News @ M-Media

Blog

  • ယူအေအီးနိုင်ငံသားကို IS အဖွဲ့ဝင်အဖြစ် မှားယွင်းဖမ်းဆီးခဲ့သည့်အတွက် အမေရိကန် ပြန်တောင်းပန်

    ယူအေအီးနိုင်ငံသားကို IS အဖွဲ့ဝင်အဖြစ် မှားယွင်းဖမ်းဆီးခဲ့သည့်အတွက် အမေရိကန် ပြန်တောင်းပန်

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    uae

    – ပြီးခဲ့တဲ့တစ်ပတ်က အိုဟိုင်းယိုးပြည်နယ်မှာ ယူအေအီးနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို IS အဖွဲ့ဝင်ထင်ကာ မှားယွင်းဖမ်းဆီးမိတဲ့အတွက် အမေရိကန်က အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို တောင်းပန်လိုက်ပါတယ်။

    ဇွန်လ ၂၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ အာရပ်အမျိုးသားဝတ်စုံဝင်ထားတဲ့ အဟ်မဒ် အလ်-မန်ဟာလီဆိုတဲ့ အမျိုးသားတစ်ဦးကို IS အဖွဲ့ဝင်အဖြစ် သံသယ၀င်တဲ့အတွက် ဟိုတယ်စာရေးအဖြစ်လုပ်ကိုင်နေသူ အမျိုးသမီးက အကြောင်းကြားခဲ့ရာကနေ ရဲတွေက ဒီအမျိုးသားကို အင်အားသုံးလှဲချကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    အလ်-မန်ဟာလီဟာ ယူအေအီးမှာ လေဖြတ်ဝေဒနာခံစားရပြီးနောက် ဆေးဝါးကုသဖို့ ကလိဗ်လင်းကို ခရီးထွက်လာတာ ဖြစ်ပါတယ်။ အခုလို ဖမ်းဆီးခံရလိုက်ရတာကြောင့် နောက်ထပ်လေသင်တုန်းဝေဒနာတစ်ခု ခံစားရနိုင်တယ်လို့ သူက အမေရိကန် မီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့ဝင်တွေကတော့ သူတို့ လူမှားဖမ်းဆီးမိတာကို သိရှိပြီးတဲ့နောက်ပိုင်း အလ်-မန်ဟာလီကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွှတ်ပေးပြီး သိပ်မကြာခင်မှာပဲ မြေပြင်ပေါ်လဲကျသွားတာကြောင့် နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။

    မှားယွင်းစွပ်စွဲခဲ့တဲ့ စာရင်းကိုင်အမျိုးသမီးကိုတော့ တရားစွဲဖို့ တာဝန်ရှိသူများက ဆောင်ရွက်နေပြီး
    အေဗွန်မြို့တော်ဝန်နဲ့ ရဲအုပ်တို့ကလည်း စနေနေ့မှာ အလ်-မန်ဟာလီကို တောင်းပန်ခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်မှာ မိမိတို့အနေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကို ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်းကပြီး အဲဒီတာဝန်ရှိသူကလည်း တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

    “အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတွေက အမျိုးသားဝတ်စုံတွေ ၀င်ဆင်ခွင့်ကို လေးစားခွင့်ပြုပါတယ်လို့ သူက ပြောကြားခဲ့ပြီး အခုဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ လုံးဝ လက်မခံနိုင်တဲ့ အဖြစ်အပျက်မျိုးပဲလို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Presstv

  • တရုတ်သမ္မတဟောင်း အကြံပေး လာဘ်စားမှုဖြင့် တစ်သက်တစ်ကျွန်းကျ

    တရုတ်သမ္မတဟောင်း အကြံပေး လာဘ်စားမှုဖြင့် တစ်သက်တစ်ကျွန်းကျ

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    china 3

    – ချစားမှုတွေ၊ အာဏာအလွဲသုံးစားပြုမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သမ္မတဟောင်း ဟူကျင်တောင်းရဲ့ အကြံပေးးတစ်ဦးကို တရုတ်နိုင်ငံက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    လင်ဂျင်ဟွာဆိုသူဖြစ်ပြီး တီယန်ဂျင်းမြို့တော်က တရားရုံးမှာ ကြားနားစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့လက လျှို့ဝှက်ပြုလုပ်ပြီးတဲ့နောက် ဒီလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ တရုတ် မီဒီယာတွေက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။ သူ့ကို စွဲထားတဲ့ စွဲချက်တွေထဲမှာ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို တရားမ၀င် ရယူမှုလည်း ပါဝင်ပါတယ်။

