News @ M-Media

Blog

  • နျူဗုံးထုတ်နိုင်သည့်စွမ်းရည် ရှိသော်လည်း မထုတ်ဟု အီရန်ပြော

    နျူဗုံးထုတ်နိုင်သည့်စွမ်းရည် ရှိသော်လည်း မထုတ်ဟု အီရန်ပြော

    သြဂုတ် ၃၊ ၂၀၂၂
    M-Media

    -မိမိတို့ဟာ နျူလက်နက် ထုတ်လုပ်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေပြီလို့ အီရန် နျူကလီးယားစီမံကိန်း အကြီးအကဲ မိုဟာမက် အက်စ်လာမီက ပြောကြားလိုက်ပါတယ်။

    အဓိပတိ အယာတိုလာ ခါမေနီရဲ့ အကြံပေး ကမာလ် ခါရာဇီက အီရန်ရဲ့ နျူနည်းပညာဟာ လက်နက်ထုတ်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်ဆိုတဲ့ ဇူလိုင်လအတွင်း ပြောကြားမှုကို အက်စ်လာမီက အတည်ပြုလိုက်တာပါ။

    အီရန်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တွေက နျူလက်နက်ကိစ္စနဲ့ပတ်သက်ပြီး ဒီလိုမှတ်ချက်ပေးတာမျိုး အရင်က မရှိခဲ့ပါဘူး။

    အနောက်နိုင်ငံတွေက အီရန်ရဲ့ နျူစီမံကိန်းဟာ လက်နက်ထုတ်ဖို့အတွက်လို့ စွပ်စွဲထားပြီး အီရန်က ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။ နျူစီမံကိန်းဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့ ဖြစ်တယ်လို့ အီရန်က အခိုင်အမာ ပြောဆိုထားပါတယ်။

    ပြည်တွင်းသတင်းဌာန Fars နဲ့ မနေ့က အင်တာဗျူးမှာ အက်စ်လာမီက နျူလက်နက်ထုတ်နိုင်စွမ်းရှိနေပေမယ့် မိမိတို့စီမံကိန်းမှာ လက်နက်ထုတ်လုပ်မှု မပါ၀င်ဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “မစ္စတာ ခါဇာရီ ပြောခဲ့သလိုပါပဲ။ အီရန်ဟာ နည်းပညာပိုင်းမှာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စီမံကိန်းမှာ ဒီကိစ္စ မပါ၀င်ပါဘူး”

    နျူစီမံကိန်းကို ရပ်တန့်နိုင်ရေး အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့ပေမယ့် သမ္မတထရမ့်လက်ထက် ဒီသဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်သွားပြီးတဲ့နောက် ပျက်ပြယ်သွားပါတယ်။

    လက်ရှိမှာ အနောက်နိုင်ငံတွေဟာ နောက်ထပ် သဘောတူညီချက်တစ်ခု ရယူကာ အီရန်ရဲ့ နျူစီမံကိန်းကို ဟန့်တားဖို့ ကြိုးပမ်းနေကြပါတယ်။

    Ref: BBC

  • ဂျပန်ဂျာနယ်လစ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး

    ဂျပန်ဂျာနယ်လစ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး

    ဇူလိုင် ၃၁၊ ၂၀၂၂

    M-Media

    – ဂျပန်ဂျာနယ်လစ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဂျပန်မီဒီယာတစ်ခုဖြစ်တဲ့ Nikkei Asia သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။

    အသက် ၂၀ ကျော်အရွယ် တိုရူ ကူဘိုတာဖြစ်ပြီး စနေ့ နေ့က ရန်ကုန်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း မြန်မာနိုင်ငံသား ၂ ယောက်နဲ့အတူ ဖမ်းဆီးခံလိုက်ရတာပါ။ 

    ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးက ဒီသတင်းကို အတည်ပြုပါတယ်။ စစ်ကောင်စီ ရဲတပ်ဖွဲ့အကြီးအကဲနဲ့ ဆက်သွယ်ကာ မေးမြန်းခဲ့ကြောင်း၊ ကူဘိုတာဟာ ကျန်းမာရေးကောင်းပြီး၊ ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်လို့ ရဲချုပ်က ပြောကြောင်း ဂျပန်သံရုံးက Nikkei Asia သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ 

    ကူဘိုတာဟာ အလွတ်တမ်း မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးသူအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး အရင်က မြန်မာနိုင်ငံကနေ သတင်းတွေ ပေးပို့ဖူးတယ်လို့ သူငယ်ချင်းဖြစ်သူက Nikkei Asia ကို ပြောပါတယ်။ 

    ဂျပန်ရောက်မြန်မာတွေ စစ်အာသိမ်းမှု ဆန့်ကျင်တဲ့ သတင်းတွေကိုလည်း ကူဘိုတာက သတင်းဌာတွေထံ ပေးပို့လေ့ ရှိပါတယ်။ 

