News @ M-Media

Blog

  • ယခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်

    ယခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    afg

    – အာဖဂန်နစ္စတန်နိုင်ငံမှာ ယခုနှစ်အတွင်း အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်နေပြီး ဒီအချက်ဟာ စိုးရိမ်ဖွယ်ရာနဲ့ အရှက်ဖွယ်ရာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

    အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂအကူညီပေးရေးအဖွဲ့ (UNAMA) က ယမန်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောကြားလိုက်တာဖြစ်ပြီး ၂၀၁၆ ရဲ့ ပထမ ၆ လအတွင်းမှာ အရပ်သား သေဆုံးသူဦးရေ ၁၆၀၁ ဦး နဲ့ အခြားထိခိုက်ဒဏ်ရာရသူ ၃၅၆၅ ဦးတို့ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ယခုကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့နှစ်က အခုလိုအချိန်မှာ သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ထက် ၄ ရာခိုင်နှုန်းပိုများနေပြီး၊ အာဖဂန်က ပဋိပက္ခတွေအတွင်း သေဆုံးဒဏ်ရာရရှိခဲ့တဲ့ အရေအတွက်ရဲ့ သုံးပုံတစ်ပုံခန့်ဟာ ကလေးငယ်တွေဖြစ်နေကာ အခုနှစ်အတွင်း ထိခိုက်ဒဏ်ရာရသူ အရပ်သားတွေထဲမှာ ၁၅၀၉ ဦးကလည်း ကလေးငယ်တွေဖြစ်ကြောင်း ကုလက ဆိုပါတယ်။

    UNAMA အကြီးအကဲ တာဒါမီချီ ယာမာမိုတိုကတော့ ပဋိပက္ခအတွင်းမှာ ပါဝင်နေတဲ့အဖွဲ့တွေအနေနဲ့ အရပ်သားတွေ ထိခိုက်မှုကို လျှော့ချရေး အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    အခုနှစ်အတွင်း အာဖဂန်က အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရမှုကိုဖြစ်စေတဲ့ တိုက်ခိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကို တာလီဘန်တွေက ပြုလုပ်တာဖြစ်တယ်လို့ ကုလရဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Ref : presstv

  • ကွန်မြူနစ်သူပုန်များနှင့် တိုက်ခိုက်မှု ရပ်စဲကြောင်း ဖိလစ်ပိုင်ကြေငြာ

    ကွန်မြူနစ်သူပုန်များနှင့် တိုက်ခိုက်မှု ရပ်စဲကြောင်း ဖိလစ်ပိုင်ကြေငြာ

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    philipine

    – Maoist သူပုန်တွေနဲ့ ပတ်သက်ပြီး မိမိတို့ဘက်ကနေ အပစ်ရပ်လိုက်တယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီက ယမန်နေ့မှာ ကြေငြာလိုက်ပြီး အဲဒီကွန်မြူနစ်တွေနဲ့ ဆယ်စုနှစ်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ချင်ပြီလို့လည်း ပြောကြားလိုက်ပါတယ်။

    “ဆယ်စုနှစ်ပေါင်းများစွာ ဒီလိုလက်နက်စွဲကိုင်တိုက်ခိုက်နေရတာတွေကို အဆုံးသတ်လိုက်ကြရအာင်။ ဒီလိုလုပ်နေလို့ ဘာမှဖြစ်မြောက်လာမှာမဟုတ်ဘဲ တစ်နေ့ထက်တစ်နေ့ သွေးချောင်းစီးလာတာပဲ ရှိပါတယ်။ အကြမ်းဖက်မှုတွေရပ်တန့်ပြီး မြေပြင်ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့အတွက် ကျွန်တော့်အနေနဲ့ တစ်ဖက်သက်အပစ်ရပ်စဲဖို့ အခုပဲ ကြေငြာလိုပါတယ်” လို့ ဒူတာတီက မနေ့က လွှတ်တော်မှာ ပထမဆုံးပြုလုပ်တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

