News @ M-Media

Blog

  • ရော်နယ်ဒိုမှာ ၎င်း၏မျိုးဆက်တွင် အကောင်းဆုံးကစားသမားဟု ဖာဂူဆန်ချီးကျူး

    ရော်နယ်ဒိုမှာ ၎င်း၏မျိုးဆက်တွင် အကောင်းဆုံးကစားသမားဟု ဖာဂူဆန်ချီးကျူး

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    – ရီးယဲလ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ၎င်း၏မျိုးဆက် ကစားသမားများထဲတွင် အကောင်းဆုံးကစားသမားဖြစ်သည်ဟု မန်ယူနည်းပြဟောင်း ဖာဂူဆန်က ချီးကျူးပြောဆိုလိုက်သည်။

    ကလပ်အသင်းကစားသမားဘ၀တွင် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ ချန်ပီယံဆုဖလား ရရှိကာ နိုင်ငံတကာကစားသမားဘ၀ အောင်မြင်မှုကို မြည်းစမ်းခွင့် ရရှိခဲ့သည်။

    အသက် ၁၈ နှစ်အရွယ်တွင် ရော်နယ်ဒိုအား မန်ယူသို့ခေါ်ယူကာ မြေတောင်မြှောက်ပေးခဲ့သည့် ဖာဂူဆန်ကမူ တပည့်ဟောင်း၏ ကြိုးစားအားထုတ်မှုနှင့် အောင်ပွဲဆာလောင်မွတ်သိပ်မှုများကို ချီးကျူးခဲ့သည်။

    “သူ့မှာ ဘောလုံးအပေါ် မယုံကြည်နိုင်လောက်တဲ့ စိတ်ဆန္ဒမျိုး ရှိပါတယ်။ ခရစ္စတီယာနိုဟာ လေ့ကျင့်ခန်းတစ်ခုချင်းစီမှာကို ရှေ့ရောက်အောင် ကြိုးစားအားထုတ်သူပါ။ သူက အမြဲတမ်း ပိုပိုကောင်းချင်တယ်၊ ပိုပြီးအနိုင်ရချင်ပါတယ်။ အထူးသဖြင့် ပွဲကြီးတွေမှာ ကစားရတာကို နှစ်သက်ပါတယ်။ ကျွန်တော့်လက်ထက်မှာ အပြင်းအထန်လေ့ကျင့်မှုနဲ့အတူ ခရစ္စတီယာနိုဟာ အတိုးတက်ဆုံး ကစားသမားတစ်ဦးပါ” ဟု ဖာဂူဆန်က ပြောကြားခဲသည်။

    ထို့ပြင် ၎င်း၏ စွမ်းဆောင်ရည်တိုးတက်မှုမှာ မယုံကြည်နိုင်စရာဖြစ်ကြောင်း၊ ထိပ်တန်းကစားသမားများမှာ ပုံမှန်အားဖြင့် ၅ နှစ် သို့မဟုတ် ၆ နှစ်ခန့်သာ ခြေစွမ်းကို ထိန်းထားနိုင်သော်လည်း ရော်နယ်ဒိုကမူ ၎င်း၏ ထိပ်တန်းခြေစွမ်းကို ၁၀ နှစ်ခန့်အထိ ထိန်းထားနိုင်ကြောင်း၊ ၎င်း၏ မျိုးဆက် ဘောလုံးကစားသမားများထဲတွင် အထူးခြားဆုံး ကစားသမားဖြစ်ကြောင်း ဖာဂူဆန်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဂန္ထ၀င် အစ္စလာမ့် ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏ စွမ်းဆောင်ချက် (၃)

    ဂန္ထ၀င် အစ္စလာမ့် ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏ စွမ်းဆောင်ချက် (၃)

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    topkapi
    မက္ကာ၊ ဂျေရုစလင်နှင့် အစ္စတန်ဘူလ်မြို့များတွင် ရဟိတလုပ်ငန်းများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦးများ ဆောက်လုပ်ပေးမှုကြောင့် ထင်ရှားကျော်ကြားသည့် ရိုဇီလာနာ၏ ပုံတူပန်းချီ။ သူမမှာ အော်တိုမန်ပြည့်ရှင် ဆူလေမန်၏ မိဖုရားဖြစ်သည်။