    Ref: Nikkei Asia

  • တရုတ်ဒုံးပျံယာဥ် အပျက်အဆီးရန်မှ ကမ္ဘာ့ပြည်သူများ ကံကောင်းစွာ လွတ်ကင်း

    တရုတ်ဒုံးပျံယာဥ် အပျက်အဆီးရန်မှ ကမ္ဘာ့ပြည်သူများ ကံကောင်းစွာ လွတ်ကင်း

    ဇူလိုင် ၃၁၊ ၂၀၂၂
    M-Media

    -တရုတ်အာကာသဒုံးပျံ အစိတ်အပိုင်းဟာ ကမ္ဘာ့လေထုထဲ ၀င်ရောက်လာပြီးတဲ့နောက် မနေ့က အိန္ဒိယ သမုဒ္ဒရာထဲကို ပြုတ်ကျသွားပါတယ်။

    ကိုယ်ပိုင်အာကာသစခန်း ဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဇူလိုင်လအတွင်း ပေးပို့ရာမှာ အသုံးပြုတဲ့ Long March 5B ဒုံးပျံအစိတ်အပိုင်း ပြန်လည် ပြုတ်ကျလာတာပါ။

    ပေ ၁၀၀ ကျော်ရှည်ပြီး ၂၂ တန်လေးတဲ့ ဒီဒုံးပျံဟာ လူတွေနေတဲ့နေရာကို ကျနိုင်တဲ့အန္တရာယ်ရှိပြီး အထူးသဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ထိခိုက်လာနိုင်တာ ဖြစ်ပါတယ်။

    မနေ့ကတော့ ဒုံးပျံအစိတ်အပိုင်းဟာ မလေးရှားနိုင်ငံ ဆာရာ၀ပ်ပြည်နယ်အနီးက အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျခဲ့ပါတယ်။

    လူနေတဲ့နေရာတွေကို ပျက်ကျနိုင်ဖွယ်ရှိရင် လေထုထဲမှာ ဖျက်ဆီးနိုင်ဖို့အတွက် အမေရိကန်အာကာသ အေဂျင်စီ နာဆာက ဒုံးပျံကျဆင်းမယ့် အချက်အလက်တွေကို တောင်းဆိုခဲ့ပေမယ့် တရုတ်အစိုးရက ပေးအပ်ခြင်းမရှိပါဘူး။

    ဒီလို တာ၀န်မဲ့တဲ့ လုပ်ရပ်အတွက် နာဆာက တရုတ်အစိုးရကို ၀ေဖန်ခဲ့ပါတယ်။

    Ref: The Verge

  • ကနေဒါ ဌာနေများအပေါ် ကက်သလစ်အသင်းတော်က ကျူးလွန်မှုအတွက် ပုပ်ရဟန်းမင်းကြီး တောင်းပန်

    ကနေဒါ ဌာနေများအပေါ် ကက်သလစ်အသင်းတော်က ကျူးလွန်မှုအတွက် ပုပ်ရဟန်းမင်းကြီး တောင်းပန်

    ဇူလိုင် ၃၁၊ ၂၀၂၂
    M-Media

    -ကနေဒါက ဌာနေတိုင်းရင်းသားတွေကို ခရစ်ယာန်ကက်သလစ်အသင်းတော်က အဓမ္မဘာသာပြောင်းမှု၊ ကျူးလွန်ခဲ့မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၀န်ခံ ပြောကြားလိုက်ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ ကနေဒါနိုင်ငံကို ပြီးခဲ့တဲ့တစ်ပတ်မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ကက်သလစ်အသင်းတော်ရဲ့ လုပ်ရပ်တွေအတွက်လည်း ကနေဒါ ဌာနေတိုင်းရင်းသားတွေကို ပုပ်ရဟန်းမင်းကြီးက တောင်းပန်ခဲ့ပါတယ်။

    ၁၈၀၀ ပြည့်နှစ်တွေကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ ကနေဒါအစိုးရဟာ ဌာနေတိုင်းရင်းသား ကလေးငယ် ၁၅၀၀၀ လောက်ကို ကက်သလစ်အသင်းတော်က ဦးစီးဖွင့်လှစ်ထားတဲ့ သာသနာပြုကျောင်း ၁၃၉ ကျောင်းကို ပို့ဆောင်ကာ ဘာသာရေး၊ ဘာသာစကား၊ လူမျိုးရေးနဲ့ ယဥ်ကျေးမှုအမှတ်သညာတွေ ပျောက်သွားအောင် အဓမ္မဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    ကလေးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာမျိုးတွေ အများပြားဖြစ်ခဲ့ပြီး၊ အဟာရချို့တဲ့မှု၊ ရောဂါဘယတွေ၊ စွန့်ပစ်ထားမှုတွေကြောင့် ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးက ‘ကလေးတွေကို မိဘတွေထံက အဓမ္မခေါ်ဆောင်ပြီး ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဘာသာတရား၊ လူမျိုးရေး အမှတ်သညာတွေ ပပျောက်အောင် ဆောင်ရွက်မှုဟာ’ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ မနေ့က ရောမကိုမပြန်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံပြောကြားခဲ့ပါတယ်။

