News @ M-Media

Blog

  • ကျပ်သိန်းတစ်သောင်း အောင်ဘာလေဆု လာမည့်နှစ်ဆန်းတွင် စမည်

    ကျပ်သိန်းတစ်သောင်း အောင်ဘာလေဆု လာမည့်နှစ်ဆန်းတွင် စမည်

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    – မြန်မာနိုင်ငံ၏ အောင်ဘာလေထီတွင် အမြင့်ဆုံးဆုကြေးကို သိန်းတစ်သောင်းအထိ တိုးမြှင့်မှုမှာ လာမည့်နှစ်မတိုင်ခင်အထိ ဖြစ်မည်မဟုတ်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားလိုက်သည်။

    လက်ရှိတွင် အမြင့်ဆုံးဆုကြေးမှာ သိန်း ၁၅၀၀ ဖြစ်ပြီး သိန်းတစ်သောင်းအထိ တိုးမြှင့်မည့်အစီအစဉ်ကို အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ကြေငြာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယမန်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးပြီးနောက် ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အမြင့်ဆုံးဆုကြေး ကျပ် သိန်းတစ်သောင်းမှာ ချက်ခြင်းဖြစ်မည်မဟုတ်ဟု Myanmar Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    “၂၀၁၇ နှစ်ဆန်းပိုင်းလောက် စမှာပါ။ ဘယ်လစမလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ နီးလာတဲ့အချိန်ကျရင် အချိန်ကို ကြေငြာသွားမှာပါ။ ဒါပေမယ့် ထီလက်မှတ်ပုံနှိပ်မှုလုပ်ငန်းစဉ်အပေါ် မူတည်ပါလိမ့်မယ်”

    ထို့ပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနကမူ တရားမ၀င်ကံစမ်းမှုများ မြင့်တက်လာခြင်းမှ ကာကွယ်ရန်အတွက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်ရောင်းချရန် စီစဉ်နေသည်ဟု ၀န်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

    အမြင့်ဆုံးဆု တိုမြှင့်ခြင်းအပြင် ဆုသေးများကိုလည်း တိုးမြှင့်သွားမည်ဖြစ်ပြီး ဒုတိယအများဆုံး ဆုကြေးကို သိန်း ၅၀၀၀၊ ထို့နောက် သိန်းတစ်ထောင် စသဖြင့် သတ်မှတ်သွားမည်ဖြစ်သည်။ အနိမ့်ဆုံး ဆုကြေးမှာမူ ၅၀၀၀၀ ဖြစ်မည်ဖြစ်သည်။

    Ref: Myanmar Times

  • ပြင်သစ်ခရစ်ယာန်ဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှုကို ထိပ်တန်း မွတ်စလင်အဖွဲ့များ ရှုတ်ချ

    ပြင်သစ်ခရစ်ယာန်ဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှုကို ထိပ်တန်း မွတ်စလင်အဖွဲ့များ ရှုတ်ချ

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    fioe

    – ပြင်သစ်နိုင်ငံမြောက်ပိုင်း Rouen မြို့ ဆင်ခြေဖုံးမှာရှိတဲ့ Saint Etienne-du-Rouvray ခရစ်ယာန်ဘုရားကျောင်းမှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကမ္ဘာ့ ထိပ်တန်း မွတ်စလင်အဖွဲ့တွေဖြစ်တဲ့ ဥရောပအစ္စလာမ်အဖွဲ့အစည်းများအသင်းချုပ် (FIOE) နဲ့ အစ္စလာမ့်ပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ISESCO) တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးက ပြုလုပ်တဲ့ အဲဒီတိုက်ခိုက်မှုမှာ အသက် ၈၀ ကျော်အရွယ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သေဆုံးခဲ့ပြီး လူတစ်ချို့ဒဏ်ရာရကာ ၀တ်ပြုသူတွေလည်း အကြီးအကျယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ပါတယ်။