    ၄။ အထွေထွေ သုံးသပ်ချက်
    ——————————
    အစ္စလာမ့်ယဉ်ကျေးမှုအတွင်း အမျိုးသမီးများ ရောက်ရှိခဲ့ကြသည့် ဂုဏ်အင်သိက္ခာက လက်ရှိပညာရှင်အသိုင်းအ၀ိုင်း၌ စတင်ပွင့်အံပေါ်လွင်လာပြီဖြစ်သည်။ ခလီဖဟ်တို့၏ ဆွေမျိုးသားချင်း အမျိုးသမီးများ၊ နန်းတွင်းသူများသည် စာပေထွန်းကားမှု၌ သူ့ထက်ငါ အပြိုင် ကြိုးစားခဲ့ကြ၏။ အန်ဒါလုစ်မှ မင်းသား အဟ်မဒ်၏သမီး အာအိရှဟ်သည် ကဗျာလင်္ကာနှင့် နှုတ်ရေးအတတ်တွင် သူမတူအောင် ထူးချွန်ခဲ့သည်။ သူမ၏မိန့်ခွန်းများသည် ကော်ဒိုဗာရှိ ခေတ်ဆွေးဒဿနရှင်များ၏ အတွေးအခေါ်တို့ကို ဂယက်ရိုက်စေခဲ့သည့်အပြင် သူမ၏စာကြည့်တိုက်မှာ ဘုရင့်နယ်မြေ၌ အကောင်းဆုံး၊ အပြည့်စုံဆုံး စာကြည့်တိုက်များအနက် အပါအ၀င်တစ်ခုဖြစ်ခဲ့၏။

    အနောက်တိုင်းပညာရှင်များအကြား ဗလာဒါ ဟု လူသိများသော အလ်မိုဟက်စ်၏ မင်းသမီး ၀လာဒဟ်သည် ကဗျာလင်္ကာပညာအရာတွင် ထင်ရှားကျော်ကြားခဲ့သူဖြစ်၏။ သူမ၏ အထုံပါရမီက သူမ၏ချစ်ဖွယ်သွင်ပြင်ထက် မနိမ့်ကျခဲ့ပေ။ သူမ၏ပြောစကားတို့မှာ လေးနက်ထိရောက်လှသဖြင့် မှတ်သားဖွယ်ရာများ ဖြစ်ခဲ့သည်။ သို့သာမက အိုင်ဘာရီယန်(စပိန်နှင့်ပေါ်တူကီ)ကျွန်းဆွယ်တစ်ခွင်မှ ပညာရှိများ၊ အာဝဇ္ဖာန်းရွှင်သူများကို ဖိတ်ခေါ်ယှဉ်ပြိုင်စေသော ကော်ဒိုဘာ ပညာရှင်ပြိုင်ပွဲများ၌လည်း တစ်ကြိမ်မှ မရှုံးနိမ့်သည့်အပြင် စကားပြေရေးသားမှုတွင်ဖြစ်စေ ကဗျာစပ်ဆိုမှုတွင်ဖြစ်စေ ပြိုင်ဖက်အားလုံးထက်အလျင် ပြီးစီးအောင် ရေးသားယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်၏။

    ဆယ်ဗစ်လီ Seville မှ အလ်ဃတ်စန်နီယဟ် နှင့် ဆဖီယဟ်တို့သည်လည်း ကဗျာလင်္ကာနှင့် နှုတ်ရေးကြွယ်ကြွယ် အဟောအပြော၌ ထင်ရှားကျော်စော်လှသည်။ ဆဖီယဟ်၏ လက်ရေးပန်းချီအတတ်ပညာခန်းကို သာလွန်အောင် မည်သူမျှ မစွမ်းဆောင်နိုင်ခဲ့၊ ထိုခေတ်၏ အကျော်အမော် အနုပညာရှင်များကပင်လျှင် သူမ၏ ခမ်းနားပြောင်မြောက်သော လက်ရေးပန်းချီပညာအပေါ် လက်မှိုင်ချရသည်အထိပင်။ အလ်ဖိုင်စူလီ၏သမီး ပါရမီရှင် မီရီယမ်သည် စာပေနှံ့စပ်မှုအရာ၌ အန်ဒလုစ်တခွင် ကျော်ကြားလှသည်။ သူမ၏ ထက်မြက်ထိရောက်သော
    ဇ၀နဥာဏ်နှင့် လိုတိုရှင်း သရော်ချက်များမှာ ပြိုင်ဖက်ကင်းလှကြောင်း အဆိုရှိသည်။

    အွမ္မုလ် စအဒ်သည် မွတ်စ်လင်မ်ထုံးဓလေ့များ၌ ကျွမ်းဝင်မှုကြောင့် ကျော်ကြားသည်။ “Labana of Cordoba” အား တိကျသောသိပ္ပံအချက်အလက်များဖြင့် သီကုံးထားသည်ကို ကြည့်၍ ရှုပ်ထွေးနက်နဲသည့် ဂျီသြမေတြီနှင့် အက္ခရာသချာင်္များကို အဖြေရှာခြင်း၌ သူမ၏စွမ်းရည် ထက်မြက်လှကြောင်း တွေ့ရ၏။ အထွေထွေ စာပေအနုပညာဖက်တွင်လည်း ကျယ်ပြန့်စွာ လေ့လာလိုက်စားထားနိုင်စွမ်းကြောင့် ခလီဖဟ် ဒုတိယမြောက် အလ်ဟကမ်က မိမိ၏အတွင်းလူယုံအဖြစ်ပင် အရေးပါသောနေရာ၌ ခန့်အပ်ခဲ့သည်။