    “စိတ်ထဲမှာ စဥ်းစားလို့မရတဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှု စကားလုံးကို မပြောခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအနေအထားမျိုးဖြစ်ခဲ့တာကိုတော့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒီလူမျိုးတုန်းသတ်ဖြတ်မှုအတွက် တောင်းပန်ခဲ့သလို ရှုတ်လည်းရှုတ်ချပါတယ်”

    ကက်သလစ်သာသနာပြုကျောင်းတွေမှာ ဌာနေတိုင်းရင်းသားတွေ ကြုံတွေ့ခဲ့ရတာဟာ စက်ဆုပ်ဖွယ်ဖြစ်တယ်လို့လည်း ပုပ်ရဟန်းမင်းက ခရီးစဥ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၁၀ စုနှစ်ချီ အဓမ္မဘာသာပြောင်းမှု၊ လူမျိုးရေးအမှတ်သညာ ပပျောက်အောင် လုပ်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကက်သလစ်အသင်းတော်က ကျူးလွန်ခဲ့တာကိုလည်း ပုပ်ရဟန်းမင်းကြီးက ၀န်ခံခဲ့ပါတယ်။

    ကက်သလစ်သာသနာပြုကျောင်းတွေမှာ ဌာနေကလေးငယ်တွေ ထောင်နဲ့ချီ မြုပ်နှံထားတဲ့ နေရာတွေကို အခုနှစ် မေလက စတင် တွေ့ရှိခဲ့ရပြီးတဲ့နောက် ကနေဒါအစိုးရဟာ ဒီကိစ္စကို အလေးထား ကိုင်တွယ်လာတာ ဖြစ်ပါတယ်။

    ကနေဒါ ဌာနေတိုင်းရင်းသားတွေက ပုပ်ရဟန်းမင်းကြီးတဲ့ တောင်းပန်မှုကို လက်ခံခဲ့ပေမယ့် ဒီထက်ပိုပြီး ထိရောက်အောင် လုပ်ဆောင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီက ရုရှားတိုက်လေယာဥ်များဖြင့် ပြည်သူကို တိုက်ခိုက်နေ

    စစ်ကောင်စီက ရုရှားတိုက်လေယာဥ်များဖြင့် ပြည်သူကို တိုက်ခိုက်နေ

    ဇူလိုင် ၃၀၊ ၂၀၂၂
    M-Media

    -အာဏာသိမ်းစစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရာမှာ ရုရှားလုပ် တိုက်လေယာဥ်တွေကို အသုံးပြုနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Witness က ထုတ်ပြန်ပါတယ်။

    Myanmar Witness ဟာ လန်ဒန်အခြေစိုက်အဖွဲ့ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေကို အချက်အလက်ကောက်ယူ စစ်တမ်းပြုစုနေတာ ဖြစ်ပါတယ်။

    မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေနေထိုင်တဲ့ ဒေသတစ်၀ိုက်မှာ ရုရှားလုပ် Yak-130 တိုက်လေယာဥ်တွေကို အသုံးပြုကာ ဒုံးကျည်နဲ့ ပစ်တာ၊ ၂၃ မမ အမြောက်တွေနဲ့ ပစ်တဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

    တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို မြန်မာစစ်တပ်က တိုက်ခိုက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုပုံရိပ်တွေကို သုံးသပ်ပြီး Myanmar Witness က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

    ဇွန်လအတွင်း ထိုင်းနယ်စပ် မြ၀တီမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို လေကြောင်းက တိုက်ခိုက်တဲ့ ဗီဒီယိုနှစ်ခု၊ သေဘော့ဘိုးက တိုက်ခိုက်မှု ဗီဒီယိုတွေမှာ စစ်ကောင်စီတပ်တွေဟာ Yak-130 အပါအ၀င် လေယာဥ်မျိုးစုံ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

    Myanmar Witness က စစ်ကောင်စီတပ်မှာ အနည်းဆုံး Yak-130 လေယာဥ် အစီး ၂၀ လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။

    ရုရှားဟာ မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကို အပြည့်၀ထောက်ခံပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့လည်း တရား၀င် ထုတ်ပြန်ထားပါတယ်။

    Ref: DW