    လင်၊ သူ့ဇနီးနဲ့ သားဖြစ်သူတို့ဟာ တာဝန်ယူစဉ်ကာလတုန်းက စုစုပေါင်း ယွမ် ၇၇.၁ သန်း ဖိုး လာဘ်စားခဲ့ပြီး၊ အဲဒီ လာဘ်ငွေပမာဏဟာ မထင်မှတ်ထားလောက်အောင် အလွန်များပြားနေခဲ့တယ်လို့ တရားရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရာဇ၀တ်မှုကြီးတွေနဲ့ ပက်သက်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်တွေလည်း ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

    လင်ကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ မျှတမှုရှိတယ်လို့ ၀န်ခံပြီး အယူခံဝင်မှာမဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : presstv

  • ၆ လအတွင်း ရန်ကုန်၌ ရာဇ၀တ်မှု ၂၀၀ ကျော်ဖြစ်ပွား

    ၆ လအတွင်း ရန်ကုန်၌ ရာဇ၀တ်မှု ၂၀၀ ကျော်ဖြစ်ပွား

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    yangon

    – ရန်ကုန်မြို့၌ ယခုနှစ် ပထမ ၆ လအတွင်း ဖြစ်ပွးခဲ့သည့် ရာဇ၀တ်မှု အချက်အလက်များကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး မုဒိမ်းမှု ၉၂ မှုအပါအ၀င် စုစုပေါင်း ရာဇ၀တ်မှု ၂၁၈ မှုရှိခဲ့သည်ဟု သိရသည်။

    မုဒိမ်းမှုအပြင် လူသတ်မှု ၉၃မှု၊ လုယက်ဓားပြတိုက်မှု ၂၆ မှုနှင့် ခိုးမှု ၃ မှုတို့ဖြစ်ပြီး ထိုအချက်အလက်မှာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည့် ရာဇ၀တ်မှုများဖြစ်သည်ဟု ဆိုသည်။ ယခုနှစ်ဝက်အတွင်း ဖြစ်ပွားခဲ့သည့် ရာဇ၀တ်မှုအရေအတွက်မှာ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက မတိမ်းမယိမ်းရှိနေသည်။ ပြီးခဲ့သည့်နှစ် ပထမ ၆ လတွင် မုဒိမ်းမှု ၇၉ မှုနှင့် လူသတ်မှု ၈၇ မှု ဖြစ်ပွားခဲ့သည်။

    “ဒီလတွေအတွင်းမှာ မုဒိမ်းမှုတွေက ပုံမှန်ထက်ပိုများလာပါတယ်။ ကျွန်တော်တို့ နေ့ညမပြတ်လှည့်နေပေမယ့် ရာဇ၀တ်မှုတွေကတော့ ဖြစ်နေတာပါပဲ” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    မြို့တော်ခန်းမရှေ့တွင် ဓားထောက်လူယက်မှု၊ ဈေးဝယ်စင်တာတွင် ဓားထိုးမှုတို့ အပါအ၀င် ကြောက်မက်ဖွယ် လုယက်တိုက်ခိုက်မှုများကြောင့် ယခင်ကထက် ပိုမိုစိုးရိမ်မိသည်ဟု မြို့နေပြည်သူများက ပြောကြားခဲ့သည်။

    ရာဇ၀တ်မှုများလျှော့ချရေးအတွက် လုံခြုံရေးကင်မရာများ တပ်ဆင်ခြင်းနှင့် လမ်းမီးများ ထပ်တိုးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဆိုပြုချက်တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တင်ပြထားသည်ဟု သိရသည်။