    အိဘ်နု နဒီးမ် ရေးသားသော AI-Fihrist ၌ အထူးထူးသောနယ်ပယ်ရှိ ကျွမ်းကျင်သူ အမျိုးသမီးတို့ကို မှတ်တမ်းပြုဖော်ပြထား၏။ အရဗီဘာသာစကား အထူးကျွမ်းကျင်ခြင်းနှင့် ဆက်နွှယ်နေသည့် သဒ္ဒါပညာရပ်တွင် ကျွမ်းကျင်သူ နှစ်ဦး ပါဝင်သည်။ တစ်ဦးသည် အာရဗ်မျိုးရင်းနွယ်စုမှ ဆင်းသက်လာပြီး အာရဗ်တို့၏ဒေသိယဘာသာစကားဆိုင်ရာ ပညာရှင်ဖြစ်၏။ နောက်တစ်ဦးမှာ အာရဗ်ရိုးရာပုံပြင်များနှင့် ဆိုရိုးစကားများကို ကျွမ်းဝင်သူဖြစ်သည်။ တတိယမြောက်တစ်ဦးမှာ “ဝေါဟာရ၏ရင်းမြစ်များနှင့် ရှားပါးပုံစံများ” အမည်ရှိ စာအုပ်ကို ရေးသားခဲ့ပြီး စာဆိုကြီး အဘူ န၀ါ့စ် အတိုင်း ကန္တာရနေ မျိုးနွယ်စုများအကြား လှည့်လည်၍ အသိပညာများအား ဖြန့်ဝေပေးခဲ့သည်။ မတူကွဲပြားသည့် အခြားနယ်ပယ်တစ်ခုတွင်လည်း ပါးနပ်လိမ္မာသောအဆိုအမိန့်များဖြင့် ကျော်ကြားသူ အရ်ဝါ အကြောင်း ဖော်ပြထားပြီး သူမသည် “ဓမ္မဒေသနာ၊ ကိုယ်ကျင့်သီလနှင့် အသိဥာဏ်စဉ်” ဟူသော ကျမ်းကို ရေးသားခဲ့၏။

    အသုံးချသိပ္ပံပညာ၏ အဆင့်မြင့်အကိုင်းအလက်တစ်ခုဖြစ်သည့် အာကာသလေ့လာရေးအတွက် သုတေသနစမ်းသပ်ခန်းကို အလ်အိဂ်ျလီယဟ် ဘင့်န်သိ အလ်အိဂ်ျလိ အတ်စတူလာဘီမှ ဖော်ဆောင်ခဲ့သည်။ သူမသည် အလက်ပိုမှ ဖခင်၏သက်မွေးပညာရပ်ကို အမွေဆက်ခံထားခြင်းဖြစ်သည်။ အေဒီ ၁၀ ရာစုနှစ် ဘိုင်ဇန်တိုင်းအင်ပါယာ၏ နယ်စပ်ကျူးကျော်မှုအန္တရာယ်ကို ကာကွယ်ခဲ့သူ ဆီးရီးယားမြောက်ပိုင်း ဟမ်ဒါနီဘုရင်များ(ဟိဂ်ျရီ ၃၃၃-၉၄၄၊ ခရစ် ၃၅၇-၉၆၇)အနက် တစ်ဦးဖြစ်သော စာအိဖ် အလ်ဒေါင်လဟ် ၏ နန်းတွင်း၌ အမှုတော်ထမ်းစေခြင်း ခံရသည်။

    လက်ရေးပန်းချီအတတ်ပညာထွန်းကားတိုးတက်ရေးတွင် အနည်းဆုံး အမျိုးသမီးတစ်ဦး ပါဝင်နေသည်။ အဘ္ဘာစစ်မင်းဆက် ခလီဖဟ် မန်ဆူးရ်၏သားတစ်ဦးကို အလွတ်သင်ဆရာအဖြစ် ဆောင်ရွက်နေသူ အိဘ်နု ကိုင်ယူမဟ် မိသားစု၌ ဆနာအ် အမည်ရှိ ကျွန်မ တစ်ဦး ရှိ၏။ အိဘ်နု ကိုင်ယူမဟ်သည် ဆရာကောင်းပီသလှသူ ဖြစ်ရကား မိသားစုပိုင် ကျွန်စေမလေးကို သစ္စာရှိတပည့်တစ်ဦးအဖြစ် ကျေးဇူးပြုခဲ့သူဖြစ်၏။ သူသည် ထိုခေတ်ကာလ ထိပ်တန်း လက်ရေးပန်းချီပညာရှင် အစ္စဟာ့က် ဘင်န် ဟမ္မာ့ဒ်ထံ ပညာသင်ရန် လူနှစ်ဦးကို စေလွှတ်ခဲ့သည်။ ၎င်းတို့အနက်တစ်ဦးမှာ ဆနာအ် ဖြစ်၏။ ၎င်းတို့၏ မူရင်းလက်ရာများကို တူညီအောင် မည်သူမျှ မရေးသားနိုင်သေးကြောင်း အိဘ်နု နဒီးမ်က ရေးသားတင်ပြထားသည်။ (Foot Note -1 )

