News @ M-Media

Blog

  • ဆိုရှယ်မီဒီယာတွင် အမုန်းတရားဖြန့်သူများကို ဂျာမနီ နှိမ်နင်း

    ဆိုရှယ်မီဒီယာတွင် အမုန်းတရားဖြန့်သူများကို ဂျာမနီ နှိမ်နင်း

    ဇူလိုင် ၁၆၊ ၂၀၁၅
    M-Media

    hate speech

    – ဆိုရှယ်မီဒီယာများတွင် အမုန်းတရားများ လွှင့်တင်ဖြန့်ချီသူများအား နှိမ်နင်းမှု အစိတ်အပိုင်းအဖြစ် ဂျာမနီရဲတပ်ဖွဲ့မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၀င်ရောက်စီးနင်းဖမ်းဆီးမှုများစွာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အမုန်းတရား ဖြန့်ဝေမှုအတွက် ထိုကဲ့သို့ နှိမ်နင်းမှုမှာ ဂျာမနီတွင် ပထမဆုံးဖြစ်ပြီး ပြည်နယ် ၁၄ ခုရှိ နေရာ ၆၀ ကျော်ကို ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ နှုတ်ဖြင့် အစွန်းရောက်မှု မြင့်တက်လာခြင်းကို တိုက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး နာဇီဝါဒကို အားပေးမှုမျာ၊ နိုင်ငံခြားသားဆန့်ကျင်မှု၊ ဂျူးဆန့်ကျင်မှုနှင့် အမျိုးသာရေး လက်ယာစွန်းရောက်ဝါဒတို့ကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ကာ နှိမ်နင်းခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီနေ့ ဒီလိုအရေးယူမှုဟာ အင်တာနက်မှာ အမုန်းတရားဖြန့်ဝေမှုနဲ့ သွေးထိုးလှုံ့ဆော်မှု ပြုလုပ်တာတွေကို ပြည်ထောင်စု အစိုးရ တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရတွေက ပြင်းပြင်းထန်ထန် နှိမ်နင်းတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်” ဟု ဂျာမနီ ပြည်ထောင်စုရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ဟိုလ်ဂါ မန့်ခ်ျက ပြောကြားခဲ့သည်။

    အင်တာနက်တွင် နိုင်ငံရေးအရ လှုံ့ဆော်သည့် အမုန်းရာဇ၀တ်မှုများမှာ ဥရောပရှိ ဒုက္ခသည်ပြဿနာပြီးနောက် သိသိသာသာ မြင့်တက်လာကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    လူမျိုးရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစုများကို ဦးတည်ပြုလုပ်သည့် အမုန်းတရား လှုံ့ဆော်မှုအတွက် ဂျာမနီ၏ လက်ရှိ တည်ဆဲဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။ ထို့ပြင် ဂျာမနီအစိုးရမှာ Facebook၊ Twitter နှင့် Google တို့အား အမုန်းတရားဖြန့်ဝေမှုများကို ဖယ်ရှားမှု မပြုခြင်းအတွက် ဖိအားပေးမှုများ ပြုလုပ်ထားသည်။

    Ref : BBC

  • တူရကီအာဏာသိမ်းမှု နောက်ဆုံးရသတင်းများ (မြန်မာစံတော်ချိန် ၆ နာရီခွဲ)

    တူရကီအာဏာသိမ်းမှု နောက်ဆုံးရသတင်းများ (မြန်မာစံတော်ချိန် ၆ နာရီခွဲ)

    ဇူလိုင် ၁၆၊ ၂၀၁၆
    M-Media

    turkey 4

    – တူရကီစံတော်ချိန် သောကြာနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ တူရကီနိုင်ငံအတွင်း ပုံမှန်ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။

    ဒီမိုကရေစီကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်တပ်က တစ်ချို့စစ်ခေါင်းဆောင်တွေပေါင်းကာ ဒီအာဏာသိမ်းမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စတန်ဘူလ်နဲ့ အစိုးရရုံးစိုက်ရာ အန်ကာရာက အချက်အချာနေရာတစ်ချို့ကို စစ်တပ်တွေ၊ တင့်ကားတွေကို တပ်ဖြန့်ချထားကာ အာဏာသိမ်းကြောင်း ကြေငြာခဲ့တာဖြစ်ပါတယ်။

    ဒါပေမယ့် ဒီကိစ္စဖြစ်ဖြစ်ခြင်းမှာပဲ တူရကီပြည်သူတွေက လမ်းပေါ်ထွက်လာခဲ့ပြီး အာဏာသိမ်းစစ်သားတွေကို ရင်ဆိုင်ခဲ့တာကြောင့် စစ်သားတစ်ချို့ဟာ လက်နက်ချ အဖမ်းခံခဲ့ကြပါတယ်။

