နိုင်မြတ်ဇော် ရှာဖွေတင်ဆက်သည်။
Blog
-
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံမှုကြီး ကိုယ်တွေ့ မျက်မြင်ခံစားချက်မှတ်တမ်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံမှုကြီး ကိုယ်တွေ့ မျက်မြင်ခံစားချက်မှတ်တမ်း( (၆၉) နှစ်မြောက် အာဇာနည်နေ့သတိတရ အထူးဆောင်းပါး)
မုတ်သုံနိုးသည် –
ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်ခဲ့
မခိုင်စိတ်ဝမ်း ၊ မလန်းဘဝင်
မရွှင်နှလုံး၊ ကြိမ်မီးအုံးသို့
ညှိုးချုံးပူဆွေး၊ မမေ့သေးခဲ့
အရေးခုတိုင်၊ ကြုံဆိုင်ရဆဲ
နေမိခဲရှင့်……။ ။
.
”ပျောက်သောသူရှာလျှင်တွေ့၊ သေသောသူကြာလျှင် မေ့” မြန်မာတို့ပြောနေကျ ဆိုရိုးစကားဖြစ်သည်။ ယေဘုယျ မှန်သောစကား ဖြစ်လင့်ကစား၊ လွန်ခဲ့သည့် ၆၉ နှစ်က အလွန် အရုပ်ဆိုးအကျည်းတန် မိုက်မိုက်ကန်းကန်းဖြစ်ပျက်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါအာဇာနည်ခေါင်းဆောင်ကြီးများအား မြန်မာ့ သမိုင်းတစ်လျှောက် ဘယ်လိုမှမေ့ဖျောက်ပစ်၍မရနိုင်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကိုကား မိမိသေသည်အထိ အမှတ် ထင်ထင် ဆင်ခြင်မှန်းဆ သတိတရရှိနေမည်ဖြစ်ပါသည်။
.
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးပမာ ညှိုးချုံးပူဆွေး ငိုကြွေးခဲ့ကြသည့် ဖြစ်ရပ်ဆိုး ကြီးနှင့်တကွ ထိုနေ့ရက်မတိုင်မီ တစ်လမျှအတွင်း ဖြစ်ပျက်ခဲ့ ပါသောဖြစ်ရပ်များကို အနီးကပ်လေ့ လာထောက်လှမ်းသိရှိ ခဲ့ရသူ မိမိအဖို့ မမေ့ရက်နိုင်ရုံမျှမက အလွန်ခံပြင်းစွာနာကြည်း ကြေကွဲ လှိုက်လှိုက်လှဲလှဲ ယူကြုံးမရဖြစ်ရခြင်း၊ ဝမ်းနည်း ပူဆွေးရခြင်းစသည့် စိတ်လှိုင်းရိုက်ခတ်မှုဒဏ်ကို နှစ်စဉ် ဆိုသလို ဇူလိုင်လကျရောက်တိုင်း ခံစားနေရပါသည်။
.
ဗိုလ်ချုပ်နှင့်သတင်းစာဆရာများ
—————————————
ဗိုလ်ချုပ်သည် မိမိတို့သတင်းစာသမားတွေကို ခင်သည်။ မိမိတို့ကလည်း ဗိုလ်ချုပ်အပေါ်တွင် ယုံကြည်စိတ်ကဲသော ခင်မင်မှုဖြင့် ချစ်ကြသည်။ လွတ်လပ်ရေးတိုက်ပွဲ အပြင်းထန် ဆုံးသော ၁၉၄၅-၁၉၄၆ ကာလတစ်လျှောက် ဗိုလ်ချုပ်သွားလေ ရာရာ ပြည်တွင်းခရီးစဉ်များတွင် မိမိတို့သတင်းစာသမား များ လိုက်ပါကြစမြဲ။ မိမိတို့မလိုက်ပါရသည့် အခါများတွင် ပြန်ရောက်လာသည်နှင့် အချိန်အခါမဆိုင်းဘဲ သတင်းစာ ရှင်းလင်းပွဲခေါ်ယူပြီး ဗိုလ်ချုပ်ကိုယ်တိုင်ရှင်းပြစမြဲဖြစ်သည်။ပြက္ခဒိန်တစ်ခုလုံး သွေးစွန်းသွားသော ဇူလိုင် ၁၉ ရက်စနေနေ့
—————————————
ထိုနေ့နံနက် ၁ဝ နာရီခန့်က ရန်ကုန်မြို့အတွင်းဝန်များ ရုံး ဗိုလ်ချုပ်အောင်ဆန်း၏ ဝန်ကြီးဌာနအစည်းအဝေးခန်း တွင် အမှုဆောင်ကောင်စီဝင်ဝန်ကြီးများ အစည်းအဝေးရှိ သည်။ ဗိုလ်ချုပ်နှင့်ကက်ဘိနက်ဝန်ကြီးများ တက်ရောက်ကြ မည်ဖြစ်သည်။ ထိုအစည်းအဝေးနှင့်ကပ်လျက် အခန်းတွင် မိမိတို့ သတင်းထောက်တစ်စု အစည်းအဝေးသတင်းယူကြ ရန် ကြိုတင်ရောက်ရှိနေကြသည်။
မိမိမှတ်မိသလောက် သတင်းထောက် လေး၊ ငါးယောက်လောက်ရှိမည်။ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် အစည်းအဝေးကလည်း မပြီးသေး၊ မိမိမှာ လည်း အစာမစားခဲ့ရသဖြင့် ရုံးပေါ်မှဆင်းလာခဲ့ပြီး ဖရေဇာ လမ်းနှင့် စပတ်လမ်းထောင့် သူရိယသတင်းစာတိုက်နှင့် မျက်နှာချင်းဆိုင်ရှိ မမကြီးလက်ဖက်ရည်ဆိုင်တွင် မုန့်ဟင်းခါး စားနေခိုက် ခေါင်မိုးတစ်ခုပေါ်မှ မျက်နှာကြက်အချပ်များ အစုလိုက်အပြုံလိုက် ပြိုကျလာသံလို၊ ဝေါခနဲ ဝေါခနဲအသံများ ကို ဆူညံစွာကြားလိုက်ရ၍ စပတ်လမ်း လမ်းဆုံဘက်သို့ လှမ်း ကြည့်လိုက်သည်တွင် အတွင်းဝန်များရုံးဘက်မှ လူအုပ်ကြီး တစ်အုပ်က ”ဗိုလ်ချုပ်တို့သေကုန်ကြပြီ၊ သေကုန်ကြပြီ” ဟု အော်ဟစ်ပြီး ပြေးထွက်လာ သည်ကိုတွေ့လိုက်ရ၍ ကျသင့်ငွေ ကိုရှင်းပေးပြီး မိမိလည်း အတွင်းဝန်ရုံးဝင်း အတွင်း အနောက် ဘက်ပေါက်မှ ထွက်ပြေးလာနေသော လူအုပ်နှင့် ဆန့်ကျင် ဘက်အတွင်းသို့ ပြေးဝင်ခဲ့မိလေသည်။
.
ရင်ဆို့ဖွယ်မြင်ကွင်း
——————
ရုံးပေါ်သို့တက်ရန် လှေကားများရှိရာ ဗဟိုဆင်ဝင်အောက် သို့အရောက်တွင် ရဲချုပ်ဦးထွန်းလှအောင်နှင့် တာဝန်ရှိသူ အစိုးရအရာရှိကြီးများက ကျဆုံးသွားကြသောခေါင်းဆောင် ကြီးများ၏အလောင်းများကို ထိုလှေကားပေါ်မှ ထမ်းစင်များ ဖြင့် သယ်ယူချလာသည်ကို တွေ့လိုက်ရသည်နှင့် မပြောပြနိုင် လောက်သောခံစားချက်တစ်ရပ်သည် မိမိ၏ ရင်ဝယ် ဆောင့် တက်သွားလေသည်။
.
မိမိဦးစွာ တွေ့မြင်လိုက်ရသူမှာ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဖြစ်နေသည်။ မသေသေး၊ လှုပ်ရှားညည်းညူနေဆဲ တွေ့လိုက်ရသည်။ နောက်ဆုံး သယ်ယူလာသူမှာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်သည်။ မသေသေးဟု ထင်နေကြသော်လည်း မကြည့်ရက်၊ မမြင်ရက်လောက်အောင် သွေးသံရဲရဲရွဲရွဲစိုနေ ချေပြီ။
.