    ဆက်လက်၍ အနာဂတ်သုတေသနနှင့် ရှေ့ဆက်စူးစမ်းမှုအတွက် စံပြနမူနာများအဖြစ် ဆေးဝါး၊ သချာင်္၊ အာကာသလေ့လာရေး၊ ပစ္စည်းထုတ်လုပ်ရေး စသည့်ကဏ္ဍများ၌ ကျွမ်းကျင်သူအမျိုသမီးများအချို့အကြောင်းအား အကျဉ်းချုပ် တင်ပြပါမည်။

    Ref : The Muslim Heritage

    (ဆက်လက်ဖော်ပြပါမည်)

    1- (ကြည့် – Waddy Charis, Women in Muslim History, London and New York: Longman Group, 1980, p. 72.)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)  ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်

  • အီရတ်တွင် ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးကြောင်း IS အတည်ပြု

    အီရတ်တွင် ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးကြောင်း IS အတည်ပြု

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    shishani

    – IS အကြမ်းဖက်အဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သူ အိုမာရ် အလ်-ရှီရှာနီမှာ အီရတ်နိုင်ငံရှိ တိုက်ပွဲတစ်ခုတွင် သေဆုံးသွားခဲ့ပြီဟု ထိုအကြမ်းဖက်အဖွဲ့နှင့် နီးစပ်သည့် ၀ဘ်ဆိုက်တစ်ခုက အတည်ပြု ပြောကြားခဲ့သည်။

    ယမန်နေ့က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရှီရှာနီမှာ မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး အီရတ်စစ်တပ်၏ ထိုးစစ်အတွင်း ရှာရ်ကက်မြို့တိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်း သေဆုံးခဲ့သည့် အချိန်အတိအကျကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

    အီရတ်နိုင်ငံတွင် ယခုနှစ်အတွင်း နယ်မြေဆုံးရှုံးမှုများကို ခံစားနေရသော IS အတွက် ရှီရှာနီသေဆုံးမှုမှာ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။ မူဆိုးလ်မြို့မှာ အီရတ်နိုင်ငံတွင် IS က ထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသောမြို့ ဖြစ်သည်။

    အမေရိကန်ရှိ ပင်တဂွန်စစ်ဌာနချုပ်ကမူ မိမိတို့တပ်ဖွဲ့ဝင်များမှာ ရှီရှာနီကို သတ်ပစ်နိုင်ခဲ့ပြီး ၎င်းသေဆုံးမှုက အီရတ်၊ ဆီးရီယားနှင့် အခြားနေရာများတွင် IS ၏ စစ်ဆင်ရေးများကို ရပ်တန့်သွားစေနိုင်သည်ဟု မတ်လအတွင်းက ကြေငြာခဲ့သည်။

    IS အဖွဲ့က အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်နိုင်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ရှီရှာနီမှာ အမေရိကန်ကပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း မည်သည့်နေရာတွင် မည်သို့ သေဆုံးခဲ့ခြင်းဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။

    Ref: Aljazeera

  • “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”

    “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”