    FIOE က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ၎င်းတို့အနေနဲ့ ယခုလို ၀မ်းနည်းစရာကောင်းတဲ့အချိန်မျိုးမှာ ဘုရားကျောင်းဘက်က ရပ်တည်သွားမှာဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒဟာ မည်သည့်ဘာသာနဲ့မှ သက်ဆိုင်ခြင်းမရှိဘဲ ဒီလိုကြမ်းကြုတ်တဲ့ရက်စက်မှုမျိုးကို လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စုပေါင်းအားနဲ့တွန်းလှန်ဖို့လိုကြောင်း ဖော်ပြခဲ့ပါတယ်။

    နောက်ပြီး လူ့အဖွဲ့အစည်းအတွင်းမှာရှိ နေသူတွေအားလုံးဟာ အကြမ်းဖက်သမားတွေရဲ့ သွေးခွဲမှု၊ အမုန်းတရား ဖြန့်ဖြူးမှုတွေကို ဆန့်ကျင်တိုက်ဖျက်ရေး စည်းလုံးညီညွတ်ကြဖို့လည်း ဥရောပရဲ့ အရေးပါတဲ့ အစ္စလာမ့်အဖွဲ့အစည်းဖြစ်တဲ့ FIOE က တိုက်တွန်းခဲ့ပါတယ်။

    ဂျာမနီ၊ ပြင်သစ်တို့မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း အလွန်အမင်း စိုးရိမ်မိကြောင်း FIOE က ဖော်ပြခဲ့ပြီး၊ မွတ်စလင်တွေကိုယ်တိုင်လည်း ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်နေရတာကို မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ရေငုံနှုတ်ပိတ်နေတာကိုလည်း ဝေဖန်ခဲ့ပါတယ်။

    အစ္စလာမ့်ပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ ISESCO ကတော့ ပြင်သစ်က ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး၊ လူ့အသက်ကို တန်ဖိုးထားဖို့၊ မွတ်စလင်နဲ့ ကျမ်းစာရပုဂ္ဂိုလ်တွေရဲ့ သာသနိကအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ သွန်သင်ထားတဲ့ အစ္စလာမ့်တရားတော်နဲ့ ဆန့်ကျင်သွေဖည်နေပြီး ကိုယ်ကျင့်တရားပျက်ယွင်းတဲ့ လုပ်ရပ်သာဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    နောက်ပြီး အကြမ်းဖက်ဝါဒကို တိုက်ထုတ်ကာ ဆိုးရွားတဲ့ အဲဒီလိုအပြုအမူတွေကနေ လူ့အဖွဲ့အစည်းဝင်များကို ကာကွယ်ဖို့အတွက် အလွှာအားလုံးက အားထုတ်ကြိုးပမ်းကြဖို့လည်း ISESCO က တောင်းဆိုခဲ့ပါတယ်။

    Ref;IINA

  • ထရမ့်ဟာ အခွင့်အရေးသမား၊ အကောင်းမမြင်တတ်သူဟု အမေရိကန်ဒုသမ္မတ ပြော

    ထရမ့်ဟာ အခွင့်အရေးသမား၊ အကောင်းမမြင်တတ်သူဟု အမေရိကန်ဒုသမ္မတ ပြော

    ဇူလိုင် ၂၈၊ ၂၀၁၆
    M-Media

    baiden

    – ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်မှာ အခွင့်အရေးသမားဖြစ်ပြီး အမေရိကန်ကို ကြီးကျယ်အောင်လုပ်နိုင်သည့် အရည်အချင်းမျိုး မရှိဟု အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဒီမိုရက်တစ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ မိန့်ခွန်း၌ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မဲဆွယ်ပွဲများတွင် ထရမ့် ပြောကြားနေကြစကားဖြစ်သော ‘ခင်ဗျားကို ထုတ်လိုက်ပြီ’ ဆိုသည့် စကားလုံးကိုလည်း ဝေဖန်ခဲ့ကာ ထရမ့်မှာ အကောင်းမြင်စိတ်မရှိဟု ဆိုသည်။