    Ref: yangon.coconuts

  • ယူရိုပြိုင်ပွဲဝင်အသင်းများမှ ထိပ်တန်း မွတ်စလင် ဘောလုံးသမားများ

    ယူရိုပြိုင်ပွဲဝင်အသင်းများမှ ထိပ်တန်း မွတ်စလင် ဘောလုံးသမားများ

    ဇူလိုင် ၅၊ ၂၀၁၆
    M-Media

    eu 0

    – ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကြီးဟာ လက်ရှိအချိန်မှာ ဆီးမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး မကြာမီမှာ ဥရောပရဲ့ အကောင်းအဆုံးအသင်းတစ်သင်း ပေါ်ထွက်လာတော့မှာပါ။

    ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဥရောပနိုင်ငံတိုင်းက သူတို့ရဲ့ အသင်းတွေကို အမြင့်ဆုံးမျှော်လင့်ချက်တွေ ထားခဲ့ကြပြီး၊ နိုင်ငံ့တာဝန်တစ်ခုကို ထမ်းဆောင်မယ့် ကစားသမားတွေကိုလည်း အဆုံးစွန်ဆုံး အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    အစ္စလာမ်ဘာသာဝင် ဘောလုံးသမား တော်တော်များများလည်း သူတို့ရဲ့ အမိနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြိုင်ပွဲမှာ အကောင်းဆုံးပေးဆပ်ခဲ့ကြ၊ ပေးဆပ်နေကြပါတယ်။ အဲဒီအထဲကမှ ထိပ်တန်းမွတ်စလင် ကစားသမား ၁၀ ဦးကို M-Media ပရိတ်သတ်တွေ ဗဟုသုတ ရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

    ၁။ မီဆု အိုဇေးလ် (ဂျာမနီ)

    eu 1

    တူရကီနွယ်ဖွားဖြစ်ပြီး ဂျာမနီမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အိုဇေးလ်ဟာ တိုက်စစ်သားအားသန်တဲ့ အလယ်တန်းကစားသမား တစ်ဦးဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျာမနီကလပ် ၀ါဒဘရီမင်အသင်းမှာ ကစားနေတဲ့ အိုဇေးလ်ကို ရီးယဲလ်က ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့ကြေးအမြောက်အများသုံးကာ ခေါ်ယူခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဆ်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ မောင်းနှင်အားတစ်ခု ဖြစ်နေပါတယ်။

    ၂။ ဆာမိ ခီဒီရာ (ဂျာမနီ)

    eu 2

    ခီဒီရာဟာလည်း ဂျာမနီအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး လက်ရှိအချိန်မှာတော့ အီတလီထိပ်သီး ဂျူ ဗင်တပ်စ်အသင်းမှာ ကစားနေပါတယ်။ သူ့ကို တူနီးရှားဖခင်နဲ့ ဂျာမနီမိခင်တို့က ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဂျာမနီမှာ စတုဂတ်၊ စပိန်မှာ ရီးယဲလ်မက်ဒရစ်တို့နဲ့ ကမ္ဘာ့အဆင့်ကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

    ၃။ အဒီလ် ရာမီ (ပြင်သစ်)

    eu 3

    အရပ် ၆ ပေ ၃ လက်မရှိပြီး သန်မာတောင့်တင်းတဲ့ ရာမီဟာ အိမ်ရှင်ပြင်သစ်ရဲ့ နောက်တန်းမှာ လော့ရင့် ကွန်စီယဲလ်နီနဲ့ တွဲကာ အမာခံ နောက်ခံလူတစ်ဦး ဖြစ်နေပါတယ်။ သူလက်ရှိ ကစားနေတဲ့ ကလပ်အသင်းကတော့ စပိန်ကလပ် ဆီးဗီးလားဖြစ်ပြီး ယူရိုပါဖိုင်နယ်မှာ လီဗာပူးလ်ကိုအနိုင်ယူကာ ဖလားကိုင်မြှောက်ထားနိုင်သူပါ။ မော်ရိုကိုနွယ်ဖွားဖြစ်တဲ့ ရာမီဟာ ဗလင်စီယာနဲ့ အေစီမီလန်တို့လို ဥရောပထိပ်သီးအသင်းတွေမှာ ကျင်လည်ခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    ၄။ မာရူနီ ဖယ်လိုင်နီ (ဘယ်လ်ဂျီယံ)