ဗိုလ်ချုပ်အသက်ရှင်ရန် ဆုတောင်းကြပုံ
—————————————-
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးအချို့ တို့မှာ ထိုနေ့နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့်အချိန်တွင် ဆန်ကောလောက်မှ ဇောက်မနက် အကြံပက်စက်သည့် မသမာသူတစ်စုတို့၏လက်ချက်ဖြင့် ကျဆုံးသွားကြ ရရှာလေ ပြီ။ မိမိသည် မျက်ရည်လည်ရွဲလျက် ဓာတ်ပုံရိုက်ရန် ကင်မရာ ကိုဆွဲလျက် ရန်ကုန်ဆေးရုံကြီးဆီသို့ အပြေးအလွှား ရောက် သွားပါတော့သည်။ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံတွင်ကား လူ အများ ကြိတ်ကြိတ်တိုးဝိုင်းအုံကြည့်ရှုလျက် မျက်ရည်ဖြိုင်ဖြိုင် ကျကာ ဗိုလ်ချုပ်အသက်ရှင်သန်ရန် မေတ္တာပို့ဆုတောင်းနေ ကြလေသည်။ ငိုသူတို့လည်း ငိုနေကြလေပြီ။
.
သို့သော် ဗိုလ်ချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးခုနစ်ဦး၊ အတွင်းဝန် ဦးအုန်းမောင်၊ဝန်ကြီး ဦးရာဇတ်၏သက်တော်စောင့် ကိုထွေး ပေါင်း ကိုးဦးတို့ကား ဆုံးရှုံးကွယ်လွန်ကြရရှာလေပြီ။
.
ကျဆုံးကြရသော ခေါင်းဆောင်ကြီးများ
—————————————
(၁)ဗိုလ်ချုပ်အောင်ဆန်း (ခ)ဗိုလ်တေဇ (၃၂နှစ်) မြန်မာ့ လွတ်လပ်ရေး အမျိုးသားရေးလှုပ်ရှားမှု ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒုတိယသဘာပတိ သို့မဟုတ် လွတ်လပ်ရေးမရမီ ဗြိတိသျှ မြန်မာနိုင်ငံ အစိုးရဝန်ကြီးချုပ်၊ ထို့အပြင် ၄င်းအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့်နိုင်ငံခြားရေး ဌာနဝန်ကြီး။ ကျည်ဆန် ၁၃ ချက်သင့်သော ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးရသည်။
.
(၂)ဒီးဒုတ်ဦးဘချို (၅၄နှစ်)၊ သတင်းစာဆရာ၊ စာရေး ဆရာနှင့် ဒီးဒုတ်ဂျာနယ် အယ်ဒီတာ၊ ပြန်ကြားရေးဌာနဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲဝင်သွားသော ကျည်ဆန် အပါအဝင် ကျည်ဆန်ငါးချက် ထိမှန်ရရှိသည့်တိုင် ထိုနေ့ နေ့လယ်ပိုင်းအထိ ရန်ကုန်ဆေးရုံကြီးတွင် အသက်ရှင် ကုသ ခံယူနေဆဲဖြစ်သည်။
.
(၃) သခင်မြ (၄၉ နှစ်)၊ လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီး ရင့်သော နိုင်ငံ့ခေါင်းဆောင်၊ ဘဏ္ဍာ ရေးဝန်ကြီး။ အဆုတ်ကို ဖောက်ထွင်း ထားသော ဒဏ်ရာဖြင့် နေရာတွင်ပင် ကျဆုံးသည်။
.
(၄) ဦးအဗ္ဗဒူရာဇတ်( ၄၉ နှစ်)၊ မန္တလေးမြို့ အမျိုးသား ပညာရေးခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီး။ ဒဏ်ရာခြောက်ချက်ရရှိပြီး နေရာတွင်ပင် ကျဆုံးသည်။
.
(၅) ဦးဘဝင်း (၄၆နှစ်) ၊ ဗိုလ်ချုပ်ဆောင်ဆန်း၏ အစ်ကို၊ ကူးသန်းရောင်း ဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး။ ကျည်ဆန်ဒဏ်ရာ ရှစ်ချက်ဖြင့် နေရာတွင်ပင် ကျဆုံးသည်။
.
(၆)မန်းဘခိုင် (၄၃ နှစ်)၊ ဟင်္သာတမှ ကရင်အမျိုးသား များ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေး တွင် ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ် သမားဌာနဝန်ကြီး။ ကျည်ဆန် ၁၅ ချက် ထိမှန်ခဲ့သည်။ နေရာ တွင်ပင် ကျဆုံးသည်။
.
(၇) စဝ်စံထွန်း (၄ဝ နှစ်)၊ ရှမ်းပြည်နယ်မှ မိုင်းပွန် စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာနှစ်ချက်ရရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေစဉ် အခင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင် ၂ဝ ရက် မွန်းတည့်ချိန်တွင် ကွယ်လွန်သည်။
.
(၈) ဦးအုန်းမောင် (I.C.S) (၃၄ နှစ်)၊ သယ်ယူပို့ဆောင် ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် စီမံကိန်း အစီရင်ခံစာ လာရောက်တင်ပြနေစဉ် နေရာတွင်ပင် ကျဆုံးသည်။
.
(၉) ကိုထွေး(၁၈ နှစ်)၊ ဝန်ကြီးဦးရာဇတ်၏ သက်တော် စောင့်၊ မန္တလေးတောင်ပြင်၊ သိပ္ပံရပ်မှ လူငယ်တစ်ဦးဖြစ်သည်။ အစည်းအဝေးခန်းမှ သေနတ်ပစ်ခတ်သံများ ကြားရသဖြင့် အနီးရှိ ရုံးခန်းအတွင်းမှ ထွက်ပြေးလာစဉ် ရုံးအပေါ်ထပ် Corridor စင်္ကြံတွင် လူသတ်သမားများ၏ ပစ်ခတ်ခြင်းခံရ သည်။ ဒဏ်ရာ လေးချက်ရရှိပြီး ဆေးရုံရောက်မှ သေဆုံးသည်။
.
ကမ္ဘာတစ်ဝန်းတွင် တုန်လှုပ်သွားသောနေ့
—————————————-
ထိုနေ့က မြန်မာနိုင် ငံဒေသ အနှံ့သာမက ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း တုန်လှုပ်ချောက်ချားသွားကြလေသည်။ ရန်ကုန်မြို့အနှံ့ လူအုပ် လူစုလူဝေးကြီးများ မည်သည့်အလုပ်မျှ မလုပ်နိုင်ကြဘဲ အုန်းအုန်းကျွက်ကျွက် ဆူပွက်ငိြုေ<ွကးကြလျက် ပျားပန်းခပ်လှုပ်ရှားနေကြလေ၏။ ထိုအဖြစ်အပျက်ဆိုးကြီး ကို မြန်မာသာမက ကမ္ဘာကပါ ယနေ့ ၆၉ နှစ်ထိတိုင်အောင် သတိတရအမှတ်ပြုနေကြဆဲ ဖြစ်သည်။
.
ယင်းအဖြစ်ဆိုးအတွက် အကြောင်းရင်းကိုစရလျှင် ဂဠုန် ဦးစောကဖြစ်သည်။
.
ဦးစော၏ လုပ်ရပ်မှာ ထိုစဉ်က မြန်မာပြည် ကို အုပ်ချုပ်နေကြသော ဗြိတိသျှအရာရှိကြီးများပါ တုန်လှုပ် ချောက်ချားသွားခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ဗိုလ်တထောင်B.O.D ခေါ်British Army Ordinance Deport ဗြိတိသျှစစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်းအလက် ၂ဝဝ၊ ပြောင်းပို ၂ဝဝ၊ ဘရင်းဂန်းမဂ္ဂဇင်း ကျည်ကတ် ၈ဝဝ၊ ရိုင်ဖယ်သေ နတ်များ၊ ဒသမ ၃ဝ၁ ကျည်ဆန် အမြောက်အမြား၊ ပစ္စတိုသေနတ်၊ ခြောက်လုံးပြူး သေနတ် များ၊ လက်ပစ်ဗုံးများကို ထုတ်ယူသွားကြကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် သတင်းစာအချို့တွင် ဖော်ပြပါရှိခဲ့သည်။ ထုတ်ယူသွားသော လက်နက်များမှာ လော်လီကား သုံးစီး တိုက်စာမျှ ဖြစ်သည်။
.