    ခုခံတိုက်ခိုက်မှုတစ်ချို့ ရှိခဲ့တာကြောင့် အခုအချိန်အထိ သေဆုံးသူအရေအတွက်ဟာ အစိုးရတပ်ဖွဲ့တွေနဲ့ ပြည်သူ စုစုပေါင်း ၁၆၁ ဦးရှိခဲ့ပြီး၊ အာဏာသိမ်းမှုအတွင်းမှာ ပါဝင်သူ ၁၀၄ ဦးကို အစိုးရတပ်တွေက ရှင်းလင်းနိုင်ခဲ့ပါတယ်။ ထိပ်တန်း အရာရှိတွေအပါအ၀င် အာဏာသိမ်းဖို့ကြိုးစားမှုမှာ ပါဝင်တဲ့ စစ်သား ၂၈၃၉ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး နောက်ထပ် အကြီးအကျယ်ဖမ်းဆီးမှုတွေလည်း ပြုလပ်ဖို့ ရှိနေပါတယ်။ ဒီအဖြစ်အပျက်အတွင်း ဒဏ်ရာရသူ အရေအတွက်ကတော့ ၁၁၄၀ ဦး ရှိခဲ့ပါတယ်။

    လက်ရှိအချိန်အထိ အာဏာသိမ်းမှုကို ဘယ်သူက ဦးဆောင်ပြုလုပ်တယ်ဆိုတာကို မသိရှိရသေးဘဲ စစ်တပ်က လူပုဂ္ဂိုလ် ၇ ဦးနဲ့ အရပ်သားတစ်ဦးဟာ ဂရိနိုင်ငံကို စစ်တပ်သုံး ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားပြီး ခိုလှုံခွင့်တောင်းခံမှုလည်း ဖြစ်ပွားခဲ့ပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီခိုလှုံခွင့်တောင်းခံသူတွေကို ချက်ခြင်းပြန်လွှဲပေးဖို့ တောင်းဆိုထားပါတယ်။

    အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း တူရကီအာဏာပိုင်တွေက တရားသူကြီးပေါင်း ၂၇၄၅ ဦးကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

    အစ္စတန်ဘူလ်က Bosphorus ဒေသမှာ အာရှဘက်ခြမ်းနဲ့ ဥရောပဘက်ခြမ်းကို ဆက်သွယ်ထားတဲ့ အဓိကတံတား ၂ စင်းကိုလည်း ပြန်လည် ဖွင့်လှစ်လိုက်လိုက်ပြီဖြစ်ပါတယ်။ အဲဒီတံတားမှာ အာဏာသိမ်းအဖွဲ့က လက်နက်အပြည့်နဲ့ တင့်ကားတွေချထားတာကြောင့် အချိန်အတော်ကြာ ပိတ်ထားရတာ ဖြစ်ပါတယ်။

    တူရကီဝန်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်ကတော့ စစ်တပ်က အဖွဲ့တစ်ချို့ပြုလုပ်တဲ့ အာဏာသိမ်းမှုကို နှိမ်နင်းနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပြီး မြို့တော် အစ္စတန်ဘူလ်နဲ့ အန်ကာရာတို့မှာလည်း ပြည်သူတွေဟာ ပုံမှန်အတိုင်း သွားလာနေကြပြီဖြစ်ပါတယ်။

    သမ္မတ အာဒိုဂန်ရဲ့ ရုပ်မြင်သံကြားကနေတစ်ဆင့် တိုင်းပြည်ကိုပြောကြားတဲ့မိန့်ခွန်းမှာ အာဏာသိမ်းသူတွေကို တိုင်းပြည်သစ္စာဖောက်တွေလို့ သုံးနှုန်းသွားပြီး ပြည်သူတွေအနေနဲ့ ဒီလုပ်ရပ်ကို ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • မော်တော်ယာဉ်မတော်တဆမှု လျှော့ချရေး မဟာဗျူဟာများ ချမှတ်ဆောင်ရွက်

    မော်တော်ယာဉ်မတော်တဆမှု လျှော့ချရေး မဟာဗျူဟာများ ချမှတ်ဆောင်ရွက်

    ဇူလိုင် ၁၆၊ ၂၀၁၆
    M-Media

    road

    – ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးဒဏ်ရာရသည့် ပမာဏမှာ ၄ ဆ မြင့်တက်လာခဲ့ပြီး၊ ထိုမတော်တဆမှုများ လျှော့ချရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက အမျိုးသား ယာဉ်အန္တရာယ်ကင်းရှင်းရေး ကောင်စီတစ်ခုကို ဖွဲ့စည်းကာ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေသည်ဟု သိရသည်။

    ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများတွင် ယာဉ်မောင်းများ အရက်သေစာသောက်သုံးမှု၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုမှု၊ ထိုင်ခုံခါးပတ်များ မပတ်ထားမှုနှင့် ဆိုင်ကယ်မောင်းသူများ ဦးထုတ်မဆောင်းမှုတို့မှာ အဓိကအကြောင်းအရာများ ဖြစ်နေသည်ဟု ဆိုသည်။

    ပို့ဆောင်ရေးဝန်ကြီးဌာနကမူ မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုကို ၂၀၂၀ ပြည့်နှစ်တွင် ထက်ဝက်အထိ လျှော့ခရန် စီစဉ်ထားပြီး ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူ ဥက္ကဌအဖြစ် ဆောင်ရွက်သည့် အမျိုးသား မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီကလည်း ထိုရည်မှန်းချက်ပြည့်မီရန် မဟာဗျူဟာများ ချမှတ်နေသည်။

    အဆိုပါ မဟာဗျူဟာများတွင် ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာစေရန် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ခြင်းအပါအ၀င် သတ်မှတ်လိုင်စင်မရှိဘဲ မောင်းနှင်နေသည့် ယာဉ်မောင်း ၁.၅ သန်းခန့်ကို နှိမ်နှင်းမှုလည်း ပါဝင်မည်ဖြစ်သည်။

    ၂၀၁၁ ခုနှစ်တွင် ကားတင်သွင်းမှုအတွက် ကန့်သတ်ချက်များကို လျှော့ချပေးခဲ့ပြီးနောက်ပိုင်း နှစ်စဉ် ယာဉ်မတော်တဆမှုများ မြင့်တက်လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မတော်တဆမှုပေါင်း ၁၃၉၁၂ မှု ဖြစ်ပွားခဲ့ပြီး ၃၇၂၁ ဦး သေဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သေဆုံးသူအရေအတွက်မှာ ၄၃၁၃ ဦးရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင်မူ ၄၄၂၀ ဦး ရှိသည်။ ယခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ဆေသုံးသူအရေအတွက်မှာ ၂၂၂၆ ဦး ရှိနေသည်။

    Ref: mmtimes

  • အာဏာသိမ်းမှုကို ဟန့်တားခဲ့နိုင်ပြီဟု တူရကီသမ္မတပြော၊ လူ ၇၀၀ ကျော်ဖမ်းဆီးထားပြီး သေဆုံးသူ ၆၀ ခန့်ရှိ

    အာဏာသိမ်းမှုကို ဟန့်တားခဲ့နိုင်ပြီဟု တူရကီသမ္မတပြော၊ လူ ၇၀၀ ကျော်ဖမ်းဆီးထားပြီး သေဆုံးသူ ၆၀ ခန့်ရှိ

    ဇူလိုင် ၁၆၊ ၂၀၁၆
    M-Media

    turkey 1

    – တူရကီစစ်တပ်ထဲက အဖွဲ့တစ်ခုက အာဏာသိမ်းဖို့ကြိုးစားတာကို ရပ်တန့်နိုင်ခဲ့ပြီလို့ တူရကီသမ္မတ အာဒိုဂန်က ဒီနေ့မနက်အစောပိုင်း သူ့ကိုထောက်ခံသူတွေနဲ့အတူ အစ္စတန်ဘူလ်မြို့ လမ်းမပေါ်မှာရှိနေစဉ်အတွင်း ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းမှုဟာ အာဒိုဂန် ခရီးသွားနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ဂျာမနီနိုင်ငံအတွင်း လေယာဉ်ဆင်းသက်ဖို့ ကြိးစားခဲ့ပေမယ့် ဂျာမန်အာဏာပိုင်တွေက လက်မခံခဲ့ဘဲ အခုအချိန်မှာတော့ သမ္မတဟာ တူရကီကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ဘီနာလီ ယီလ်ဒရင်ကတော့ မိမိတို့အနေနဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော်တော်းများများကို ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

    အဲဒီအာဏာသိမ်းမှုအတွင်း နိုင်ငံတစ်ဝှမ်း တစ်ချို့နေရာတွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၆၀ လောက် သေဆုံးခဲ့ပြီး စစ်တပ်ကတာဝန်ရှိသူ ၇၅၀ ကျော်လောက်ကိုလည်း အစိုးရက ဖမ်းဆီးထားလိုက်ပါတယ်။

    သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ဒီလိုအာဏာသိမ်းတာဟာ နိုင်ငံတော်ကို သစ္စာဖောက်တဲ့လုပ်ရပ်လို့ပြောကြားခဲ့ပြီး ပါဝင်သူတွေအနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာ အစ္စတန်ဘူနဲ့ အန်ကာရာမြို့တွေမှာ အာဏာသိမ်းသူတွေက ခုခံတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သမ္မတအိမ်တော်တည်ရှိရာနေရာကိုလည်း ဂျက်လေယာဉ်တွေက ဗုံးကြဲချမှုတွေ ရှိခဲ့ပါတယ်။

    အာဒိုဂန်က ဒီအာဏာသိမ်းမှုဟာ အမေရိကန်အခြေစိုက် တူရကီတရားဟောဆရာ ဖာသူလာ ဂူလန်ကို ထောက်ခံသူတွေက ပြုလုပ်တယ်လို့ စွပ်စွဲပြောကြားထားပေမယ့် ဂူလန်ကတော့ ဒီစွပ်စွဲမှုကို ငြင်းပယ်ထားပြီး အစိုးရဆိုတာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကနေတစ်ဆင့် တက်လာရမှာမျိုးဖြစ်ပြီး အင်အားသုံးရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    တူရကီပြည်သူတွေကလည်း စစ်တပ်ရဲ့ ဆန္ဒပြမှုကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

    Ref: Aljazeera

  • ဒူဘိုင်းတွင် 3D Printing နည်းပညာဖြင့် အဆောက်အဦးဆောက်လုပ်မည့် စီမံကိန်းစတင်

    ဒူဘိုင်းတွင် 3D Printing နည်းပညာဖြင့် အဆောက်အဦးဆောက်လုပ်မည့် စီမံကိန်းစတင်

    ဇူလိုင် ၁၆၊ ၂၀၁၆
    M-Media

    dbai

    – သုံးဘက်မြင်အဆောက်အအုံတည်ဆောက်ခြင်းနည်းပညာကို လက်တွေ့အသုံးချဖို့အတွက် အသေးစိတ်အစီအစဉ်တွေကို ဒူဘိုင်းမြို့တော်စည်ပင်အဖွဲ့က ထုတ်ဖော်ပြသလိုက်ပြီး အဲဒီအထဲမှာ နည်းပညာ၊ ဥပဒေစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

    ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်ပြီး၊ သုံးဘက်မြင်နည်းပညာသုံး ဆောက်လုပ်ရေးအသုံးချမှုစနစ်အဖွဲ့ ဥက္ကဌဖြစ်သူ အင်ဂျင်နီယာ အက်ဆာ အလ်-မိုင်ဒူးရ်က ယခုနည်းပညာဟာ လုပ်ငန်းကြာချိန်ကို လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် ဆောက်လုပ်ရေးပစ္စည်း အသုံးပြုတဲ့နေရာမှာ အလေအလွင့်ဖြစ်မှုကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ စပြီးလုပ်ကိုင်ပြီဆိုတာနဲ့ ဆောက်လုပ်ရေးလုပ်သားအမြောက်အများကို လျှော့ချနိုင်ကာ သူတို့ကို တခြားလိုအပ်တဲ့ စီမံကိန်းတွေမှာ ပြန်လည်နေရာချထားနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အင်ဂျင်နီယာနဲ့ စီမံကိန်းဆိုင်ရာ လက်ထောက်အမှုဆောင်ဒါရိုက်တာ အင်ဂျင်နီယာအဗ္ဗဒူလာရာဖီယာက “မြို့တော်စည်ပင်ဟာ ၀ါရင့်အတွေ့အကြုံရှိတဲ့ ထိပ်တန်းကုမ္ပဏီအများအပြားကို ဆက်သွယ်ခဲ့ပြီး သူတို့ရဲ့ကျွမ်းကျင်မှုတွေကနေ အကျိုးအမြတ်ရရှိစေဖို့နဲ့ လုပ်ငန်းကျွမ်းဝင်မှုရှိအောင် ဖိတ်ခေါ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

    မြို့တော်စည်ပင်အနေနဲ့ ဒူဘိုင်းမှာ လက်တွေ့အသုံးချမယ့်နည်းပညာအတွက် ခြေလှမ်းများအဖြစ် ရွေးချယ်ထားတဲ့ ကုမ္ပဏီများနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: IINA