    ဇူလိုင် ၁၄ ၊ ၂၀၁၆
    ရေးသားသူ- ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
    .law-and-justice-image1
    NLD ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရအနေနဲ့ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်ချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးကို ဦးစာပေးဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ NLDရဲ့ဦးစားပေးအစီအစဉ်ထဲမှာ အမြဲတန်းပါဝင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်စဉ်ကပင် “တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး”ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တာကြောင့်၊ ယခု နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရားဥပဒေစိုးမိုးရေးကို လိုလားမှာဖြစ်ပါတယ်။သူမကိုယ်တိုင်လည်း လူစုလူဝေးနဲ့ တိုက်ခိုက်တာ ခံခဲ့ရဘူးတော့ ကိုယ်ချင်းစာနာစိတ်ရှိမှာကိုတော့ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိပါဘူး။
    .
    တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် ပြုလုပ်ခြင်းဟာ ယနေ့နိုင်ငံတော်ရဲ့နိုင်ငံရေးဦးတည်ချက်များကို ထိခိုက်စေရုံသာမက အသွင်ကူးပြောင်းရေးကာလကိုလည်း ဖျက်လိုဖျက်စီးပြုရာ ရောက်ပါတယ်။ အဲဒီလိုအခြေအနေမှာ ဘာသာရေးလူနည်းစုများဟာ တည်ကြက်ကဲ့သို့ မြေဇာပင်များ ဖြစ်နေပါတယ်။
    .
    အစိုးသစ်မှာ နိုင်ငံရေးအာဏာ အပြည့်အဝ မရှိသေးတာကိုလည်း သတိချပ်ဖို့ လိုပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍများကလည်း အစိုးရသစ်ကို အပြည့်အဝ အထောက်အကူပြုဖို့လည်း အရေးကြီးပါတယ်။
    .
    အစိုးရသစ်ရဲ့မူဝါဒများကို စိတ်ရောကိုယ်ပါ အကောင်အထည်ဖေါ်ဖို့ တာဝန်ရှိပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်များနဲ့ ပတ်သက်တဲ့ အချို့ကိစ္စများကိုဆန်းစစ်ကြည့်မယ်ဆိုရင်အုပ်ချုပ်ရေးပိုင်းက အစပြုထားတဲ့ကိစ္စများကို လူစုလူဝေးက အဆုံးသတ်ထားတာ တွေ့ရှိရပါတယ်။
    .
    ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာ၊မန္တလေးတိုင်းဒေသ၊ ရမည်းသင်းမြို့နယ်၊မိတ္ထီလာမြို့နယ်၊နဲ့ ကရင်ပြည်နယ်၊မြဝတီတို့မှာ ဝတ်ပြုဆောင်၊ စာသင်ကျောင်း၊သုသာန်များကို ဖျက်သိမ်းဖို့ အောက်ခြေ အုပ်ချုပ်ရေးပိုင်းကညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။NLD အစိုးရသစ်ရဲ့ ရက်ပေါင်း (၁၀၀) အတွင်းဖြစ်ပျက်နေတာ ဖြစ်ပြီး၊ တိုက်တိုက်ဆိုင်ဆိုင် အစ္စလာမ်ဘာ သာဝင်များရဲ့ရာမ်ဇန် ဥပုဒ်လအတွင်း မှာဆောင်ရွ က်နေတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂို လ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုသားပြန်လည်သင့်မြတ်ရေး နဲ့ ၂၁ရာစု ပင်လုံညီလာခံ ကြိုးပမ်း ချက်များနဲ့လည်း တိုက်ဆိုင်နေတာကို သတိပြုမိပါတယ်။
    .
    သူရဲသမိန်ရွာဗလီကိစ္စကို ဆန်းစစ်ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး စကားများတာကစပြီး၊ ဗလီကို လူစုလူဝေးနဲ့ ဖျက်ဆီးတာနဲ့ အဆုံးသတ်တာ တွေ့ရှိရပါတယ်။ ဘာမှမဆိုင်ပါဘူး။ ဖျက်ဆီးပြီးတော့လည်း ဗလီမှာ ပြန်ပြီး ဝတ်ပြုခွင့် လည်း မပြုတော့ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦး စကားများတာကြောင့်ဆိုရင် ဖျက်ဆီးခံရတဲ့ဗလီကို ပြန်ဖွင့်ပြီး ဝတ်ပြုခွင့်ပြုသင့်ပါတယ်။ တိုင်တန်းခြင်း မရှိလို့ အရေးယူခြင်းလည်း မရှိပါဘူးလို့ ဆိုပါတယ်။ ဒီလိုပြောဆိုမှုတွေဟာ ဥပဒေနဲ့ ညီညွှတ်မှု ရှိရဲ့လား? ဆိုတာကို သုံးသပ်ဖို့ လိုလာပါတယ်။
    .
    ဖားကန့်မြို့နယ်၊လယ်ပြင်ကျေးရွာဝတ်ပြုဆောင်ရဲ့ နောက်ဆုံးသတင်းကတော့၊ အစ္စလာမ်ဝတ်ပြုဆောင် ကိုဖျက်ဆီးခဲ့တယ်လို့ သံသယရှိသူ (၆) ဦးကိုဖမ်းဆီးပြီး၊ ပုဒ်မ-၁၄၅၊ ၄၃၆၊ ၁၁၄ အရအမှုဖွင့်ထားတယ်လို့ သိရှိရပါတယ်။ ခုလိုဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံများကို လူစုလူဝေးနဲ့ ဖျက်ဆီးမှုများကို ပုဒ်ထီး၊ ပုဒ်မတွေတန်းစီပြီး၊ တည်ဆဲတရားဥပဒေများနဲ့အညီ ထိထိရောက်ရောက်အရေး ယူရမှာ ဖြစ်ပါတယ်။
    .
    လူစုလူဝေးနဲ့ သောင်းကျန်းတဲ့ ပြစ်မှုများကျူးလွန်လို့ အရေးယူနိုင်တဲ့ ပုဒ်မတွေကတော့ ပြစ်မှုဆိုင်ရာဥပဒေ အခန်း-၈၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများအောက်မှာဖော်ပြထားပါတယ်။
