News @ M-Media

Blog

  • အီရန်တွင် ဂျေရုစလင်နေ့ကို သောင်းသောင်းဖျဖျ ကျင်းပ

    အီရန်တွင် ဂျေရုစလင်နေ့ကို သောင်းသောင်းဖျဖျ ကျင်းပ

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    iran

    – အစ္စရေးရဲ့ ကျူးကျော်နယ်ချဲ့မှုကိုဆန့်ကျင်ပြီး ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးကို အားပေးထောက်ခံတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ ‘ဂျေရုစလင်နေ့’ (Al-Quds Day) ချီတက်ဆန္ဒပြပွဲကို သောကြာနေ့က အီရန်နိုင်ငံတစ်ဝှမ်း တစ်ခဲနက် ကျင်းပခဲ့ကြပြီး မြို့တော် တီဟီရန်တစ်မြို့တည်းမှာပဲ ထောင်ပေါင်းများစွာသော အီရန်ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။

    ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ အဲဒီ Al-Quds Day ကို ရမ်ဇာန်ဥပုသ်လရဲ့ နောက်ဆုံး သောကြာနေ့အဖြစ် အီရန်က သတ်မှတ်ထားပြီး အမေရိကန်ကျောထောက်နာက်ခံပြု  အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အီရန် အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်တဲ့ ၁၉၇၉ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

    တီဟီရန်မှာပြုလုပ်တဲ့ ချီတက်ဆန္ဒပြပွဲမှာ ကလေးငယ်တွေကနေ သက်ကြီးရွယ်အိုတွေအထိ ပါဝင်ခဲ့ပြီး အများစုက “အစ္စရေးကိုတွန်းလှန်ကြပါစို့” ဆိုသည့် နဖူးစီးများ စည်းထားကြကာ တစ်ချို့တွေကတော့ ဦးခေါင်းထိပ်မှာ ဒေးဗစ်ကြယ်တစ်ခု တပ်ဆင်ထားတဲ့ လေဘာတီ ရုပ်တုပုံတူကို မီးရှို့ခဲ့ကြပါတယ်။

    အဆိုပါလမ်းလျှောက်ဆန္ဒပြပွဲကို အီရန်သမ္မ ဟာဆန်ရူဟာနီလည်း တက်ရောက်ခဲ့ပြီး ဒေသတွင်းပဋိပက္ခတွေဟာ ပါလက်စတိုင်းအရေးကို ကိုင်တွယ်ဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်နေတယ်လို့ ပြောဆိုခဲ့ကာ မွတ်စလင်တွေ ပိုပြီးစည်းလုံးညီညွှတ်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။

    “လက်ဘနွန်မှာ ဒုံးကျည် တစ်သိန်းလောက်ဟာ ဇီယွန်ဝါဒီတွေရဲ့ နှလုံးသားဆီ ပျံသန်းဖို့ အသင့်ဖြစ်နေကြတယ်။ နောက်ထပ် ဒုံးကျည် ထောင်ပေါင်းများစွာကိုလည်း အစ္စလာမ့်ကမ္ဘာတစ်ဝှမ်းမှာ တပ်ဆင်ထားပြီး အမိန့်ကို စောင့်နေကြတာပါ။ အဲဒီ ခလုပ်ကို တစ်ချက်တည်းနှိပ်လိုက်တာနဲ့ ကောင်းကျိုးမပေးတဲ့၊ ကမ္ဘာ့ ပထ၀ီနိုင်ငံက ဆူးညှောင့်ခလုပ်တစ်ခုဟာ ထာဝရ ပျောက်ကွယ်သွားမှာပါ” လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယအကြေီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရမ်ဇာန်ဥပုသ်လ၏ ရည်ရွယ်ချက်ကို ရောင်ပြန်ဟပ်သည့် လန်ဒန်မှ စားသောက်ဆိုင်

    ရမ်ဇာန်ဥပုသ်လ၏ ရည်ရွယ်ချက်ကို ရောင်ပြန်ဟပ်သည့် လန်ဒန်မှ စားသောက်ဆိုင်

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    london

    – ဆင်းရဲချို့တဲ့သူတွေကို ညှာတာထောက်ထားဖို့ဆိုတဲ့ ရမ်ဇာန်ဥပုသ်လရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လန်ဒန်မြို့က မွတ်စလင်စားသောက်ဆိုင်တစ်ခုဟာ ချို့တဲ့သူတွေကို ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    အခုသီတင်းပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုမှာ ပူပူနွေးနွေး ထမင်းဟင်းလျာ ၂၀၀ ကို ဝေငှခဲ့တာ ဖြစ်ပါတယ်။

