News @ M-Media

Blog

  • မြန်မာ့စီးပွားရေး ဆိုးရွားလာနေချိန် အော်ရီဒူးက မြန်မာနိုင်ငံမှ ထွက်ရန်ပြင်ဆင်

    မြန်မာ့စီးပွားရေး ဆိုးရွားလာနေချိန် အော်ရီဒူးက မြန်မာနိုင်ငံမှ ထွက်ရန်ပြင်ဆင်

    ဇူလိုင် ၂၀၊ ၂၀၂၂
    M-Media

    -ကာတာအခြေစိုက် အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို ရောင်းချဖို့ စီစဥ်နေတယ်လို့ ဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

    အော်ရီဒူးဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ၂၀၂၀ ခုနှစ်က သုံးစွဲသူ ၁၅ သန်းလောက်အထိ ရှိခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သုံးစွဲသူ လျော့ကျသွားပြီး ၂၀၂၂ မှာ ၉ သန်းလောက်သာ ရှိပါတော့တယ်။

    အော်ရီဒူးဟာ မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို ရောင်းချတော့မယ်လို့ စစ်ကောင်စီ ဆက်သွယ်ရေး၀န်ကြီးဌာနကို အကြောင်းကြားထားပြီး လက်ရှိမှာ မြန်မာနိုင်ငံက Young Investment Group လုပ်ငန်းစု၊ စင်ကာပူအခြေစိုက် Campana Group၊ မြန်မာနိုင်ငံက ရုပ်သံလုပ်ငန်း SkyNet တို့နဲ့ ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အော်ရီဒူးမြန်မာနဲ့ သတင်းထွက်နေတဲ့ လုပ်ငန်းစု ၃ ခုစလုံးက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခြင်း မပြုပါဘူး။ ဘယ်လောက်တန်ဖိုးနဲ့ ရောင်းချမယ်၊ ဆွေးနွေးမှု ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    ၂၀၂၁ ခုနှစ် ဖေဖေဖာ်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူထုရဲ့ အချက်အလက်တွေ၊ ဖုန်းပြောဆိုမှုတွေ၊ မက်ဆေ့ချ်ပေးပို့မှုတွေ၊ တည်နေရာတွေကို ရဖို့၊ လူထုရဲ့ ဖုန်းခေါ်ဆိုမှုကို ကြားဖြတ်နားထောင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ပိုမိုဖိအားပေးလာပါတယ်။

    ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံနိုင်တဲ့အတွက် နော်၀ေ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောဟာ သူ့ရဲ့ မြန်မာနိုင်ငံကလုပ်ငန်းကို ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူထံ ရောင်းချခဲ့ပါတယ်။ လက်ရှိမှာ တယ်လီနောမြန်မာကို ရွှေဗျိုင်းဖြူက ရှယ်ယာများစု၊ လက်ဘနွန်အခြေစိုက် စီပွားရေးလုပ်ငန်း M1 က ရှယ်ယာအချို့ပါ၀င်ကာ စပ်တူလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ပြည်သူကနှုတ်ထွက်ခိုင်းနေသည့် ၀န်ကြီးချုပ် သီရိလင်္ကာသမ္မဖြစ်လာ

    ပြည်သူကနှုတ်ထွက်ခိုင်းနေသည့် ၀န်ကြီးချုပ် သီရိလင်္ကာသမ္မဖြစ်လာ

    ဇူလိုင် ၂၀၊ ၂၀၂၂
    M-Media

    (ဓာတ်ပုံ – ရာနီလ် (၀ဲ)နှင့် ထွက်ပြေးသွားသည့် သမ္မတဟောင်း ဂိုတာဘာယာ (ယာ))

    -ပြည်သူလူထုက နှုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီဟာ ဒီကနေ့မှာ သမ္မတသစ် ဖြစ်လာပါတယ်။

    လွှတ်တော်မဲခွဲရာမှာ ထောက်ခံမဲ ၁၃၄ မဲနဲ့ ပြိုင်ဘက်ကို ၅၁ မဲကွာပြီး အရွေးခံလိုက်ရတာပါ။ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ တိုင်းပြည်က ထွက်ပြေးသွားပြီးတဲ့နောက် ရာနီလ်က ယာယီသမ္မအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    ရာနီလ်ဟာ ဂိုတာဘာယာရဲ့ မဟာမိတ်ဖြစ်ပြီး ပြည်သူလူထုက နှုတ်ထွက်ခိုင်းတဲ့သူတွေထဲမှာ ပါ၀င်သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် သမ္မတအိမ်တော်ကို လူထုရဲ့ စီးနင်းမှုမှာ ရာနီလ်ရဲ့အိမ်ကိုလည်း ပြည်သူတွေက ၀င်စီးကာ မီးရှို့ခဲ့ပါတယ်။