    eu 4

    လက်ရှိ မန်ယူမှာကစားနေတဲ့ ကွင်းလယ်လူဖယ်လိုင်နီဟာ သူ့ရဲ့ ဆံပင်ပုံစံကြောင့် ဘောလုံးပွဲကြေငြာသူတွေ အလွယ်တကူ သိနိုင်သူတစ်ဦး ဖြစ်ပါတယ် အရပ် ၆ ပေ ၄ လက်မှာရှိတဲ့ သူဟာ ခံစစ်နဲ့ တိုက်စစ် ၂ မျိုးစလုံးအတွက် အမြင့်ဘောကစားရာမှာ ကျွမ်းကျင်ပါတယ်။ ဘယ်လ်ဂျီယံထိပ်သီး Standard Liege မှာ ကစာသမားဘ၀ကို စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အဲဗာတန်အသင်းက သူ့ကို ခေါ်ယူခဲ့ပါတယ်။ ဒေဗစ်မိုယက်စ် မန်ယူနည်းပြ ဖြစ်လာပြီးနောက်ပိုင်း ဖယ်လိုင်နီဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာပါ။

    ၅။ ဇာဒန် ရှာကွီရီ (ဆွစ်ဇာလန်)

    eu 5

    အလ်ဘေးနီးယန်းမိဘတွေကနေ သူ့ကို ဂျီလန်မြို့မှာ ၁၉၉၁ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မိသားစုနဲ့အတူ ဆွစ်ဇာလန်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၅၀ ကျော် ကစားပေးထားတဲ့ ရှာကွီရီဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။ ခြေထောက် ၂ ဖက်စလုံးကို အသုံးပြုနိုင်ပြီး ပြေးအားကောင်းသူတစ်ယောက်ဖြစ်ကာ ကွင်းလယ်မှာ နေရာစုံကစားနိုင်ပါတယ်။ ရှာကွီရီရဲ့ ကစားသမားဘ၀ဟာ ဘေဆယ်အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဂျာမနီက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

    ၆။ ဂရာနစ် ဇာကာ (ဆွစ်ဇာလန်)

    eu 6

    ဇာကာကလည်း အယ်လ်ဘေးနီးယားနွယ်ဖွားတစ်ယောက်ဖြစ်ပြီး မိသားစုနယ်အတူ ငယ်ငယ်ကတည်းက ဆွစ်ဇာလန်ကို ပြောင်းရွှေ့လာသူပါ။ ကွင်းလယ်မှာ ပြေးပြေးလွှားလွှား ကစားနိုင်တဲ့ ဇာကာဟာ ဂိုးသွင်းခွင့် တော်တော်များများကိုလည်း ဖန်တီးပေးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းအစကိုသိတဲ့ အာဆင်ဝင်းဂါးဟာ မေလကပဲ ပေါင် ၃၅ သန်း ၀န်းကျင်လောက်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဇာကာရဲ့ အစ်ကိုဖြစ်တဲ့ တော့လန့်ဟာလည်း ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး သူမိဘတွေရဲ့ဇာတိ အယ်လ်ဘေးနီးယားမှာ ကစားနေသူဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ယူရို အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ဆွစ်ဇာလန်က အိမ်ရှင်ပြင်သစ်ကိုကျော်ကာ အုပ်စု ပထမနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

    ၇။ အာဒါ တူရန် (တူရကီ)

    ကွင်းလယ်ကစားသမား တူရန်ဟာ တူရကီကစားသမားတွေထဲကမှ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ကစားနေပါတယ်။ အသက် ၂၇ နှစ်သာရှိသေးပေမယ့် တူရန်ဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၉၀ လောက် ကစားပေးထားပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ အသင်းတွေထဲမှာ တူရကီကလပ် ဂါလာတာစာရေးအသင်းလည်း ပါဝင်ပြီး အသက် ၂၁ နှစ်လောက်နဲ့ အသင်းခေါင်းဆောင်ဖြစ်ကာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုနဲ့လည်း တူရန်ဟာ ၂၀၁၄ ခုနှစ်မှာ လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ တူရကီအသင်းခေါင်းဆောင်အဖြစ် ယူရိုမှာ ပါဝင်ခဲ့ပါတယ်။