    “အစ္စလာမ်ဘာလဲဆိုတာ လူတွေကို သိစေချင်တာပါ” လို့ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ Shelby’s Food Express စားသောက်ဆိုင်ပိုင်ရှင် ယာဇန် အလ် ရှာလာဘီက ပြောကြားခဲ့ပါတယ်။ အလ် ရှာလာဘီရဲ့ ဒီဆိုင်ဟာ လန်ဒန်မြို့လယ်ခေါင်မှာ တည်ရှိပြီး အရှေ့အလယ်ပိုင်း အစားအသောက်တွေ ရောင်းချတာဖြစ်ပါတယ်။

    အလ်ရှာလာဘီဟာ လန်ဒန်က လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဆင်းရဲချို့တဲ့သူတွေကို ဖိတ်မန္တက ပြုကာ လှူဒါန်းကျွေးမွေးခဲ့တာပါ။

    လာရောက်စားသုံးသူတစ်ဦးဖြစ်တဲ့ ၁၂ တန်းကျောင်းသူ ခရစ်စတင်း ဖီရွန်က ” အစ္စလာမ်သာသနာနဲ့ပက်သက်လို့ မသိ
    နားမလည်တဲ့သူတွေဟာ မီဒီယာရဲ့ ၀ါဒဖြန့်မှုနောက်ကို ပါသွားတတ်ပါတယ်။ ပြီးတော့ သူတို့ဟာ တစ်ယောက်မကောင်းတာနဲ့ အားလုံးကို သိမ်းကျုံးပြီး မကောင်းမြင်တတ်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုက သူတို့ရဲ့ အထင်အမြင်မှားယွင်းမှုကို ချေဖျက်ပြီး ပိုမိုကောင်းမွန်တဲ့ နားလည်မှုကို ရရှိစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အလ်ရှာလာဘီရဲ့ ဒီစားသောက်ဆိုင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီလိုလှူဒါန်းပေါင်း ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

    Ref : IINA

  • ဂျော်ဒန်နယ်စပ်တွင် ဆီးရီးယားကလေးငယ်သုံးသောင်း အစာရေစာပြတ်လပ်

    ဂျော်ဒန်နယ်စပ်တွင် ဆီးရီးယားကလေးငယ်သုံးသောင်း အစာရေစာပြတ်လပ်

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    syria 3

    – ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယားနဲ့ ကပ်နေတဲ့ နယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေကို အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေလိုအပ်တဲ့ အစားအသောက်တွေ၊ ဆေးဝါးအကူအညီတွေ ထောက်ပံ့ပေးမှုကို ဂျော်ဒန်အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် ဆီးရီးယားကလေးငယ် ၃၀၀၀၀ ကျော်လောက်ဟာ ငတ်မွတ်ခေါင်းပါးမှုအခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လမှာ အဲဒီနယ်စပ်က berm လို့ ခေါ်တဲ့ဒေသမှာ ISIS အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဂျော်ဒန်အာဏာပိုင်တွေဟာ မိန်းမနဲ့ ကလေးအများစုအပါအ၀င် ဒုက္ခသည်ပေါင်း ၆၀၀၀၀ နဲ့ ၇၀၀၀၀ အတွက် အရေးပေါ်အကူအညီပေးပို့ရေးလမ်းကြောင်းကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာခင်မှာပဲ ဂျော်ဒန်အာဏာပိုင်တွေက Rukban ဒုက္ခသည်စခန်းကို ပိတ်ဆို့လိုက်ပြီး တစ်ခုခုလှုပ်ရှားမှုတွေ့တာနဲ့ ထောက်ထားညှာတာမှုမရှိပဲ အရေးယူမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကတော့ ဂျော်ဒန်ရဲ့ ဒီလုပ်ရပ်ဟာ ဒုက္ခသည်တွေအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်လွန်နေတဲ့ အခုလိုအချိန်မှာ ဒီလိုကြမ်းတမ်းတဲ့အခြေအနေတွေကြောင့် ဒုက္ခသည်အချို့ဟာ ဆီးရီးယားကို ပြန်သွားရတာမျိုး လည်းရှိနေပါတယ်။

    Ref : Aljazeera