ဦးစောကိုယ်တိုင်ပါဝင်ခဲ့ပုံ
—————————
ဂဠုန်ဦးစောသည် ထိုလက်နက်များ ထုတ်ယူသွားရာ၌ ရှမ်းဘောင်းဘီ၊ နေကာမျက်မှန်အနက်၊ ဆွယ်တာလက်ပြတ် ဝတ်စားထားပြီး ထုတ်ယူသွားသော ကားတစ်စီး၏ရှေ့ခန်း၊ မောင်းသူ၏ ဘေးဘက်ခုံတွင် ထိုင်လျက်လိုက်ပါသွားကြောင်း ဖြင့် ဦးစောတို့လူစုCoup De’ tat လက်နက်ဖြင့် အာဏာ သိမ်းရန် ကြံစည်လျက်ရှိနေပြီဖြစ်ကြောင်းဖြင့် ဗမာ့ခေတ် သတင်းစာက ဖော်ပြခဲ့သည်။
.
ထိုသတင်းကို ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင် ဦးဗဆွေ နှင့် ဝန်ကြီး ဦးဗဂျမ်းတို့က ဗိုလ်ချုပ်ကို ပထမဆုံးပြောပြကြ သည်။ ဗိုလ်ချုပ်က ခါးခါးသီးသီးငြင်းပယ်ခဲ့သည်။
.
”ကိုဗဆွေ၊ ခင်ဗျားသတင်းမှားနေပြီထင်တယ်။ မဟုတ် နိုင်လောက် ပါဘူးဗျာ…”ဟု ဗိုလ်ချုပ်က ငြင်းဆိုသည်။
.
ဗိုလ်ချုပ်၏ခေါင်းမာ မှုကြောင့် ဆက်လက်မငြင်းကြတော့ဘဲ နေကြသည်။ မိမိတို့ သတင်းစာဆရာများ၊ သတင်းထောက် များကလည်း ဗိုလ်ချုပ်အား အကြောင်းတိုက်ဆိုင်သလို ပြော ပြကာ သတိပေးခဲ့ကြသည်။ ဗိုလ်ချုပ်သည် မိမိကိုယ်တိုင် ပြောပြသည့်အခါတိုင်းလည်း ”မဖြစ်နိုင်ပါဘူး။ မဖြစ်လောက် ပါဘူး။ ကျုပ်ကိုယ်ကို တိုင်းပြည်ကို အပ်ထားပြီးသား၊ တိုင်းပြည် က မကျေနပ်လို့ သတ်ချင်သပဆိုလည်း သတ်ကြပါစေဗျာ” စသဖြင့် ပြန်ကြားပြောဆိုသည်။
.
ဗေဒင်ဆရာအခါကောင်းအချိန်
———————————
ထိုမှ တဖြည်းဖြည်းနှင့် ဇူလိုင်လဆန်းရောက်လာ သည်။ ဂဠုန်ဦးစောသည် အင်္ဂလိပ်အရာရှိကြီးအချို့နှင့် ဆက်သွယ်၍ အကြံအစည်ကြီး တစ်ခုလုပ်ဆောင်နေပြီဖြစ် ကြောင်း သေချာသလောက်သိရှိနေကြသည်။ တစ်နေ့တွင် ဦးစောသည် ထိုအချိန်က နာမည်ကြီး ဗေဒင်ဆရာတစ်ယောက် ကိုခေါ်ပြီး ဗေဒင်ကိန်းခန်းအရ သူ့အကြံအောင်မြင်စေရန် အခါကောင်းကို တောင်းဆိုသည်။ ထိုဗေဒင်ဆရာက တွက်ချက် ပြီး ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း တနင်္ဂနွေအချိန်ဖြစ်သော နံနက် ၁ဝ နာရီမှ ၁ဝ နာရီ မိနစ် ၃ဝ အတွင်း အခါကောင်း သည်ဟု ရွေးပေးလိုက်ကြောင်းကို သတင်းထောက်များက သတင်းကြားသိကြရ၍ ဗိုလ်ချုပ်ကို ပြောကြသည်။ ဗိုလ်ချုပ်က လုံးဝအယုံအကြည်မရှိ လက်မခံပေ။
.
ဗိုလ်ချုပ်၏ယုံကြည်ချက်သဘောထား
—————————————-
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထောက် လှမ်းရေးကလည်း ထိုသတင်းကို ရရှိကြသဖြင့် ထိုနေ့ထိုအချိန်တွင် ဝန်ကြီးအဖွဲ့ အစည်းအဝေးရှိသည်ကို လုပ်ကြံကြလိမ့်မည်ဟု ယူဆပြီး ဗိုလ်ချုပ်ထံ အမြန်တင်ပြခဲ့ကြသည်။
.
”ဒီလောက်ကြီး ဗြောင်ကျကျ အတင့်ရဲတဲ့အကြံမျိုး ဒီအချိန်မှာ မကြံရဲကြပါဘူးဗျာ”ဟု ပြောဆိုလိုက်သည်ဟု ကြားကြရသည်။ ဗိုလ်ချုပ်သည် ဘာကြောင့်များ ဒီလောက် ငြင်းဆန်နေသည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။ ဗိုလ်ချုပ် သည် ဂဠုန်ဦးစောကို ယုံကြည်နေပုံရသည်။ ဦးစောသည် ၄င်းကဲ့သို့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး တိုင်းပြည်လွတ်လပ် ရေးရအောင် ပါဝင်ကူညီလိမ့်မည်ဟု ထင်မှတ်ထားပုံရ သည်။
.
ဗိုလ်ချုပ်ကိုယ်တိုင် ဦးစောထံသို့သွားကြည့်ခြင်း
———————————————-
၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က မြေနီကုန်း အဝိုင်းတွင် ဦးစော သေနတ်ပစ်လုပ်ကြံခံရသည်။ ပစ်လိုက် သော ကျည်ဆန်မှာ ကားမှန်ကိုထိပြီး မှန်စစဉ် ထိမှန်သဖြင့် ဦးစောမျက်စိကန်းမလိုဖြစ်သွားသည်။ အခင်းဖြစ်ပြီး နှစ်ရက် သုံးရက်လောက်အကြာတွင် ဗိုလ်ချုပ်သည် သခင်နုကိုခေါ်၍ ဦးစောအိမ်သို့ သွားသတင်းမေးခဲ့သေးသည်။ ဗိုလ်ချုပ်က ဦးစောအပေါ် ဤမျှအထိ ယုံကြည်ခင်မင်သည်။
.
လုပ်ကြံမှုကြီးမဖြစ်မီ တစ်ရက်အလို ဇူလိုင်လ ၁၈ ရက် နေ့တွင် တာဝါလိန်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေး ကျင်းပသည်။ ဘိလပ်မှ ပြန်လာသော သခင်နုက ဘိလပ် ဆွေးနွေးပွဲနှင့်ပတ်သက်၍ တင်ပြသည်။ ထို့နောက် ဝန်ကြီး များက ဦးစော၏ လုပ်ကြံရန်ကြံစည်နေပုံသတင်းများကို တင်ပြပြီး နောက်နေ့တွင် ကျင်းပမည့် အစည်းအဝေးကို ရွှေ့ ဆိုင်းရန် သို့မဟုတ် ဗိုလ်ချုပ်အိမ်သို့ ပြောင်း၍ကျင်းပရန် အကြံပြုတင်ပြကြသည်။
.
”ခင်ဗျားတို့က ဒီလူတွေကို ဒီလောက်တောင်ပဲ အထင် ကြီးနေကြသလား။ ဒီလောက်အတင့်ရဲဗြောင်ကျတဲ့အလုပ် မျိုးကို မလုပ်ရဲကြပါဘူး။ ကျုပ်က ခင်ဗျားတို့အကြံပေးသလို လုပ်လိုက်ရင် ကျုပ်သူတို့ကို ကြောက်ရာကျမှာပေါ့ဗျာ” ဟု ပြောသည်။
.