    ၈။ အမ်ရီ ကန် (ဂျာမနီ)

    eu 8

    နည်းပြ ယာဂန်ကလော့ပ်လက်ထက်မှာ အမ်ရီ ကန်ဟာ လီဗာပူးလ်မှာ ပုံမှန်နေရာရလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ကလပ်အသင်းမှာ ပြသနိုင်တဲ့စွမ်းရည်ကြောင့် ဂျာမနီလက်ရွေးစင်အသင်းမှာ ထိုက်ထိုက်တန်တန် နေရာရခဲ့သူပါ။ တူရကီနွယ်ဖွားဖြစ်တဲ့ ကန်ကို ဂျာမနီနိုင်ငံ ဖန့်ဖတ်မြို့မှာ မွေးဖွားခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဘိုင်ယန်၊ လေဗာကူဆင်လို ပြည်တွင်း ထိပ်သီးအသင်းတွေနဲ့ လက်တွဲခဲ့ရပါတယ်။ သူဟာ လျင်မြန်ဖြတ်လတ်မှုကြောင့် ကျော်ကြားပြီး ကွင်းလယ်တင်မက နောက်တန်းမှာပါ ကစားနိုင်သူတစ်ဦး ဖြစ်ပါတယ်။

    ၉။ မူဆာဒမ္ဘီလီ (ဘယ္လ္ဂ်ီယံ)

    မာလီ-ဘယ္လ္ဂ်ီယံ ကျပားတစ္ဦျဖစ္တဲ့ ဒမ္ဘီလီဟာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယံက အသင်းငယ်တစ်သင်းနဲ့ ကစားသမားဘ၀ကို စတင်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နယ်သာလန်က Willem II အသင်း၊ အဲဒီကတစ်ဆင့် အေဇက် အလ်ခမာအသင်း စသဖြင့် တစ်သင်းပြီးတစ်သင်း ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့် စပါးက ၂၀၁၂ ခုနှစ်မှာ ခေါ်ယူခဲ့ပြီး အခုအချိန်မှာတော့ စပါးရဲ့ ပင်တိုင်ကစားသမား ဖြစ်လို့နေပါပြီ။

    ၁၀။ ပေါလ် ပေါ့ဘာ (ပြင်သစ်)

    eu 10

    တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံး ယူ-၂၁ ကစာသမားအဖြစ် ရွေးချယ်ခံခဲ့ရသူတစ်ဦးပါ။ ပေါ့ဘာဟာ အခု ယူရိုပြိုင်ပွဲမှာ အများက စောင့်ကြည့်ခံရတဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေ ၄ ကြိမ်ဆက်ချန်ပီယံဖြစ်မှုမှာ ပေါ့ဘာရဲ့ ကူညီပံ့ပိုးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အကောင်းဆုံး အချိန်ကိုရောက်ရှိနေတဲ့ ပေါ့ဘာကို အသင်းဟောင်း မန်ယူက ပြန်ခေါ်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပေါ့ဘာရဲ့ မိဘ ၂ ဦးစလုံးဟာ ဂီနီနွယ်ဖွားတွေဖြစ်ပြီး သူ့ရဲ့ ညီအကိုစ် ၂ ယောက်ဟာလည်း ပြင်သစ်နဲ့ စတော့တလန်တို့မှာ ဘောလုံးကစားနေကြပါတယ်။ ဘောလုံးဆွဲယူပြီးပြေးစဉ်မှာ ခြေထောက်လှုပ်ရှားမှုဟာ တော်တော်လေး လျင်မြန်တာကြောင့် သူ့ကို “ရေဘ၀ဲ” လို့လည်း ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။

    Ref: mvslim.com

  • မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များရဲ့ ၀ါကျွတ်(အီးဒ်) ပွဲတော်နေ့

    မြန်မာနိုင်ငံမှ မွတ်စ်လင်မ်များရဲ့ ၀ါကျွတ်(အီးဒ်) ပွဲတော်နေ့

    ဇူလိုင် ၅ ၊ ၂၀၁၆
    M-Media
    133695783_14125794092911n
    အစ္စလာမ်သာသနာဝင် ကမ္ဘာ့မွတ်စ်လင်မ်များအဖို့ နှစ်စဉ်နှစ်တိုင်း ဥပုသ်လအပြီး နောက်တစ်ရက်မှာ အာရဗီလို “အီးဒုလ် ဖိသ်ွရ်” လို့ခေါ်တဲ့ ၀ါကျွတ်ပွဲတော်ကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် တစ်ရက်သာ ကျင်းပကြပေမယ့် ၂ ရက် သို့မဟုတ် ၃ ရက်ထိ ပြုလုပ်ကျင်းပတဲ့ နေရာဒေသအချို့လည်း ရှိပါတယ်။