    ဒူတာတီဟာ ဇွန်လ ၃၀ ရက်နေ့ကစတင်ပြီး သမ္မတာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ သက်တမ်း ၆ နှစ်အတွင်းမှာ ကွန်မြူနစ်သူပုန်တွေနဲ့ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ချင်တယ်လို့လည်း ဆိုပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကို အစိုးရနဲ့ လက်နက်ကိုင်ကိုယ်စားလှယ်တွေအကြား ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ယေဘုယျသဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

    ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်သူပုန်အုပ်စုဟာ သမ္မတ ဒူတာတီနဲ့ ဥရောပမှာ ပြည်ပြေးဖြစ်နေတဲ့ သူပုန်ခါင်းဆောင် မာရီယာ စီစွန်တို့အကြား တွေ့ဆုံဖို့ သဘောတူခဲ့ပြီး၊ သူပုန်ခါင်းဆောင်ကလည်း မကြာခင်မှာ ဖိလစ်ပိုင်ကို ပြန်လာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ လာမယ့်လအတွင်း နော်ဝေမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

    Ref : Presstv

  • ငါးရှဥ့်တို့၏ အံ့ဖွယ် ဗီဇသိစိတ်စွမ်းရည်

    ငါးရှဥ့်တို့၏ အံ့ဖွယ် ဗီဇသိစိတ်စွမ်းရည်

    ဇူလိုင် ၂၆၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    eel_life_cycle_800
    ဥရောပငါးရှဥ့်မတွေနဲ့ မြောက်အမေရိကငါးရှဥ့်မတွေဟာ သူတို့ဥဥတော့မယ်ဆိုရင် သူတို့ ပျော်ရွှင်စွာ နေထိုင်တဲ့ ရေချိုမြစ်တွေကို စွန့်ပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ထိဆက်နေတဲ့ Sargasso ပင်လယ်ဆီကို ခရီးနှင်ဖို့ တောင်ဘက်ကိုကူးသွားကြတယ်။

    အဲဒီပင်လယ်က တော်တော်လေး လှိုင်းဒဏ်သက်သာပြီး သူတို့ သားလောင်းလေးတွေကောင်းကောင်း အရွယ်ရောက်ဖွင့်ဖြိုးနိုင်အောင်ကြွယ်ဝတဲ့ အစာအဟာရလဲ ရှိတယ်လေ။

    ပြီးရင်တော့ ဒီငါးရှဥ့်မတွေဟာ အဲဒီပင်လယ်မှာ ဥဥပြီး အဲဒီပင်လယ်မှာပဲ သေဆုံးကြတယ်။

    ထူးဆန်းတာက ဥကနေပေါက် အရွယ်ရောက်လာတဲ့ ငါးရှဥ့်လေးတွေဟာ သူတို့မိခင်တွေရဲ့ ဌာနေကို ပြန်ကြတာပဲ။ မြောက်ဘက်ကို ပြန်ခရီးနှင်တာပေါ့။
    ဒီငါးရှဥ့်လေးတွေက ဘယ်လိုများသူတို့မိဘတွေရဲ့ဌာနေကိုသိကြပါလိမ့်။

    သူတို့လဲ တစ်ခါမှနေဖူးတာမဟုတ် ၊ သူတို့မိဘတွေကလဲခေါ်သွားပေးဖူးတာ မဟုတ်ပဲလေ။

    ဒါပေမဲ့လည်း တကယ်ကိုပဲ သူတို့လေးတွေဟာ မိုင်ထောင်ချီ ခရီးကိုဖြတ်ကျော်ပြီး သူတို့မိဘတွေရဲ့ ဌာနေဆီကို ရောက်ရှိလာခဲ့တယ်။ မိဘက ဥရောပဆို သူတို့က
    ဥရောပဆီပြန်ရောက်တယ်၊ဒီလိုပဲ မိဘက မြောက်အမေရိက ကဆို သူတို့လဲ မြောက်အမေရိကကို ပြန်ရောက်တယ်။