    “စဉ်စားကြည့်ရင် – ထုတ်လိုက်ပြီဆိုကတည်းက ဘယ်လိုလုပ် ပျော်ရွှင်မှု ရနိုင်တော့မလဲ။ အမေရိကကို ကြီးကျယ်အောင် လုပ်နိုင်တယ်လို့ ယုံကြည်ရတဲ့ အရည်အချင်းမျိုး သူ့မှာ မရှိပါဘူး။ တကယ်ပါ။ အခုအချိန်အထိ အဲဒီလို အရည်အချင်းမျိုး မရှိပါဘူး”

    ထို့ပြင် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ထရမ့်မှာ ရွေးချယ်ခံရရန် မသင့်တော်ကြောင်း၊ ထရမ့်အား သမ္မတအဖြစ် ရွေးချယ်ပါက ခြိမ်းခြောက်မှု ကြီးမားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

    ဒီမိုကရက်တစ်ပါတီကမူ သမ္မတလောင်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ရွေးချယ်ထားသည်။

    Ref: Aljazeera

  • နေစွမ်းအင်သုံးလေယာဉ်၏ သမိုင်းဝင်ကမ္ဘာတစ်ပတ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    နေစွမ်းအင်သုံးလေယာဉ်၏ သမိုင်းဝင်ကမ္ဘာတစ်ပတ်ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    solar 1

    – နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုသည့် ပထမဆုံး လေယာဉ်ဖြစ်သော Solar Impulse 2 ၏ သမိုင်းဝင် ကမ္ဘာတစ်ပတ်ခရီးစဉ်မှာ ယမန်နေ့က အဘူဒါဘီသို့ ဆင်းသက်မှုနှင့်အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဟု သိရသည်။

    နောက်ဆုံးခရီးစဉ်အဖြစ် အဆိုပါလေယာဉ်မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ ယခုတစ်ပတ်အစောပိုင်းက ထွက်ခွာလာခြင်းဖြစ်ပြီး မိုင်ပေါင်း ၂၅၀၀၀ ရှိကာ ခရီးစဉ် ၁၆ ခု ပိုင်းခြားသတ်မှတ်ထားသည့် ၎င်းတို့၏ ကမ္ဘာတစ်ပတ်အစီအစဉ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    “အခုတော့ ကျွန်တော်တို့ဟာ အတူမက်ခဲ့ရတဲ့အိပ်မက် အကောင်အထည်ပေါ်မှုကို မြင်တွေ့နေရပါပြီ။ ဆိုလာလေယာဉ်နဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာပတ်နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားမှု၊ မျက်ရည်ကျမှု၊ စိတ်သက်သာရမှု၊ ပီတိဖြစ်မှုတွေကို ကျွန်တော်တို့ အခု ခံစားနေရပါတယ်” ဟု ဆွစ်ဇာလန်နိုင်ငံတွင် အခြေစိုက်သည့် အဆိုပါ Solar Impulse 2 အသင်းက ၎င်းတို့၏ ဘလော့ဂ်စာမျက်နှာတွင် ရေးသားခဲ့သည်။

    အဆိုပါ ကမ္ဘာတစ်ပတ် ခရီးစဉ်ကို ၂၀၁၅ ခုနှစ် မတ်လက အဘူဒါဘီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာနှင့် အတ္တလန်တိတ် သမုဒ္ဒရာ ၂ ခုစလုံးကိုလည်း လောင်စာဆီအသုံးမပြုဘဲ ပထမဆုံး ဖြတ်ကျော်နိုင်ခဲ့သည့် သမိုင်းမှတ်တမ်းကို ရရှိခဲ့သည်။

    တောင်ပံအလျားမှာ ဘိုးအင်း ၇၄၇ လေယာဉ်ထက်ရှည်ပြီး သာမန် အိမ်စီးကားတစ်စီးခန့်သာ အလေးချိန်ရှိသည့် အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဆွစ်ဇာလန် အင်ဂျင်နီယာ ပစ်ကာ့ဒ်နှင့် စီးပွားရေးသမား ဘာထရန် ဘော့စ်ခ်ျ ဘာ့ဂ်တို့က တီထွင်ကာ ၎င်းတို့ကိုယ်တိုင် တစ်လှည့်စီ ပျံသန်းခဲ့ခြင်းဖြစ်သည်။