    .
    ပုဒ်မ-၁၄၃(ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးတွင် ပါဝင်သူဖြစ်ခြင်း) ထောင်ဒဏ် ၆လထိ/ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၄ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် သေစေလောက်သော လက်နက်ကိုင်စွဲကာပါဝင်ခြင်း) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်းသိပါလျက်၊ ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း၊သို့တည်းမဟုတ် ဆက်လက်ပါဝင်နေခြင်း ) ထောင်ဒဏ် နှစ်နှစ်ထိ/ ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၇ (ရုန်းရင်းဆန်ခတ်မှု) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၄၈ (သေစေလောက်သောလက်နက်ကိုင်လျက် ရုန်းရင်းဆန်ခတ်မှုပြုခြင်း) ထောင်ဒဏ်၃နှစ်ထိ /ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၁၅၀ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်စေရန် လူကိုငှားရမ်းခြင်း၊ စေခိုင်းခြင်း) အစုအဝေးတွင် ကိုယ်တိုင်ပါဝင်ဘိ သကဲ့သို့၊ ပြစ်မှုကိုကိုယ်တိုင် ကျူးလွန်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရမည်။
    .
    ပုဒ်မ-၁၅၃-က (ပြည်ထောင်စုမြန်မာနိုင်ငံတွ င် နေထိုင် သူအမျိုးအစားတစ်ခုနှင့်တစ်ခုရန်ငြိုးထားစေရန်၊ မုန်းတီးစေရန် အားပေးအားမြှောက်ပြုခြင်း) ထောင်ဒဏ်၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    အခန်း-၁၅၊ ဘာသာသာသနာဆိုင်ရာ ပြစ်မှုများကတော့၊
    ————————————————-
    ပုဒ်မ-၂၉၅ (ကိုးကွယ်ဝတ်ပြုသောနေရာကိုဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း) ထောင်ဒဏ် ၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၂၉၅-က (နိုင်ငံတော်တွင်နေထိုင်ေ သာလူတစားကိုးကွ ယ်ယုံကြည်သောဘာသာ၊ ယုံကြည်မှုကိုစကား/စာဖြင့်/ ထင်ရှားသောပုံသဏ္ဍန်ဖြင့်စော်ကားမှု) ) ထောင်ဒဏ် ၂နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ၂၉၆(ဘာသာရေးအခမ်းအနားအစုအဝေးကိုနှောက်ယှက်ခြင်း) ထောင်ဒဏ် ၁နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၂၉၇ (ကိုးကွယ်ဝတ်ပြုသောနေရာ/ သင်္ချိုင်း/ မသာအခမ်းအနားများကို ကျူးကျော်စော်ကားခြင်း) ) ထောင်ဒဏ် တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၂၉၈ (ဘာသာရေးစိတ်ကိုနာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုခြင်းကိုယ် အမူအရာပြုခြင်း၊ အရာဝတ္တုတစ်ခုခုကိုထားခြင်း ) ထောင်ဒဏ်တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    အခန်း-၁၇၊အများပြည်သူကိုဖြစ်စေ၊လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အကျိုးဖျက်စီးမှုတွေကတော့…
    .
    ..ပုဒ်မ-၄၂ရ (အကျိုးဖျက်ဆီးမှု )ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၄၃၆(ကိုးကွယ်ဝတ်ပြုသည့်နေရာ/နေအိမ်/ပစ္စည်းသိုလှောင်ရာနေရာကို မီး (သို့)ပေါက်ကွဲစေသော အရာဖြင့် အကျိုးဖက်ဆီးမှု) တစ်သက်တစ်ကျွန်း/ထောင်ဒဏ်ဆယ်နှစ်ထိ + ငွေဒဏ်
    .
    ပုဒ်မ-၄၄၀ (သေစေမှု/နာကျင်စေမှု အတွက်ပြင်ဆင်ပြီး အကျိုးဖျက်ဆီးမှု) ထောင်ဒဏ်ငါးနှစ်ထိ + ငွေဒဏ်
    .
    အခန်း-၁၇၊ရာဇဝတ်မကင်းသော ကျော်နင်းမှုများမှာ……
    .
    ပုဒ်မ-၄၄၇ (ရာဇဝတ်မကင်းသော ကျော်နင်းမှု) ထောင်ဒဏ် သုံးလထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၄၄၈ (လူနေအိမ်/ကိုးကွယ်ဝတ်ပြုသောနေရာ/ပစ္စည်းသိုလှောင် ရာနေရာသို့ ဝင်ရောက်ခြင်း) ထောင်ဒဏ် တစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    အခန်း-၂၂၊ ရာဇဝတ်မကင်းသော ချောက်လှန့်မှု၊ စော်ကားမှုများနဲ့ စိတ်ငြိုငြင်စေမှုများကတော့…..
    .
    ပုဒ်မ-၅၀၄ (ငြိမ်ဝပ်ရေးကို ပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း) ထောင်ဒဏ် နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၅၀၅(ခ) (နိုင်ငံတော် ငြိမ်ဝပ်ရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူ၏အကျိုးကို ပျက်စီးစေမှု) ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ပုဒ်မ-၅၀၅(ဂ) (လူအမျိုအစား/လူမျိုးစုအချင်းချင်း၊ တစ်ဖက်နှင့်တစ်ဖက် ကျူးလွန်ချင်လာအောင် လှုံ့ဆော်ခြင်း) ထောင်ဒ ဏ်နှစ်နှ စ်ထိ / ငွေဒဏ်/ဒဏ်နှစ်ရပ်လုံး