လုံခြုံရေးအစီအစဉ်သုံးရပ်
——————————-
ဗိုလ်ချုပ်အောင်ဆန်းသည် အားလုံးဝိုင်းဝန်းတင်ပြ အကြံပြုကြသည်ကိုလည်း လက်မခံဘဲဖြစ်နေ၍ ဝန်ကြီးများ က အစီအစဉ်တစ်ခု ထပ်မံပြုလုပ်ကြပြန်သည်။ ခေတ္တပြည်ထဲ ရေးဝန်ကြီးတာဝန်ကို ယူထားရသော ဝန်ကြီး ပျော်ဘွယ် ဦးမြက အတွင်းဝန်များရုံးလုံခြုံရေးအတွက် ရဲဝိုင်ယာလက် ကားစီစဉ်ချထားပေးရန်၊ ပြည်သူ့ရဲဘော်ဌာနချုပ်မှ လက်ရွေးစင် အသေခံရဲဘော်နှစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်း အပါးတွင် လိုက်ပါချထားပေးရန်၊ ဝန်ကြီးအဖွဲ့ စည်းဝေးနေစဉ် အတွင်းဝန်ရုံးတစ်ဝိုက်တွင် အရပ်ဝတ်ဖြင့် ရဲဘော်များကို စောင့်ကြပ်ချထားပေးရန် စီစဉ်ကြသည်။
.
ထိုစဉ်အခါက ရန်ကုန်အတွင်းဝန်များရုံးမှာ အဆီးအတား မရှိ လူတိုင်းလွတ်လပ်စွာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် နိုင်ကြသည်။ ဝန်ကြီးများတွင်လည်း လက်နက်ကိုင်အစောင့် (သက်တော်စောင့်)မထားကြ။ အပါးတော်မြဲလောက်သာ ထားရှိကြပြီး သွားလာနေကြသည်။
.
ဗိုလ်ချုပ်အောင်ဆန်းတွင် ကိုယ်ရံတော်အစောင့်ရှိသော် လည်း ဘယ်တော့မှ သွားလေရာ ခေါ်သွားလေ့မရှိ။ အပါးတော်မြဲ ဗိုလ်ထွန်းလှ တစ်ဦးတည်း သာ လိုက်ပါရသည်။
.
အစောင့်အရှောက်များကို နှင်ထုတ်ခြင်း
————————————–
ထိုနေ့က နံနက် ၉ နာရီကျော်ကျော်လောက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အစည်းအဝေးရှိရာ အတွင်းဝန် များရုံးသို့ ထွက်ခွာရန် အိမ်ပေါ်မှဆင်းလာသည်။ ကားပေါ်တွင် ပြည်သူ့ရဲဘော်ဌာနချုပ်မှ တာဝန်ချထားသည့် အသက်စွန့် ရဲဘော်နှစ်ယောက်ကို တွေ့လိုက်သည်။
.
”ဟေ့- မင်းတို့က ဘာကောင်တွေလဲ။ ဘာလာရှုပ် တာလဲ” ဟု ဗိုလ်ချုပ်က မြင်မြင်ချင်း မေးမြန်းကြိမ်းမောင်းတော့ သည်။ ဗိုလ်ထွန်းလှနှင့် ထိုရဲဘော်များက ရှင်းပြကြသည်။
.
ဗိုလ်ချုပ်က လက်မခံ။
———————–
”မလိုချင်ဘူး။ အခုဆင်းခဲ့ကြ…”
ရဲဘော်နှစ်ယောက် ဆင်းနေရစ်ကြရသည်။
အတွင်းဝန်များရုံးသို့ ရောက်သောအခါတွင်လည်း အဆင်းအတက်လှေကားရှိရာ ဆင်ဝင်အောက်တွင် ရဲဝိုင်ယာ လက်ကား ရပ်ထားသည်ကို တွေ့ရသည်။
.
”ဟေ့ ဒီမှာ မင်းတို့အလုပ်မရှိဘူး … သွားကြ” ဟု နှင်ထုတ်လိုက်ပြန်သည်။
.
ဗိုလ်ချုပ်အလှပဆုံး ဝတ်ဆင်လာသောနေ့
—————————————-
ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းမှာ ခါတိုင်းလိုဝတ်နေကျ စစ်ယူနီဖောင်း အင်္ကျီဘောင်းဘီများ ဝတ်ဆင်မထားဘဲ အရပ် ဝတ်ဖြင့် ဝတ်ဆင်ထားသည်။ ရွှေဖလားရောင် ဘန်ကောက် လုံချည်၊ ပိုးတိုက်ပုံအင်္ကျီ၊ ကော်လံလည်ကတုံးနှင့် ဆံပင်မှာ လည်း ခါတိုင်းလိုစုတ်ဖွားဖွားမဟုတ်၊ ညှပ်ပြီးစ သပ်ရပ်နေသည်။
.
ရုံးခန်းဝတွင် ဝန်ကြီးဦးဗဂျမ်းက အံ့အားတသင့်ဖြင့် တစ်ခွန်းပြောလိုက်သည်။
.
”ဗိုလ်ချုပ်က ဒီလိုတော့လည်း အချောကြီးပဲ”
.’
‘နိုင်ငံရေးသမားတွေဆိုတာ လွတ်လပ်ရေးရပြီးပြီဆိုရင် စစ်သားစိတ်ပျောက်ပြီး အရပ်သားစိတ်မွေးမြူကြဖို့ အရေးကြီး တယ်။ အခုကတည်းက ကြိုတင်လေ့ကျင့်ထားရမယ်” ဟု ပြန်ကြားပြောဆိုပြီး ဗိုလ်ချုပ်တို့နှစ်ဦး အခန်းတွင်းသို့ ဝင်သွား ကြသည်။အစည်းအဝေးခန်းအတွင်း နေရာယူကြပုံ
——————————————-
အစည်းအဝေးခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် ဝင်ပေါက်တံခါးမကြီး သုံးပေါက်ရှိသည်။ အစည်းအဝေး စားပွဲ သည် ထိပ်တွင် ”ဂ” ပုံ ထောင့်ချိုးပိတ်၊ တစ်ဖက်တစ်ချက်ရှိ ခုံရှည်များဖြင့် ဆက်ထားသည်။ ထိုစားပွဲခုံ၏ အလယ်ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းထိုင်၍ လက်ယာဘက်ခြမ်းတွင် ဝန်ကြီး အဖွဲ့အတွင်းဝန် ဦးရွှေဘော်၊ သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ ထိုင်ကြသည်။ လက်ဝဲဘက်တွင် ဦးဗဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ထိုင်ကြသည်။
.
လူသတ်သမားတို့ရောက်လာချိန်
———————————–
အစည်းအဝေး ချိန်းဆိုထားသည့်အတိုင်း ၁ဝ နာရီမှာ စသည်။ စပြီးမကြာမီ ဒုတိယအတွင်းဝန် ဦးအုန်းမောင် ရောက် လာသည်။ အတွင်းဝန် ဦးအုန်းမောင် ရောက်လာပြီး မရှေး မနှောင်းမှာပင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါး သုံးပေါက် အနောက်မြောက်ဘက် တံခါးပေါက်ကိုတွန်းဖွင့်၍ စစ်ဝတ်စုံဝတ် လူငယ် ငါးယောက်၊ တော်မီဂန်း၊ စတင်းဂန်း စသည့် သေနတ်များကို ကိုင်ဆောင်လျက် အစည်းအဝေးခန်းမ အတွင်း ဝင်ရောက်လာကြသည်။
.
ဗိုလ်ချုပ်ကို မဲပြီး ပစ်ခတ်ခြင်း
———————————-
ထိုလက်နက်ကိုင်လူစုတို့သည် စားပွဲထိပ်သို့ မျက်နှာမူ လျက် တန်းစီရပ်ကာ ရှေ့ဆုံးမှဝင်လာသူက ”ဟိတ်” ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ရုတ်တရက်မတ်တတ်ရပ်ပြီး လက်ကာပြကာ တစ်စုံတစ်ရာပြောလိုက်စဉ် ရှေ့ဆုံးမှ တော်မီဂန်း ကိုင်ဆောင် ထားသူက စတင်၍ ”ပစ်-ပစ်-ပစ်” ဟု အမိန့်ပေးလျက် ဗိုလ်ချုပ်အောင်ဆန်းကို မဲပြီး ပစ်ခတ်လိုက်လေသည်။
.