    အဆိုပါလေယာဉ်မှာ နေ့ဘက်တွင် နေရာင်ခြည်စွမ်းအင်ကို အသုံးပြု၍ ပျံသန်းပြီး တစ်ချိန်တည်းတွင် ဘက်ထရီကိုလည်း အားသွင်းကာ ညပိုင်းတွင် ထိုဘက်ထရီကို အသုံးပြု၍ ပျံသန်းခြင်းဖြစ်သည်။

    “အင်မတန်မှ ထူးခြားတဲ့ ကာလပါပဲ။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့အတွက် ကျွန်တော်ဟာ ၁၅ နှစ်လောက် အလုပ်လုပ်ခဲ့ရတာပါ။ ဒီအောင်မြင်မှုဟာ လေကြောင်းသမိုင်းမှာတင် ပထမဆုံးမဟုတ်ဘဲ၊ စွမ်းအင်သမိုင်းမှာလည်း ပထမဆုံးဖြစ်တယ်ဆိုတာ လူတွေ နားလည်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု နောက်ဆုံး ခရီးစဉ်ကို မောင်းနှင်ခဲ့သည့် ပစ်ကာ့ဒ်က ပြောကြားခဲ့သည်။

    solar 2

    Ref: the guardian, CNN

  • အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားမည်ဟု အာရပ်ခေါင်းဆောင်များ ကတိပြု

    အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားမည်ဟု အာရပ်ခေါင်းဆောင်များ ကတိပြု

    ဇူလိုင် ၂၇၊ ၂၀၁၆
    M-Media

    arab

    – မော်ရစ်တေးနီးယားနိုင်ငံမှာ အခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အာရပ်လိဂ်ညီလာခံမှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ အာရဗ်ခေါင်းဆောင်တွေက ကတိပြုခဲ့ပြီး ဒေအတွင်း လွှမ်းမိုးလာတဲ့ အကြမ်းဖက်မှုအန္တရာယ်က ညီလာခံရဲ့ အဓိက အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

    မော်ရစ်တေးနီး သမ္မတ မိုဟာမက် အဗ္ဗဒွလ်အဇစ် ဥက္ကဌအဖြစ်တာဝန်ယူတဲ့ အဲဒီ ထိပ်သီးညီလာခံကို တနင်္လာနေ့က Nouakchott မြို့ ကွင်းပြင်ကြီးတစ်ခုအတွင်းမှာ စတင်ခဲ့တာဖြစ်ပြီး၊ ၂ ရက်ကြာမြင့်တဲ့ အဲဒီညီလာခံမှာ ဆီးရီးယား၊ အီရတ်၊ ယီမင်နဲ့ လစ်ဗျားတို့မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဓိကထားဆွေးနွေးပြောဆိုခဲ့ပါတယ်။

    အီဂျစ်ဝန်ကြီးချုပ် ရှရစ်ဖ် အစ္စမာအီလ်ကတော့ အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာအတွင်းမှာ IS လို အကြမ်းဖက်အဖွဲ့တွေ ပေါ်ထွက်လာမှုနဲ့ လူငယ်တွေ အစွန်းရောက်တွေရဲ့ သိမ်းသွင်းမှုကို ခံရတာဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဒေသတွင်း ၀င်ရောက်စွက်ဖက်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    “အာရပ်တွေရဲ့အရေးကိစ္စတွေမှာ ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုဟာ လက်ရှိပဋိပက္ခတွေဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ဒါ့ကြောင့် ပြည်ပအနှောင့်အယှက်တွေကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ဒေသတွင်းနိုင်ငံတွေအနေနဲ့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

    Ref; Aljazeera