    ရာနီလ် သမ္မတသစ်ဖြစ်လာတဲ့အတွက် စိတ်ပျက်ကြောင်း ပြည်သူလူထုက ဆိုရှယ်မီဒီယာတွေမှာ ပေါ်ပေါ်ထင်ထင်ပဲ ရေးသားလာကြပါတယ်။

    ရာနီလ်ဟာ ၂၀၂၄ ခုနှစ် နို၀င်ဘာအထိ သမ္မတတာ၀န် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

    Ref: BBC

  • အရပ်ဖက်နေရာများတွင် မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများထောင်ထားကြောင်း လေ့လာမှုတွင်တွေ့ရ

    အရပ်ဖက်နေရာများတွင် မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများထောင်ထားကြောင်း လေ့လာမှုတွင်တွေ့ရ

    ဇူလိုင် ၂၀၊ ၂၀၂၂
    M-Media

    -မြန်မာစစ်တပ်ရဲ့ မြေမြှုပ်အသုံးပြုမှုကို လေ့လာဆန်းစစ်ရာမှာ စစ်ရာဇ၀တ်မှုမြောက်တဲ့ အသုံးပြုမှုတွေ တွေ့ရတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ကယားပြည်နယ်ကို Amnesty International အဖွဲ့က သွားရောက်ပြီး မြေမြှုပ်မိုင်း ထိမိသူတွေ၊ သူတို့ကို ဆေးကုပေးနေတဲ့ ဆရာ၀န်တွေကို တွေ့ဆုံမေးမြန်းခဲ့တာပါ။

    ကယားပြည်နယ်က အနည်းဆုံး ရွာ ၂၀ လောက်မှာ စစ်တပ်က မိုင်းထောင်ထားတာကို တွေ့ရတယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စပါးခင်းကိုသွားတဲ့လမ်းတွေ၊ လူနေခြံ၀ိုင်းတွေ၊ လူနေအိမ်ကိုသွားတဲ့လမ်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတစ်၀ိုက်နဲ့ ဘုရားကျောင်း၀န်းအတွင်း စတဲ့ နေရာတွေ၊ အိမ်သာသွားတဲ့လမ်းတွေမှာပါ စစ်တပ်က မြေမြှုပ်မိုင်းတွေထောင်လေ့ရှိတယ်လို့ ရရှိတဲ့အချက်အလက်တွေကို ကိုးကားပြီး Amnesty International က ပြောပါတယ်။

    “ဖြစ်စဥ်တစ်ခုမှာဆိုရင် စစ်သားတွေဟာ ၀ါယာကြိုးတန်း လက်လုပ်မိုင်းကို အိမ်တက်လှေကားမှာ ထောင်ချောက်ပုံစံတပ်ဆင်ထားတာကို တွေ့ရပါတယ်”

    သာမန်ပြည်သူထုလူထုကို ပစ်မှတ်ထားတဲ့ ဒီလိုမိုင်းထောင်မှုမျိုးဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်တဲ့လုပ်ရပ်မျိုးဖြစ်တယ်လို့လည်း Amnesty International ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    စစ်တပ်ကထောင်ထားတဲ့ မိုင်းတွေကို အာဏာသိမ်းမှုဆန့်ကျင်တဲ့ အဖွဲ့တွေက စနစ်တကျ လေ့ကျင့်သင်ကြားထးမှု မရှိဘဲ ရတဲ့ပစ္စည်းကိရိယာတွေနဲ့ ရှင်းလင်းနေရတာကို စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    “အရပ်သားတွေ ထိခိုက်သေဆုံးမှုဟာ အချိန်နဲ့အမျှ မြင့်တက်နေတာကို ခါးသီးဖွယ် တွေ့ခဲ့ရပါတယ်။ မြေမြှုပ်မိုင်းတွေ ရှိတာကြောင့် ပြည်သူတွေဟာ သူတို့ရဲ့ နေအိမ်တွေ လယ်ယာတွေကို ပြန်မလာနိုင်ကြတော့ပါဘူး”

    လွတ်လပ်ရေးရပြီးကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်ဟာ စစ်ရာဇ၀တ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အများအပြား ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ်ထွက်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

    အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့တာ စတဲ့ ကျူးလွန်မှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပြီး ရိုဟင်ဂျာလူ့အဖွဲ့အစည်းတစ်ခုလုံးကို ရှင်းလင်းဖယ်ရှားဖို့ ရည်ရွယ်တဲ့ ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်က မတ်လမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ ပြုလုပ်လာတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအလယ်ပိုင်းဒေသတွေမှာပါ ပိုမိုတွေ့လာရပါတယ်။