သေနတ်သံများနှင့်အတူ မီးခိုးများဖုံးလွှမ်းသွားသည်။ ပျော်ဘွယ် ဦးမြနှင့် ဦးရွှေဘော်တို့သည် ထိုင်ခုံကိုအသာ လှဲချလိုက်ပြီးနောက် ဘေးပြတင်းပေါက်မှ ကျော်ထွက်ပြေးကြ သည်။ ဦးဗဂျမ်းမှာ ထိပ်ဆုံးစားပွဲနှင့်ယှဉ်ကာ ကြမ်းပြင်ပေါ် တွင် မှောက်၍ အိပ်ချလိုက်သည်။
သေနတ်သမားတို့သည် မတ်တတ်ရပ် ပစ်ခတ်နေရာမှ မကျေနပ်နိုင်ကြသေးဘဲ ဒူးထောက်ထိုင်ကာ ပစ်ခတ်ကြသေး သည်။ မီးခိုးများ ဖုံးလွှမ်းလျက်ရှိသောအခန်းထဲမှ သေနတ် သမားတို့ ထွက်သွားကြလေပြီ။ ဦးဗဂျမ်းတို့ ထပြီးကြည့်ရာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့မှာ အတုံးအရုံး သေဆုံးနေကြလေ ပြီ။ မိုင်းပွန်စော်ဘွားကြီးကား မသေသေး။ ထပြီးလမ်းလျှောက် နိုင်သေးသည်။ ဒဏ်ရာရရှိထားသော မိုင်းပွန်စော်ဘွားကြီး အား အမြန်ဆုံးကုသပြုစုနိုင်ရန် ဦးဗဂျမ်းတို့သည် ရောက်လာ သော ရဲချုပ်ဦးထွန်းလှအောင်တို့နှင့်အတူ ခေါ်ဆောင်ကြလေသည်။ မည်သို့ပင်ကြိုးစားကြပေမယ့် ရရှိထားသော ဒဏ်ရာ ပြင်းထန်လွန်းမှုကြောင့် မိုင်းပွန်စော်ဘွားကြီးမှာ ဆေးရုံတွင် ကွယ်လွန်သွားရရှာသည်။
.
အသက်မသေ ကျန်နေကြသူများ
——————————–
ထိုနေ့က လုပ်ကြံသတ်ဖြတ် မှုကြီးတွင် ကံကောင်းထောက်မ အသက်ဘေးမှ သီသီကလေးလွတ်ခဲ့ကြသော ခေါင်းဆောင် ကြီးများမှာ ဝန်ကြီးဦးဗဂျမ်း၊ ဝန်ကြီးပျော်ဘွယ် ဦးမြ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ အတွင်းဝန် ဦးရွှေဘော်တို့ ဖြစ်ကြသည်။
.
ထိုဖြစ်ရပ်ဆိုးကြီးမှာ မြန်မာတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေး
——————————————————–
ငိုကြွေးကုန်ကြ သည်။ အသည်းဆတ်ဆတ်နာ လက်စားချေလို နေကြသည်။ ရန်ကုန်တစ်မြို့လုံး ဆူပွက်နေကြလေပြီ။ ဗိုလ်ချုပ်၏ အလောင်း ကို သေသပ်စွာခွဲစိတ်ကုသပြီး သည့်နောက် ဗိုလ်ချုပ်နေအိမ် တာဝါလိန်းအိမ်သို့ ဦးစွာ ပို့ဆောင်ကြလေသည်။ မသမာသူ လူသတ်သမားတစ်စုတို့ ၏ လက်ချက်ဖြင့် ကျဆုံးသွားရရှာခြင်းဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း၏အလောင်း တာဝါလိန်းနေအိမ်သို့ အရောက်တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် အလောင်းအနီးတွင် ပုဆစ်ဒူးတုပ်ထိုင်ပြီး ဦးသုံးကြိမ်ချ၍ ကန်တော့လေသည်။
.
သောကမီးအထွတ်အထိပ်သို့ တောက်လောင်ဆုံးအချိန် ဖြစ်သော်လည်း ဒေါ်ခင်ကြည်သည် နိုင်ငံတော်မျိုးချစ် ခေါင်းဆောင်ကြီး၏ ဇနီးပီသစွာ စိတ်ကိုတင်းလျက် ကိုယ်ကို လည်း ချုပ်တည်းနိုင်သမျှ ချုပ်တည်းလျက်၊ သွေးဆူနေကြကုန် သော ပြည်သူလူထုကြီးအား အောက်ပါအတိုင်း ပြောဆို နှစ်သိမ့်လိုက်လေသည်။
.
သောကမီးတောက်လောင်နေချိန် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏စကား
————————————————-
”ကျွန်မ၏ခင်ပွန်း ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလပ်မှာ ကျဆုံးခဲ့ရပါပြီ”
.
”လူထုကို ကျွန်မပြောလိုတာကတော့ မိမိတို့အားကိုး ယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်ရက်စက်စက် လုပ်ကြံလိုက်ကြတဲ့အတွက်ကြောင့် ဒေါသထွက်ပြီး စိတ်လိုက် မာန်ပါမလုပ်ကြဖို့ ပြောချင်ပါတယ်။ သူချခဲ့တဲ့လမ်းစဉ်အတိုင်း တစ်သဝေမတိမ်းလိုက်နာကျင့်ဆောင်ပြီး သူရည်မှန်းခဲ့တဲ့ လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါလို့ ကျွန်မပြောလို ပါတယ်”
.
ဗိုလ်ချုပ်မိခင်ကြီး ဒေါ်စု၏ပြောစကား
————————————
ထိုစကားများသည် သမိုင်းတင်စကားများဖြစ်၍ တစ်ဆက်တည်း ပြောပြလိုသည်။ ဗိုလ်ချုပ်နှင့်အတူ ဗိုလ်ချုပ်၏ အစ်ကိုအရင်း ဦးဘဝင်းတို့ လုပ်ကြံခံလိုက်ရသဖြင့် သားနှစ်ဦး အဆုံးရှုံးခံလိုက်ရသော မိခင်တစ်ဦးအဖို့ အဘယ်မျှ ရင်ကွဲ ဝမ်းနည်းရမည်ကို စာနာမိခဲ့ပါသည်။
ထိုနေ့က အမေစုသည် သားနှစ်ယောက်၏အဖြစ်ဆိုး သတင်းကို ကြားလိုက်ရသည်နှင့် အလွန်အမင်း အံ့သြသွား သည်။တစ်နိုင်ငံလုံး တစ်မျိုးသားလုံးက လေးစား ချစ်ခင် မေတ္တာထားကြသော ပုဂ္ဂိုလ်တို့ကို ရက်ရက်စက်စက် လုပ်ရက်ကြလေခြင်းဟုလည်း ရင်ထုမနာဖြစ်သွားရှာသည်။ အမေစုနှုတ်မှ ထွက်ပေါ်လာသော ရင်တွင်းခံစားချက် စကားသံ မှာ ဤသို့ဖြစ်ပါသည်။
.
”ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုသတ္တိ ကြောင်တဲ့အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ် ကလေးဘဝကစလို့ ရှုတ်ချခဲ့တဲ့လူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင် ကြီး ဦးစောကို မသမာသူတို့ ချောင်းမြောင်းပြီး သေနတ်နဲ့ ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ပြစ်တင်ရှုတ်ချ တဲ့စကားတွေ ပြောခဲ့ပါတယ်”
.
”ဟိုတုန်းက ဗိုလ်ချုပ်က နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့ သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာ လိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစ အရာရာ သတိထားပါကွယ်လို့ ပြောမိတယ်”
.
”ဒီတော့ ကျုပ်သားက ”ဗျာ…. ဒါကတော့ ဘုရားတောင် မှ အတိုက်အခံ ရှိသေးတာပဲ၊ ကိုယ်ကသာ လမ်းမှန်ကနေပြီး၊ မှန်တဲ့အလုပ်ကို လုပ်ကိုင်ထားရင် ဘာမှကြောက်စရာမရှိပါဘူး အမေရယ်။ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့ သေးတာ။ အခု တိုင်းပြည်နဲ့ လူထုဟာ အရင်လိုမဟုတ်တော့ ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ” လို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်”
.
”အခုတော့ ကျုပ်သားအောင်ဆန်းဟာ သူအလွန်မုန်းတီး ရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွားရရှာပြီ။ ကျုပ် မှာချင်တာကတော့ သူ့ကိုလေးစားကြသလို၊ ခေါင်းဆောင် များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့လိုလားတဲ့ ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ ဒီလိုဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သား နှစ်ယောက်ဆုံးရတဲ့အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါ လိမ့်မယ်” ဟူ၍ ဝမ်းနည်းပက်လက် ပြောဆိုခဲ့ပေသည်။
.
”ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်သူ့ပန်းတို့
သွေးလွှမ်းပေးဆပ်၊ သက်နှင်းအပ်လျက်
မြေမြတ်မြန်ပြေ၊ လွတ်လပ်စေခဲ့
ဒို့တွေခံစား၊ ကျေးဇူးတရားကို
မေ့ငြားမရှိ၊ အစဉ်သိလျက်
နေ့ရှိသမျှ၊ သတိရသည်
အာဇာနည်နေ့၊ ဒို့မမေ့….”
.
(၆၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိ အာဇာနည်ခေါင်းဆောင်ကြီး များအား ထာဝရ သတိတရ အလေးပြုလျက် . . . .။
.
ဟံသာဝတီ – ဦးအုန်းကြိုင်B.A,Dip.in Journalism
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဝါရင့်သတင်းစာဆရာကြီး
.
MOI မှ ကူးယူဖော်ပြသည်။
https://www.facebook.com/MOIWebportalMyanmar/posts/923547781106422 -
“မြန်မာ့လက်ရှိ အခြေအနေများကို မီးမောင်းထိုးပြလျက် ရှိသော ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များ”
ဇူလိုင် ၁၇ ၊ ၂၀၁၆
M-Media
စုစည်းတင်ဆက်သူ- ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)
၂၀၁၆ ခု ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့သည် နယ်ချဲ့လက်ပါးစေ အာဏာရူးလူတစ်စု၏လက်ချက်ဖြင့် ကျဆုံးခဲ့သည်မှာ ၆၉ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ဗိုလ်ချုပ်လုပ်ကြံခံရစဉ် ဗိုလ်ချုပ်၏အသက်သည် ၃၂ နှစ်သာရှိသေးသည်။ ဗိုလ်ချုပ်သည် “မတစ်ထောင်၊ တစ်ကောင်ဖွား၊ ယောကျာ်း အာဇာနည်ကောင်း တစ်ယောက်ဖြစ်သလို၊ တစ်ခေတ်မှာ၊ တစ်ယောက်”ဟု ဆိုရလောက်အောင်၊ မော်ကွန်းထိုးနိုင်လောက်အောင် အပြောမဟုတ်၊ အလုပ်နှင့် သက်သေပြခဲ့သူဖြစ်သည်။
မြန်မာတစ်ပြည်လုံးကို ခေါင်းဆောင်၍ မငဲ့မကွက်၊ မယိမ်းမယိုင် ခိုင်မာသောခြေလှမ်းများဖြင့် လွတ်လပ်ရေးသို့ ဦးတည်နေချိန်တွင်၊ အလျင်းသင့်သလို မြန်မာပြည်သူလူထုကြီးအား “ရွှေစကား၊ ရွှေအဆိုအမိန့်များ” ဖြင့် လမ်းညွန်ပြသခဲ့သူဖြစ်သည်။ ယခုအချိန်အထိ၊ ထိုမိန့်ခွန်းစကားများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ထူးမြတ်လှသော ရတနာအစစ်၊ အမွေအနှစ်ကြီး ဖြစ်နေသည်။ ထို့ပြင်၊ ပြည်သူလူထု အချစ်တော်၊ အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းများသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကိုလည်း၊ မီးမောင်းထိုးပြနေဟန်ရှိသည်။
၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၁ ရက်ည၊ ပင်လုံညစာ စားပွဲတွင် “တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး၊ အင်တိုက်၊ အားတိုက်လုပ်နိုင်မှ၊ အကျိုးခံစားခွင့်ရရှိကြ မှာဖြစ်တယ်။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တစ်ခြား၊ အကွဲကွဲ၊ အပြား ပြား လုပ်နေကြရင်၊ အကျိုးရှိမှာ မဟုတ်ဘူး စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှ လည်း၊ အကျိုးရှိကြောင်း၊ သိနိုင်တယ်” ဟူ၍လည်းကောင်း၊ ၁၉၄၇ ခု ဇူလိုင်လ ၁၃ ရက် မြို့တော် ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းက
“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေးနှင့်ပတ်သက်၍ စားဖားသမားတွေ၊ ညီညွတ်တာ၊ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်း သားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခုမရှိ
သမျှကာလပတ်လုံး၊ ဒီတိုင်းပြည်က၊ လွတ်လပ်ပင်၊ လွတ်လပ်သော်ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ၊ အဲဒီနှစ်ခုကို ခင်ဗျားတို့၊ မပျက်ပြားပါစေနဲ့။
အဲဒါအင်မတန်အရေးကြီးတယ်” ဟူသော မိန့်ဆိုချက်သည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအတွက်၊ အတုယူ၊ အကောင်အထည်ဖော်စရာအဖြစ် လမ်းညွှန်ပြလျက်ရှိသည်။တိုင်းပြည်၊ မငြိမ်မသက်ဖြစ်အောင်၊ ဆူပူအောင် လုပ်နေသူများကို၊ ဗိုလ်ချုပ်က “အစိုးရဟာ၊ ဘယ်သူ့ကိုမှ နိုင်ငံရေး အတိုက်အခံသမားတွေကို၊ နှိပ်စက်၊ ညှင်းပန်းတာ မလုပ်ဖူး” စည်းကမ်းမဲ့၊ တရားလွန်၊ တိုင်းပြည်အကျိုးမဲ့ဆူပူအောင်၊ လုပ်လာလျှင်တော့၊ လက်ပိုက်ကြည့်မနေနိုင်ဘူး၊ နှိပ်ကွပ်ရမှာပဲ။ ၀တ္တရားအတိုင်းလုပ်တာကို မကျေနပ်လို့ရှိရင်၊ တည့်တည့်လင်းလင်းပြောကြပါ။ ထွက်ပေးဖို့အဆင်သင့်ပါပဲ။ မထိတထိနဲ့ ဟိုကပွက်၊ ဒီကဆူတာနဲ့ဆိုလျှင်၊ အရေးမယူဘဲ၊ မနေနိုင်ဘူး” ဟု သတိ
ပေးခဲ့ပါသည်။၁၉၄၅ ခု ဩဂုတ်လ ဖဆပလအဖွဲ့ချုပ်၌ ဒီမိုကရေစီဝါဒနှင့် ပတ်သက်၍ “ဒီမိုကရေစီဝါဒကိုသာ၊ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုး အရသာ၊ လွတ်လပ်တဲ့မြန်မာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒဟာ လွတ်လပ်ရေးနဲ့လည်း ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကို၊ ကျွန်တော်တို့ရည်ရွယ်ရမယ်” ဟုမိန့်ကြားခဲ့သည်ကိုကြည့်လျှင်၊ နိုင်ငံရေး အနာဂတ်ကြိုမြင်သော၊ ပညာရှင်တစ်ယောက်ဖြစ်သည်ကို သိနိုင်ပါသည်။
သူတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ လမ်းညွှန်ခဲ့သည်မှာ “ဒီတပ်မတော်ဟာ၊ဒီနိုင်ငံ၊ ဒီလူမျိုးအတွက် ဒီလူမျိုးတွေရဲ့၊ ကိုးကွယ်ရာ၊ အားထားရာ၊ ဆည်းကပ်ရာ ဆိုတဲ့အနေအထားမျိုး ဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ၊ ဒီတပ်မတော်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ၊ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုရင်၊ ဒီတပ်မတော်ကို၊ တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲ ဖြစ်မယ်။ တပ်မတော်ခေါင်းဆောင်တွေရဲ့ အရည်အချင်းညံ့ရင်၊ ဒီတပ်လည်းညံ့မှာပဲ။ ဒီတပ်ညံ့ရင်၊ ဒီတိုင်းပြည်လည်းညံ့မှာပဲ။
ဒီတိုင်းပြည်ညံ့ရင်၊ ဒီလွတ်လပ်ရေးဟာ၊ အလကားပဲ။ နိုင်ငံသူနိုင်ငံသားများနှင့် ဆက်ဆံတဲ့အခါ၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။ မှန်မှန်ကန်ကန် ဆက်ဆံပါ။ ရဲဘော်တို့ကို သူတို့အားကိုးချင်လာအောင်၊ အလုပ်လုပ်ပါ။ ငါတို့သာ၊ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ စစ်သားတွေချည်း၊ နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက်၊ အမျိုးမျိုး၊ အနစ်နာခံ၊ စွန့်လွှတ်၊ စွန့်စားအလုပ်လုပ်ကြတဲ့သူတွေ၊ ရှိတာပဲ။ ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းရမယ်။ ငါတို့စစ်တပ်ဟာ၊ နိုင်ငံသူ၊ နိုင်ငံသားတွေကို၊ ညှဉ်းဆဲဖို့မဟုတ်ဘူး။ စစ်တပ်ရဲ့ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်စေရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်၊