    ဒီနေ့ကို အစ်နေ့ သို့မဟုတ် အစ်ကလေး သို့မဟုတ် စမိုင်/ရှမိုင်အစ် လို့ အလွယ်တကူ ခေါ်ဆိုတတ်ကြတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးခြင်း မရှိသော်လည်း လုပ်ငန်းရှင်အများစုကတော့ မွတ်စ်လင်မ်လုပ်သား ၀န်ထမ်းတွေအပေါ် နားလည်မှုပေးပြီး လိုလိုလားလား ခွင့်ရက် ပေးလေ့ရှိကြပါတယ်။ တစ်ချို့ဆိုရင် လစာ မဖြတ်တောက်တဲ့အပြင် မိမိတို့ရဲ့ မွတ်စ်လင်မ်ဝန်ထမ်းများဆီကို အခြားဘာသာဝင် ၀န်ထမ်းများနဲ့အတူ အလုပ်ချိန်မှာပင် တကူးတက အချိန်ယူ သွားရောက်လည်ပတ် အားပေးလေ့ရှိပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။

    မြန်မာနိုင်ငံမှာ တစ်မျိုးတည်းသော ဆုံးဖြတ်ချက် ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အစ္စလာမ့်အဖွဲ့အစည်း ဆိုတာ မရှိတာကြောင့် အီးဒ်နေ့ သို့မဟုတ် ရမဿွာန်(ဥပုသ်ဆောက်တည်ရတဲ့လ) အစပြုရက်အတွက် လမြင်ခြင်း/မမြင်ခြင်းနဲ့ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်ဖို့ ရံဖန်ရံခါ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့်လည်း မြို့ငယ်လေးဖြစ်စေ၊ ကျေးရွာမှာပင်ဖြစ်စေ အီးဒ်နေ့ စတင်ကျင်းပတဲ့နေ့က ကွဲပြားနေရခြင်း ဖြစ်ပါတယ်။ အိးဒုလ် ဖိသ်ွရ် နေ့မြတ်ကို အစဉ်အဆက် အစိုးရဖက်က အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ခက်ခဲမှုရှိနေတာလည်း ဒီကိစ္စကြောင့် ဖြစ်ပါလိမ့်မယ်။ (အများပြည်သူအားလပ်ရက်ဆိုတာ တင်ကြိုသတ်မှတ်ပေးရတာပါ)။

    ဒါပေမယ့်လည်း အစ္စလာမ်ရဲ့ အီးဒ်ပွဲတော်နေ့ ၂ မျိုးအနက် အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ “အီးဒုလ် အဿွ်ဟာ” နေ့မြတ်ကိုတော့ အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ အစ္စလာမ့်ပြက္ခဒိန်အရ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ ရက်နေ့မှာ နှစ်စဉ်ကျရောက်တဲ့ ဒီနေ့မှာ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအဖို့ ဆင်နွှဲကျင်းပခွင့် ရကြပါတယ်။ ဒီ အီးဒုလ်အဿွ်ဟာ (တစ်နည်း) ကုရ်ဘာနီအစ်နေ့ကို တစ်ရက်တည်းသာ ကျင်းပလေ့ရှိတာက တစ်ကြောင်း၊ လမြင် လကြည့်ကိစ္စကို ဆယ်ရက်အလျင် ပြုလုပ်ပြီး ရက်သတ်မှတ်ထားနိုင်တာက တစ်ကြောင်း၊ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ (သို့) ၁၁ (သို့) ၁၂ ရက် – ၃ ရက်အထိ ပြုလုပ်နိုင်တာကတစ်ကြောင်းကြောင့် မြန်မာအာဏာပိုင်များအတွက် အားလပ်ရက်အဖြစ် ကြေငြာပေးဖို့ လွယ်ကူမှု ရှိပါတယ်။ ဟဂ်ျ ကိစ္စက မွတ်စ်လင်မ်အားလုံးအတွက် ပိုမိုအရေးကြီးတဲ့အတွက် ဆော်ဒီအစိုးရရဲ့သတ်မှတ်ရက်အတိုင်း လိုက်နာကြတာများပါတယ်။