    .
    ခွင့်ပြုချက်မရဘဲ မြို့နယ်အသီးသီးကိုဖြတ်ကျော်ပြီး၊ ဆန္ဒပြတဲ့အမှုများမှာ တစ်မြို့နယ်ချင်း ငြိမ်း-စု-စီ နဲ့ အမှုဖွင့်ပါတယ်။ အဲ့ဒီအမှုများမှာ သီးခြားပြစ်ဒဏ်ကျခံစေပါတယ်။ ခုလဲ ပြစ်မှူအင်္ဂါရပ်များနဲ့ အကျုံးဝင်တဲ့ပုဒ်မများနဲ့စွဲဆိုပြီး သီးခြားကျခံစေခြင်းဖြင့် ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်များ ချမှတ်နိုင်ပါတယ်။
    .
    နောက်တစ်ချက် ရှင်းရပါအုံးမယ်။ တိုင်ကြားသူမရှိလို့ အရေးမယူဘူးဆိုတဲ့ကိစ္စ။ ရဲအရေးပိုင်တဲ့ အမှုများမှာ ပြစ်မှုကျူးလွန်သူကို ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပါတယ်။ ဥပမာ၊ လူသတ်မှုကျူးလွန်တယ်ဆိုရင် တိုင်ကြားသူ ရှိရှိမရှိရှိ ရဲကအမှုဖွင့်ပြီး နိုင်ငံတော်က တရားလိုအဖြစ် အမှုမှာ ဦးဆောင်ပါဝင်ရမှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေကိုယ်တိုင်က ဥပဒေကို အလေးမထားဘဲ ပြောနေတာတွေက တရားဥပဒေစိုးမိုးရေးကို ချိနဲ့အားပျော့စေပါတယ်။
    .
    ပြည်သူ့ဝန်ထမ်းရဲများရှေ့မှာ ပြစ်မှုကျူးလွန်ခဲ့ရင်လည်း အဲဒီရဲများမှာ တာဝန်ရှိပါတယ်။
    .
    အခန်း-၅၊အားပေးကူညီမှုတွင်
    .
    ပုဒ်မ-၂၂၁ (ဖမ်းဆီးရန်တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းသည် မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း) သေဒဏ်ထိုက်သော ပြစ်မှုဖြစ်လျှင် ထောင်ဒဏ်ခုနစ်နှစ်ထိ+ငွေဒဏ်/ငွေဒဏ်မပါထောင်ဒဏ်ဆယ်နှစ်အော က်လျှော့သောပြ စ်မှုဖြစ်လျှင် ထောင်ဒဏ်နှစ်နှစ်ထိ/ငွေဒဏ်/ငွေဒဏ်မပါ
    .
    ပုဒ်မ-၁၁၄ကတော့ အားပေးကူညီမှု ဖြစ်ပါတယ်။
    .
    ချုပ်ပြီးပြောရရင်၊
    .
    လူစုလူဝေးနဲ့ သောင်းကျန်းရင် နိုင်ငံတော် ငြိမ်ဝပ်ရေးကို ပျက်စေသော ပုဒ်မများနဲ့ အရေးယူပါ။
    .
    ဘာသာသာသနာကို စော်ကားရင် ဘာသာ သာသနာဆိုင်ရာပုဒ်မများနဲ့ အရေးယူပါ။
    .
    ကိုးကွယ်ဝတ်ပြုသည့်နေရာ/နေအိမ်/ပစ္စည်းသိုလှောင်ရာနေရာများကို ဖျက်ဆီးရင် ဘာသာ အကျိုးဖျက်ဆီးမှု ပုဒ်မများနဲ့ အရေးယူပါ။
    .
    အများပြည်သူရဲ့အကျိုးကို ထိခိုက်ပျက်ဆီးစေရင် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ပျက်ပြားစေတဲ့ပုဒ်မများနဲ့ အရေးယူပါ။
    .
    ပြစ်မှုတစ်မျိုးစီ ကျူးလွန်ရင် ပုဒ်မတစ်မျိုးစီတပ်ပြီး၊ အရေးယူပါ။ရဲအရေးပိုင်တဲ့ အမှုများကို ရဲက ဖမ်းဆီး အရေးယူပါ။
    .
    မိမိတို့ကိုယ်တိုင် နစ်နာသူများကလည်း တိုင်တန်း တရားစွဲဆိုနိုင်ပါတယ်။ ပြည်သူ့ဝန်ထမ်းရဲများလည်း တည်ဆဲဥပဒေများကို လေးစားလိုက်နာဖို့လိုပါတယ်။ ရာဇဝတ်မှုဆိုတာ ကာလစည်းကမ်းသတ်လည်းမရှိ၊ ရာဇဝတ်မှုတွေ ရဲ့လက်တံက တော်တော်ရှည်ပါတယ်။ လူစုလူဝေးနဲ့ တရားစီရင်ရေးကို ဖိအားပေးတာကိုလည်း တားဆီးဖို့ လိုအပ်ပါတယ်။
    .
    နိုင်ငံတော်မှလည်း ဘာသာရေးပဋိပက္ခဆိုင်ရာ ဖြေရှင်းမည့် ကော်မရှင်အဖွဲ့ကို မကြာမီ ဖွဲ့စည်းမည်ဟု သိရှိရပါတယ်။၂၀၀၈ခြေ/ဥ ပုဒ်မ-၃၆၄ ကိုလည်းဥပဒေ ပြဌာန်းဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းများက ကြိုးပမ်းနေကြပါပြီ။ထိခိုက်နစ်နာသူများ အနေနဲ့လည်း စတင်တရားစွဲဆိုနေကြပါပြီ။ တရားဥပဒေစိုးမိုးရေးအတွက် အားကောင်းမောင်းသန်ဖြစ်စေတဲ့ အလားအလာတွေ ဖြစ်ပါတယ်။
    .
    ၂၀၀၈ ခြေ/ဥ ပုဒ်မ-၂၁(ဂ)နဲ့ ပုဒ်မ-၃၈၇တို့ အရ ‘ပြည်သူတို့ ၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပါတယ်။’တရားဥပဒေစိုးမိုးရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြ သကဲ့သို့ ရှေ့နေရှေ့ရပ် အသင်းအဖွဲ့များ၊ကွန်ယက်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ ကလည်း မိမိတို့အနေနှင့် တာဝန်ရှိကြသည့်အလျှောက် ဦးဆောင်ပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါတယ်။
    .
    အကောင်းဆုံးကတော့ တရားဥပဒေစိုးမိုးရေးကို တက်ညီလက်ညီ ဖေါ်ဆောင်ကြပြီး၊ အားလုံး ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဖြစ်ပါတယ်။ “ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ”မဟုတ်ပါလား။
    .
    ခင်မောင်ချို
    ၁၄-၇-၂၀၁၆