    သူတို့ ဘယ်လိုများသိကြပါလိမ့်။

    သူတို့လဲ တစ်ချိန်မှာ မိဘဖြစ်ဖို့ ဥဥရမယ်ဆိုရင် တစ်ခါပြန် သူတို့မိခင်တွေ ရဲ့ ပုံစံအတိုင်း Sargasso ပင်လယ် ဆီ သွားကြပြန်ရဲ့။

    ( The Wonders of Nature , Volume 1 By Vance Ferrell , Pg.62)

  • မိမိတို့လေပိုင်နက်ကို ကျူးကျော်မှုမှာ ရန်စခြင်းဖြစ်သည်ဟု ဘူဂေးရီးယားပြော

    မိမိတို့လေပိုင်နက်ကို ကျူးကျော်မှုမှာ ရန်စခြင်းဖြစ်သည်ဟု ဘူဂေးရီးယားပြော

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    bulgaria

    – ရုရှားလေတပ်နဲ့ အရပ်ဖက်လေကြောင်းလိုင်းတွေက မိမိတို့ရဲ့ လေပိုင်နက်ထဲကို ချိုးဖောက်ဝင်ရောက်မှုတွေ မြင့်တက်လာနေပြီး ဒီလုပ်ရပ်ဟာ ရန်စတာဖြစ်တယ်လို့ ဘူဂေးရီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

    ကာကွယ်ရေးဝန်ကြီး နီကိုလေး နန်ရှက်ဗ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး ရုရှားလေယာဉ်ဟာ ပြီးခဲ့တဲ့လအတွင်း နေတိုးအဖွဲ့ လေပိုင်နက်ထဲ ဘူဂေးရီးယားက တာဝန်ယူထားရတဲ့ အပိုင်းကို ကျူးကျော်ဝင်ရောက်ခဲ့တာ ၄ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။

    “ဒီကိစ္စဟာ အလွန်စိုးရိမ်ဖို့ကောင်းပါတယ်၊ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ကာကွယ်စရာရှိတာ ကာကွယ်ဖို့ လုပ်ထားရပါမယ်” လို့ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

    အဲ့ဒီလိုကျူးကျော်မှုတွေ ပြုလုပ်နေတဲ့အခါ ရုရှားလေယာဉ်တွေဟာ တည်နေရာကို အလွယ်တကူရှာဖွေနိုင်မယ့် ဆက်သွယ်ရေးကိရိယာတွေကို ပိတ်ထားပါတယ်လို့လည်း နန်ရှက်ဗ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ အခုလိုကျူးကျော်ဝင်ရောက်မှုအတွက် ဖြေရှင်းချက်ပေးဖို့လည်း ဘူဂေးရီးယားက တောင်းဆိုထားပါတယ်။

    တစ်ချိန်က ရုရှားရဲ့အမာခံမိတ်ဖက်ဖြစ်ဖူးပြီး ဘောလ်ကန်ဒေသနိုင်ငံတစ်ခုဖြစ်တဲ့ ဘူဂေးရီးယားနိုင်ငံဟာ ၂၀၀၄ ခုနှစ်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက်ပိုင်းမှာ ဥရောပနဲ့ ပိုပြီး ဆက်ဆံရေး နီးကပ်လာတာဖြစ်ပါတယ်။ နောက်ပြီး ရိုမေးနီးယားမှာ အခြေစိုက်မယ့် နေတိုးအဖွဲ့ရဲ့ မြေပြင်အခြေစိုက်စခန်းမှာ ပါဝင်ဖို့ အသင့်ဖြစ်နေပြီလို့လည်း ဘူဂေးရီးယားက ပြောကြားထားပါတယ်။