    မွတ်စ်လင်မ်များဟာ “သပ်ကဘီရ်” လို့ခေါ်တဲ့ ဖန်ဆင်းရှင်ရဲ့ကြီးမြတ်မှု၊ ဖန်ဆင်းရှင်အပေါ် ချီးမွှမ်းမှု ကို အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှု မစတင်မီအချိန်ကစပြီး ၃ ရက်တာ တစ်လျှောက်လုံး (ငါးကြိမ် ၀တ်ပြုမှု ပြီးလေတိုင်း) အသံထုတ်ရွတ်ဆို သရဇ္ဈာယ်လေ့ရှိကြပါတယ်။

    မြန်မာနိုင်ငံ မွတ်စ်လင်မ်အများစုက စွန္နီမွတ်စ်လင်မ်ဖြစ်ပြီး ဟနဖီဓမ္မသတ်လမ်းကြောင်းအပေါ် လိုက်နာကြသူများ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအရ အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှုကို ၀ါဂျိဘ် (ဖန်ဆင်းရှင်ရဲ့အမိန့် မဟုတ်သော်လည်း တမန်တော့်ဓလေ့အရ အရေးပေါ်အကြောင်းထူးမရှိဘဲ မပျက်ကွက်အပ်တဲ့တာဝန်)အဖြစ် သတ်မှတ်ကြပါတယ်။ ၀တ်ပြုမှုကို ၂ ရကအသ်(၂ ကျော့)ကို သပ်ကဘီရ်(လက်မြှောက်ခြင်း) အပိုခြောက်ကြိမ်နဲ့ စုပေါင်း ၀တ်ပြုလေ့ရှိပါတယ်။

    933950_630843503615009_1096479696_n
    Photo Credit-Hina FB

    ရပ်ကွက်ထဲ မြို့ထဲက ဗလီဝတ်ကျောင်းတော်များမှာ လူမဆန့်တဲ့အခါမျိုးကျရင် မြို့တွင်း သို့မဟုတ် မြို့ပြင်က ကွင်းပြင်တစ်ခုခုမှာ အီးဒ်နေ့ ၀တ်ပြုမှုကို စုပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ မလိုလားအပ်တဲ့ အခြားတားမြစ်မှု၊ တင်းကြပ်မှုတွေ ရှိကြပေမယ့် အဓိကရည်ရွယ်ချက်ကတော့ စည်းလွတ်ဘောင်လွတ်ပျော်ရွှင်မှုမျိုး မဖြစ်အောင်၊ အများကို မထိခိုက်စေအောင်၊ ဂုဏ်သိက္ခာနဲ့ မင်္ဂလာရှိအောင် ကန့်သတ်ပေးခြင်းပါ။

    မြန်မာနိုင်ငံ မွတ်စ်လင်မ်များအနေနဲ့ ၀ါကျွတ် အီးဒ်ပွဲတော်မှာ ပြုလုပ်ကျွေးမွေးလေ့ရှိတဲ့ စားဖွယ်ရာများကတော့ ဆနွင်းမကင်း၊ ဟာလ၀ါ၊ ဒန်ပေါက်ထမင်း၊ ထောပတ်ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ လ္ဘက်သုတ်နဲ့ အကြော်စုံ၊ စမူဆာ၊ ကျောက်ကျော၊ မုန့်လက်ဆောင်း၊ စမိုင်/ရှမိုင်၊ အအေးဖျော်ရည်များ အပါအ၀င် ဒေသဆိုင်ရာနဲ့ လူမျိုးစုရိုးရာ အစားအသောက်များဖြစ်ကြပါတယ်။