  • မက်ဆီကို ရာဇ၀တ်ကောင်အဖြစ် မမှတ်ယူဟု လာလီဂါဥက္ကဌပြော

    မက်ဆီကို ရာဇ၀တ်ကောင်အဖြစ် မမှတ်ယူဟု လာလီဂါဥက္ကဌပြော

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    messi 2

    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ အခွန်လိမ်လည်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသော်လည်း မိမိအနေဖြင့် မက်ဆီအား ရာဇ၀တ်ကောင်တစ်ဦးအဖြစ် မှတ်ယူမည်မဟုတ်ဟု လာလီဂါပြိုင်ပွဲ ကျင်းပရေးဥက္ကဌ ဂျာဗီယာ တီဘက်စ်က ပြောကြားလိုက်သည်။

    မက်ဆီကို အခွန်ငွေ ယူရို ၄.၁ သန်း ရှောင်တိမ်းမှုနှင့်ပတ်သက်၍ စပိန်တရားရုံးက ပြီးခဲ့သည့်တစ်ပတ်တွင် ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို ၂ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း မက်ဆီမှာ ထောင်ဒဏ်ကို ချက်ခြင်းကျခံရမည်မဟုတ်ဘဲ ဆိုင်းငံထားခြင်း ခံရမည်ဖြစ်သည်။

    ထိုကိစ္စကြောင့် မက်ဆီမှာ ဝေဖန်မှုများ ခံနေရပြီး ကလပ်အသင်းကို နာမည်ပျက်စေသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ ဘာစီလိုနာအသင်းကမူ မက်ဆီဖက်မှ ရပ်တည်ကာ ပရိတ်သတ်ထောက်ခံမှုပြန်ရရန် လုပ်ဆောင်နေပြီး၊ လာလီဂါတွင် မက်ဆီဆက်ရှိနေခြင်းမှာ ပြဿနာမဟုတ်ဟု လာလီဂါဥက္ကဌ တီဘက်စ်က ဆိုသည်။

    “ကျွန်တော် မက်ဆီနဲ့ စကားပြောပြီးပါပြီ။ သူ့ကို ရာဇ၀တ်ကောင်တစ်ဦးလို့ ကျွန်တော် မမြင်ပါဘူး။ သူ လာလီဂါမှာ ဆက်ရှိနေတာကို ကျွန်တော် နှစ်သက်ပါတယ်။ သူ့အတွက် ရွေးချယ်စရာတွေအများကြီး ရှိနေတုန်းပါပဲ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ စောင့်ရပါလိ့မ်မယ်” ဟု တီဘက်စ်က ပြောကြားခဲ့သည်။

    Ref: Goal