ပြောပြတာပဲ။ ဒီစကား၊ ကျုပ်ပြောတာ၊ စစ်တပ်ကိုပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်၊ လူတွေဖြစ်ကြသော်လည်း၊ မတရားတာ၊ မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာအားလုံး၊ သဘောပေါက်အောင်၊ ပြောပြခြင်းဖြစ်တယ်လို့” တပ်မတော်ဖခင် ပီသစွာ၊ သတိပေး လမ်းညွှန်ခဲ့ပါသည်။နိုင်ငံရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်မှာလည်း၊ ရှင်းလင်းပြတ်သားလှပါသည်။ “လူတိုင်းကတော့ တိုင်းရေး၊ ပြည်ရေး လုပ်တာကို၊ နိုင်ငံရေးလို့ တွက်ထားကြတယ်။ အမှန်ကတော့၊ ကိုယ့်ဘ၀ ရပ်တည်ရေးကစပြီး၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊့ပြည်မကြီးတစ်ခုလုံးရဲ့၊ အလုံးစုံ၊ လူမှုရေးကိစ္စတွေဟာ၊ နိုင်ငံရေးပါပဲ။ နိုင်ငံရေးစကားနဲ့ပြောရင်တော့ လူတွေရဲ့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ၊ နိုင်ငံရေးပါပဲ” ဟူ၍ နိုင်ငံရေးအနှစ်သာရကိုအများနားလည်အောင် ရှင်းပြနိုင် ခဲ့ပါသည်။
သူထူထောင်ခဲ့သော တပ်မတော်ကို အခွင့်ထူးခံ လူတန်းစားတစ်ရပ်မလုပ်ကြဖို့၊ လွှတ်တော်အပေါ် လက်ဝါးကြီးမအုပ်ဖို့ရန် ၁၉၄၇ ခု ဇွန်လ(၁၀)ရက်နေ့တွင် တိုင်းပြု၊ ပြည်ပြုလွှတ်တော်၌ ရွှေအဆိုအမိန့်တစ်ခုကိုလည်း မိန့်ကြားခဲ့ပါသေးသည်။ ယင်းမှာ “မှတ်ထားကြ။ ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ကောင်၊ တစ်ကောင်မှ မရှိစေရဘူး။ မပါစေရဘူး။ လူထုငတ်ရင် အားလုံးငတ်ရမယ်။ လူထုဆင်းရဲရင် ဒို့ရဲဘော်တွေအားလုံး ဆင်းရဲရမယ်။ ငါလည်းဆင်းရဲရမယ်။ ငါတို့တွေ၊ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ၊ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။” ဟူ၍လည်းကောင်း၊ စစ်တပ်ကိုလွှတ်တော်နှင့် ပတ်သက်၍ “စစ်တပ်က လက်ဝါးကြီးအုပ်ပြီး၊ တိုင်းပြည်လွှတ်တော်က၊ ဘာမှ အစိုးမရတဲ့၊ စစ်အာဏာရှင်စနစ်မျိုး၊ မရှိရလေအောင်၊ စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးပိုင်ခွင့်ရှိရမယ်” ဟူ၍ အာဏာရှင်စနစ် အမြစ်မတွယ်ရလေအောင် နည်းပေးလမ်းပြပြုခဲ့ပါသည်။
ဘာသာလူမျိုးမခွဲခြားသော၊ ပြည်ထောင်စုစိတ်ဓာတ်ပဲ့ကိုင်ရှင် ဗိုလ်ချုပ်က “တစ်ခြားနိုင်ငံများလို၊ ဗမာပြည်မှာလည်း တိုင်းရင်းသား၊ လူမျိုးတွေ၊ အများကြီးရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလည်း သည်အတိုင်းပဲ။ အမေရိကန်ပြည်မှာ အင်္ဂလိပ်စကားကို၊ အင်္ဂလိပ်၊ အီတလီစတဲ့၊ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတစ်မျိုးတည်းဖြစ်အောင် ထူထောင်ပြီးသူတို့ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ။ ဒါကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် တစ်မျိုးတည်းကို လိပ်ခဲတည်းလည်း စွဲပြီး၊ ယူလို့မဖြစ်ဘူး။ လူမျိုးရေးတရားဟောလည်း၊ ငါ့လူမျိုးမှငါ့လူမျိုး၊ တစ်ခြားလူမျိုးတွေဟာ၊ ငါ့လောက်မပြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့၊ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုးကိုယ်ချစ်ခင်သော်လည်း၊ တစ်ခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်းမဖြစ်စေဘဲ ကမ္ဘာမှာတိုင်းပြည်အချင်းချင်းသင့်မြတ်စွာ တစ်ဦးအကျိုးတစ်ဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးဖြစ်ရမယ်” ဟူ၍ လူမျိုး၊ ဘာသာ၊ သဟဇာတဖြစ်စေမည့်၊ စည်းလုံးညီညွတ်မှုဖြစ်စေမည့် ဓမ္မစကားကို မျှဝေခဲ့ပါသည်။
ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိသော၊ လူသားဝါဒကျင့်သုံးသော လွတ်လပ်ရေးဖခင်ကြီးကို ဒီးဒုတ်ဦးဘချိုက ဗုဒ္ဓဘာသာကိုနိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းဖို့ တိုက်တွန်းပြောဆိုရာတွင်ဗိုလ်ချုပ်က “ဒီမယ် ကျွန်တော်တို့တိုင်းပြည်မှာ၊ အလောင်းဘုရား လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင်တွေရှိတယ်။ ဘရင်ဂျီဘာသာဝင်တွေရှိတယ်။ အစကတည်းက နတ်ကိုးကွယ်ကြတဲ့တောင်တန်းသားတွေရှိတယ်။ အဲဒီ တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက် မြန်မာပြည်
ကျရောက်သွားတဲ့အခါ အချို့ခရစ်ယာန်ဘာသာဝင်တွေဖြစ်သွားကြပြီး၊ အရိုးစွဲနေကြတာတွေရှိတယ်။ သူတို့တစ်တွေ အားလုံးဟာ နိုင်ငံသားတွေပါပဲ။ တိုင်းပြည်ကို၊ ကျွန်တွင်းက တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့အားလုံးပါဝင်ခဲ့ကြတယ်။ အခုကျွန်တွင်းက လွတ်မယ် မကြံသေးဘူး။ သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့(ဗုဒ္ဓ)ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမယ်လို့၊ လုပ်လိုက်ရင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံး မကျတဲ့ အကောင်တွေ ဖြစ်သွားကြမှာပါ၊ ဆရာ တိုင်းပြည်ကို၊ တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ၊ ဘာတွေ၊ ညာတွေ လုပ်မနေစမ်းပါနဲ့။ ကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးကို စည်းရုံးဖို့လိုတယ်” ဟုဘာသာရေးနှင့်နိုင်ငံရေးကို မရောထွေးဖို့၊ ဝေဖန်၊ ထောက်ပြခဲ့ခြင်းသည်၊ နိုင်ငံရေးအမြော်အမြင်မြင့်မားကြောင်း သက်သေသာဓကတစ်ခုပင်ဖြစ်သည်။ဘာသာရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် လူတစ်ပိုင်းဘုန်းကြီးတစ်ပိုင်းပုံစံကို အမျိုးသားခေါင်းဆောင်ကြီးက မနှစ်မြို့ခဲ့ကြောင်းကို ၁၉၄၇ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမ မိန့်ခွန်းတွင် “ဗုဒ္ဓဘာသာထဲမှ လူတစ်ပိုင်း၊ ဘုန်းကြီးတစ်ပိုင်း ဖြစ်နေတာတွေကို တပည့်တော်တို့၊ မကြိုက်နှစ်သက်ပါဘူး” ဟု ပြည်သူလူထုအား၊ သတိပေးခဲ့ဖူးပါသည်။ ထို့အပြင် ဘာသာရေးခုတုံးလုပ်၊ နိုင်ငံရေးအမြတ်ထုတ် တစ်နပ်စား၊ လူ့အတ္တသမားများနှင့် ပတ်သက်၍ “နိုင်ငံရေးကို ဘာသာ တရားဖြစ်သကဲ့သို့ ပြောဆိုနေကြသူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်ဖြစ်တယ်။ ထိုသူတို့ရဲ့ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်ပြောဆိုခြင်းအားဖြင့် ပြည်သူတို့၏စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်နိုင်စွမ်းမရှိအောင် လုပ်ခြင်းမျှသာဖြစ်တယ်။ အမှန်မှာ ထိုသူတို့၏ပြုလုပ်မှု့သည် နိုင်ငံရေးမဟုတ်။ မိမိတို့အကောက် ဥာဏ်ကိုသုံး၍ မိမိတို့ကြီးပွားရေးအတွက် တစ်နပ်စား နိုင်ငံရေးပင်ဖြစ်သည်။ ကိုးကွယ်သည့်ဘာ သာတရားမှာ လူအသီးသီး၏သက်ဝင်ယုံကြည်မှုပင်ဖြစ်၏။ နိုင်ငံရေးမှာကား လူအသီးသီး၏ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတက်သာလျှင်ဖြစ်၏။” ဟု နိုင်ငံရေးနှင့်ဘာသာရေးကို တစ်ကန့်စီထားရှိဖို့သတိပေးခဲ့သော၊ ရွှေစကား၊ ရွှေမိန့်ခွန်းများသည် ယနေ့မျက်မှောက်ခေတ်၊ အခြေအနေများနှင့် အံဝင်ခွင်ကျ၊ ဖြစ်နေကြောင်း အံ့ဩဖွယ်ရာ တွေ့မြင်နေရပါသည်။
လူထုကို ယုံကြည်အားကိုးသော ပြည်ချစ်ဗိုလ်ချုပ်က “တိုင်းပြည်လူထုရဲ့ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာကို ကျုပ်တို့သိလာတဲ့ တစ်နေ့မှာ ကျုပ်တို့လည်းတွယ်ကပ်မနေဘူး။ သို့သော်လည်း ကျုပ်တို့ကို တစ်နှစ်လောက်၊ စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူတန်းစားမျိုးတွေလဲ။ ရာဇ၀င် (သမိုင်း) မှာ အရေးခံမယ့် လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားမျိုးတွေလားဆိုတာ၊ ခင်ဗျားတို့ကိုယ်တိုင် သိလာပါလိမ့်မယ်။” ဟု မိမိတို့အစိုးရ
အဖွဲ့ကို လူထုကြီးက မကြိုက်တော့လျှင် ကလိမ်ကကျစ်ဥာဏ်ဆင်ပြီး၊ “မျှော့သတ္တ၀ါ” လိုတွယ်ကပ် နေမည် မဟုတ်ကြောင်း မိန့်ကြားခဲ့သည်ကို ကြည့်လျှင်လူထုကို အစိုးရက တန်ဖိုးထားလေးစားကြောင်း သိသာထင်ရှားလှပါသည်။“လွတ်လပ်ရေးရပြီးလျှင် ကျုပ်နိုင်ငံရေးလောက ကထွက်မယ်။ ခြံစိုက်မယ်။ စာရေးပြီး အသက်မွေးဝမ်းကြောင်းမယ်” လို့ ပွင့်လင်းရိုးသားစွာ ရင်တွင်းဖြစ်စကားများပြောဆိုခဲ့သော ဗိုလ်ချုပ်ကို သူရိယသတင်းစာတိုက်ပိုင်ရှင် မျိုးချစ်ပါတီထူထောင်သူ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့်အပေါင်းပါတစ်စုက ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ် ရန်ကုန်မြို့ အတွင်းဝန်ရုံး၍ အစည်းအဝေးလုပ်နေစဉ် လုပ်ကြံခဲ့ကြသည်။ ဗိုလ်ချုပ်အောင်းဆန်းအပါ အာဇာနည်ခေါင်းဆောင်
ကြီး ၉ ဦး ကျဆုံးခဲ့ရသော ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့သည် အမိမြန်မာပြည်ကြီး လွတ်လပ်ရေးအတွက် စွန့်လွှတ်ပေးဆပ်သူတို့၏ မဟာအောင်ပွဲအထိမ်းအမှတ်နေ့ ကမ္ဘာတည်သရွေ့၊ မြန်မာပြည်သူလူထု မေ့၍မရနိုင်သောနေ့တစ်နေ့အဖြစ် တည်ရှိနေမည်မှာ မြေကြီး၊ လက်ခတ်မလွဲပင် ဖြစ်ပေသည်။ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)
-
ဖီဖာအဆင့်သတ်မှတ်ချက်တွင် အီရန်အသင်း အာရှကို ဦးဆောင်
ဇူလိုင် ၁၆၊ ၂၀၁၆
M-Media– ဇူလိုင်လအတွက် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာ အီရန်နိုင်ငံမှာ အာရှတွင် ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု သိရသည်။
ကမ္ဘာ့ ထိပ်ဆုံး ၅ သင်းစာရင်းမှာ ပြောင်းလဲမှုမရှိဘဲ အာဂျင်တီးနားအသင်းက နံပါတ် ၁ နေရာ ရယူထားကာ ၎င်း၏နောက်တွင် ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ ဂျာမနီနှင့် ချီလီတို့က အသီးသီးရှိနေကြသည်။ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီမှာ အဆင့် ၂ ဆင့်တက်လာကာ အဆင့် ၆ သို့ ရောက်ရှိလာခဲ့သည်။
ယူရို ဒုတိယရခဲ့သည့် ပြင်သစ်သင်းမှာ ၁၀ ဆင့်တက်လာကာ အဆင့် ၇ သို့ ရောက်ရှိခဲ့သည်။ အဆင့် ၈၊ ၉၊ ၁၀ တွင် စပိန်၊ ဘရာဇီးလ်နှင့် အီတလီတို့က အသီးသီး ရှိနေသည်။
အီရန်နိုင်ငံကမူ ကမ္ဘာ့အဆင့် ၃၉ ဖြင့် အာရှတွင် ဦးဆောင်နေကာ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်နှင့် ဂျပန်တို့က ၎င်း၏နောက် အသီးသီး ရှိနေကြသည်။
Ref: Press TV
-
တောင်တရုတ်ပင်လယ်တွင် တရုတ်က နျူဓာတ်အားပေးစက်ရုံများ ထားရှိဖွယ် ရှိနေ
ဇူလိုင် ၁၆၊ ၂၀၁၆
M-Media– ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးစိန်ခေါ်လိုက်တဲ့ နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် လက်မခံကြောင်း ပြသတဲ့အနေနဲ့ ရွေ့လျား ရေပေါ်နျူဓာတ်အားပေးစက်ရုံတွေကို တရုတ်က ထားရှိသွားနိုင်ချေရှိတယ်လို့ သိရပါတယ်။
“ရေပေါ်နျူစက်ရုံတည်ဆောက်မှုကို တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ထိရောက်တဲ့ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်” လို့ တရုတ်အမျိုးသား နျူကလီးယားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (CNNC) လူမှုကွန်ရက်စာမျက်နှာမှာ ကြေငြာခဲ့ပါတယ်။
ဆောက်လုပ်မယ့်နေရာတွေကတော့ တောင်တရုတ်ပင်လယ်ရဲ့ ရေချိုရနိုင်တဲ့ နန်ရှာကျွန်းစုရှိ ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေမှာဖြစ်ပြီး အဲဒီနန်ရှာကျွန်းအား တရုတ်နဲ့ ဒေသတွင်းအခြားနိုင်ငံတွေက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ကျွန်းစုလည်းဖြစ်ပါတယ်။
တရုတ်ပင်လယ်ရေကြောင်း လုပ်ငန်းတစ်ခုဖြစ်တဲ့ China Shipbuilding Industry Corporation (CSIC) က အင်ဂျင်နီယာ ဇူဟန်ချိုက တရုတ်နိုင်ငံက ဆောက်လုပ်နေတဲ့ ရေပေါ်နျူဓာတ်အားပေးစက်ရုံပေါင်း ၂၀ လောက်ရှိပေမယ့် ဒီစက်ရုံတွေကို တောင်တရုတ်ပင်လယ်အတွင်းမှာ ထားရှိမှာမဟုတ်ဘဲ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ထားရှိမှာဖြစ်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ရဲ့ တိုင်ကြားမှုကို နိုင်ငံတကာ ခုံသမာဓိရုံးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြားနာခဲ့ပြီး ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့ပါတယ်။
Ref : Presstv