    Ref : Presstv

  • နာဂျီ ရှာကာရ် အလ်-ဘာဒါဝီ သို့မဟုတ် အီရတ်မှ သူရဲကောင်း

    နာဂျီ ရှာကာရ် အလ်-ဘာဒါဝီ သို့မဟုတ် အီရတ်မှ သူရဲကောင်း

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    hero from iraq

    – အခုလအစောပိုင်း အီရတ်နိုင်ငံ ဘာလဒ်မြို့က မွတ်စလင်သူတော်စင်ကြီး ဆယဒ်မိုဟာမက်ဂူဗိမာန်ကို ပစ်မှတ်ထားပြီး IS အကြမ်းဖက်အဖွဲ့က ပြုလုပ်တဲ့ အသေခံဗုံးခွဲမှုတစ်ခုမှာ သူရဲကောင်းတစ်ဦး ပေါ်ထွန်းခဲ့ပါတယ်။

    သူကတော့ နာဂျီ ရှာကာရ် အလ်-ဘာလ်ဒါဝီဆိုတဲ့ မြို့ခံအမျိုးသားတစ်ဦးဖြစ်ပြီး ဂူဗိမာန်တွင်း IS အဖွဲ့ဝင်က အသေခံဗုံးခွဲမှု ပြုလုပ်ဖို့အတွက် ကြိုးစားစဉ်အတွင်းမှာ သူက ဖက်လှဲကာ တားဆီးခဲ့တာဖြစ်ပါတယ်။

    မြို့တော်ဘဂ္ဂဒတ်က ၄၉ မိုင်အကွာမှာရှိပြီး ရှီယိုက်မွတ်စလင်တွေ အထွဋ်အမြတ်ထားရာ အဲဒီ ဂူဗိမာန်ကို IS အဖွဲ့က အသေခံဗုံးခွဲသမားနဲ့ လုံးဝဖြိုချဖျက်ဆီးဖို့ ကြိုးစားခဲ့တာပါ။

    နာဂျီကတော့ အသေခံဗုံးခွဲခါးပတ်ကို မြင်ပြီးတဲ့နောက် အကြမ်းဖက်သမားကို လုံးထွေးသတ်ပုတ်ကာ ဂူဗိမာန်ထဲ မ၀င်ရောက်အောင် တားဆီးခဲ့ပြီး နောက်ပိုင်းမှာ အကြမ်းဖက်သမားက စနစ်တံဖြုတ်ခဲ့တာကြောင့် နာဂျီတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ၃၇ ဦးသေဆုံးခဲ့ပြီး ၇၀ ဒဏ်ရာရရှိခဲ့ပါတယ်။ နာဂျီသာ ဂူဗိမာန်ရဲ့ အ၀င်အ၀မှာ မတားခဲ့ဘူးဆိုရင် လူ့အသက်ပေါင်း ရာနဲ့ချီ ဆုံးရှုံးမှာဖြစ်ပြီး သမိုင်းဝင်ဂူဗိမာန်ကြီးလည်း ပျက်ဆီးသွားမှာ ဖြစ်ပါတယ်။

    ဆယဒ်မိုဟာမက်ဂူဗိမာန်ကို ဦးတည်တဲ့ ဒီတိုက်ခိုက်မှုဟာ လွန်ခဲ့ ၁၃ နှစ် အမေရိကန်က ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အီရတ်မှာ အဆိုးဝါးဆုံး အသေခံတိုက်ခိုက်မှုလို့ ယူဆရပြီး လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့တဲ့ ကာရာဒါဒေသ တိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

    ပထ၀ီနိုင်ငံရေး၊ စီးပွားရေးအရ အရေးပါတဲ့ အရှေ့အလယ်ပိုင်းဒေသကို အနောက်နိုင်ငံတွေက ၀င်ရောက်ချယ်လှယ် အမြတ်ထုတ်မှုကနေ အစပြု ပေါ်ပေါက်လာတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ရန်ကို အရှေ့အလယ်ပိုင်းက မွတ်စလင်လူထုဟာ ခါးစီးခံနေရပြီး ဒီအကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်ရေးမှာလည်း သူတို့ကပဲ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတယ်ဆိုတာ လူ့အသက်များစွာကို အသက်ပေးကာကွယ်ခဲ့တဲ့ နာဂျီရဲ့အဖြစ်အပျက်က သက်သေပဲ ဖြစ်ပါတယ်။

    Ref: themuslimvibe