ဇူလိုင် ၃၀၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်အင်္ဂါနေ့က ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို စီးနင်းဝင်ရောက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အစွန်းရောက်တစ်ဦးကို အစ္စလာမ့်ထုံးတမ်းအရ သင်္ဂြိုဟ်ရန် ဒေသတွင်းရှိ မွတ်စလင်အသိုင်းအ၀ိုင်းက လက်မခံဟု သိရသည်။
အသက် ၁၉ နှစ်အရွယ်စီရှိကြသည့် အဒဲလ် ကာရ်မီချီနှင့် အဘ်ဒဲလ် မာလစ် ပီတစ်ဂျင်တို့မှာ ဘုရားကျောင်းအတွင်းသို့ စီးနင်းဝင်ရောက်ကာ ဓားစာခံများကို ဖမ်းဆီးထားခဲ့သည်။ ထို့နောက် အသက် ၈၀ ကျော်အရွယ်ရှိ ဘုန်းတော်ကြီးတစ်ဦးကို သတ်ဖြတ်ကာ ဘုရားကျောင်းမှ ထွက်ပြေးရာတွင် ပြင်သစ်အထူးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ၎င်းတို့ ၂ ဦးစလုံး သေဆုံးခဲ့သည်။
IS အကြမ်းဖက်အဖွဲ့ကမူ ဘုရားကျောင်းကို ၀င်ရောက်စီးနင်းသူ ၂ ဦးစလုံးမှာ ၎င်းတို့အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဒဲလ် ကာရ်မီချီ၏ နေရပ်ဖြစ်သော Saint-Étienne-du-Rouvray မှ မွတ်စလင်ခေါင်းဆောငးများကမူ ကာရ်မီချီ၏ လုပ်ရပ်က အစ္စလာမ်သာသနာအား စွန်းထင်းစေသောကြောင့် ၎င်း၏ ဈာပနကို မိမိတို့က စီစဉ်ကျင်းပပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ သူ့ရဲ့ဈာပနစီစဉ်မှုမှာ ပါဝင်မှာ မဟုတ်ပါဘူး” ဟု ဒေသတွင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဥက္ကဌဖြစ်ပြီး ရှေ့ဆောင်အီမာမ်လည်းဖြစ်သူ မိုဟာမက် ကာရာဘီလာက ပြောကြားခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ ဒေသခံ မွတ်စလင်တစ်ဦးဖြစ်သူ ခါလစ် အလ် အမ်ရာနီကလည်း အစွန်းရောက်များ၏ ဈာပနတွင် မွတ်စလင်များ မပါဝင်လိုခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စဖြစ်သည်ဟု ဆိုသည်။
“ဒီလူငယ်လေးတွေလုပ်တဲ့လုပ်ရပ်က တော်တော်လေး အပြစ်ကြီးတဲ့လုပ်ရပ်ပါ။ ပြီးတော့ သူတို့ဟာ အဲဒီလုပ်ရပ်ကြောင့် အစ္စလာမ့်ပြင်ပကို ရောက်သွားပါတယ်” ဟု အမ်ရာနီက ပြောကြားခဲ့သည်။
Ref: Independent