    အီးဒ်နေ့ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စလာမ်ဆိုခြင်း(ငြိမ်းချမ်းစေကြောင်း မေတ္တာပို့သခြင်း)၊ အီးဒ် မုဘာရပ်(မင်္ဂလာ အီးဒ်နေ့မြတ်) စကားနဲ့ နှုတ်ခွန်းဆက်ခြင်း ပြုကြပါတယ်။ အီးဒ်နေ့အထိမ်းအမှတ် ၀တ်ပြုမှုအပြီးမှာ အချို့မွတ်စ်လင်မ်အမျိုးသားများက သင်္ချိုင်းကို သွားရောက်ပြီး ကွယ်လွန်သူများကို တွေ့ဆုံဂါရ၀ပြုတာ၊ ကုသိုလ်ပို့တာ၊ ဆုမွန်ကောင်းတောင်းပေးတာမျိုးလည်း ကျင့်မူလေ့ရှိကြပါတယ်။ ၀ါကျွတ်အီးဒ်ပွဲတော်မှာ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းတွေကို သွားရောက်တွေ့ဆုံနှုတ်ဆက်တာ၊ စားဖွယ်ရာနဲ့ပစ္စည်းတွေကို လက်ဆောင်သွားပို့တာမျိုးကို အစဉ်အလာတစ်ရပ်အနေနဲ့ ပြုလေ့ရှိပါတယ်။ မွတ်စ်လင်မ်မဟုတ်တဲ့ လုပ်ငန်းရှင်တွေ၊ အာဏာပိုင်တွေကိုပင်လျှင် သွားရောက်ဂါရ၀ပြု နှုတ်ဆက်ပေးကမ်းတာမျိုးလည်း ရှိကြပါတယ်။ မိမိရဲ့မိသားစုဝင်တွေ၊ မိမိလက်အောက်ခံ လုပ်သားဝန်ထမ်းတွေကို အ၀တ်အစားသစ်များ ဆင်ယင်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံ မွတ်စ်လင်မ်တွေဟာ မိမိတို့ရဲ့ရင်သွေးများကိုရော အခြားကလေးငယ်တွေကိုပါ ပျော်ရွှင်အောင် “အီတီ” ခေါ်တဲ့ အီးဒ်နေ့အထိမ်းအမှတ် မုန့်ဖိုးတွေ ပေးတတ်ကြပါတယ်။ ကလေးငယ်တွေကလည်း ဆွေမျိုးတော်စပ်သည်ဖြစ်စေ မတော်စပ်သည်ဖြစ်စေ၊ သိကျွမ်းသူဖြစ်စေ မသိကျွမ်းသူဖြစ်စေ မွတ်စ်လင်မ်အိမ်မှန်သမျှ အုပ်စုလေးဖွဲ့ပြီး သွားရောက်လည်ပတ်စားသောက်လေ့ရှိတယ်။ နည်းများမဟူ ပေးကမ်းတဲ့ အီတီ မုန့်ဖိုးတွေ ရယူလေ့ရှိပါတယ်။ သက်ငယ်ပိုင်းများကလည်း မိမိတို့မိဘ၊ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းနဲ့ အိမ်နီးချင်းတွေဆီ သွားရောက်တွေ့ဆုံ စလာမ်ဆို နှုတ်ဆက်ကြပါတယ်။ မိမိတို့အချင်းချင်းအကြား အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်တတ်ကြပါတယ်။ မိမိတို့ဖက်က အချိန်ယူပြီး သွားရောက်လည်ပတ်လေ့ရှိသလို လူမျိုးမရွေး ဘာသာမရွေး မိတ်ဆွေရန်သူမရွေး ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး လာရောက်တွေ့ဆုံလည်ပတ်သူများအတွက်လည်း တံခါးဖွင့်ထားပေးကြပါတယ်။

    ဒါဟာ အစ္စလာမ်ဘာသာဝင်များရဲ့ ၀ါကျွတ် အီးဒ်ပွဲတော် မြင်ကွင်းအကျဉ်း ဖြစ်ပါတယ်။ အာရဗီဝေါဟာရ အီးဒ် ရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်ခြင်းနေ့” ဖြစ်တဲ့အတိုင်း အစ္စလာမ်ဘာသာဝင်များသာမက မြန်မာပြည်လူထုအပေါင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

    ××××××××××××

    Dr. Ko Ko Gyi’s Burmese Muslims‘ way of celebrating Eid ကို ကိုးကားမှီငြမ်း၍ ဂျူလိုင်ရဲရင့် ရေးသားသည်။