    Ref: AFP

  • နာမည်ကျော်ဒရုန်း ရုရှားကို မပေးဟု တူရကီထုတ်ပြော

    နာမည်ကျော်ဒရုန်း ရုရှားကို မပေးဟု တူရကီထုတ်ပြော

    ဇူလိုင် ၁၉၊ ၂၀၂၂
    M-Media

    -ရုရှားကို နာမည်ကျော် Bayraktar TB2 ဒရုန်း ထောက်ပံ့မယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ တူရကီက ပြောပါတယ်။

    ရုရှားရဲ့ ကျူးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းဟာ တူရကီထုတ် Bayraktar TB2 ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး အောင်မြင်မှုလည်း ရနေပါတယ်။

    ရုရှားက ဒီဒရုန်းတွေကို ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။

    ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဟာလုက် ဘေရက္ကတာက မိမိတို့အနေနဲ့ ရုရှားကို ဒရုန်းတွေ ပေးပို့မှာမဟုတ်ဘူးလို့ CNN သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။

    “ရုရှားကို ကျွန်တော်တို့ ဘာမှ မပေးထားသလို၊ နောက်လည်း ဘာမှပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကာကွယ်မှုကို ထောက်ခံအားပေးနေတာကြောင့်ပါ”

    ယူကရိန်းရဲ့ ခုခံမှုမှာ Bayraktar TB2 ဒရုန်းတွေက အမှတ်သညာတစ်ခု ဖြစ်လာတာကို ဂုဏ်ယူတယ်လို့လည်း ဟာလုက်ကပြောပါတယ်။

    လစ်သူယေးနီးယား၊ ပိုလန်၊ နော်၀ေနဲ့ ယူကရိန်းပြည်သူတွေက ရန်ပုံငွေကောက်ခံကာ Bayraktar TB2 ဒရုန်း၀ယ်ပြီး ယူကရိန်းစစ်တပ်ကို ထောက်ပံ့ပေးမယ့် လှုပ်ရှားမှုတွေ ပြီးခဲ့တဲ့လမှာ ပေါ်လာခဲ့ပါတယ်။

    တူရကီကတော့ ဒီရန်ပုံငွေကို ယူကရိန်းဒုက္ခသည်ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့ပြီး ဒရုန်းတွေ အလကားပေးခဲ့ပါတယ်။

    ယူကရိန်းဟာ အရင်ကတည်းက Bayraktar TB2 ဒရုန်း အစီး ၂၀ ကျော် ၀ယ်ယူထားပြီး၊ ဖေဖော်၀ါရီ ၂၄ ရက်နေ့ ရုရှားကျူးကျော်မှုနောက်ပိုင်း အစီး ၅၀ ထပ်မံ ရရှိထားပါတယ်။

    Ref: Aljazeera

  • စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ပြင်သစ်ကို ယူအေအီး ကူညီမည်

    စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ပြင်သစ်ကို ယူအေအီး ကူညီမည်

    ဇူလိုင် ၁၉၊ ၂၀၂၂
    M-Media

    -ရုရှားထံက တင်သွင်းနေရတဲ့ စွမ်းအင်လိုအပ်ချက်ကို အစားထိုးနိုင်ရေးအတွက် ပြင်သစ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ သဘောတူညီချက် ရယူလိုက်ပါတယ်။

    ယူအေအီးခေါင်းဆောင် ရှိခ်မိုဟာမက် ပြင်သစ်ကို ရောက်ရှိလာတဲ့ မနေ့က ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်နဲ့ တွေ့ဆုံပြီး စွမ်းအင်ဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    ရုရှားထံကတင်သွင်းနေရတဲ့ လောင်စာဆီနဲ့ ဓာတ်ငွေ့တွေကို အစားထိုးနိုင်ရေး ဥရောပက ကြိုးပမ်းလာရာမှာ ယူအေအီးက အဓိက စွမ်းအင်ထောက်ပံ့တဲ့နိုင်ငံ ဖြစ်လာပါတယ်။

    ပြင်သစ်ဟာ ယူအေအီးကနေ ဒီဇယ်ကို အဓိကတင်သွင်းမှာ ဖြစ်ပါတယ်။

    ကမ္ဘာကြီးနဲ့ ပြင်သစ်မှာ စွမ်းအင်လိုအပ်ချက်အတွက် မကြောင့်ကြရဖို့ ယူအေအီးက ကူညီပံ့ပိုးပေးသွားမယ်လို့ ရှိခ်မိုဟာမက်က ပြင်သစ်သမ္မတနဲ့ တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters