ၀ေဖန်ထောက်ပြထားပါတယ်။

    ဆောင်းပါးနိးဂုံးချုပ်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံက လုပ်ဆောင်သင့်တာတွေကို ရေးသားထားပါတယ်။

    မြန်မာနိုင်ငံကို အာဆီယံအဖွဲ့က ထုတ်ပယ်တာ၊ မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ အဖွဲ့၀င်တွေနဲ့ သူတို့မွေးထားတဲ့ ခရိုနီလုပ်ငန်းရှင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ပြည်၀င်ခွင့်ပိတ်တာတွေ လုပ်ရမှာဖြစ်ပြီး ဒါမှသာ ရာဇ၀တ်မှုကျူးလွန်ရင် နောက်ဆက်တွဲ ပြစ်ဒဏ်တွေရှိတယ်ဆိုတာကို စစ်ကောင်စီနဲ့ သူတို့အဖွဲ့၀င်တွေ သိရှိလာလိမ့်မယ်လို့ ဆောင်းပါးက ဆိုပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို အာဆီယံအဖွဲ့၀င်နိုင်ငံတွေက ညီညီညွတ်ညွတ်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံဆောင်ရွက်သွားဖို့လည်း ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

    အာဆီယံဟာ သမိုင်းကြောင်းမှာ ဘယ်လိုအနေအထားမျိုးနဲ့ ကျန်ခဲ့မလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် မြန်မာကိစ္စဟာ အလှည့်အပြောင်းတစ်ခု ဖြစ်နေတယ်လို့ ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျူးလွန်မှုကို မျက်ကွယ်ပြုထားတာကို တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေး ၀င်မစွက်ရဆိုတဲ့ အာဆီယံမူနဲ့ အကြောင်းပြလို့မရကြောင်း၊ ဒီမူဟာ အဖွဲ့၀င်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ထည့်သွင်းထားတာဖြစ်ပြီး၊ လက်ရှိ မြန်မာပြည်သူတွေရဲ့ အချုပ်အခြာအာဏာကို အကြီးမားဆုံး ခြိမ်းခြောက်နေတာက မြန်မာစစ်တပ်ဖြစ်ကြောင်း၊ စစ်တပ်ရဲ့ ပြည်သူတွေအပေါ်ကျူးလွန်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ရိုက်ခတ်မှုရှိကြောင်း၊ ဒီလို လူသားထုအပေါ် ကျူးလွန်မှုတွေကို ‘တစ်ခြားနိုင်ငံပြည်တွင်းရေး ၀င်မစွက်ရ’ ဆိုတဲ့ အချက်နဲ့ အကြောင်းပြ လစ်လျူရှုထားလို့မရကြောင်း ဆောင်းပါမှာ တိုက်တွန်းရေးသားထားပါတယ်။

    မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ ဒေသအတွက် အာဆီယံက တာ၀န်ယူမှု၊ တာ၀န်ခံမှု ပြသဖို့၊ ကျူးလွန်မှုတွေရှိလာရင် အကျိုးဆက်ကို တန်ပြန်ခံစားရမယ်ဆိုတာ မြန်မာစစ်ခေါင်းဆောင်တွေ သိအောင်လုပ်ဖို့၊ အားငယ် ဒုက္ခရောက်နေပြီး အကူအညီတွေလိုအပ်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တပ်ဖို့ဟာ အာဆီယံက မဖြစ်မနေ လုပ်ဆောင်ရမယ့် တာ၀န်ဖြစ်တယ်လို့ ဆောင်းပါးကို နိဂုံးချုပ်ထားပါတယ်။

    Ref: The Jakarta Post.